အခန်း ၉ : လီမျိုးနွယ်စု၏ ခြိမ်းခြောက်မှု
မွန်းလွဲပိုင်း...
ပိုင်ယီဟာ လမ်းလျှောက်ရင်း လိမ်းဆေးကို လိမ်းလာခဲ့သည်။ လိမ်းဆေးရဲ့ အာနိသင်ကြောင့်လား သို့မဟုတ် နှလုံးသားသန့်စင်ဆေးလုံးရဲ့ ဆေးရနံ့ကြောင့်လား သူမသိပေ။ သူ့လက်ဝါးက ဒဏ်ရာက မနာတော့သလို ခံစားရလေသည်။
ယုတ္တိဗေဒအရ ပြောရရင် လိမ်းဆေး အာနိသင် ကောင်းတယ် ဆိုရင်တောင် ဒီလောက်ထိ အစွမ်းထက်မည်မဟုတ်ချေ။
အကယ်၍ လိမ်းဆေး အာနိသင်ကသာ တကယ်ကြီး ဒီလောက် ချဲ့ကားပြောရလောက်အောင် ကောင်းနေခဲ့ပါက လျူအိုကြီးဟာ ဒီဆေးနဲ့တင် သူဌေးဖြစ်နေလောက်ပေပြီ။
ထို့အပြင် သူ့ရဲ့ (၂) လ (၃) လစာ အိမ်ငှားခလေးကို တွက်ကပ်နေစရာ ဘာလို့ လိုအုံးမည်နည်း။
"ဆေးရနံ့ရဲ့ အာနိသင်ကြောင့်များလား... မသေမျိုးကျင့်ကြံသူတွေရဲ့ ဆေးလုံးတွေက တကယ့်ကို စွမ်းအားကြီးလွန်းတယ်"
သူဟာ နှလုံးသားသန့်စင်ဆေးလုံးကို စားတောင် မစားရသေးပဲ သူနဲ့အတူ သယ်လာရုံပဲ ရှိသေးပေသည်။
သို့ပေမဲ့ ဒီဆေးလုံး (၃) လုံးဆီက ထွက်လာတဲ့ အထူးဆေးရနံ့ကို ရှူရှိုက်လိုက်ရုံနဲ့ သူ့လက်ဝါးက ဒဏ်ရာ မနာတော့ချေ။
နှလုံးသားသန့်စင်ဆေးလုံး တစ်လုံးအား ငွေစ (၁,၀၀၀) ကျော်နဲ့ ရောင်းလို့ရတာ မဆန်းတော့ပေ။
တကယ်လို့ လိုအပ်နေတဲ့သူနဲ့ တွေ့ရင် ငွေစ (၂,၀၀၀) နဲ့တောင် ရောင်းလို့ရသေးလေသည်။
သို့သော် အိမ်ပြန်ရောက်ခါနီးတွင် သူ့အိမ်ရှေ့မှာ လူတစ်စု စုဝေးနေတာကို ရုတ်တရက် တွေ့လိုက်ရ၏။
ကြည့်လိုက်တာနဲ့ အနည်းဆုံး (၇) ယောက် (၈) ယောက်လောက် ရှိပြီး အများစုက အစေခံတွေလို ဝတ်ဆင်ထားခဲ့ကြသည်။
တစ်ယောက်တည်းကသာ တန်ဖိုးကြီး အဝတ်အစားတွေ ဝတ်ဆင်ထားပြီး သူဝတ်ထားသည့် ဖဲသားက အလွန် ဈေးကြီးလေသည်။
ရှေ့လူရဲ့ မှတ်ဉာဏ်တွေဟာ ပိုင်ယီ့ခေါင်းထဲ ဝင်ရောက်လာပြီး သူ့ရှေ့က လူအုပ်စုအား မှတ်မိသွားခဲ့သည်။
၎င်းတို့က ချင်းဟယ် ခရိုင်က လီမျိုးနွယ်စုက လူတွေပင်။
ဒီ တန်ဖိုးကြီး အဝတ်အစား ဝတ်ထားတဲ့ လူငယ်ကိုလည်း သူ မှတ်မိပေသည်။ သူက လီမျိုးနွယ်စုရဲ့ တိုက်ရိုက် သွေးသားဆက်ခံသူ ဖြစ်၏။ လီမျိုးနွယ်စု ခေါင်းဆောင် လီကျင်းဖူ ရဲ့ အငယ်ဆုံးသား ဖြစ်ပေသည်။
လီကျင်းဖူက သူ့အသက်အရွယ်နဲ့ ယှဉ်ရင် အတော်ဆုံး လူတွေထဲက တစ်ယောက် ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လီမျိုးနွယ်စုရဲ့ စီးပွားရေးလုပ်ငန်း အများအပြားကို လွှဲပြောင်းရယူထားသူ ဖြစ်လေသည်။
ဒါပေမဲ့ သူ့အသက်အရွယ်နဲ့ ယှဉ်တယ် ဆိုတာက သာမန်လောကသားတွေ အနေနဲ့ ပြောခြင်းပင်။
မသေမျိုးကျင့်ကြံသူတွေကို ထည့်မတွက်ထားချေ။
ပိုင်ယီဟာ မျက်မှောင်ကြုတ်လိုက်မိ၏။ ခုနလေးတင်မှ လျူအိုကြီးက လီမျိုးနွယ်စုကို သတိထားဖို့ သတိပေးလိုက်တာ ဖြစ်ပြီး အိမ်ပြန်ရောက်ရောက်ချင်း လီမျိုးနွယ်စုနဲ့ ထိပ်တိုက်တွေ့လိမ့်မယ်လို့ ထင်မထားခဲ့ပေ။
လီမျိုးနွယ်စုက သူ့ကို လာရှာတာလို့ ပြောရမှာပင်။
'ဒီကောင်တွေ တကယ်ပဲ ငါ့ကို အနားမပေးကျပါလား...'
သူပြန်လာမယ့်အချိန်ကို စောင့်ဖို့ သူ့ခြံဝင်းတံခါးဝကိုတောင် ပိတ်ဆို့ထားကြလေသည်။
သူနဲ့ နေ့လယ်စာ အတူစားဖို့ လာတာမဟုတ်ဘူး ဆိုတာက သိသာနေတာပင်။
ဒီအချိန်မှာ လီကျင်းဖူက အိမ်ပြန်လာတဲ့ ပိုင်ယီအာူ သတိထားမိသွားခဲ့သည်။ သူဟာ ပိုင်ယီအား တစ်ချက်ကြည့်ရုံနဲ့ မှတ်မိလိုက်လေသည်။
ပြီးတော့ ဖော်ရွေမှုမရှိတဲ့ အပြုံးတစ်ခု ပြုံးလိုက်၏။ "သခင်လေးပိုင် နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့... နောက်ရက်အနည်းငယ် ကြာရင် ချန်မျိုးနွယ်သခင်ကြီးရဲ့ အသက် (၉၀) ပြည့် မွေးနေ့ပွဲ ရောက်တော့မယ်.... သခင်လေးပိုင်က ချန်မျိုးနွယ်စုဆီက ဖိတ်စာများ ရထားသလားလို့"
"အင်း... မရလောက်ပါဘူး... ဘာပဲဖြစ်ဖြစ် သခင်လေးပိုင်က တစ်ကောင်ကြွက်လေ"
"ပိုင်မျိုးနွယ်စု ဆိုတာ ချင်းဟယ် ခရိုင်မှာ သမိုင်းတွင်ကျန်ရစ်ခဲ့တာ ကြာပြီပဲ"
"ဒီလိုလုပ်ရင်ရော..." လီကျင်းဖူက ပြောလိုက်၏။ "ခေါင်းမာမနေဘဲ မြေဂရန် (၁၀) ခုကျော်ကို ငါ့လီမျိုးနွယ်စုဆီ ရောင်းလိုက်ပါ... ချန်မျိုးနွယ် သခင်ကြီး မွေးနေ့ရောက်ရင် မင်းကို ကမ္ဘာကြီးအကြောင်း သိသွားအောင် ငါ ခေါ်သွားပေးမယ်... ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မနဲ့တောင် တွေ့ခွင့်ရရင် ရနိုင်သေးတယ်"
'ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မနဲ့ တွေ့ခွင့်ရမယ်...'
ဒီကောင်ရဲ့ မောက်မာတဲ့ လေသံကို နားထောင်ပြီး ပိုင်ယီရဲ့ မျက်နှာထားက နည်းနည်း ထူးဆန်းသွားခဲ့လေသည်။
ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မ အကြောင်း ပိုင်ယီ အကုန်သိပြီးသားပင်။
သူ့ရဲ့ ရွေးချယ်ခံလူသားက ဘယ်လိုပုံစံ ရှိလဲ သိရဖို့ ချန်အိမ်တော်ထိ သွားစရာပင် မလိုပါချေ။
ဒီကောင် စကားတွေ အများကြီး ပြောနေတာက သူ့ဆိုင်ခန်းတွေကို လိုချင်လို့ ဆိုတာ သိသာနေတာပင်။
လီမျိုးနွယ်စုက ဒီဆိုင်ခန်းတွေအပေါ် ဒီလောက် စွဲလမ်းနေလိမ့်မယ်လို့ ပိုင်ယီ ထင်မထားခဲ့ပေ။
တစ်နှစ်နေမှ အိမ်ငှားခကောက်ပြီး ရလာမယ့် မပြောပလောက်တဲ့ ငွေစ (၁,၀၀၀) (၂,၀၀၀) လောက်အတွက်နဲ့ ဒီလောက် လုပ်နေကြလေသည်။
"ကျွန်တော်က မိန်းမတွေနဲ့ ဓာတ်မတည့်ဘူး... ဒါကြောင့် စိတ်မဝင်စားဘူး"
"မြေဂရန်တွေကိုလည်း မရောင်းနိုင်ဘူး"
"ဖယ်ကြတော့"
ပိုင်ယီဟာ ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်၏။
ထိုစကားတို့ကြောင့် လီကျင်းဖူရဲ့ မျက်နှာပေါ်က အပြုံး ပျောက်ကွယ်သွားခဲ့ပြီး မျက်ဝန်းထဲမှာ ရက်စက်တဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့သည်။ "ပိုင်ယီ... မင်း လီမျိုးနွယ်စုရဲ့ သည်းခံနိုင်စွမ်းကို အကြိမ်ကြိမ် စိန်ခေါ်နေတာပဲကွ... အဲဒီ မြေဂရန် ဒါဇင်ကျော်ကို မင်းတစ်ယောက်တည်း ထိန်းထားနိုင်မယ်ဆိုတာ သေချာလို့လား"
"ပူနေတဲ့ အာလူးတွေကို မကိုင်ထားနိုင်ရင် အမြန်ဆုံး လွှင့်ပစ်လိုက်တာ ကောင်းမယ်... ငါ ဘာပြောချင်လဲ သိလား... တစ်နေ့ကျရင် မင်း ရေထဲ မတော်တဆ ပြုတ်ကျသွားပြီး ပြန်မတက်နိုင်ဘဲ ဖြစ်သွားဦးမယ်နော်"
သူ့၏ လေသံထဲက ခြိမ်းခြောက်မှုက အလွန် သိသာနေခဲ့လေသည်။
ဒီလို ဗြောင်ကျကျ နှုတ်နဲ့ ခြိမ်းခြောက်တာကလည်း ဒီလို မျိုးနွယ်စုကြီးတွေရဲ့ စတိုင်ပါပင်။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို သွေးစွန်းတဲ့ နည်းလမ်းတွေနဲ့ ရယူခဲ့ကြတာပင်။
အားကြီးသူက အားနည်းသူကို ဝါးမျိုးတဲ့ ဒီကျင့်ကြံခြင်းလောကမှာ လူတစ်ယောက် ရုတ်တရက် အလောင်းကောင် ဖြစ်သွားတာက သိပ်ပြီး ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပေ။
ဘာလို့လဲဆိုတော့ ဒါက အဖြစ်များလွန်း၍ပင်။
"တစ်ရက်ပဲ" ပိုင်ယီ စကားပြန်မပြောခင် လီကျင်းဖူက ဆက်ပြောလိုက်၏။ "ငါ မင်းကို တစ်ရက်ပဲ အချိန်ပေးမယ်... မြေဂရန် တစ်ခုကို ငွေစ (၂၀၀)"
"မင်း ဆက်ပြီး ငြင်းနေမယ် ဆိုရင်..."
"လီမျိုးနွယ်စု ကိုယ်တိုင် လာယူရလိမ့်မယ်..."
ပြောပြီးတာနဲ့ သူတို့ဟာ ဒီအတိုင်း လှည့်ထွက်သွားခဲ့ကြလေသည်။ ဒီတစ်ခေါက် လာရင်းကိစ္စက ရာဇသံ လာပေးရုံ သက်သက်ဖြစ်ပြီး ပိုင်ယီအား နှုတ်နဲ့ လာခြိမ်းခြောက်ခြင်းပင်။
အစေခံတစ်ယောက်က မနေနိုင်တော့ဘဲ မေးလိုက်၏။
"သခင်လေး... ဘာလို့ သူ့ကို စကားပြောနေရတာလဲ... ကျွန်တော်တို့ လူအများကြီးပဲကို သူ့ကို ဖမ်းချုပ်ပြီး ဝိုင်းရိုက်လို့ ရသားနဲ့.... ပြီးတော့ မြေဂရန်တွေ ထုတ်ပေးဖို့ ခြိမ်းခြောက်ပြီး လက်ရန်းပေါ်က ပစ်ချလိုက်လို့ ရတာပဲ.... အဲဒါက ပိုမကောင်းဘူးလား"
လီကျင်းဖူ သူ့ကို တစ်ချက်ကြည့်လိုက်၏။ "လွန်ခဲ့တဲ့ တစ်နှစ်က လီမျိုးနွယ်စုက ဒီထက်ပို ရက်စက်တဲ့ အရာတစ်ခု လုပ်ခဲ့ဖူးတယ်.... ငါတို့က မြေဂရန်တွေ ရတော့မယ်လို့ ထင်ခဲ့ကြတာ... နောက်ဆုံးကျတော့ အဲဒီကောင် မသေဘူး... သူ့မှာ တစ်ခုခု ထူးခြားတာ ရှိမယ်ထင်လို့ ငါတို့ သူ့ကို မထိခဲ့ကြတာပဲ ... ငါတို့က မလိုအပ်တဲ့ ပြဿနာတွေ မတက်ချင်ဘူးလေ"
"ဒါပေမဲ့ တစ်နှစ်လုံး စောင့်ကြည့်ပြီးတဲ့နောက်မှာ သူ့ဆီမှာ ဘာမှ ထူးခြားတာ မရှိဘူး... အဲဒီတုန်းက သူကံကောင်းလို့ ရှင်ကျန်ရစ်ခဲ့တာ နေမှာပဲ"
အစေခံက နားလည်သွားသော်လည်း ခေါင်းကုတ်ပြီး မေးပြန်သည်။ "ဒါဆို ဘာလို့ မနက်ဖြန်အထိ စောင့်နေရတာလဲ"
"မနက်ဖြန်က ကိစ္စဖြတ်ဖို့ နေ့ကောင်းရက်သာပဲ... ပြီးတော့ အသတ်ခံရတဲ့သူတွေ သရဲဖြစ်ခွင့် မရှိတဲ့နေ့လေ"
လီကျင်းဖူ ပြုံးပြီး ပြောလိုက်၏။ "တစ်ခုခု မလုပ်ခင် စဉ်းစားဦး... ကိုယ့်ဘာသာ မလိုအပ်တဲ့ ပြဿနာတွေ မရှာနဲ့"
"ဟုတ်ကဲ့... သခင်လေး ပြောတာ သိပ်ပညာသားပါတာပဲ..." အစေခံက တုန်လှုပ်သွားခဲ့သည်။
ဒီမျိုးနွယ်စုကြီးတွေရဲ့ တပည့်တွေက သိပ်ကြောက်စရာ ကောင်းပေသည်။ လူသတ်ဖို့တောင် နေ့ကောင်းရက်သာ ရွေးနေခဲ့ကြလေသည်.......
...
ပိုင်ယီဟာ ဒီလူတွေ သူ့ကို တိုက်ခိုက်တော့မယ်လို့ ထင်ခဲ့ပြီး သူ့ရဲ့ ခွန်အားအသစ်ကို စမ်းသပ်ကြည့်ချင်နေခဲ့လေသည်။ အခု သူဟာ ဘယ်လောက် ပိုသန်မာလာပြီလဲ ဆိုတာ သိချင်နေခဲ့ပြီး ချန်ချန်ရွှယ် ကိုယ်တိုင် ဖန်တီးထားသည့် ဓားသိုင်းနဲ့ ကိုယ်ဖော့ပညာတွေက ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ စမ်းသပ်ချင်နေခဲ့ပေသည်။
ကံဆိုးစွာနဲ့... ဒီလူတွေက တိုက်ခိုက်လာခဲ့ခြင် မရှိခဲ့ကြပေ။
ထွက်ခွာသွားတဲ့ သူတို့ပုံရိပ်တွေကို ကြည့်ပြီး ပိုင်ယီဟာ မျက်လုံးကျဉ်းလိုက်မိ၏။
ရေထဲ ပြုတ်ကျပြီး ရေနစ်မသေအောင် သတိထားဖို့ လီကျင်းဖူ ခြိမ်းခြောက်ခဲ့တာကို သူ မှတ်မိနေပေသည်။
ကြည့်ရတာ... သူ့ရှေ့လူ ရေနစ်သေဆုံးမှုက လီမျိုးနွယ်စုနဲ့ တကယ် သက်ဆိုင်နေပုံ ရလေသည်။
ဒီတစ်ခါတော့ သူတို့ ကိုယ်တိုင် လာပြီး ခြိမ်းခြောက်တာကြောင့် ဒုတိယအကြိမ် လှုပ်ရှားဖို့ ပြင်ဆင်ပြီးသား ဖြစ်ဖို့များပေသည်။
လှုပ်ရှားမှု မပြုလုပ်ခင် ဘာလို့ လာခြိမ်းခြောက်ရတာလဲ ဆိုတာကိုတော့ ပိုင်ယီ သေချာ မသိပေ။
ရိုးရာဓလေ့ကြောင့်များလား...
လီမျိုးနွယ်စုက သာမန်လောကက မျိုးနွယ်စု တစ်ခု ဆိုပေမယ့် ငွေသုံးပြီး သိုင်းပညာရှင် အနည်းငယ်လောက် ငှားချင်ရင် ငှားနိုင်တဲ့ အရင်းအနှီး ရှိကြသည်။
လီမျိုးနွယ်စုရဲ့ အရင်းအမြစ်တွေနဲ့ အဆက်အသွယ်တွေအရ ကိစ္စဖြတ်ဖို့ မသေမျိုးကျင့်ကြံသူ တစ်ယောက်လောက် ငှားဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပေ။
ဒါ့အပြင် ဒီလောက် အချိန်ကြာမြင့်စွာ တည်ရှိနေတဲ့ မျိုးနွယ်စုကြီး တစ်ခုမှာ ကိုယ်ပိုင် အင်အားနဲ့ အခြေခံအုတ်မြစ်မရှိဘူးလို့တော့ ပိုင်ယီက မယုံကြည်ပါပေ။
အဘယ်ကြောင့်ဆိုသော် အခြေခံအုတ်မြစ် မရှိတဲ့ မျိုးနွယ်စု ဆိုပါက ပျောက်ကွယ်သွားတာ ကြာပြီဖြစ်ပြီး အခုထိ ဘယ်လိုလုပ် ရှင်သန်နေနိုင်မည်နည်း။
ကြည့်ရတာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ အချိန်စောင့်ဆိုင်းရမှု ပြီးဆုံးတဲ့အထိ စောင့်ပြီး ချန်ချန်ရွှယ်ရဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်ရုံပဲ ရှိတော့လေသာ်။
အကယ်၍ သရုပ်ဖော် စနစ်ထဲမှာ ချန်ချန်ရွှယ်ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပါက ပိုင်ယီ အနေနဲ့ လီမျိုးနွယ်စုအား ကြောက်စရာ မလိုတော့ပေ။
အကယ်၍ အဆင်မပြေခဲ့ရင်တော့...
ပိုင်ယီ အနေနဲ့ အမွေရထားတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို စွန့်လွှတ်ပြီး ပိုလုံခြုံတဲ့ နေရာတစ်ခု ရှာဖွေရုံကလွဲပြီး ရွေးချယ်စရာ မရှိပေ။ သူ ပိုသန်မာလာမှတာ လီမျိုးနွယ်စုအား ဖြေရှင်းဖို့ နည်းလမ်း ရှာရတော့ပေမည်။
...