အခန်း ၈၈ : မင်းပိုပေးမှ ရမယ်
ပျံသန်းရေး သင်္ဘော မပါဘဲ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦး၏ ဓားစီးပျံသန်းနိုင်သည့် အရှိန်ဖြင့် ဆိုလျှင် သူတို့ တစ်ညလုံး ခရီးဆက်ခဲ့လျှင်တောင် ချင်းဟယ် ခရိုင်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။
နောက်တစ်နေ့ မွန်းလွဲပိုင်းတွင်....
ပြည်နယ်မြို့တော်မှ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ဦးဟာ သူ၏ ဝိညာဉ်စွမ်းအင် ပြန်လည် ပြည့်ဝလာစေရန် ဆေးလုံး တစ်လုံးကို သုံးစွဲလိုက်၏။ ခက်ခက်ခဲခဲ သန့်စင်ပြီးနောက်မှာ သူဟာ ခါးသက်စွာ ပြုံးပြီး ပြောလိုက်သည်။
"ငါတို့လို အခြေတည်အဆင့် ကျင့်ကြံသူတွေက ဒီလို အခြေအနေမျိုး ကြုံရလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... ငါတို့က ဒုက္ခသည်တွေနဲ့တောင် တူနေပြီ"
"အကယ်၍ ဒီအချိန်မှာ သာမန်လူတွေ ငါတို့ကို ဒီလိုပုံစံနဲ့ မြင်လိုက်ရင် ငါတို့က စစ်ဘေးနယ်မြေနေရာ တစ်ခုခုကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေလို့ ထင်ကြမှာ သေချာတယ်"
ကျင့်ကြံသူများ၏ ထူးခြားသော စရိုက်လက္ခဏာများကို သူတို့အပေါ်တွင် လုံးဝ မတွေ့ရတော့ပေ။
ရက်အနည်းငယ် အတွင်း သူတို့ အများကြီး ကြုံတွေ့ခဲ့ရခြင်းကြောင့်ပင်။
သူတို့ရင်ထဲက စိတ်ဓာတ်တောင် ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သူတို့အားလုံးဟာ ငရဲတံခါးဝ အထိ တစ်ခေါက် ရောက်ဖူးခဲ့ကြတဲ့ သူတွေပင်။
အခု လူအများအပြားရဲ့ ရင်ထဲ၌ ကြောက်ရွံ့မှု အကြွင်းအကျန် တချို့ ရှိနေတုန်းဖြစ်ပြီး သူတို့ အသက်ရှင်နိုင်ဦးမည်ဟု ခံစားရခြင်းမှာ တကယ့်ကို မလွယ်ကူခဲ့ပေ။
နောက်ထပ် ပြည်နယ်မြို့တော် ကျင့်ကြံသူ တစ်ဦးက အံကြိတ်ပြီး ပြောလိုက်၏။
"ဒါတွေ အားလုံးက သောက်ကျိုးနည်း မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေကြောင့်ပဲ... တကယ်လို အဲဒီ မိစ္ဆာတွေ မကောင်းမှု မလုပ်ခဲ့ရင် ဘာလို့ ဒီလောက်များတဲ့ ကိစ္စတွေ ဖြစ်လာရမှာလဲ"
မြင့်မြတ်သောနှလုံးသား နန်းတော်မှ မိစ္ဆာကျင့်ကြံသူများ အကြောင်း ပြောလိုက်သည်နှင့် ပြည်နယ်မြို့တော် ကျင့်ကြံသူ အားလုံး မုန်းတီးစွာဖြင့် အံကြိတ်လိုက်ကြသည်။
ဒီအချိန်မှာ ကျင့်ကြံသူ တစ်ဦးက လူသားရုပ်သေးကို ရှင်းပြလိုက်သည်။
"နန်းတော်က မြင့်မြတ်သောနှလုံးသား နန်းတော်ကို ဝိုင်းရံတိုက်ခိုက်တုန်းက တကယ်တော့ ကျွန်တော်တို့လည်း အဲဒီအထဲမှာ ပါဝင်ခဲ့ပါတယ်... နှမြောစရာ ကောင်းတာက ကျွန်တော်တို့ မိစ္ဆာကျင့်ကြံသူတွေရဲ့ ကောက်ကျစ်စဉ်းလဲမှုကို လျှော့တွက်မိသွားလို့ မိစ္ဆာကျင့်ကြံသူ မနည်းမနော ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်"
ဒီအချက် ရောက်တော့ သူ အနည်းငယ် နောင်တရသော လေသံဖြင့် ပြောလိုက်သည်။
"အကယ်၍ ဒီလို ဖြစ်လာမယ် ဆိုတာသာ သိခဲ့ရင် ကျွန်တော် လူအများကြီး ပိုလွှတ်ခဲ့မှာ.... တကယ့်ကို ပေါ့ဆလွန်းရာ ကျခဲ့ပါတယ်"
......
"ကျွန်တော်တို့က မြင့်မြတ်သောနှလုံးသား နန်းတော်ကို ဒီလောက်ပဲ ရှိမယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ မျှော်လင့်ထားတာထက် ပိုအားကောင်းနေခဲ့တယ်"
"..."
ကျင့်ကြံသူက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်သည်။
ဒါက လျှို့ဝှက်ချက် တစ်ခု မဟုတ်ပဲ ပြည်နယ်မြို့တော် တစ်ခုလုံး ပျံ့နှံ့ပြီးသား ဖြစ်ပေသည်။
မြင့်မြတ်သောနှလုံးသား နန်းတော်မှ မိစ္ဆာကျင့်ကြံသူများက နန်းတော်ကို မျက်နှာပျက်စေခဲ့သည်။
နန်းတော်ဟာ မူလက ယုံကြည်မှု အပြည့် ရှိခဲ့ပြီး ပုန်းအောင်းနေသည့် မိစ္ဆာဂိုဏ်း တစ်ခုကို တစ်ချက်တည်းဖြင့် အမြစ်ဖြတ် ချေမှုန်းရန်ပြင်ဆင်ခဲ့ကြသည်။
နောက်ဆုံးတော့...
ကျရှုံးသည်ဟု မသတ်မှတ်နိုင်သော်လည်း အောင်မြင်မှုနှင့် မိုင်တစ်ထောင်ခန့် ဝေးကွာနေသေးလေသည်။
မြင့်မြတ်သောနှလုံးသားနန်းတော် တကယ် ပျက်စီးသွားခဲ့ပြီး သူတို့၏ ဌာနချုပ်လည်း မြေလှန် ခံလိုက်ရပြီ ဖြစ်သည်။ မြင့်မြတ်သောနှလုံးသား နန်းတော်၏ မရေမတွက်နိုင်သည့် ပူးပေါင်းကြံစည်မှုများ အားလုံး ကျရှုံးသွားခဲ့ပြီး မရေမတွက်နိုင်သည့် မိစ္ဆာကျင့်ကြံသူများ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြသည်။
သို့သော်...
မြင့်မြတ်သောနှလုံးသား နန်းတော်၏ အဓိက ကျသော ပုဂ္ဂိုလ်အချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အရေးအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည့် မြင့်မြတ်သောနှလုံးသား နန်းတော်သခင်ဟာလည်း ဒဏ်ရာပြင်းထန်စွာဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပေသည်။
ထို့အပြင် မြင့်မြတ်သောနှလုံးသားနန်းတော်၏ အကြီးအကဲ အချို့နှင့် အဆင့်နိမ့် မိစ္ဆာကျင့်ကြံသူ အများအပြားလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် လူသားရုပ်သေးနှင့် ဤလူများကြား တိုတောင်းသော ပြောဆိုဆက်ဆံမှုမှ တဆင့် သူ့ရှေ့ရှိ ပြည်နယ်မြို့တော် ကျင့်ကြံသူများတွင် ပြည်နယ်မြို့တော်၌ ထူးခြားသော အဆင့်အတန်းများ ရှိနေကြောင်း ပိုင်ယီ သိရှိလိုက်ရသည်။
သူတို့ထဲမှ နှစ်ဦးက ပြည်နယ်မြို့တော် အရာရှိများ ဖြစ်ကြပြီး သူတို့၏ ရာထူး အဆင့်အတန်း မနိမ့်ပေ။ အခြားနှစ်ဦးမှာ ပြည်နယ် အစိုးရ အသိုင်းအဝိုင်းမှ မင်းမှုထမ်း မျိုးနွယ်စုများ၏ သားများ ဖြစ်ကြပြီး သူတို့ မိသားစုများ၏ ပါရမီရှင်များအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်ပေသည်။
မူလက သူတို့ဟာ အတွေ့အကြုံ ရယူရန် ဤအခွင့်အရေးကို အသုံးချလိုခဲ့ကြခြင်း ဖြစ်သည်။
အနာဂတ်တွင် သူတို့ဟာ နန်းတော်စနစ်အတွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်မည် ဖြစ်ပြီး မင်းသမီး တစ်ပါးနှင့်ပင် ရင်းနှီးကျွမ်းဝင်ခွင့် ရရှိနိုင်သည်။
အကယ်၍ မင်းသမီးက သူတို့ကို သဘောကျသွားလျှင် ပို၍ပင် အံ့သြစရာ ကောင်းပေလိမ့်မည်။
သူတို့အသက်က မင်းသမီး၏ ဖခင်အရွယ်လောက် ရှိနေလျှင်တောင် သူတို့ ရုပ်ရည်က ငယ်ရွယ်နုပျိုနေသရွေ့ အဆင်ပြေတာပင်.... နွားအို မြက်နုကြိုက်ဟုပြောလည်း ခံရပေမည်.......
နောက်ဆုံးတော့ ကြုံတွေ့လာရသည့် အဖြစ်ပျက်များက သူတို့ကို ကြောင်အသွားစေခဲ့သည်။ လမ်းတွင် ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာကြီး တစ်ကောင်နှင့် ထိပ်တိုက် တွေ့ဆုံရမည်ဟု ဘယ်သူက ထင်ထားမည်နည်း။
၎င်းက သူတို့ကို ချက်ချင်း ကြောက်လန့်သွားစေခဲ့သည်။ ယခု အသက်ရှင်နေရခြင်းကပင် ဘဝ (၈) ခုစာ ကုသိုလ် စုဆောင်းထားသောကြောင့် ရရှိသည့် ကောင်းချီးတစ်ခု ဖြစ်နေပေပြီ။
ထို့ကြောင့် သူတို့ ဘယ်လိုလုပ် အများကြီး တွေးနိုင်ဦးမည်နည်း။
ထို့အပြင် ပိုင်ယီဟာ ဤမင်းသမီး၏ နာမည်ကိုလည်း သိရှိသွားခဲ့သည်။ သူမက မဟာယန် မင်းဆက် အိမ်ရှေ့စံ မင်းသားကြီး၏ သမီးတော် ဖြစ်သဖြင့် သဘာဝကျကျပင် မဟာယန် မင်းဆက် တော်ဝင် မိသားစုနှင့် မျိုးရိုးအမည် တူညီပေသည်။
ဖူရွှမ်နီ။
ဒါက သူမဆီမှ ပိုင်ယီ သိလိုက်ရသည့် နာမည် ဖြစ်၏။
မျိုးရိုးအမည် ဖူ...
ဒါက မဟာယန် မင်းဆက် တော်ဝင် မိသားစု၏ မျိုးရိုးအမည် ဖြစ်လေသည်။
ပိုင်ယီ နောက်ထပ် သိလိုက်ရသည်မှာ ဤမင်းသမီးလေးက ယခုနှစ်မှာ အသက် (၂၅) နှစ် ရှိနေပြီ ဖြစ်သည်။ အသက် (၂၅) နှစ် အရွယ်နှင့် အခြေတည်အဆင့် (၂) သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤကဲ့သို့သော မသေမျိုးကျင့်ကြံခြင်း အရိုးအမြစ် အခြေခံအုတ်မြစ်က ချန်ချန်ရွှယ်၊ချင်းကျောက်တို့နှင့် သိပ်မကွာခြားလှပေ။
ချန်ချန်ရွှယ်က အခြေတည်အဆင့် (၂) သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူမက မသေမျိုးကျင့်ကြံခြင်း ဘဝများကို အကြိမ်ကြိမ် သရုပ်ဖော်ခဲ့ပြီးမှ ရရှိလာခြင်း ဖြစ်လေသည်။
အကယ်၍ သူမတွင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်သာ မရှိခဲ့လျှင်...
ချန်ချန်ရွှယ်ဟာ အခြေတည်အဆင့် (၂) သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန် အသက် (၂၀) ကျော်အထိ စောင့်ရနိုင်ခြေများလေသည်။
သူ သိထားရန် လိုအပ်သည့် အခြေခံ သတင်းအချက်အလက်အချို့ကို ပိုင်ယီ အများစု သိရှိခဲ့ရသည်။
တစ်နည်းအားဖြင့်...
ဖူရွှမ်နီနှင့် တခြားသူများဟာ ချင်းဟယ် ခရိုင် အတွင်းသို့ ခြေချလိုက်သည်နှင့် ပိုင်ယီ သူမကို မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဖိတ်ခေါ်နိုင်မည် ဖြစ်ပြီး သူမကို မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ တတိယမြောက် ရွေးချယ်ခံအဖြစ် သူ့အတွက် အလုပ်လုပ်ခိုင်းနိုင်တော့ပေမည်။
ဖူရွှမ်နီကတော့ သူမ ပစ်မှတ်ထားခံနေရသည်ကို မသိရှာပေ။
သူမဟာ ဆေးလုံး တစ်လုံးကို သန့်စင်ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သူမ ရုတ်တရက် ပြည်နယ်မြို့တော် ကျင့်ကြံသူ တစ်ဦးကို မေးလိုက်သည်။
"ချင်းဟယ် ခရိုင်ကို သွားတဲ့ ငါတို့လမ်းကြောင်းကို လူဘယ်နှယောက်လောက် သိလဲ"
ထိုပြည်နယ်မြို့တော် ကျင့်ကြံသူက ကြောင်အသွားခဲ့သည်။ ပထမတော့ မင်းသမီး ဘာကြောင့် ဒီမေးခွန်း မေးလဲ ဆိုသည်ကို သူ မသိပေ။
သို့သော် သူဟာ လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားကာ မနေနိုင်တော့ပေ။
"အရှင်... အရှင်မင်းသမီး ဆိုလိုတာက..."
ဖူရွှမ်နီ ရေရွတ်လိုက်သည်။
"ရွှေအမြုတေ အဆင့် မိစ္ဆာကြီး ပေါ်လာတဲ့ နေရာက သိပ်တိုက်ဆိုင်လွန်းနေတယ်.. အဲဒီအချိန်တုန်းက ငါတို့ သူ့ကို တွေ့တဲ့အခါ ဘယ်ဘက်ကိုပဲ ထွက်ပြေးပြေး သိပ်ဝေးကွာလွန်းနေတယ်... အကယ်၍ ငါတို့ နောက်ပြန်ဆုတ်သွားရင် ပြည်နယ်မြို့တော်ကို ပြန်ရောက်ဖို့ အချိန်မီမှာ မဟုတ်ဘူး... အကယ်၍ ငါတို့ ရှေ့ဆက်သွားရင်လည်း ဝိညာဉ်ဓားဂိုဏ်း အနီးအနားကို ဝင်ရောက်ဖို့ အချိန်မီမှာ မဟုတ်ဘူး"
"ဒါ့အပြင် သူ ပေါ်လာတဲ့ အချိန်ကလည်း ထူးဆန်းလွန်းတယ်... အဲဒီအချိန်တုန်းက ငါတို့ ပျံသန်းရေး သင်္ဘောပေါ်မှာ တရားထိုင်နေကြတာ...တိုက်ဆိုင်စွာပဲ အဲဒီအချိန်မှာပဲ သူ ပေါ်လာခဲ့တာ"
"အကယ်၍ ဒီကိစ္စတွေကို သိနေတဲ့သူ တစ်ယောက်ယောက် ကြားဝင်စွက်ဖက်ခြင်း မရှိခဲ့ရင် ဒီလို တိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူမ စကားဆုံးသွားသည်နှင့် လူတိုင်း၏ မျက်နှာများက ချက်ချင်း လေးနက်သွားခဲ့ကြသည်။
အကယ်၍ သူတို့ သိပ်ကံဆိုးလွန်းပြီး ရွှေအမြုတေ အဆင့် မိစ္ဆာ တစ်ကောင်နှင့် တွေ့ဆုံခဲ့ခြင်း ဆိုလျှင်...
ဒါဆို သူတို့ ကိုယ့်ကံဆိုးမှုကိုပဲ တိတ်တဆိတ် ကျိန်ဆဲရုံသာ ရှိတော့ပေသည်။
သို့သော် အကယ်၍ တစ်စုံတစ်ယောက်က သတင်းပေးလိုက်လို့ သူတို့ ရွှေအမြုတေ အဆင့် မိစ္ဆာ တစ်ကောင်နှင့် တွေ့ဆုံခဲ့ခြင်း ဆိုလျှင်တော့ မတူတော့ချေ။
'တစ်စုံတစ်ယောက်က သူတို့ကို တမင်သက်သက် ထောင်ချောက်ဆင်နေတာလား...'
'မဟုတ်ဘူး....'
သူတို့၏ ကိုယ်ပိုင်အမှတ်အသားများက ရိုးရှင်းခြင်း မရှိသော်လည်း တစ်စုံတစ်ယောက် ထောင်ချောက်ဆင်လောက်သည် အထိတော့ မဟုတ်သေးပေ။ တစ်စုံတစ်ယောက်က ဒီလောက်များတဲ့ အရင်းအမြစ် ပမာဏကို သုံးစွဲလောက်သည် အထိ မဟုတ်သေးချေ။
'ရှူး..'
တစ်စုံတစ်ယောက်က မင်းသမီးကို ကိုင်တွယ်ချင်နေတာများလား... သူတို့က ရောပါသွားတာ သက်သက်လား..'
လူတိုင်း တုန်လှုပ်သွားကြ၏။
ချက်ချင်းပင် သူတို့ရင်ထဲ၌လည်း ခါးသက်သွားကြပေသည်။
မင်းသမီး ပြောနေသည်ကို နားမကြားရသကဲ့သို့ မကြားချင်ယောင်ဆောင်လိုက်ချင်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဒါက သူတို့ ဝင်ပါလို့ ရသည့် အတိုင်းအတာထက် ကျော်လွန်နေတာကြောင့်ပင်။
တစ်ဖက်လူက မင်းသမီးကို တိတ်တဆိတ် တိုက်ခိုက်ရဲပြီး ရွှေအမြုတေ အဆင့် မိစ္ဆာကြီး တစ်ကောင်ကို အမိန့်ပေးနိုင်သည် ဆိုမှတော့ တစ်ဖက်လူကလည်း ရိုးရှင်းမည် မဟုတ်ပေ။
'ဖြစ်နိုင်တာက...
တော်ဝင် မိသားစု အတွင်းမှာများ...'
'အဟွတ် အဟွတ်..'
ဒီအတွေး သူတို့ခေါင်းထဲ ဝင်လာတဲ့အခါ သူတို့ ချက်ချင်း ဖျောက်ဖျက်လိုက်ကြသည်။
သူတို့ အများကြီး မတွေးသင့်သလို ပေါက်ကရတွေလည်း မပြောသင့်ပေ။
သူတို့ရင်ထဲတွင် အတွေးတို့အား ငြိမ်းသက်လိုက်ကြသည်။ ဖူရွှမ်နီဟာ သူတို့၏ တုံ့ပြန်မှုများကို မြင်လိုက်သော်လည်း သူမ မအံ့သြပေ။
ဒီလိုကိစ္စမျိုးက အကယ်၍ သူမ ခန့်မှန်းသလိုသာ ဆိုရင် ဒီလူတွေ ပါဝင်ပတ်သက်ဖို့ မသင့်တော်ချေ။
မဟုတ်ရင် သူတို့ အသတ်ခံရမည်ဖြစ်ပြီး သူတို့ မိသားစုတွေတောင် လွတ်မြောက်နိုင်မှာ မဟုတ်ပေ။
"အရှင်"
ဖူရွှမ်နီ လူသားရုပ်သေးကို ရုတ်တရက် မေးလိုက်သည်။
"အရှင် ကျွန်မကို အချိန်ကာလ တစ်ခုလောက် ပိုကြာအောင် ကာကွယ်ပေးနိုင်မလား... ကျွန်မ ပိုင်ဆိုင်သမျှ အရာအားလုံးကို အရှင့်အတွက် ဆုလာဘ် အနေနဲ့ ပေးပါ့မယ်"
သူမ တစ်စုံတစ်ယောက်ကို အကူအညီ တောင်းချင်လျှင် သေချာသော သဘောထားတစ်ခုအား အသုံးပြုရမည်ကို သိပေသည်။
"မင်းရဲ့ ကိုယ်ပိုင်အမှတ်အသားက သိပ်ထူးခြားလွန်းတယ်"
လူသားရုပ်သေး ဖူရွှမ်နီကို ကြည့်ပြီး လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။
ဖူရွှမ်နီ ကြောင်အသွားပြီး ခေါင်းငြိမ့်လိုက်သည်။ သူမ ငြင်းပယ်ခံရသည်ကို မအံ့သြပေ။
တကယ်ပင် သူမ၏ ကိုယ်ပိုင်အမှတ်အသားက ထူးခြားလွန်းနေခဲ့သည်။
ပါဝင်ပတ်သက်နေတဲ့ အရာတွေက အများကြီး ရှိပြီး ဒုက္ခရောက်ဖို့ လွယ်ကူရာ တစ်ဖက်လူက ငြင်းပယ်တာ သဘာဝကျပေသည်။
"မင်း ပိုပေးမှ ရမယ်...."
"........."
…