အခန်း ၈၇ : ဝိညာဥ်ဓားဂိုဏ်း၏ မူလဝိညာဥ်အဆင့် ကျွမ်းကျင်သူ ရောက်ရှိလာခြင်း၊ ငြိမ်းချမ်းစွာ အနားယူပါ တာအိုမိတ်ဆွေ
ပိုင်ယီ၏ ကောက်ချက်ချမှု မှန်ကန်ခဲ့ပေသည်။ ရွှေအမြုတေ အဆင့် ကျွမ်းကျင်သူ နှစ်ဦး၏ တိုက်ပွဲက ကြီးမားသည့် လှုပ်ရှားရုန်းရင်းဆန်ခတ်မှုကို ဖြစ်စေခဲ့ရာ ဝိညာဉ်ဓားဂိုဏ်းက သတိမထားမိဘဲ နေရန် မဖြစ်နိုင်ပေ။
အထူးသဖြင့် တိုက်ပွဲဝင်နေသည့် ရွှေအမြုတေ အဆင့် ကျွမ်းကျင်သူ နှစ်ဦးအနက် တစ်ဦးမှာ မိစ္ဆာသားရဲ ဖြစ်ကြောင်း ဝိညာဉ်ဓားဂိုဏ်း၏ မသေမျိုးကျင့်ကြံသူများ တွေ့ရှိလိုက်သည့်အခါ...
ချက်ချင်းပင် မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ဦးဟာ လှုပ်ရှားလိုက်လေသည်။
ကျင့်ကြံခြင်း လောကတွင် မိစ္ဆာသားရဲများ၏ တည်ရှိမှုက တော်တော်လေး ထူးခြားပြီး ၎င်းတို့အတွက် ကျင့်ကြံရန် အလွန် ခက်ခဲပေသည်။ အဘယ်ကြောင့်ဆိုသော် တိကျရေရာသော ကျင့်ကြံခြင်း နည်းလမ်း မရှိသောကြောင့် ဖြစ်၏။
အကယ်၍ မိစ္ဆာသားရဲများ ပိုမို သန်မာချင်လျှင် ရိုးရှင်းသည့် နည်းလမ်း အချို့ကိုသာ အားကိုးရပေမည်။
ဥပမာအားဖြင့် သူတို့ဟာ ကမ္ဘာမြေနှင့် ကောင်းကင်၏ ဝိညာဉ်ချီများကို စုပ်ယူရန် သူတို့၏ ဗီဇစိတ်ကို အသုံးပြုနိုင်သည်။ သို့မဟုတ် တန်ပြန်မှုကို လစ်လျူရှုပြီး အန္တရာယ်ရှိသည့် ဝိညာဉ်ဆေးပင် အချို့ကို စားသုံးနိုင်သလို လူသား ကျင့်ကြံသူများကို ရိုးရိုးရှင်းရှင်းပင် စားသုံးနိုင်လေသည်။
လူသား ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအားများနှင့် သူတို့၏ အသွေးအသားများ၇ မိစ္ဆာသားရဲများအတွက် သေချာပေါက် အားဆေးတစ်လက် ဖြစ်ပေသည်။
ထို့ကြောင့် သူတို့ ဂိုဏ်းနှင့် အလွန်နီးကပ်သော နေရာတွင် ရွှေအမြုတေ အဆင့် မိစ္ဆာကြီး တစ်ကောင် ရှိနေသည်ကို သူတို့ လက်ပိုက်ကြည့်နေ၍ မရပေ...
သူတို့ တပည့်များ၏ ဘေးကင်းရေး အတွက်မဟုတ်ရင်တောင် ဝိညာဉ်ဓားဂိုဏ်းက လှုပ်ရှားရပေမည်။
တိုက်ပွဲထဲသို့ ဝင်ရောက် စွက်ဖက်ခဲ့သည့် ဝိညာဉ်ဓားဂိုဏ်း၏ မူလဝိညာဉ် အဆင့် တန်ခိုးရှင်က တကယ်တော့ ဝိညာဉ်ဓားဂိုဏ်း၏ အဓိပတိ အကြီးအကဲ တစ်ဦး ဖြစ်လေသည်။
နှစ်ထောင်ချီ သက်တမ်းရှိသည့် ဝိညာဉ်ဓားဂိုဏ်းတွင် အဓိပတိ အကြီးအကဲ သုံးဦး ရှိပြီး သူတို့ တစ်ဦးစီတိုင်းက မူလဝိညာဉ် အဆင့်၌ ရှိကြသည်။
ဤအဓိပတိ အကြီးအကဲက သူတော်စင်မ ပြဿနာ ရှာခဲ့မိသည့် အကြီးအကဲ ယု ဆိုသူ မဟုတ်ပေ။
......
သူမက အဘွားအို တစ်ဦးနှင့် တူကာ သူမ၏ ကျောက ကုန်းနေပြီး သူမလက်ထဲတွင် သစ်သား တောင်ဝှေး တစ်ချောင်း ကိုင်ဆောင်ထားခဲ့သည်။
သူမ၏ မျက်နှာကလည်း ကြင်နာတတ်ပုံ ရလေသည်။
"ဟူး..."
သူမဟာ အရှိန်ဝါတို့ တဖြည်းဖြည်း ကျဆင်းလာနေသည့် အနက်ရောင်ဝတ် အဘိုးအိုကို ကြည့်လိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူမ တောင်းပန်လိုသော လေသံဖြင့် ပြောလိုက်သည်။
"ငါ နောက်ကျသွားတယ်... ကောင်းမွန်စွာ ခရီးဆက်ပါတော့ တာအိုမိတ်ဆွေ.."
အနက်ရောင်ဝတ် အဘိုးအို၏ မျက်နှာက အလွန်အမင်း ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့ပြီး အပြုံးတစ်ခုကို အတင်းအကြပ် ညှစ်ထုတ်လိုက်၏။ သူ တစ်ခုခု ပြောချင်သော်လည်း ဘယ်လိုမှ အသံထွက်မလာနိုင်တော့ပေ။
သူ့ခန္ဓာကိုယ်ပေါ်၌ အလွန် ကြောက်မက်ဖွယ်ကောင်းသည့် ဒဏ်ရာများ ဖုံးလွှမ်းနေပြီ ဖြစ်၏။
သူဟာ တိုက်ခိုက်ရေး ခွန်အားကို တိုးမြှင့်ရန်အတွက် တိုင်းပြည်၏ ကံတရားကို မဆင်မခြင် ငှားရမ်းခဲ့သော်လည်း တကယ့်လက်တွေ့တွင် သူဟာ အမွှေးတိုင် တစ်တိုင် ထွန်းညှိချိန်ခန့်သာ တောင့်ခံနိုင်ခဲ့သည်။
အနက်ရောင်ဝတ် အဘိုးအိုဟာ သူ ဆက်မထိန်းထားနိုင်တော့ကြောင်း ကောင်းစွာ သိပေသည်။
အမွှေးတိုင် တစ်တိုင် ထွန်းညှိချိန်က အရှင်မင်းသမီး အန္တရာယ်မှ လွတ်မြောက်ရန် မလုံလောက်ကြောင်း သူ သိထားခဲ့သည်။
ကံကောင်းသည်မှာ... အချိန်ဆွဲရန် သူ၏ အသက်စွန့် ကြိုးပမ်းမှုများ အချည်းနှီး မဖြစ်ခဲ့ပေ။
ဝိညာဉ်ဓားဂိုဏ်း၏ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ ရောက်ရှိလာခဲ့ပေပြီ။
သူမ ဒီနေရာသို့ ရောက်လာချိန်တွင် သူ့ရင်ထဲမှ မီးတောက်ကလည်ူ လုံးဝ ငြိမ်းသတ်သွားပြီ မျက်လုံးများကို မှိတ်လိုက်ရာ အသက်ရှင်ခြင်း လက္ခဏာတို့က တဖြေးဖြေး ပျောက်ဆုံးသွားခဲ့လေသည်။
သူ့ခန္ဓာကိုယ်ကို ကောင်းချီးပေးထားသည့် မဟာယန် မင်းဆက်၏ ကံတရားဟာ သူ့ကို ညင်သာစွာ မတင်ပေးလိုက်ပြီး သူ့ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းစေလိုက်သည်။ ထို့နောက် ချက်ချင်းပင် မဟာယန်မင်းဆက်၏ ကံတရားဟာ ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားခဲ့သည်။
အနက်ရောင်ဝတ် အဘိုးအို၏ ခန္ဓာကိုယ်ဟာ တန်ပြန်မှုကို ခံနိုင်ရည် မရှိတော့ပုံ ရပြီး အလောင်းက အလွန် မြန်ဆန်သော နှုန်းဖြင့် ပြာမှုန့် အဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်း လွင့်ပါးသွားခဲ့လေသည်။
ထို့နောက် ပြာမှုန့်များဟာ ဝန်းကျင်ရှိ မြက်ပင်များနှင့် သစ်ပင်များပေါ်သို့ ကျရောက်သွားပြီး ပေါင်းပင်များဟာ မြေကြီးထဲမှ လျင်မြန်စွာ ထိုးထွက်လာကြပြီး သစ်ပင်ကြီး တစ်ပင် အရွယ်အစား အထိ ကြီးထွားလာခဲ့ကြသည်။
သစ်ပင်များက ပိုမြန်သော နှုန်းဖြင့် ကျယ်ပြန့်လာပြီး သစ်ပင် အမျိုးမျိုး၏ ပင်စည်များဟာလည်း တစ်ခုနှင့် တစ်ခု နီးကပ်လာခဲ့ကြသည်။
နောက်ဆုံးတွင် ၎င်းတို့ အားလုံး ပူးကပ်သွားကြပြီး အဝေးမှ ကြည့်လျှင် ၎င်းတို့က မိုးထိအောင် မြင့်မားသည့် သစ်ပင်ကြီး တစ်ပင်နှင့် တူနေခဲ့ပေသည်။
အနီးကပ် ကြည့်မှသာ ဤသစ်ပင်ကြီးအား သစ်ပင်ငယ်လေးများဖြင့် ဖွဲ့စည်းထားကြောင်း မြင်နိုင်၏။
ဒါက အနက်ရောင်ဝတ် အဘိုးအို၏ အုတ်ဂူကျောက်တိုင် ဖြစ်ပေလိမ့်မည်။
ဒါကို မြင်တော့ အဘွားအို နောက်တစ်ကြိမ် သက်ပြင်းချလိုက်၏။
ထို့နောက် သူမညာ သူမရှေ့တွင် တုန်လှုပ်နေသည့် မိစ္ဆာသားရဲဆီသို့ အကြည့် ရွှေ့လိုက်သည်။
မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး၏ ကြောက်မက်ဖွယ် အရှိန်ဝါက မိစ္ဆာသားရဲကို မလှုပ်ရှားနိုင်လောက်အောင် ကြောက်ရွံ့သွားစေခဲ့ပြီး ၎င်း၏ စိတ်အာရုံဟာ တုန်လှုပ်သွားခဲ့သည်။
"မိစ္ဆာကောင်..."
စကားလုံး (၂) လုံးဟာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားခဲ့ပြီး လူများ၏ နှလုံးခုန်သံကို မြန်စေနိုင်သည့် စွမ်းအားကြီး အရှိန်ဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ရွှေအမြုတေအဆင့် မိစ္ဆာသားရဲဟာ ရုတ်တရက် သတိဝင်လာခဲ့ပြီး ၎င်း၏ နီရဲနေသည့် ဒေါင်လိုက် မျက်လုံးများတွင် ကြောက်ရွံ့မှုများ လက်ခနဲ ဖြတ်သန်းသွားခဲ့သည်။
ထို့နောက် ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။ ၎င်းက သူ့ ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်သည်။
သို့သော် နောက်တစ်ခဏတွင် ၎င်းဟာ မပျံသန်းနိုင်တော့ကြောင်း ရုတ်တရက် သိလိုက်ရပေသည်။
သူ့၏ အတောင်ပံနှစ်ဖက်ဟာ ပြတ်ကျသွားသည်ကို မြင်လိုက်ရပြီး နီရဲသည့် သွေးများက ခန္ဓာကိုယ်အနှံ လွှင့်စင်လာခဲ့သည်။
'ရင်းနှီးနေတဲ့ အတောင်ပံတွေပဲ... အမ်... ငါ့ဟာတွေပဲ'
မိစ္ဆာသားရဲ၏ စိတ်ထဲတွင် စာကြောင်း (၃) ကြောင်းသာ ဖြတ်သန်းသွားပြီးနောက် ၎င်းဟာ ဆက်မတွေးနိုင်တော့ပေ။
ကြီးမားသည့် ခေါင်းတစ်လုံးဟာ ၎င်း၏ လည်ပင်းပေါ်မှ လျှောကျလာခဲ့လေသည်။
ရွှေအမြုတေအဆင့်တစ်ယောက်က မူလဝိညာဉ်အဆင့် တစ်ယောက်နှင့် ယဥ်ဆိုင်ရသည့်အခါ ခုခံရန် ခွန်အား လုံးဝ မရှိပေ။
၎င်းက ကြက်ဥဖြင့် ကျောက်တုံးကို ထုနှက်နေသလိုပင်။
...
တစ်ချိန်တည်းမှာပင် အကွာအဝေး တစ်ခုအထိ ထွက်ပြေးလွတ်မြောက်လာပြီးတဲ့ လူအုပ်စုဟာ သူတို့အနောက်မှ တိုက်ခိုက်သံ သဲ့သဲ့တို့အား ကြားလိုက်ကြရသည်။ အသံ လုံးဝ ပျောက်ကွယ်သွားပြီးနောက်မှာ လူတိုင်းဟာ ရလဒ် ဘယ်လို ဖြစ်သွားလဲ ဆိုသည်ကို အကြမ်းဖျင်း နားလည်လိုက်ကြပေသည်။
အနက်ရောင်ဝတ် အဘိုးအိုက သိပ်ကြာကြာ မထိန်းထားနိုင်ကြောင်း သူတို့ သိကြပြီး ယခု အချိန်အထိ သူ ထိန်းထားနိုင်ခြင်းကပင် ကံကောင်းနေပေပြီ။
ပြဿနာမှာ ရွှေအမြုတေ အဆင့် မိစ္ဆာကြီးကို အချိန်ဆွဲထားပေးသူ ကျဆုံးသွားပြီ ဖြစ်ရာ သူတို့ ဘာဆက်လုပ်သင့်သနည်း။
အဲဒီ ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာကြီးကို ဘယ်သူက အချိန်ဆွဲထားပေးထားနိုင်အုံးမည်နည်း။
သူတို့ဟာ ထိုနေရာနှင့် အတော်လေး ဝေးကွာနေပြီ ဖြစ်သော်လည်း ရွှေအမြုတေ အဆင့် မိစ္ဆာကြီး တစ်ကောင် အတွက်မူ ဤအကွာအဝေးက ဘာမှ မဟုတ်ပေ။
"စိတ်မပူပါနဲ့..."
ဤအချိန်တွင် လူသားရုပ်သေး၏ နိမ့်ပြီး အက်ကွဲသော အသံ ထွက်ပေါ်လာခဲ့သည်။
"ဝိညာဉ်ဓားဂိုဏ်းရဲ့ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ လှုပ်ရှားလိုက်ပြီ... ပြီးတော့ အဲဒီ ရွှေအမြုတေ အဆင့် မိစ္ဆာသားရဲ သေသွားပြီ... ဒါပေမဲ့ အဲဒီ အနက်ရောင်ဝတ် တာအိုမိတ်ဆွေရဲ့ သက်တမ်းကလည်း ကုန်ဆုံးသွားပြီ"
လူသားရုပ်သေးဟာ ရှိနေသူများထဲတွင် ကျင့်ကြံမှု အမြင့်ဆုံး လူဖြစ်ပြီး သူ့စကားများက အာဏာ အရှိဆုံး ဖြစ်ပေသည်။
ဤစကားများကို ကြားလိုက်ရသောအခါ ပျံသန်းရေး ဓားများပေါ်တွင် ထွက်ပြေးနေကြသည့် လူများဟာ ချက်ချင်း မျက်လုံးပြူးသွားခဲ့ကြသည်။
"ဝိညာဉ်ဓားဂိုဏ်းရဲ့ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ လှုပ်ရှားလိုက်တာလား" ပြည်နယ်မြို့တော်မှ အရာရှိက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"အကြီးအကဲ ဟေး... သူ... သူ သေသွားပြီလား..." မင်းသမီးက တိုးညှင်းစွာ ရေရွတ်လိုက်သည်။
အသံနှစ်သံက နီးပါး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ မတူညီသော လူများတွင် မတူညီသော အတွေးများ ရှိနေကြပေသည်။
ဘာပဲဖြစ်ဖြစ်...
ဝိညာဉ်ဓားဂိုဏ်းမှ မူလဝိညာဉ် အဆင့် ကျွမ်းကျင်သူ လှုပ်ရှားလိုက်ပြီဟုဆိုရာ သူတို့ ယခု အန္တရာယ်ကင်းသွားပြီ ဖြစ်ပြီး အသက်လု ထွက်ပြေးစရာ မလိုတော့ပေ။
"အရှင်" မဟာယန် မင်းဆက်၏ မင်းသမီးက တောင်းပန်လိုက်သည်။ "ကျွန်မ ပြန်သွားပြီး အကြီးအကဲ ဟေး ရဲ့ အလောင်းကို သယ်ယူချင်ပါတယ်"
"မလိုပါဘူး" လူသားရုပ်သေး ခေါင်းခါလိုက်သည်။ တစ်ဖက်လူ၏ နားမလည်သော အကြည့်အောက်တွင် သူ ရှင်းပြလိုက်၏။ "ကိုယ့်ကိုယ်ကိုယ် သန်မာလာအောင် တိုင်းပြည်ရဲ့ ကံတရားကို အတင်းအကြပ် ငှားရမ်းလိုက်တာမို့ သူ့အလောင်း ကျန်မကျန် ဆိုတာ မသိနိုင်ဘူး"
ပိုင်ယီဟာ ချန်ချန်ရွှယ် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်နေသည်ကို ကြည့်ရှုစဉ်က ဤအကြောင်းကို သိရှိခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းအရာအား သရုပ်ဖော် စနစ်ထဲတွင် ချန်ချန်ရွှယ်ကို သင်ကြားပေးခဲ့သည့် မဟာဝေ မင်းဆက်မှ ကျင့်ကြံသူက ပြောပြခဲ့ခြင်း ဖြစ်လေသည်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှ ကျင့်ကြံခြင်း ဗဟုသုတ အချို့ဟာ လက်တွေ့ဘဝတွင်လည်း အသုံးဝင်ပေသည်။
လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်လျှင်တောင် လျှို့ဝှက် နည်းစနစ်ကနေ တိုင်းပြည်၏ ကံတရားကို ငှားရမ်းပြီးနောက် သူတို့ ခံစားရမည့် တန်ပြန်မှုက အလွန် ပြင်းထန်လွန်းသဖြင့် သူတို့၏ အလောင်းပင် ပျောက်ကွယ်သွားနိုင်ကာ သွေးတစ်ကွက်တောင် ကျန်ရစ်ချင်မှ ကျန်ရစ်ပေမည်။
ဤအဆင့် တန်ပြန်မှုမျိုးက လူတစ်ယောက်ကို ဤကမ္ဘာလောကကြီးထဲမှ လုံးဝ ဖျောက်ဖျက်ပစ်လိုက်သလိုပင်။
ထို့ကြောင့် လုံးဝ မဖြစ်မနေ လိုအပ်လာသည်မှလွဲ၍ နန်းတော်မှ မည်သည့် ကျင့်ကြံသူကမှ ဤကဲ့သို့သော လျှို့ဝှက် နည်းစနစ်မျိုးကို အသုံးပြုမည် မဟုတ်ပေ။
မင်းသမီး နောက်ထပ် ဘာမှ မပြောတော့ပေ။
သူတို့၏ ခံစားချက်များ အားလုံး အလွန် ရှုပ်ထွေးနေကြပြီး လူသားရုပ်သေးလည်း အဓိပ္ပာယ်မရှိသည့် စကားများ ဆက်မပြောတော့ပေ။
လေထု အခြေအနေက ထူးဆန်းစွာ တိတ်ဆိတ်သွားစဉ် လေစီးကြောင်းများ၏ တဝေါဝေါ မြည်သံနှင့် ပျံသန်းရေး ဓားများ ကောင်းကင်ကို ခွဲထွက်သွားသည့် အသံကိုသာ ကြားနေခဲ့ရသည်။
ကောင်းကင်ယံတွင် အလင်းတန်း (၆) ခု လက်ခနဲ ဖြစ်သွားပြီးနောက် ပျောက်ကွယ်သွားကာ ချင်းဟယ် ခရိုင်ဆီသို့ ဦးတည်သွားခဲ့ကြသည်။
အကယ်၍ တစ်စုံတစ်ယောက် ကောင်းကင်ကို မော့ကြည့်လိုက်ပါက...
ကြယ်ကြွေသည်ဟု ထင်မှတ်ပေလိမ့်မည်။
…