အခန်း ၈၆ : နိုင်ငံကံတရားအား ငှားရမ်းခြင်း၊ ရွှေအမြုတေ အဆင့်(၁၀)သားရဲ့နှင့် ရွှေအမြုတေအဆင့် (၅) အဘိုးအိုတို့၏ တိုက်ပွဲ
မိစ္ဆာသားရဲရဲ့ ထူးခြားတဲ့ အရှိန်ဝါက လူတွေကို ကြောက်ရွံ့မှု ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာကြီးက သူ့ရဲ့အရှိန်ဝါကို လုံးဝ ဖုံးကွယ်မထားခဲ့ရာ လူသူကင်းမဲ့တဲ့ တောင်တန်းထဲက သက်ရှိသတ္တဝါ အားလုံး တုန်လှုပ်နေခဲ့ကြလေသည်။ သာမန် တောရိုင်းတိရစ္ဆာန် တချို့ ဆိုရင် မြေပြင်ပေါ် ဝပ်နေပြီး ကြောက်လန့်နေကြပေသည်။
သိပ်မသန်မာတဲ့ မိစ္ဆာသားရဲ တချို့မှာလည်း ကြောက်ရွံ့ထိတ်လန့်တဲ့ အမူရာတွေ ရှိနေခဲ့ကြသည်။
ရွှေအမြုတေ အဆင့် (၁၀) ရှိတဲ့ မိစ္ဆာကြီး တစ်ကောင်က တကယ်ပဲ သန်မာလွန်းပြီး မူလဝိညာဉ် နယ်ပယ်နဲ့ ခြေလှမ်း တစ်လှမ်းစာမျှသာ လိုတော့လေသည်။
ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းတစ်ခု ကောင်းကင်ယံ အမြင့်ကြီးကနေ ဖိချလာရာ သစ်ပင်အများအပြားဟာ ရုတ်တရက် ခါးကနေ ကျိုးသွားကြပြီး မရေမတွက်နိုင်တဲ့ သစ်ရွက်တွေက ဖုန်မှုန့်တွေလို လေထဲ၌ လွှင့်ပျံသွားခဲ့ကြသည်။
မှိန်ဖျဖျ လရောင်အောက်၌ ကောင်းကင်ယံမှ ကြီးမားသည့် မိစ္ဆာသားရဲ တစ်ကောင်ဟာ သူ့အတောင်ပံတွေကို ခတ်နေတာ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်လေသည်။
သူ့မျက်လုံးတွေက အနည်းငယ် နီရဲနေခဲ့ပြီး ဒေါင်လိုက် မျက်ဆံတွေဖြင့် အောက်သို့ ငုံ့ကြည့်နေခဲ့သည်။
......
"... ငါတို့ ဒုက္ခကြီး ရောက်ပြီ"
အနက်ရောင်ဝတ် အဘိုးအိုရဲ့ မျက်နှာက အလွန် လေးနက်နေခဲ့သည်။ ဘယ်သူမဆို အခုချိန် ထိတ်လန့်သွားနိုင်ပေမယ့် သူကတော့ ထိတ်လန့်လို့ မဖြစ်ပေ။ သူဟာ တည်ငြိမ်တဲ့ စိတ်ကို ထိန်းသိမ်းထားပြီး မင်းသမီးကို ကာကွယ်ပေးရပေမည်။
"အရှင်မင်းသမီး... ကျေးဇူးပြုပြီး သူတို့နောက် လိုက်သွားပြီး ချက်ချင်း ထွက်ခွာပါတော့... ဒီကျွန်အိုကြီးက ဒီသားရဲကို တားထားလိုက်ပါ့မယ်" အနက်ရောင်ဝတ် အဘိုးအိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
နှစ်ဖက်စလုံးမှာ ရွှေအမြုတေအဆင့် ခွန်အား ရှိနေပေမယ့် သူဘယ်လောက်ကြာကြာ တားထားနိုင်မလဲ ဆိုတာ မသေချာပေ။
ရွှေအမြုတေ အဆင့် (၅) နဲ့ ရွှေအမြုတေ အဆင့် (၁၀) ကြားက ကွာဟချက်က လူတစ်ယောက် စိတ်ကူးထားတာထက် ပိုကြီးမားလေသည်။
သူ ဆက်ပြောလိုက်သည်။ " ငါတို့ နည်းနည်းလောက် ဆက်လျှောက်သွားရင် ငါတို့ ဝိညာဉ်ဓားဂိုဏ်းရဲ့ နယ်မြေထဲ ရောက်တော့မယ်... ဒီသားရဲက အဲဒီထဲ ခြေချရဲမှာ မဟုတ်လောက်ဘူး"
"ဝိညာဉ်ဓားဂိုဏ်းထဲမှာ မူလဝိညာဉ် အဆင့် ကျင့်ကြံသူတွေ မနည်းမနော ရှိတယ်"
သူ ပြောနေရင်း လူသားရုပ်သေးကို လှမ်းကြည့်လိုက်သည်။
"အရှင်... ဒီလိုတောင်းဆိုတာက နည်းနည်း ရိုင်းရာကျနိုင်ပေမယ့် ဒီကျွန်အိုကြီးက အရှင်မင်းသမီးကို ကာကွယ်ပေးဖို့ အရှင့်ကို တောင်းဆိုပါရစေ.... သူမက မဟာယန် မင်းဆက်ရဲ့ လက်ရှိ အိမ်ရှေ့စံ မင်းသားကြီးရဲ့ သမီးတော် မဟာယန် မင်းဆက်ရဲ့ မင်းသမီးလေး ပါ"
"အကယ်၍ အရှင်က အရှင်မင်းသမီးရဲ့ ဘေးကင်းရေးကို ကာကွယ်ပေးနိုင်ပြီး ဘေးကင်းတဲ့ နေရာကို ပို့ဆောင်ပေးနိုင်မယ် ဆိုရင် မဟာယန် မင်းဆက်က အရှင့်ကို သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်"
အနက်ရောင်ဝတ် အဘိုးအိုရဲ့ လေသံမှာ တောင်းပန်တိုးလျှိုးတဲ့ လေသံတို့ပါဝင်နေခဲ့ပြီး သူဟာ စိုးရိမ်ပူပန်နေကြောင်း မြင်သာပေသည်။
သူဟာ စိုးရိမ်လွန်းလို့ အမျိုးသမီးရဲ့ ကိုယ်ပိုင်အမှတ်အသားကို ထုတ်ဖော် ပြောလိုက်မိသည် အထိပင်။
အနက်ရောင်ဝတ် အဘိုးအိုက ပြည်နယ်မြို့တော်က အခြေတည်အဆင့် လူတွေကို အားမကိုးခဲ့ပေ။
အရှင်မင်းသမီးကို ကာကွယ်ဖို့ ဒီလူတွေရဲ့အင်အားက အားနည်းလွန်းလေသည်။ ထို့အပြင် ဘယ်သူက ဘယ်သူ့ကို ကာကွယ်မလဲ ဆိုတာတောင် မသေချာပေ။
ထို့အပြင် ရှိနေတဲ့ လူတွေ အားလုံးထဲမှာ လူသားရုပ်သေးရဲ့ ခွန်အားကသာ သူ့လိုပဲ ရွှေအမြုတေ အဆင့်မှာ ရှိနေခြင်းပင်။
ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာတော့ သူဟာ လူသားရုပ်သေးကို တောင်းဆိုရုံမှလွှဲ၍ ရွေးချယ်စရာမရှိချေ။
"... ကောင်းပြီလေ"
ပိုင်ယီက အရူးမှ မဟုတ်ရာ လူသားရုပ်သေးကို ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာကြီးနဲ့ တိုက်ခိုက်ခိုင်းလိုက်ခြင်းက သေလမ်းပို့လိုက်တာနဲ့ မခြားကြောင်း သိပေသည်။
အနက်ရောင်ဝတ် အဘိုးအိုက အနောက်ကနေ ကာကွယ်ပေးဖို့ နေခဲ့ချင်တယ် ဆိုမှတော့ သူ ပြတ်သားစွာပဲ တစ်ဖက်လူရဲ့ ဆန္ဒကို လိုက်လျောလိုက်သည်။
နောက်တစ်ခဏမှာ အနက်ရောင်ဝတ် အဘိုးအိုဟာ လေထဲသို့ တက်လှမ်းသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပဲ သူဟာ ကောင်းကင်ပေါ်က မိစ္ဆာကြီးဆီရောက်သွားကာ အရင် စတင် တိုက်ခိုက်လိုက်လေသည်။
တောက်ပကာ လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းတစ်ခုဟာ ကောင်းကင်ယံမှာ ထွက်ပေါ်လာပြီး သိပ်သည်းတဲ့ သတ်ဖြတ်လိုစိတ်တစ်မျိုးကို ထုတ်ဖော်လိုက်သည်။
"ဘုန်း.."
တုန်လှုပ်စရာ ကောင်းတဲ့ ပေါက်ကွဲမှုက လူတွေရဲ့ နားစည်တွေကို ကွဲသွားစေလုနီးပါး ဖြစ်စေခဲ့သည်။ မြေပြင်ပေါ်က ပြည်နယ်မြို့တော် ကျင့်ကြံသူတွေရဲ့ မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့တဲ့ အမူအရာတွေ ရှိနေကြပြီး သူတို့အားလုံးဟာ တိတ်တဆိတ် တံတွေးမျိုချလိုက်မိကြလေသည်။
ရွှေအမြုတေ အဆင့် တိုက်ပွဲ ဆိုတာ သူတို့လို အခြေတည်အဆင့် ကျင့်ကြံသူတွေ ပါဝင်လို့ရတဲ့ အရာ မဟုတ်ပေ။
ဒါပေမဲ့ အခြေတည်အဆင့် ကျင့်ကြံသူ အလုံအလောက် ရှိနေသရွေ့ သူတို့လည်း တိုက်ပွဲ အစီအရင်တစ်ခုနဲ့ ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေကို တိုက်ခိုက်နိုင်ပေသည်။
ဒါပေမဲ့ သူတို့ဆီမှာ (၄) ယောက်ပဲ ရှိလေသည်။
မင်းသမီးကို ထည့်တွက်ရင်တောင် အခြေတည်အဆင့် ကျင့်ကြံသူ (၅) ယောက်ပဲ ရှိပြီး လူ (၅) ယောက်တည်းနဲ့ ဖွဲ့စည်းကာ ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေကို တိုက်ခိုက်နိုင်တဲ့ တိုက်ပွဲ အစီအရင် ဆိုတာ ဘယ်မှာရှိနိုင်မည်နည်း။
အကယ်၍ ရှိရင်တောင် သူတို့ လုပ်မှာ မဟုတ်ပေ.......
မလိုလားအပ်တဲ့ အရိပ်အယောင်တစ်ခုဟာ မင်းသမီး၏ မျက်လုံးထဲ၌ ဖြတ်သန်းသွားခဲ့သည်။ သို့သော် အနက်ရောင်ဝတ် အဘိုးအိုက တစ်ဖက်လူကို အစွမ်းကုန် တားထားပေးမှသာ သူမနဲ့ တခြားလူတွေ ဆုတ်ခွာနိုင်မယ် ဆိုတာ သူမ ကောင်းကောင်း သိပေသည်။
ဒါပေမဲ့...
"ဟူး"
သူမ လေတစ်ချက် အဝမှုတ်ထုတ်လိုက်ပြီး လူသားရုပ်သေးကို ကြည့်လိုက်၏။ "အရှင်.... ချင်းဟယ် ခရိုင်ကို သွားတဲ့ လမ်းကို သိလား"
သူမ ဆုံးဖြတ်ချက်ကို ချလိုက်ပြီး အချိန်ဆွဲမနေတော့ပေ။
ပိုင်ယီ ထိန်းချုပ်ထားတာမို့ လူသားရုပ်သေးက သဘာဝကျကျပဲ လမ်းသိပေသည်။ လူသားရုပ်သေးကို ချင်းဟယ် ခရိုင်ကနေ ထွက်ခွာလာခိုင်းခြင်းဖြစ်ရာ သူဟာ ဘယ်လိုလုပ် ပြန်လမ်းကို မသိဘဲ နေမည်နည်း။
"သွားကြစို့"
လူသားရုပ်သေးက ကောင်းကင်ပေါ်က ပြင်းထန်တဲ့ တိုက်ပွဲကို ကြည့်ပြီး ဒီစကားလုံး (၂) လုံးကို အသံနိမ့်နိမ့်နဲ့ ပြောလိုက်၏။
အဲဒီနောက် လူသားရုပ်သေး၊ မဟာယန် မင်းဆက်ရဲ့ မင်းသမီး နဲ့ ပြည်နယ်မြို့တော်က အခြေတည်အဆင့် မသေမျိုးကျင့်ကြံသူ (၄) ယောက်တို့ဟာ လျင်မြန်စွာ ထွက်ခွာသွားခဲ့ကြသည်။
လူတိုင်း ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း အဘိုးအိုဟာ သူ့ရဲ့ ဝိညာဉ်အာရုံနဲ့ မြင်တွေ့လိုက်ရပြီး နောက်ဆုံးတော့ သူ့ရင်ထဲမှာ သက်ပြင်းချလိုက်နိုင်ခေသည်။
မင်းသမီးက စိတ်လိုက်မာန်ပါ လုပ်ဆောင်မှာကို သူ စိုးရိမ်ခဲ့တာဖြစ်ပြီး သူမက သိပ်ငယ်ရွယ်သေးပေသည်။
သို့သော် အနည်းဆုံးတော့ သူတို့ အသက်ရှင်ဖို့ အခွင့်အရေး ရသွားပေပြီ။
"မိစ္ဆာကောင်...ဒီနေ့ ငါရှဲ့ယင်းထျန်က ရွှေအမြုတေ အဆင့် (၅) ကို သုံးပြီး ရွှေအမြုတေ အဆင့် (၁၀) ရှိတဲ့ မင်းကို တိုက်ခိုက်မယ်"
"မဟာယန် နှစ်သောင်းချီ သက်တမ်းရှည်ပါစေ..... ငါ ၎င်းရဲ့ အမွေအနှစ်ကို သယ်ဆောင်ထားတယ်....ရန်သူကို သတ်ဖို့ ငါ့ကို ကူညီပါ..."
ဒေါသတကြီး အော်ဟစ်သံတွေ ကောင်းကင်ယံ တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး အနက်ရောင်ဝတ် အဘိုးအိုရဲ့ အရှိန်ဝါက တည်ငြိမ်စွာ မြင့်တက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်က ဝိညာဉ်စွမ်းအင်တွေက ရုတ်တရက် ထိုးတက်သွားခဲ့ပြီး မျက်လုံးတွေကလည်း သွေးရောင်လွှမ်းသွားခဲ့ကာ မျက်နှာ၌လည်း ရက်စက်ကြမ်းကြုတ်တဲ့ အငွေ့သက်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
ထို့နောက် သူ့ရဲ့ လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားတဲ့ ကျောက်လှံတစ်ချောင်းဟာ သူ့လက်ထဲ ပေါ်ထွက်လာသည်။ ၎င်းပေါ်ထွက်လာသည်နှင့် အရှိန်ဝါတို့ကြောင့် ဝန်းကျင်က မြင်ကွင်းတွေဟာ အဆက်မပြတ် တွန့်လိမ်ရှုံ့တွသွားခဲ့လေသည်။ အဲဒီ ရက်စက်ကြမ်းကြုတ်တဲ့ အရှိန်ဝါက မိစ္ဆာကျင့်ကြံသူရဲ့ အရှိန်ဝါနဲ့ မတူပဲ စစ်တပ်ကြီး (၂) တပ် ထိပ်တိုက် တွေ့ဆုံတဲ့အခါ ထွက်ပေါ်လာတဲ့ အရှိန်ဝါနဲ့ ပိုတူနေခဲ့လေသည်။
"သေစမ်း.."
ကျောက်လှံတံရဲ့ ဓားသွားက ကောင်းကင်ကို ခွဲပြီး မိစ္ဆာသားရဲရဲ့ လည်ပင်းဆီ တည့်တည့် တိုးဝင်သွားခဲ့သည်။
သို့သော် ကံမကောင်းစွာနဲ့ နှစ်ဖက်စလုံးရဲ့ ကျင့်ကြံမှု အဆင့်တွေကြား ကွာဟချက်က တကယ် ကြီးမားလွန်းနေခဲ့သည်။
အနက်ရောင်ဝတ် အဘိုးအို ရင်ဆိုင်နေရတဲ့ မိစ္ဆာသားရဲက ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာကြီး ဖြစ်ပြီး ၎င်းက အမွေးမပါတဲ့ ဒိုင်နိုဆောပျံကြီးနဲ့ အလွန်တူတဲ့ ထူးဆန်းတဲ့ ငှက်တစ်ကောင် ဖြစ်လေသည်။
ဝင်လာတဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတဲ့အခါ ၎င်းက တကယ်ပဲ အလွယ်တကူ ရှောင်တိမ်းလိုက်ပေသည်။ သူ့ရဲ့ ကြီးမားတဲ့ အတောင်ပံတွေ ဘယ်ညာ ဖြန့်ကားသွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့သည်။
နီရဲနေတဲ့ ဒေါင်လိုက် မျက်ဆံတို့ဖြင့် အနက်ရောင်ဝတ် အဘိုးအိုကို စိုက်ကြည့်နေခဲ့သည်။
ထို့နောက် အတောင်ပံတွေက အောက်ကို ကျဆင်းလာခဲ့လေသည်။
...
အခြားတစ်ဖက်တွင်...
ပိုင်ယီဟာ လူသားရုပ်သေးကို ထိန်းချုပ်ပြီး လေထဲမှာ ပျံသန်းနေတဲ့ အချိန် သူ့အနောက်က တိုက်ပွဲကို တစ်ချက် ပြန်လှည့်ကြည့်ဖို့ အချိန်ယူလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အနက်ရောင်ဝတ် အဘိုးအိုက အရေးနိမ့်နေတယ်ဆိုတာ သူ မြင်တွေ့လိုက်ရသည်။ အဲဒီ မိစ္ဆာကြီးက အသာစီး ရယူထားတုန်းပင်။
အကြောင်းရင်း တစ်ခုခုကြောင့် အနက်ရောင်ဝတ် အဘိုးအိုရဲ့ ခွန်အားက ကြီးမားတဲ့ အတိုင်းအတာ တစ်ခု အထိ ထိုးတက်သွားခဲ့ပြီး လျှို့ဝှက် နည်းစနစ် တစ်ခုခု သုံးလိုက်သလိုပင်။
ဒီအကြောင်းရင်းကြောင့်ပဲ သူက ရွှေအမြုတေ အဆင့် (၅) ကျင့်ကြံမှု အဆင့်နဲ့ ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာကြီးကို ရင်ဆိုင်နိုင်နေခဲ့တာ ဖြစ်၏။
တိုင်းပြည်ရဲ့ ကံတရားအရိပ်အယောင် ပါဝင်နေတဲ့ အနက်ရောင်ဝတ် အဘိုးအိုရဲ့ အရှိန်ဝါကို ပိုင်ယီ မြင်လိုက်ရသည်။ 'သူက သူ့ရဲ့ တိုက်ခိုက်ရေး ခွန်အားကို တိုးမြှင့်ဖို့ တိုင်းပြည်ရဲ့ ကံတရားကို အတင်းအကြပ် အသုံးပြုနေတာလား...'
'နန်းတော်က ကျင့်ကြံသူတွေပဲ ဒီလို အထူး နည်းလမ်းမျိုး သုံးနိုင်တာ မဟုတ်လား...'
ဒါပေမဲ့ တိုင်းပြည်ရဲ့ ကံတရား တိုက်စားမှုကြောင့် အဘိုးအိုက သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်တော့ပေ။
အနက်ရောင်ဝတ် အဘိုးအိုက သူ့အသက်ကို စွန့်စားနေပြီ ဆိုတာ ပိုင်ယီ သိလိုက်သည်။ သေချာပေါက် သေမယ့် အခြေအနေဆိုတာ တစ်ဖက်လူ သိထားတဲ့ အတွက် ဘေးထွက်ဆိုးကျိုး အလွန်ကြီးမားတဲ့ ဒီလျှို့ဝှက် နည်းစနစ်ကို သုံးဖို့ သူ တွန့်ဆုတ်မနေခဲ့ချေ။
ဒီအချိန်မှာ မိစ္ဆာကြီး ခေါင်းလှည့်ပြီး ထွက်သွားရင်တောင် အနက်ရောင်ဝတ် အဘိုးအိုက အသက်ရှင်နိုင်မှာ မဟုတ်တော့ပေ
တိုင်းပြည်ရဲ့ ကံတရားကို ငှားရမ်းခြင်းက ကြီးမားတဲ့ တန်ပြန်မှုတို့ကို ယူဆောင်လာမှာ ဖြစ်ပြီး ဒါက သူ ခံနိုင်ရည် ရှိတဲ့ အရာ မဟုတ်ပေ။
သို့သော် ဒီလိုလူမျိုးကို ပိုင်ယီ တော်တော်လေး လေးစားမိပေသည်။
ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အခြေတည်အဆင့် ကျင့်ကြံသူ အနည်းငယ်ကို ကယ်တင်ဖို့ ရွှေအမြုတေ တစ်ယောက်ကို စွန့်လွှတ်လိုက်နိုင်တာက ကျင့်ကြံခြင်း လောကမှာ တကယ့်ကို ရှားပါးပေသည်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ရွှေအမြုတေ အဆင့် ခွန်အားနဲ့ ဆိုရင် သူဟာ ဒီမင်းသမီးကို စွန့်လွှတ်လိုက်ရင်တောင် ကိစ္စကြီး တစ်ခု ဖြစ်လာမှာ မဟုတ်ပေ။
အများဆုံးမှ သူ ပုန်းအောင်းဖို့ နေရာတစ်ခု ရှာလိုက်လို့ ရတာပင်။ ဒီကျယ်ပြန့်တဲ့ ကမ္ဘာကြီးထဲမှာ နန်းတော်က သူ့အား ရှာတွေ့နိုင်မည် မဟုတ်ပေ။
ထို့အပြင် သူဟာ တခြား တိုင်းပြည် တစ်ခုဆီ ထွက်သွားလိုက်လို့လဲ ရလေသည်။
"အဲဒီ မိစ္ဆာကြီးရဲ့ ပြိုင်ဘက် ဖြစ်ဖို့ မဖြစ်နိုင်သေးပေမယ့် အချိန်ကာလ တစ်ခုလောက်တော့ သေချာပေါက် တားစီးထားနိုင်လိမ့်မယ်... ဒါ့အပြင် ရွှေအမြုတေ (၂) ယောက်ရဲ့တိုက်ပွဲကြီးက ဝိညာဉ်ဓားဂိုဏ်းရဲ့ အာရုံစိုက်မှုကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်... ဒါကြောင့် ဝိညာဉ်ဓားဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေ မကြာခင် ရောက်လာလောက်တယ်" ပိုင်ယီ ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်၏။
…