အခန်း ၈၉ : သွေးကတိသစ္စာ၊ ကျင့်စဥ်တစ်ခု၏ နာမည်တစ်ဝက်
ဖူရွှမ်နီ၏ သိုလှောင်အိတ်ဟာ လူသားရုပ်သေး၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ပြီး အခြားသော ပြည်နယ်မြို့တော် ကျင့်ကြံသူ (၄) ဦး၏ သိုလှောင်အိတ်များဟာလည်း လူသားရုပ်သေး၏ လက်ထဲသို့ ရောက်ရှိနေခဲ့သည်။
ထို့အပြင်...
သူတို့ (၄) ယောက်လုံးဟာ သွေးကတိသစ္စာတစ်ခု လက်မှတ်ရေးထိုးခဲ့ရသေးပေသည်။
သူတို့ တစ်ယောက်စီတိုင်းဟာ ၎င်းအထဲသို့ သွေးတစ်စက်စီပင် ချလိုက်ကြရသည်။
သွေးကတိသစ္စာစာချုပ်၏ အစခေါင်းစဥ်၌ ကောင်းကင်ဘုံ တာအို ကတိသစ္စာဟုရေးထားပေသည်။ အတိုချုပ်ပြောရလျှင် ထိုအထဲ၌ ကျင့်ကြံခြင်း လောက၌ တားမြစ်ထားသော စကားလုံးများအားလုံး ထည့်သွင်းထားခြင်း ဖြစ်၏။
ဤသွေးကတိသစ္စာ လက်မှတ်ရေးထိုးပြီးသည်နှင့် တစ်စုံတစ်ယောက်က ဖောက်ဖျက်ခဲ့လျှင် စိတ်နှလုံး မိစ္ဆာများမွေးဖွားလာခြင်းက ကိစ္စသေးလေး ဖြစ်သွားပေလိမ့်မည်။ ပြင်းထန်သော အခြေအနေများ၌ ထိုသူဟာ မိုးကြိုးပစ်ခံရပြီး ဘယ်တော့မှ ပြန်လည်ဝင်စားခွင့် ရမည် မဟုတ်ပေ။
ဖူရွှမ်နီဟာ သွေးကတိသစ္စာ တစ်ခုကို ကိုင်ထားပြီး ၎င်းပေါ်ရှိ တုန်လှုပ်ဖွယ်ရာ စာလုံးများကို ကြည့်လိုက်သည်။ ၎င်းက ကောင်းကင်ဘုံ တာအိုအား တိုင်တည်၍ ကတိသစ္စာပြုခြင်းဖြစ်ပြီး အကယ်၍ သူမ ပေးစရာရှိသည်ကို မပေးချေလျှင် ခံစားရမည့် ပြစ်ဒဏ် အမျိုးမျိုးကို ဖော်ပြထားခဲ့သည်။ သူမ၏ ကျင့်ကြံမှုကိုပင် အလောင်းအစား လုပ်ထားရခြင်း ဖြစ်သည်။
သူမ ဘယ်ညာ ကြည့်လိုက်သော်လည်း မည်သည့် ဟာကွက်မျှ ရှာမတွေ့သလို အခွင့်ကောင်းယူထားသည်များလည်း မရှိပေ။
......
သူမဟာ ဤရွှေအမြုတေ အဆင့် စီနီယာကို မေးချင်မိပေသည် - 'အရှင် ဘာလို့ ဒီလောက် ကျွမ်းကျင်နေရတာလဲ'ဟုပင်.......
ဒီလိုနဲ့...
လက်ရှိ မဟာယန် မင်းဆက် ဧကရာဇ်မင်းမြတ်၏ မြေးတော်ဖြစ်သည့် မင်းသမီးလေးဟာ...
အမျိုးသား တစ်ဦးထံတွင် အကြွေးတင်ခဲ့ရလေသည်။
ပြည်နယ်မြို့တော်မှ ကျင့်ကြံသူ အနည်းငယ်မှာမူ ပို၍ပင် မျက်ရည်မထွက်နိုင် ဖြစ်နေခဲ့ကြသည်။ သူတို့က ဒီအတိုင်း လမ်းကြုံ ပါလာရုံလေးတာဖြစ်ပြီး ဘာလို့ သူတို့ကပါ သွေးကတိသစ္စာအား လက်မှတ်ထိုးနေရသည်နည်း....
မင်းမှုထမ်း မျိုးနွယ်စုများ၏ သား (၂) ယောက်၏ သဘောထားက အနည်းငယ် ပိုကောင်းနေခဲ့သည်။
အကယ်၍ တကယ် အဆင်မပြေလျှင် သူတို့ အသက်ရှင်လျက် ပြန်သွားပြီး သူတို့၏ လူကြီးများကို တောင်းခိုင်းလိုက်ရုံသာ။
သို့သော် ပြည်နယ်မြို့တော်မှ အရာရှိ (၂) ဦးမှာမူ ယခု အနည်းငယ် ထုံကျင်နေပြီ ဖြစ်သည်။ သွေးကတိသစ္စာကို ကိုင်ထားသော သူတို့လက်များ တုန်ရီနေခဲ့ကြသည်။
သူတို့ ငိုချင်သော်လည်း မျက်ရည် မထွက်ခဲ့ပေ။ သူတို့၏ မျက်နှာများတွင် နာကျင်မှုများ ပြည့်နှက်နေခဲ့ကြသည်။
၎င်းအား နန်းတော်မှ လစာ ဘယ်နှနှစ်စာလောက် ရမှ သူတို့ ပြန်ဆပ်နိုင်မည်နည်း။
'မင်းသမီး... သူမ သူတို့ကို ကူညီပြီး ပြန်ဆပ်ပေးမည် မဟုတ်လား...'
'သူမ ဆပ်ပေးမှာပါ...ဟုတ်တယ်မလား....'
တစ်ချိန်တည်းမှာပင် ဂိုဏ်းတာဝန်ကို လက်ခံပြီးနောက် ချန်ချန်ရွှယ်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ဝိညာဉ်ဓားဂိုဏ်းမှ ထွက်ခွာလာပြီး ဧည့်ဂေဟာတစ်ခု၌ ယာယီ တည်းခိုနေလိုက်သည်။
မနေ့ညက သူမဟာလည်း တိုက်ပွဲ လှုပ်ရှားမှုတို့ကို သတိထားမိပြီး တိုက်ခိုက်နေသည့် နှစ်ဖက်စလုံးက အနည်းဆုံး ရွှေအမြုတေ အဆင့် ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။
ဘာပဲဖြစ်ဖြစ် လှုပ်ရှားမှုက ဒီလောက်ဝေးတဲ့ နေရာကနေတောင် ကြားနေရခြင်းဖြစ်ရာ ရွှေအမြုတေ အဆင့် မဟုတ်လျှင် တခြား ဘာဖြစ်နိုင်ဦးမည်နည်း။
အခြေတည်အဆင့် (၂) ကျင့်ကြံသူ တစ်ဦး အနေဖြင့် အခြေတည်အဆင့် ကျင့်ကြံသူများကြားက တိုက်ပွဲက ဘယ်လောက် ပြင်းထန်ပါစေ ဒီလောက်ကြီးမားသော ရုန်းရင်းဆန်ခတ်မှုမျိုး လုပ်နိုင်ရန် နည်းလမ်း မရှိကြောင်း သူမ ကောင်းစွာ သိပေသည်။
ချန်ချန်ရွှယ် စူးစမ်းချင်စိတ်ဖြင့် ဘာဖြစ်နေလဲ သွားမကြည့်ခဲ့ပေ။ သူမ တော်တော်လေး သတိထားနေခဲ့သည်။
အကယ်၍ သူမ သွားကြည့်ပြီး ရောပါသွားခဲ့ပါက သူမ၏ ကျင့်ကြံမှုဖြင့် ဆိုလျှင် ထွက်ပြေးရန် ခက်ခဲပေပေလိမ့်မည်။
"အဲဒီ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ (၂) ယောက်က မနေ့ညက တိုက်ခိုက်တာ ရပ်သွားကြတာလား... ဒါမှမဟုတ် ရလဒ် ထွက်သွားပြီလား ငါ မသိဘူး... ထားလိုက်ပါတော့ ဒီလိုကိစ္စမျိုးက ငါနဲ့ ဘာမှ မဆိုင်ပါဘူး... ဒါ့အပြင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ စောင့်ဆိုင်းရမယ့် အချိန်လည်း ပြီးဆုံးသွားပြီ"
ချန်ချန်ရွှယ်ဟာ သရုပ်ဖော် စနစ်၏ စောင့်ဆိုင်းရမည့် အချိန် ပြီးဆုံးရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။
စောင့်ဆိုင်းရမည့် အချိန် သုညသို့ ရောက်ရှိသွားသည်ကို မြင်ပြီးနောက် သူမဟာ ချက်ချင်း ဝင်ရောက်လိုက်သည်။
သူမအတွက် မြင့်မြတ်သောနှလုံးသား နန်းတော်ကို စုံစမ်းစစ်ဆေးသည့် ဂိုဏ်းတာဝန်ကို ယူဆောင်လာခြင်းက ဂိုဏ်းမှ ယာယီ ထွက်ခွာရန် အကြောင်းပြချက် ရှာခြင်း သက်သက်သာ ဖြစ်လေသည်။
အကယ်၍ သူမဟာ မြင့်မြတ်သောနှလုံးသား နန်းတော်ကို တကယ် သွားရောက် စုံစမ်းစစ်ဆေးလျှင် ဘယ်လောက် အန္တရာယ် များလိမ့်မည်နည်း။
ဤကဲ့သို့သော အန္တရာယ်များသည့် ကိစ္စမျိုး မလုပ်မီ သူမဟာ အနည်းငယ် ပိုသန်မာရန် လိုအပ်သည်ဟု ချန်ချန်ရွှယ် ခံစားရလေသည်။
ရွှေအမြုတေ အဆင့် သို့မဟုတ် မူလဝိညာဉ် အဆင့် လောက်ရောက်မှသာ စိတ်ချရပေမည်.......
[အသက် ၁၂ နှစ် - သင့်ဝိညာဉ်က မဟာဝေ မင်းဆက်သို့ ဖြတ်သန်းသွားပြီး မဟာဝေ မင်းဆက်၏ မင်းသမီး ချန်နင်ဖြစ်လာခဲ့သည်။ သင့်ဖခင်က မဟာဝေ မင်းဆက်၏ ဧကရာဇ် ဖြစ်သည်။ သင် ရုတ်တရက် နိုးထလာပြီး သင့်ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော ရောဂါမှ လျှို့ဝှက်ဆန်းကြယ်စွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ ဤသည်က မဟာဝေ ဧကရာဇ်ကို အလွန် စိတ်လှုပ်ရှားသွားစေခဲ့သည်။]
[အသက် ၁၃ နှစ် - သင်သည် ထိုနက်နဲထူးဆန်းသော မျက်နှာဖုံးကို ကြိုတင် ရရှိခဲ့သည်။ ဤပစ္စည်းက အလွန် အန္တရာယ်များကြောင်း သင် သိထာူသည်။ သို့သော် သင်ဟာ လျှို့ဝှက်ချက်ကို ဖြေရှင်းချင်နေဆဲ ဖြစ်သည်။ ကြယ်စင်တာရာ ကောင်းကင်ယံမှ ပုံရိပ်သည် ဘယ်သူလဲ ဆိုတာ သင် သိချင်ခဲ့သည်။]
[အသက် ၁၅ နှစ် - သင့် စီစဉ်ဆောင်ရွက်မှုများမှတဆင့် သင်ဟာ အဆိပ်ခတ်ခံရခြင်းကို နောက်တစ်ကြိမ် ရှောင်ရှားနိုင်ခဲ့သည်။ မဟာဝေ ဧကရာဇ်မင်းမြတ်၏ ဒေါသတကြီး ဖြစ်မှုကြောင့် ဝန်ကြီးအများအပြား၏ ခေါင်းများ အဖြတ်ခံခဲ့ရသည်။]
[အသက် ၁၇ နှစ် - မဟာဝေ မင်းဆက် နယ်နိမိတ် အတွင်း၌ ချင်းမိသားစုဟု ခေါ်သော မသေမျိုးကျင့်ကြံခြင်း မိသားစု တစ်စု တစ်ညတည်းဖြင့် ပျောက်ဆုံးသွားကြောင်း သင် ကြိုတင် ကြားသိခဲ့ရသည်။]
[အသက် ၂၀ နှစ် - နွေဦး အမဲလိုက်ပွဲ အစီအစဉ်များ ပျက်စီးသွားစေရန် အမဲလိုက်ကွင်းကို ဖျက်ဆီးသည့် နည်းလမ်း တစ်ခုကို သင် အသုံးပြုခဲ့သည်။ သို့သော် ၎င်းကို သင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သူတို့ မသိကြပေ။ အမဲလိုက်ကွင်းကို ပြုပြင်ပြီးပါက အမဲလိုက်ရန်နှင့် အတူတကွ ပျော်ပါးရန် သင့်ကို ဖိတ်ကြားမည် ဖြစ်ကြောင်း သူတို့ သင့်ကို နှစ်သိမ့်ခဲ့ကြသည်။]
[...]
'ဒါကို အပြောင်းအလဲ တစ်ခုလို့ သတ်မှတ်လို့ ရတယ်... အနည်းဆုံးတော့ သူတို့ အသက်ရှင်နိုင်ခဲ့ပြီး အမှောင်ထဲက လူတွေရဲ့ နောက်ထပ် ပူးပေါင်းကြံစည်မှုကို တားဆီးနိုင်ခဲ့တယ်'
နောက်တစ်ကြိမ် သူမကို ဖိတ်ကြားမည်ဟု မင်းသားများနှင့် မင်းသမီးများ၏ ကတိပေးမှုကို ရင်ဆိုင်ရသောအခါ သူမ ယဉ်ကျေးသော အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
သို့သော် သူမဟာ နွေဦးနှင့် ဆောင်းဦး အမဲလိုက်ပွဲများတွင် သေချာပေါက် ပါဝင်မည် မဟုတ်ပေ။
အနာဂတ်တွင် ဘာဖြစ်မည်ကို သိထားသော ချန်ချန်ရွှယ်ဟာ နန်းတော်ထဲတွင် မမြင်နိုင်သော လက်တစ်ဖက်ရှိနေကြောင်း ကောင်းစွာ သိလေသည်။
ဤမမြင်နိုင်သော လက်က တော်ဝင် မိသားစု၏ အာဏာကို စိန်ခေါ်ရန် အမြဲမပြတ် ဆန္ဒရှိနေခဲ့သည်။ ၎င်းက တော်ဝင် မိသားစု၏ အာဏာကို သိမ်းပိုက်ရန်လည်း ဆန္ဒရှိနေလေသည်။
ဤဘဝမှ သူမဖခင် ဧကရာဇ်မင်းမြတ်က ထိုအမှောင်ထဲမှ လက်နှင့် မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူးသည်။
သို့သော်...
သူဟာ တစ်ဖက်လူ၏ ကိုယ်ပိုင်အမှတ်အသားကို ရှာမတွေ့ခဲ့ပေ။ အမှောင်ထဲတွင် ပုန်းအောင်းနေသော လူကို သူတို့ ရှာမတွေ့နိုင်ခဲ့ပေ။
တစ်ဖက်လူက ဤမျှ ကြီးမားသော အာဏာကို ပိုင်ဆိုင်ထားနိုင်ခြင်း အချက်က သံသယ ဝင်ရမည့် အတိုင်းအတာကို လူအနည်းငယ်ဆီသို့ လျှော့ချပေးပြီးသား ဖြစ်ခဲ့သည်။
သို့သော် ဤလူအနည်းငယ်ကြောင့်ပင် သူတို့ ပိုင်ဆိုင်ထားသော အာဏာ ပမာဏက ကြီးမားလွန်းနေခဲ့သည်။
မည်သည့် သက်သေအထောက်အထားမှ မရှိဘဲ သူတို့ကို လွယ်လွယ်ကူကူ ထိတွေ့လိုက်ပါက ပြဿနာ ရှိလာပေလိမ့်မည်။ ဖြစ်နိုင်သည်မှာ နောက်ကွယ်က ကြိုးကိုင်သူက မဟာဝေ ဧကရာဇ်မင်းမြတ်ကို ဒီလို လုပ်စေချင်နေပြီး မဟာဝေ မင်းဆက်ကို ဖရိုဖရဲဖြစ်သွားစေချင်နေတာ ဖြစ်နိုင်ပေသည်။
သူက တစ်ဖက်ကမ်းကနေ မီးလောင်တာကို ကြည့်ချင်နေပြီး တခြားတစ်ဖက်မှာ ထိုင်ပြီး အကျိုးကျေးဇူးတွေကို ရိတ်သိမ်းချင်နေတာပင်။
[အသက် ၂၅ နှစ် - သင်သည် အထူး နည်းလမ်း အချို့ကို အသုံးပြုပြီး သင့်အဆင့်ချိုးဖျက်မှုကို အကြိမ်ကြိမ် ကျရှုံးအောင် တမင်သက်သက် ပြုလုပ်ခဲ့သည်။ သင်တန်ပြန်မှုကို ခံစားရရုံသာမက စိတ်နှလုံး မိစ္ဆာကိုလည်း မွေးဖွားစေခဲ့သည်။ သင် နက်နဲထူးဆန်းသည့် မျက်နှာဖုံးကို သင့်မျက်နှာပေါ် နောက်တစ်ကြိမ် ဝတ်ဆင်လိုက်သည်။ အမွှေးတိုင် တစ်တိုင် ထွန်းညှိချိန်ခန့်သာ မွေးဖွားလာရသေးသည့် စိတ်နှလုံး မိစ္ဆာသည် နက်နဲထူးဆန်းသော မျက်နှာဖုံး၏ ဝါးမျိုးခြင်းကို ခံလိုက်ရသည်။]
[ထိုညတွင် သင်၏ ယခင် သရုပ်ဖော် ဘဝတွင် သင့်ကို ရုတ်တရက် သေဆုံးစေခဲ့သည့် အိပ်မက်နှင့် တူညီသည့် အိပ်မက်ကို မက်ခဲ့သည်။]
[သို့သော် ဒီတစ်ခါ သင်ဟာ ထိုအထွတ်အထိပ် နက်နဲထူးဆန်းသော တည်ရှိမှုကို လေ့လာကြည့်ရှုရန် သေလမ်းမရှာခဲ့ပေ။ အိပ်မက် ပြီးဆုံးသွားပြီးနောက် သင့်မှတ်ဉာဏ်ထဲတွင် ဘာမှမရှိဘဲ မှတ်ဉာဏ် အနည်းငယ် တိုးလာခဲ့သည်။]
[မှတ်ဉာဏ်များကို ရှာဖွေကြည့်ရာ သင်ဟာ ကျင့်စဉ် တစ်ခု၏ နာမည်ကို ရရှိခဲ့သည်။]
'ငါ့မှာ နာမည်တစ်ခု ရှိတယ်... ဒါပေမဲ့ နာမည်တစ်ဝက်ပဲ ရှိတယ်... မိစ္ဆာ နည်းစနစ်.... ဘာမိစ္ဆာ နည်းစနစ်လဲ... ဖြစ်နိုင်တာက ဒါက ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာသခင်တစ်ပါးလား'
သူမ မသေဆုံးတာကြောင့် ချန်ချန်ရွှယ်ဟာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ထို့နောက် သူမ သံသယ ပြန်ဝင်လာခဲ့သည်။
သူမ ကောင်းကင်ထိန်းချုပ် ဂိုဏ်းတွင် ကျင့်ကြံခြင်း သရုပ်ဖော်နေစဉ်တုန်းက မိစ္ဆာချုပ်နှောင် မျှော်စင်ထဲတွင် ချုပ်နှောင်ခံထားရသော မိစ္ဆာနှင့် အိပ်မက်ထဲက ပုံရိပ်ကြားတွင် ဆက်နွယ်မှု ရှိနေသလားဆိုတာပင်။
'မဟုတ်ဘူး...
မဟုတ်ဘူး...'
ချန်ချန်ရွှယ် အမြန် ခေါင်းခါလိုက်၏။
သူတို့နှစ်ခုကြားတွင် လုံးဝ ဆက်နွယ်မှု မရှိပေ။အဘယ်ကြောင့်ဆိုသော် သူတို့ကြားက ကွာဟချက်က ရိုးရိုးရှင်းရှင်းပင် ကြီးမားလွန်းနေလေသည်။
မိစ္ဆာချုပ်နှောင် မျှော်စင်ထဲက ရှေးဟောင်း မိစ္ဆာက အများဆုံးမှ ကျင့်ကြံခြင်း လောကထဲက အာဏာရှင်တစ်ဦးသာ ဖြစ်ပေသည်။
သို့သော်...
အိပ်မက်ထဲက အထွတ်အထိပ် တည်ရှိမှုက ကြယ်စင်တာရာ မြစ်ရှည်ကြီးကို ငုံ့ကြည့်နေပြီး စကြဝဠာအထက်တွင် ရပ်တည်နေခဲ့သည်။
[ညဘက်တွင် သင်ဟာ နက်နဲထူးဆန်းသည့် မျက်နှာဖုံးအား ဝတ်ဆင်ပြီး အိပ်စက်ခဲ့သည်။]
[သင် ထိုပုံရိပ်ကို အိပ်မက် ထပ်မက်သော်လည်း သင် နိုးလာသည့်အခါ သင့်တွင် မည်သည့် ထပ်ဆောင်း မှတ်ဉာဏ်မှ မရှိတော့ပေ။]
"ဒါက စွမ်းအင် ပိုလိုနေတာလား"
ချန်ချန်ရွှယ် သူမလက်ထဲက နက်နဲထူးဆန်းသည့်မျက်နှာဖုံးကို ကြည့်ရင်း ရေရွတ်လိုက်၏။
…