အခန်း ၈ : ရှေ့လူ ထားခဲ့သည့် အရှုပ်ထုတ်များ
လက်ဝါးထဲတွင် စုစည်းထားသော မမြင်ရသည့် အတွင်းအားတို့က လေထုအား အဆက်မပြတ် တွန့်လိမ်လှုပ်ရှားနေစေခဲ့လေသည်။
ဤကဲ့သို့ ထူးခြားသော စွမ်းအင်မျိုးက မသေမျိုးကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအင်လောက် အဆင့်မမြင့်သော်လည်း သာမန်လူများအတွက်မူ အလွန် အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
အနည်းဆုံးတော့ လျူအိုကြီးအာူ ပါးစပ်အဟောင်းသား ဖြစ်သွားစေရန် လုံလောက်လေသည်။
ဒီနေ့ သခင်လေးပိုင် ဆီမှာ တစ်ခုခု ထူးခြားနေတယ်လို့ သူ အမြဲ ခံစားနေရတာ မဆန်းတော့ပါပေ။ သူ့ရဲ့ စိတ်နေစိတ်ထား၊ အားအင်နဲ့ ဝိညာဉ်တို့က အရင်ကနဲ့ မတူတော့သလို ဖြစ်နေခဲ့သည်။
သခင်လေးပိုင်က ဘယ်ကမှန်းမသိတဲ့ ဆရာတစ်ယောက်ဆီကနေ သိုင်းပညာ သွားသင်ပြီး သိုင်းပညာရှင် တစ်ယောက် ဖြစ်လာခဲ့တာကြောင့်ပင်။
ချန်ချန်ရွှယ်ဟာ သေချာ အကဲခတ်နေပြီး အလွန် အလေးအနက်ထားနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက်... သူမ မျက်နှာတွင် စိတ်ပျက်သည့် အရိပ်အယောင်များ အနည်းငယ် ပေါ်လာခဲ့၏။
"နည်းနည်း ကွာခြားနေတယ်..."
အနီးကပ် လေ့လာကြည့်ပြီးနောက် ပိုင်ယီ၏ အတွင်းအားက သူမ သရုပ်ဖော် စနစ်ထဲတွင် ရှိစဉ်က အတွင်းအားနှင့် မတူညီကြောင်း သိလိုက်ရလေသည်။ အသေးစိတ် အချက်အလက်များတွင် ကွာခြားချက်များ အများကြီး ရှိနေပေသည်။
သူမက သူမရှေ့က လူဟာ သူမလိုပဲ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဝင်ရောက်နိုင်သူ ဖြစ်မည်ဟု ထင်မှတ်ခဲ့မိလေသည်။
ဒါ့အပြင် သူတို့ နှစ်ယောက်လုံး ဆင်တူတဲ့ ဘဝကို ဖြတ်သန်းခဲ့ကြပြီး အဲဒီ အသက်ရှူနည်းစနစ်ကို ရရှိခဲ့ကြတာ ဖြစ်မည်ဟု ထင်ခဲ့မိသည်။
ဒီလို အတွင်းအားမျိုးအား သူတို့ နှစ်ယောက်လုံး အတူတူ ကျင့်ကြံခဲ့ကြတယ်လို့ ထင်ခဲ့မိလေသည်။
အခု ကြည့်ရတာ... သူမ အတွေးလွန်သွားခဲ့ပုံ ရပေသည်။
ဟုတ်ပေသည်... မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က လူတိုင်းအား ဒီလောက် လွယ်လွယ် ဘယ်ဖွင့်ပေးမည်နည်း။
လောကကြီးမှာ လူတိုင်းက သူမလို ကံကောင်းခြင်းနဲ့ အခွင့်အလမ်းမျိုး ရှိကြတာမှ မဟုတ်ပေ။
ဒါကို တွေးမိပြီး အကြောင်းပြချက် မရှိဘဲ ချန်ချန်ရွှယ်ဟာ စိတ်အများကြီး သက်သာသွားခဲ့သည်။
ဒါက ဘယ်လို စိတ်ဓာတ်မျိုးလဲ သူမ မသိပေ။ ၎င်းက ပိုင်ဆိုင်လိုစိတ်လား......
ဖြစ်နိုင်ပေသည်။ ဘာပဲဖြစ်ဖြစ် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က သူမအတွက် ကြီးမားသော အခွင့်အလမ်း တစ်ခုဖြစ်လေသည်။ သူမ အတိတ်ဘဝပေါင်း များစွာက ကုသိုလ်ကောင်းမှုတွေ စုဆောင်းခဲ့လို့သာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ရွေးချယ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပေမည်။
ချန်ချန်ရွှယ်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ပြည့်နှက်နေခဲ့၏။ သို့ပေမဲ့ သရုပ်ဖော် စနစ်ထဲက သူမ၏ သေဆုံးခြင်းကို ပြန်တွေးမိပြီး... အခုတော့ အဲဒီခံစားချက်တွေ ပျောက်ကွယ်သွားသလိုပါပင်။
ထို့နောက် သူမဟာ လှည့်ထွက်သွားလာခဲ့သည်။
...
ဒါပေမဲ့ ချန်ချန်ရွှယ်က သူမကတိကိုတော့ တည်ပေသည်။ နှလုံးသားသန့်စင်ဆေးလုံး (၃) လုံးက ပိုင်ယီ၏ အိတ်ထဲ ရောက်ရှိနေပြီ ဖြစ်၏။ ပိုင်ယီ အနေဖြင့် ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မ၏ ကြွယ်ဝချမ်းသာမှုကို ကောင်းကောင်း နားလည်လိုက်လေသည်။
"သခင်လေးပိုင်... ဒီနေ့ ခင်ဗျား ရွှေတွင်းကြီး တူးမိပြီပဲ... ဒါဆို နောက်လ အိမ်ငှားခကို..." လျူအိုကြီးက နှုတ်ခမ်းသပ်ပြီး ပြောလိုက်၏။
"နောက်လ... ခင်ဗျားကို (၃) လ ကင်းလွတ်ခွင့် ပေးမယ်" လျူအိုကြီး မြင်သွားပြီ ဖြစ်လို့ လျှို့ဝှက်ထားဖို့ လိုပေသည်။ သတင်းပေါက်ကြားသွားရင် မလိုအပ်တဲ့ ပြဿနာတွေ တက်လာနိုင်ပေသည်။
လျူအိုကြီး ပါးစပ်ပိတ်အောင် လုပ်ချင်ရင် သူ့ကို ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားအောင် လုပ်ပစ်ရမယ်၊ ဒါမှမဟုတ် ငွေနဲ့ ပိတ်ရမယ် ဆိုတာ ပိုင်ယီ သိလေသည်။
ဘာပဲဖြစ်ဖြစ် လျူအိုကြီးက ဒီကျင့်ကြံခြင်းလောကမှာ သူသိတဲ့ မိတ်ဆွေ အနည်းစုထဲက တစ်ယောက်ပင်။ ပိုင်ယီ အနေနဲ့ ဒီလောက် ရက်စက်တဲ့ နည်းလမ်းမျိုး သုံးပြီး သူ့ကို ဖျောက်ဖျက်ပစ်ဖို့ ဘယ်ဖြစ်နိုင်ပါ့မည်နည်း။ သူက အဲဒီလောက် ယုတ်မာတဲ့ လူစားမျိုး မဟုတ်ပေ။
"ဝါး...သုံးလတောင်.... ကောင်းပြီဗျာ" လျူအိုကြီးဟာ ချက်ချင်း ပြုံးဖြီးသွားခဲ့သည်။ တစ်လစာ အိမ်ငှားခ သက်သာတာက ငွေစ အနည်းငယ် စုမိတာနဲ့ ညီမျှလေသည်။။
ထို့ကြောင့် သူဟာ လိမ္မာပါးနပ်စွာ အာမခံလိုက်သည်။ "ဒီနေ့ ဖြစ်ပျက်ခဲ့တာ ဘာမှ မသိပါဘူးဗျာ... ဒီလိမ်းဆေးပုလင်းကိုလည်း အလကား ယူသွားလိုက်ပါ သခင်လေးပိုင်"
"ဟုတ်သားပဲ..."
လျူအိုကြီးဟာ ရုတ်တရက် တစ်ခုခု ပြောချင်ပေမယ့် ခဏလောက် တွန့်ဆုတ်နေခဲ့သည်။
ထို့နောက် သူဟာ အံကြိတ်ပြီးမှ ပြောလိုက်၏။ "သခင်လေးပိုင်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က လီမျိုးနွယ်စုက ကျွန်တော်တို့ကို လာရှာသေးတယ်... လီမျိုးနွယ်စုက ခင်ဗျားရဲ့ ဆိုင်ခန်းကို ဆက်မငှားဖို့ ပြောတယ်.... ပြီးတော့ သူတို့နဲ့ မပူးပေါင်းရင် နောက်တစ်ခါ ဒီလောက် ယဉ်ကျေးမှာ မဟုတ်ဘူးလို့လည်း ပြောသွားတယ်"
"သခင်လေးပိုင်... သူတို့ ခင်ဗျားကို ပစ်မှတ်ထားနေမှန်း ကျွန်တော်တို့ သိပါတယ်.... သူတို့က ခင်ဗျားရဲ့ ဆိုင်ခန်းတွေကို မျက်စိကျနေတာ နှစ်နဲ့ချီနေပြီလေ... ကျွန်တော်တို့က စီးပွားရေး အသေးစားလေးတွေ လုပ်နေကြတာမို့ သူတို့နဲ့ ပြဿနာမဖြစ်နိုင်ဘူး.... လီမျိုးနွယ်စုကိုလည်း စော်ကားလို့ မဖြစ်ဘူး"
"လူအများစုက သူတို့ ကမ်းလှမ်းချက်ကို လက်ခံဖို့ စဉ်းစားနေကြပြီ... အစားအစာ ရောင်းတဲ့ လင်မယားနှစ်ယောက်နဲ့ အထည်ရောင်းတဲ့ ချန်မိသားစုတို့ ဆိုရင်ပေါ့..."
"သခင်လေးပိုင်... စိတ်မပူပါနဲ့... ကျွန်တော်က သစ္စာရှိတဲ့သူပါ.... ကျွန်တော် ခင်ဗျားကို စိတ်နှလုံး အကြွင်းမဲ့ ထောက်ခံပါတယ်....."
လျူအိုကြီး၏ သတိပေးစကားကို နားထောင်ပြီးနောက် ပိုင်ယီဟာ သိပ်ပြီးအံ့သြမသွားခဲ့ပေ။
ဒီကမ္ဘာကို ကူးပြောင်းလာကတည်းက သူ့မှာ ပြဿနာ မရှိတာ မဟုတ်ပေ။
သူ့ရဲ့ ရှေ့လူက သူ့အတွက် ရှုပ်ထွေးမှုတွေ အများကြီး ထားရစ်ခဲ့လေသည်။ အကြီးမားဆုံး ရှုပ်ထွေးမှုကတော့ ရှေ့လူနှင့် လီမျိုးနွယ်စုကြား ပဋိပက္ခ ဖြစ်၏။
လီမျိုးနွယ်စု ဆိုတာ ချင်းဟယ် ခရိုင်မှာ နာမည်ကြီး မိသားစု တစ်ခု ဖြစ်လေသည်။
နှစ်ပေါင်းရာချီ လက်ဆင့်ကမ်းလာခဲ့ပြီး စီးပွားရေး လုပ်ငန်းတွေကို အထူးလုပ်ကိုင်သည့် မိသားစု ဖြစ်တာကြောင့် ခရိုင်ထဲမှာ သြဇာအာဏာ တော်တော်ကြီးမားပေသည်။
သူတို့က ရှေ့လူ အမွေရထားတဲ့ ဆိုင်ခန်းတွေကို မျက်စိကျနေခဲ့ကြသည်။
သို့သော် သူ့ရှေ့လူက အလွန် ဖြောင့်မတ်ပြီး ခေါင်းလည်း မာလှပြီး လီမျိုးနွယ်စုရဲ့ ကမ်းလှမ်းချက် အားလုံးကို ရှေ့လူက ငြင်းပယ်ခဲ့လေသည်။
ဒါတွေက ကွယ်လွန်သွားတဲ့ မိဘတွေ သူ့အတွက် ချန်ထားခဲ့တဲ့ နောက်ဆုံးအရာတွေဖြစ်ကာ ရောင်းလိုက်ပါက မိဘအပေါ် မသိတတ်ရာ ရောက်မယ်လို့ သူဟာ ခံစားခဲ့ရသည်။
ဒါပေမဲ့ လီမျိုးနွယ်စုကတော့ ၎င်းငြင်းပယ်မှုအား မကျေနပ်ကြချေ။ ဘာပဲဖြစ်ဖြစ် ရှေ့လူ လက်ထဲက ဆိုင်ခန်း (၁၀) ခန်းကျော်လောက်က ချင်းဟယ် ခရိုင်ရဲ့ အဓိကနေရာမှာ တည်ရှိနေတာကြောင့် မြေဈေးက အလွန် ကြီးမြင့်ပေသည်။
ဒါကြောင့် လီမျိုးနွယ်စုက မသင့်လျော်တဲ့ နည်းလမ်းတချို့ကို စတင် အသုံးပြုလာခဲ့ပြီး တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့သည်။
လွန်ခဲ့တဲ့ တစ်နှစ်က ရှေ့လူဟာ မတော်တဆ ရေနစ်သေဆုံးသွားခဲ့ပြီး ပိုင်ယီဟာ ကူးပြောင်းရောက်ရှိလာခဲ့ခြင်းပင်။
ပိုင်ယီဟာ သံသရအချို့ရှိပေသည်။ ၎င်းက ရှေ့လူဟာ လီမျိုးနွယ်စုရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာလား ဆိုတာပင်။
ကံဆိုးတာက သူ့မှာ သက်သေအထောက်အထား မရှိချေ။
ယခုနေရာသို့ ကူပြောင်းလာပြီးနောက်မှာ ရှေ့လူ ချန်ထားခဲ့တဲ့ ရှုပ်ထွေးမှုတွေကို မြင်ရတော့ ပိုင်ယီဟာ လီမျိုးနွယ်စုကို အမြဲ သတိထားနေခဲ့လေသည်။ ဒါပေမဲ့ ဆိုင်ခန်းတွေကို ရောင်းပြီး လီမျိုးနွယ်စုနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ရည်ရွယ်ချက်တော့ မရှိပေ။
ဘာပဲဖြစ်ဖြစ်... တကယ်လို့များ ရှေ့လူက လီမျိုးနွယ်စုရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ မှန်နေရင် ပြီးတော့ သူ လုံးဝ မသေသေးဘဲ ပြန်ရှင်လာတာကို လီမျိုးနွယ်စု သိသွားရင်...
သူတို့ဟာ သူ့အား အလွတ်ပေးကြမည်မဟုတ်ချေ။
ဆိုင်ခန်းတွေကို လီမျိုးနွယ်စုဆီ ရောင်းလိုက်ရင်တောင် ဒါမှမဟုတ် အလကား ပေးလိုက်ရင်တောင်မှ ရှေ့လူ သေဆုံးမှု ပေါက်ကြားသွားမှာ စိုးရိမ်ပြီး သူတို့ဟာ သူ့အား နောက်တစ်ကြိမ် သတ်ကြမည်ပင်။
ဒါကြောင့် သူဟာ ပိုသတိထားဖို့ လိုအပ်လာပေပြီ။
လျူအိုကြီးက တကယ် သစ္စာရှိတဲ့ လူတစ်ယောက်ပင်။ ဒီလိုကိစ္စမျိုးအား သူ့ကို ဖွင့်ပြောရဲလေသည်။
သိထားရမှာက ဆိုင်ခန်းငှားနေတဲ့ တခြား ကုန်သည်တွေ အားလုံးက နှုတ်ဆိတ်နေကြပြီး ပိုင်ယီအား သတင်း အမှောင်ချထားခဲ့ကြသည်။
သို့ပေမဲ့ ပိုင်ယီဟာ လီမျိုးနွယ်စုကို သိပ်မစိုးရိမ်တော့ချေ။ အကြောင်းမှာ ယခု၌ သူ့အတွက် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်ပေးနေတဲ့ ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မ ရှိနေပေသည်။ ချန်ချန်ရွှယ်ကို အားကိုးပြီး သရုပ်ဖော် စနစ်ကနေ ဆုလာဘ် အများအပြား ရယူနိုင်လေသည်။
သူဟာ မသေမျိုးကျင့်ကြံသူ ဖြစ်လာဖို့ သိပ်ကြာတော့မှာ မဟုတ်ပေ။
ထို့ကြောင့် လီမျိုးနွယ်စုကို ကြောက်စရာမလိုပေ။
တစ်ဖက်လူတွေကသာ လှုပ်ရှားရဲရင် သူတို့ လက်သည်းတွေကို ဖြတ်တောက်ပစ်ပေမည်။
သူဟာ လိမ်းဆေးပုလင်းကို ကောက်ယူလိုက်၏။
ထို့နောက် ပြုံးပြီး လျူအိုကြီးကို ပြောလိုက်လေသည်။ "နားလည်ပါပြီ လျူအိုကြီး... ခင်ဗျားလည်း သတိထားဦး လီမျိုးနွယ်စုက ခင်ဗျားကို ဒုက္ခပေးလာနိုင်တယ်.... အကျိုးအမြတ်အတွက် ဆိုရင် အဲဒီ မျိုးနွယ်စုကြီးတွေက ဥပဒေကို ဂရုစိုက်ကြတာ မဟုတ်ဘူး"
"နားလည်ပါပြီ" လျူအိုကြီးဟာ ခေါင်းကို လေးလေးနက်နက် ညိတ်ပြလိုက်သည်။
ထို့နောက် ပိုင်ယီဟာ ထွက်ခွာသွားလေသည်။
သူ အပြင်ရောက်တော့ ချန်ချန်ရွှယ် ပျောက်သွားတာ ကြာပြီမှန်း သိလိုက်ရ၏။
သူ့ရဲ့ အရွေးချယ်ခံလူသားကို ဒီလိုပုံစံမျိုး တွေ့ဆုံရလိမ့်မယ်လို့ ထင်မထားခဲ့ချေ။
အစပိုင်းမှာ ချန်ချန်ရွှယ်ဟာ သူ့ကို သံသယဝင်ခဲ့မှန်း သိပေသည်။ ဒါပေမဲ့ စနစ်က ပေးတဲ့ အတွင်းအားက အတိုင်းအတာ တစ်ခုအထိ သန့်စင်ပေးထားတယ် ဆိုတာကိုတော့ သူမ မသိရှာပေ။ အခု သူ့ရဲ့ အတွင်းအားက ချန်ချန်ရွှယ် ကျင့်ကြံခဲ့တာနဲ့ ပုံစံရော ခံစားချက်ပါ ကွာခြားနေခဲ့ပေပြီ။
သီသီလေး လွတ်သွားခဲ့ခြင်းပင်... ချန်ချန်ရွှယ် ပေးတဲ့ နှလုံးသားသန့်စင်ဆေးလုံး (၃) လုံးကို သူ မက်မောမိခဲ့တာ မယုံနိုင်စရာပင်။
ငွေကြေးရဲ့ ဖြားယောင်းမှုကြောင့် သူဟာ အရှုံးပေးလုနီးပါး ဖြစ်ခဲ့ခြင်းက ရှက်စရာ ကောင်းလှလေသည်။
...