အခန်း ၈၄ : မမျှော်လင်ပဲတွေ့ဆုံမှု၊ ရွှေအမြုတေအဆင့် လေလွှင့်ကျင့်ကြံသူ
"အဲဒီမှာ ဒီအတိုင်း ရပ်မနေကြနဲ့.... ချက်ချင်း ထွက်ခွာကြမယ်... မဟုတ်ရင် ရွှေအမြုတေ အဆင့် (၁၀) မိစ္ဆာကြီး လိုက်မီသွားရင် ငါတို့က သေချာပေါက် သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"
ကံကောင်းတာက သူတို့အားလုံးက ကျင့်ကြံသူတွေ ဖြစ်ကြပြီး ဘယ်သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကမှ ချီစုစည်းမှု အဆင့်အောက် နိမ့်မနေခဲ့ချေ။
သူတို့ရဲ့ ကျင့်ကြံမှုက ချီစုစည်းမှု အဆင့် အထက်မှာ ရှိနေကြရာ ဓားစီးပြီး ပျံသန်းနိုင်ကြပေသည်။
ဘာပဲဖြစ်ဖြစ် သူတို့က ချင်းဟယ် ခရိုင်ကို လာရတဲ့ ရည်ရွယ်ချက်က မြင့်မြတ်သောနှလုံးသား နန်းတော်ရဲ့ မိစ္ဆာကျင့်ကြံသူတွေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ဖြစ်ရာ ဘယ်လိုလုပ် အားနည်းတဲ့ ဖြစ်မည်နည်း။
ဒီအဖွဲ့ထဲမှာ စုစုပေါင်း လူ (၆) ယောက် ရှိပြီး အသန်မာဆုံး လူက အခုထိ စကားတစ်ခွန်းမှ မပြောတဲ့ အနက်ရောင် ဝတ်စုံနဲ့ နှုတ်ဆိတ်နေတဲ့ အဘိုးအိုပင်။ သူ့ရဲ့ ကျင့်ကြံမှုက ရွှေအမြုတေ အဆင့် (၅)ဖြစ်၏။
အအားနည်းဆုံး လူကတော့ စောစောက သက်လတ်ပိုင်း အမျိုးသားဖြစ်ကာ သူ့ရဲ့ကျင့်ကြံမှုက အခြေတည်အဆင့် (၁)သာ ရှိလေသည်။
အခြေတည်အဆင့် (၁) ဆိုတာ ချင်းဟယ် ခရိုင်ထဲမှာ သန်မာပေမယ့် ပြည်နယ်မြို့တော်လို နေရာမျိုးမှာတော့ သာမန်ပင်။
သူတို့အုပ်စုဟာ ချက်ချင်းပဲ သူတို့ရဲ့ ပျံသန်းရေး ဓားများကို ထုတ်လိုက်ကြသည်။
ရွှေအမြုတေ အဆင့် (၅) မှာ ရှိတဲ့ အနက်ရောင်ဝတ် အဘိုးအိုက ရှေ့ဆုံးမှာ ရှိနေခဲ့သည်။ သူ့အမြန်နှုန်းနဲ့ ဆိုရင်သူဟာ ချင်းဟယ် ခရိုင်ကို အမြန် ရောက်ရှိနိုင်ပေမဲ့ သူက အရှင်မင်းသမီးကို ကာကွယ်ပေးဖို့ လိုအပ်တာကြောင့် သူ့ရဲ့ဓားပျံအား အရှိန်လျှော့ထားရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ချေ။
......
အရှင်မင်းသမီးလို့ အခေါ်ခံရတဲ့ အမျိုးသမီးက ဒုတိယ နေရာမှာ ရှိနေခဲ့ပြီး သူမက အသက်မကြီးသေးပဲ အသက် (၂၀) ဝန်းကျင်လောက်ပဲ ရှိပေအုံးမည်။
ဒါပေမဲ့ သူမဟာ အခြေတည်အဆင့် (၂)တို့ရောက်ရှိနေပြီဖြစ်ရာ သူမရဲ့ ပါရမီက အံ့သြစရာ ကောင်းနေခဲ့သည်။
တခြား (၄) ယောက်က အနောက်ကနေ လိုက်ပါလာခဲ့ကြသည်။
အချိန်များ ကုန်ဆုံးသွားသည်...
ညရောက်တဲ့အခါ ကျင့်ကြံမှု အားအနည်းဆုံး ဖြစ်သည့် သက်လတ်ပိုင်း အရာရှိက ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။ သိသာထင်ရှားစွာပင် သူ၏ ဝိညာဉ်စွမ်းအင် အများကြီးအား ဓားပျံအတွက် သုံးစွဲထားခဲ့ရတာကြောင့်ပင်။ သူ အလျင်စလို အော်ပြောလိုက်သည်။ "နေ... နေပါဦး အရှင်မင်းသမီး... အရှင်မင်းသမီး... ဒီနှိမ့်ကျတဲ့ လက်အောက်ငယ်သား တကယ် ဆက်မထိန်းထားနိုင်တော့ပါဘူး... အကယ်၍ ကျွန်တော်တို့ ဒီအတိုင်း ဆက်ပြီး အတင်းသွားနေရင် ကျွန်တော် ပြုတ်ကျတော့မယ်"
နောက်ဆုံးတော့ အဖွဲ့ဟာ ခဏလောက် အနားယူဖို့ အောက်ဆင်းလိုက်ကြ၏။ ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့ အတွက် ဒီလောက် စိတ်ဓာတ်ကျစရာ ကောင်းတဲ့ အခြေအနေမျိုးက အတော်ပင်ဆိုးလေသည်။
သို့ပေမဲ့ သူတို့ လုပ်နိုင်တာ ဘာမှ မရှိပေ။
ဘာပဲဖြစ်ဖြစ် သူတို့ဟာ ကျားပါးစပ်ထဲကနေ လွတ်မြောက်လာတာ သိပ်မကြာသေးသလို နောက်တစ်ကြိမ် ဒီလို အန္တရာယ်ရှိတဲ့ အခြေအနေမျိုးကိုလည်း ထပ်မကြုံချင်ကြတော့ချေ။
ထို့ကြောင့် သူတို့ တတ်နိုင်သလောက် မြန်မြန် ပြေးပြီး တတ်နိုင်သလောက် ဝေးဝေး ပြေးခဲ့ကြတာပင်။
သူတို့ဟာ နက်ရှိုင်းတဲ့ တောင်ကြား တစ်ခုထဲ ဆင်းသက်လိုက်ကြသည်။
ကျင့်ကြံသူတွေ အနေနဲ့ သူတို့ဟာ အဆိပ်ရှိတဲ့ အင်းဆက်တွေ တောရိုင်းတိရစ္ဆာန်တွေကို မကြောက်ကြပဲ သူတို့ ဂရုစိုက်ဖို့ လိုတာက မိစ္ဆာသားရဲတွေပင်။
ဒီလို လူသူကင်းမဲ့တဲ့ တောင်တန်းထဲမှာ မိစ္ဆာသားရဲတွေ မနည်းမနော ရှိနေပေသည်။
သူတို့ထဲက လူအနည်းငယ်ဟာ ဆေးလုံး အနည်းငယ် မျိုချလိုက်ကြပြီး ဝိညာဉ်စွမ်းအင် ပြန်လည် ပြည့်ဝလာအောင် ခြေချိတ်ထိုင်လိုက်ကြသည်။
အသန်မာဆုံး ဖြစ်တဲ့ အနက်ရောင်ဝတ် အဘိုးအို တစ်ယောက်တည်းသာ ဝန်းကျင်က လှုပ်ရှားမှုတွေကို အမြဲမပြတ် အာရုံစိုက်နေပြီး သူ့ရဲ့ ဝိညာဉ်အာရုံက အန္တရာယ်ရှိတဲ့ တည်ရှိမှုတွေကို အမြဲမပြတ် စူးစမ်းရှာဖွေနေခဲ့သည်။
သူ့မှာ တာဝန်တစ်ခုပဲ ရှိပြီး ၎င်းက အရှင်မင်းသမီးရဲ့ ဘေးကင်းရေးကို ကာကွယ်ပေးဖို့ပင်။
ဤအရှင်မင်းသမီးလို့ အခေါ်ခံရတဲ့ အမျိုးသမီးက နေပြည်တော်က အရေးကြီးတဲ့ ပုဂ္ဂိုလ်ပင်။
သူမက မင်းဆက်ရဲ့ မင်းသမီး တစ်ပါးဖြစ်ကာ ဘာလို့ ပြည်နယ်မြို့တော်မှာ ပေါ်လာရတာလဲနှင့် မြင့်မြတ်သောနှလုံးသား နန်းတော်ရဲ့ ကိစ္စတွေမှာ သူမ ဘာလို့ ပါဝင်ပတ်သက်နေရတာလဲဆိုတာကတော့ သူတို့အဖွဲ့ပဲ သိတဲ့ ကိစ္စဖြစ်လေသည်။
"အို..."
ရုတ်တရက် အနက်ရောင်ဝတ် အဘိုးအိုရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တဲ့ သူဟာ နောက်ဆုံးတော့ စကားပြောလိုက်သည်။ "အရှင်မင်းသမီး လှုပ်ရှားမှု ရှိတယ်.."
သူစကားကြားတာနဲ့ နဲ့ လူတိုင်းဟာ ချက်ချင်း သတိရှိသွားကြပြီး ထိတ်လန့်သွားခဲ့ကြသည်။
မင်းသမီး မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။ "မိစ္ဆာသားရဲလား"
အနက်ရောင်ဝတ် အဘိုးအို တစ်ခုခုကို အတည်ပြုနေသလို ခဏလောက် စဉ်းစားလိုက်ပြီး ခေါင်းခါလိုက်သည်။ "အဲဒီ မိစ္ဆာကြီး မဟုတ်ဘူး.... တခြား မိစ္ဆာသားရဲလည်း မဟုတ်ဘူး... ဒီအရှိန်ဝါက ငါတို့လို ကျင့်ကြံသူ တစ်ယောက်နဲ့ ပိုတူတယ်"
သူ့မျက်နှာက အနည်းငယ် လေးနက်နေခဲ့သည်။ "ဒါ့အပြင် တစ်ဖက်လူက သိပ်သန်မာတယ်... ဒီအဘိုးကြီးတောင် သူ့ကျင့်ကြံမှုကို ဖောက်ထွင်းမမြင်နိုင်ဘူး..."
"ရှူး..."
နားထောင်ပြီးနောက် အရှင်မင်းသမီးကလွဲရင် တခြားသူတွေဟာ ချက်ချင်း လေအေးတစ်ချက် ရှူသွင်းလိုက်ကြရသည်။
အနက်ရောင်ဝတ် အဘိုးအိုရဲ့ ခွန်အားနဲ့ ပတ်သက်ပြီး သူတို့သေချာသိပေသည်။
ရွှေအမြုတေ အဆင့် (၅)ဖြစ်တဲ့ အဘိုးအိုကတောင် အဲဒီလူရဲ့ ကျင့်ကြံမှုကို မမြင်နိုင်ဘူး ဆိုတော့ တစ်ဖက်လူကလည်း ရွှေအမြုတေ အဆင့် ဖြစ်နေတယ် ဆိုတဲ့ သဘောပင်။
ရွှေအမြုတေ အဆင့် (၅) အထက်မှာတောင် ရှိနေနိုင်လေသည်။
သက်လတ်ပိုင်း အရာရှိ မခန့်မှန်းဘဲ မနေနိုင်တော့ပေ။ "ဖြစ်နိုင်တာက သာမန်လူ တစ်ယောက်များလား..."
အနက်ရောင်ဝတ် အဘိုးအိုဟာ သူ့ကို ခံစားချက်မပါတဲ့ မျက်နှာနဲ့ တစ်ချက် ကြည့်လိုက်ပြီး လူအတစ်ယောက်ကို သိပ်အများကြီး ရှင်းမပြချင်တော့ပေ။
မင်းသမီး တိုးညှင်းစွာ ပြောလိုက်၏။ "သာမန်လူ တစ်ယောက်က ဒီလို နက်ရှိုင်းတဲ့ တောင်တောနက်ထဲ ခြေချရဲပါ့မလား"
သူမ ထပ်မေးလိုက်သည် - "တစ်ဖက်လူက ငါတို့ဆီ လာနေတာလား"
အနက်ရောင်ဝတ် အဘိုးအို ခေါင်းငြိမ့်လိုက်သည်။
"မဆင်မခြင် မလုပ်နဲ့...."မင်းသမီး ပြောလိုက်၏။ "ဖြစ်နိုင်တာက တစ်ဖက်လူက ဒီအတိုင်း ဖြတ်သွားတာ ဖြစ်မယ်... အကယ်၍ ငါတို့က ဘာရှင်းပြချက်မှ မရှိဘဲ ရန်လိုပြလိုက်ရင် အကြောင်းပြချက် မရှိဘဲ စွမ်းအားကြီးတဲ့ ရန်သူ တစ်ယောက်ကို ရန်စလိုက်သလို ဖြစ်သွားမှာ စိုးရတယ်"
"အရှေ့မှာ စွမ်းအားကြီးတဲ့ ရန်သူတွေ ရှိနေပြီး အနောက်မှာ စွမ်းအားကြီးတဲ့ မိစ္ဆာသားရဲတွေ ရှိနေတယ်... ဒါက ငါတို့ကို လမ်းဆုံးဆီ တွန်းပို့လိုက်သလို ဖြစ်သွားပြီး ငါတို့ ရုန်းထွက်နိုင်မှာ မဟုတ်တော့ဘူး"
သူမ ကြည့်ရတာ သိပ်ဆင်ခြင်တုံတရား ရှိပုံရလေသည်။
သူမရဲ့ စကားတွေက မှန်ကန်နေရာ လူတိုင်း ခေါင်းငြိမ့်လိုက်ကြ၏။
...
အနက်ရောင်ဝတ် အဘိုးအိုက မရင်းနှီးတဲ့ ကျွမ်းကျင်သူ တစ်ယောက်ကို ရှာတွေ့လိုက်တဲ့ အချိန်မှာ ရွှေအမြုတေ အဆင့် ရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး ဝေဟင်မှာ ပျံသန်းနေတဲ့ ပိုင်ယီဟာလည်း ဒီလူသူကင်းမဲ့တဲ့ တောင်တန်းတွေထဲမှာ ကျင့်ကြံသူ အုပ်စုတစ်စု တကယ် ရှိနေတယ် ဆိုတာ ရှာတွေ့လိုက်လေသည်။
လူသားရုပ်သေးကို ကျင့်ကြံခြင်း သရုပ်ဖော် စနစ်က အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ပေးထားတာလား သူ မသိပေမယ့် သူ ရရှိထားတဲ့ ရွှေအမြုတေ အဆင့် လူသားရုပ်သေးမှာ ထိန်းချုပ်မှု အကွာအဝေး ကန့်သတ်ချက် မရှိဘူး ဆိုတာ ပိုင်ယီ တွေ့ရှိလိုက်ရသည်။
ရွှေအမြုတေ အဆင့် လူသားရုပ်သေးကို သူ လိုချင်သလောက် အဝေးကြီး ပို့ထားလို့ ရလေသည်။
အကွာအဝေးကြောင့် သူ ထိန်းချုပ်မှုကနေ လွတ်သွားမှာ မဟုတ်ချေ။
လူသားရုပ်သေးကို လုံလောက်တဲ့ ဝိညာဥ်စွမ်းအားဖြည့်တင်းဖို့ရန်အတွက် ပိုင်ယီဟာ လူသားရုပ်သေးမှာ သိုလှောင်အိတ် တစ်လုံး ချိတ်ပေးထားခဲ့ပြီး ထိုသိုလှောင်အိတ်ထဲမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ထည့်ထားခဲ့သည်။
ထို့အပြင် ပိုင်ယီဟာ သွေးပုလဲဆိုတဲ့ ဝိညာဉ်လက်နက် တစ်ခုကိုလည်း ဒီသိုလှောင်အိတ်ထဲ ထည့်ပေးထားခဲ့လေသည်။
လူသားရုပ်သေးမှာ သုံးစရာ ဝိညာဉ်လက်နက် ရှိမှ တော်ကာကျမည်ဖြစ်ပြီး လက်သီး (၂) ဖက်တည်းနဲ့ တိုက်ခိုက်လို့မှ မဖြစ်နိုင်ပေ။
"ထူးဆန်းတယ်..." ချင်းဟယ် ခရိုင်ထဲမှာ ဝေးကွာစွာ ရောက်ရှိနေတဲ့ ပိုင်ယီဟာ လူသားရုပ်သေးရဲ့ မြင်ကွင်းကနေတဆင့် သူ့စိတ်ထဲမှာ မြင်ကွင်းတချို့ကို မြင်တွေ့ပြီး မျက်ခုံးပင့်လိုက်၏။ "ဒီလောက်များတဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေလား... ပြီးတော့ ကျင့်ကြံမှုကို မမြင်နိုင်တဲ့ လူတစ်ယောက်လည်း ရှိသေးတယ်... ဖြစ်နိုင်တာက ရွှေအမြုတေ အဆင့်လား"
သူ့ရဲ့ ပထမဆုံး အတွေးက သူတို့တွေက မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေ ဖြစ်မယ်လို့ ထင်လိုက်ခြင်းပင်။ ဒါပေမဲ့ အနီးကပ် လေ့လာကြည့်လိုက်တော့ အဲဒီလို မဟုတ်ပုံမရချေ။
တစ်ဖက်လူတွေဆီမှာ မိစ္ဆာကျင့်ကြံသူရဲ့ ရွံရှာဖွယ်ရာ အရှိန်ဝါတို့ ရှိမနေပေ။
ဆန့်ကျင်ဘက် အနေနဲ့ သားရုပ်သေးရဲ့ ဝိညာဉ်အာရုံ အကူအညီနဲ့ ဒီလူအုပ်စုထဲမှာ ထူးဆန်းတဲ့ အရှိန်ဝါ ရှိတဲ့ လူတစ်ယောက် ရှိနေတာကို ပိုင်ယီ အာရုံခံမိလိုက်၏။
"တော်ဝင် မိသားစုလား...."
ဒီအရှိန်ဝါနဲ့ ပိုင်ယီ မစိမ်းပေ။
ချန်ချန်ရွှယ် မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော်နေစဉ်တုန်းက သူမမှာလည်း ဒီလို အထူး အရှိန်ဝါမျိုး ရှိနေခဲ့လေသည်။
ဘာလို့လဲဆိုတော့ သူမက ဧကရာဇ်မင်းမြတ်ရဲ့ အရှိန်ဝါနဲ့ အချိန်အကြာကြီး ထိတွေ့ခဲ့ရလို့ပင်။
ခရိုင်ရုံးရဲ့ ဧည့်သည်တော် ဝန်ကြီး ပိရွှီ သူ့ကို ပြောခဲ့တဲ့ စကားတွေကို ပိုင်ယီ ရုတ်တရက် သတိရလိုက်သည်။
'... ပြည်နယ်မြို့တော်က လူတစ်ယောက်..'
'... နေပြည်တော်က အရေးကြီးတဲ့ ပုဂ္ဂိုလ် တစ်ယောက်...'
သူ့မျက်နှာက အနည်းငယ် ထူးဆန်းသွားခဲ့သည်။ 'သူ... ပြည်နယ်မြို့တော်က လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တာလား...'
တကယ့် တိုက်ဆိုင်မှုပင်။
သူ ရောက်ရှိနေတဲ့ မင်းဆက်ကို မဟာယန် မင်းဆက်လို့ ခေါ်ကြောင်း ပိုင်ယီ သိထားပေသည်။ ဒီကြီးမားတဲ့ မင်းဆက်ကြီးထဲမှာ ချင်းဟယ် ခရိုင်က ပင်လယ်ထဲက ရေတစ်စက်လောက်သာ ရှိလေသည်။
တစ်ခါတုန်းက ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ဟာ မဟာယန် မင်းဆက် တစ်ခုလုံးကို ဖြတ်ကျော် ပျံသန်းဖို့ ကြိုးစားဖူးခဲ့သည်။
နောက်ဆုံးတော့ သူဟာ တစ်လတိတိ အိပ်ချိန်မရှိ နားချိန်မရှိ ပျံသန်းခဲ့ပေမယ့် မင်းဆက်ရဲ့ နယ်နိမိတ်ကို မရောက်နိုင်ခဲ့ပေ။
၎င်းက အမှန်လား အမှားလား ပိုင်ယီ မသိပေမယ့် ချင်းဟယ် ခရိုင် အထိ ပျံ့နှံ့လာနိုင်တယ် ဆိုတော့...
ဆိုလိုတာက ယုံကြည်နိုင်လောက်တဲ့ အချက် နည်းနည်း ရှိနေသေးတယ် ဆိုတဲ့ သဘောပင်။
ယခု၌ နေပြည်တော်က အဲဒီ အရေးကြီးတဲ့ ပုဂ္ဂိုလ်က မင်းသမီး တစ်ပါး ဟုတ်မဟုတ် သူ မသိတာပဲ ရှိလေသည်။
'ဒါမှမဟုတ် ဖြစ်နိုင်တာက မင်းသား တစ်ပါးလား... ဒါမှမဟုတ် ဧကရာဇ်မင်းမြတ်ရဲ့ မြစ်တော်လား....'
ဒီအချိန်မှာ အသံတစ်သံက လေထုကို ဖြတ်ပြီး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ "ဒီနေရာမှာ ဝိညာဉ်ဓားဂိုဏ်း လို့ ခေါ်တဲ့ ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ရှိတယ်လို့ ငါ ကြားတယ်.... နှစ်ထောင်ချီ တည်ရှိခဲ့တဲ့ နာမည်ကြီး ဂိုဏ်းတစ်ခုတဲ့.... မင်းက အဲဒီက လာတာလား မသိဘူး"
အသံက အကွာအဝေးကို ဖြတ်ကျော်ပြီး ချင်းဟယ် ခရိုင်ဆီ မရောက်လာဘဲ လူသားရုပ်သေးရဲ့ နားထဲကိုပဲ ရောက်လာခြင်းပင်။
တစ်ဖက်လူဆီမှာ ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေတာ သေချာပြီမို့ လူသားရုပ်သေး အနေနဲ့ ပုန်းအောင်းဖို့ ခက်ခဲကြောင်း ပိုင်ယီ သိထားပေသည်။
သူ့စိတ်ကို လှုပ်ရှားလိုက်ရာ အနည်းငယ် အက်ကွဲနေသည့် အသံက ရုပ်သေးရုပ်ဆီမှ ထွက်ပေါ်လာခဲ့သည်။
ညကောင်းကင်ယံအောက် ဝေဟင်မှာ ရပ်နေတဲ့ ရွှေအမြုတေ အဆင့် လူသားရုပ်သေးရဲ့ မျက်နှာက မပြောင်းလဲသလို သူ့လေသံကလည်း သိပ်မပြောင်းလဲခဲ့ချေ။
"ငါက ဖြတ်သွားဖြတ်လာ သာမန် လေလွှင့်ကျင့်ကြံသူတစ်ယောက်ပါ.... ဝိညာဉ်ဓားဂိုဏ်းက မဟုတ်ပါဘူး"
"..."
…