အခန်း ၇၉ : ဝိုက်တီ၊ ချင်းကျောက် - မြက်တစ်ပင်တောင် မချန်ထားခဲ့နဲ့
[ချင်းကျောက်သည် ကြေးဝါတံခါးကြီး အတွင်း၌ မိစ္ဆာသားရဲ အကောင်ပေါက်လေး တစ်ကောင်ကို တွေ့ရှိခဲ့သည်။ မွေးဖွားလာသည်မှာ သိပ်မကြာသေးသော်လည်း ချီစုစည်းမှုအဆင့် ဖြစ်နေသည်အား သူမ အလွန် အံ့အားသင့်သွားခဲ့သည်။ သူမ၏ အရှိန်ဝါကို ကောင်းစွာ မထိန်းချုပ်ထားမိတာကြောင့်လား မသိသော်လည်း ဤသားရဲငယ်လေးက သူမကို ရှာဖွေတွေ့ရှိသွားခဲ့သည်။]
[သတ်ပစ်မလား လွှတ်ပေးလိုက်မလား တွန့်ဆုတ်နေပြီးနောက် ချင်းကျောက်ဟာ နောက်ဆုံးတွင် တတိယ ရွေးချယ်မှု တစ်ခုကို ရွေးချယ်လိုက်သည်။ မိစ္ဆာသားရဲ အကောင်ပေါက်လေး သတိလွတ်သွားစေရန် ဝိညာဉ်ဆေးပင် တစ်ပင် အသုံးပြုလိုက်ပြီး ချက်ချင်း တစ်ချက်တည်း ရိုက်ကာ သတိမေ့သွားအောင် လုပ်လိုက်သည်။]
[ချင်းကျောက်သည် မိစ္ဆာသားရဲ အကောင်ပေါက်လေးကို ကြေးဝါတံခါး အပြင်ဘက် သယ်ထုတ်လာခဲ့သည်။ အဘွားအိုပင်လျှင် ဒါက ဘယ်လို မိစ္ဆာသားရဲမျိုးလဲ ဆိုသည်ကို မပြောပြနိုင်ခဲ့ပေ။]
[သို့သော် ဤအကောင်လေးက လုံလောက်အောင် ထူးခြားနေသောကြောင့် ချင်းကျောက် မွေးစားရန် ဆုံးဖြတ်လိုက်သည်။]
[အသက် ၂၄ နှစ် - အဆင့်မြင့် ဝိညာဉ်ဆေးပင် အမြောက်အမြား ကျွေးမွေးပြီးနောက် မိစ္ဆာသားရဲ အကောင်ပေါက်လေးနှင့် ချင်းကျောက်ကြားတွင် ကနဦး သခင်နှင့် အိမ်မွေးတိရစ္ဆာန် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။ သူမဟာ ဤအကောင်လေးကို ဝိုက်တီဟု အမည်ပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နှာခေါင်းနှင့် မျက်လုံးမှလွဲ၍ တစ်ဖက်လူ၏ တစ်ကိုယ်လုံးက ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသောကြောင့် ဖြစ်သည်။]
[...]
ချင်းကျောက် ဒီဂိမ်းမှာ ဒီလောက် တော်လိမ့်မည်ဟု ပိုင်ယီ မမျှော်လင့်ထားခဲ့ပေ။ ပြီးခဲ့သည့် သရုပ်ဖော် ဘဝတုန်းက သူမဟာ ဆေးဖော်စပ်နည်း သင်ယူခဲ့သည်။ ထိုအရှေ့ တစ်ခေါက်တုန်းကမူ အစီအရင်များ သင်ယူခဲ့သည်။ ဒီတစ်ခါ သူမဟာ သားရဲများကို ယဉ်ပါးအောင် စတင် မွေးမြူနေခဲ့လေသည်။
မနိုင်ဝန်ထမ်းခြင်းဆိုသည့် စကားက ချင်းကျောက် အပေါ်တွင် လုံးဝ သက်ရောက်မှု မရှိပုံ ရပေသည်။
အဘယ်ကြောင့်ဆိုသော် ဆေးဖော်စပ်နည်းပင် ဖြစ်စေ၊ အစီအရင်ပင် ဖြစ်စေ ချင်းကျောက်ဟာ ထိုပညာရပ်များတွင် အနည်းငယ် ကျွမ်းကျင်သည်ဟု သတ်မှတ်၍ ရနေသောကြောင့် ဖြစ်၏။
သူမဟာ နယ်ပယ်နှစ်ခုစလုံးတွင် သူမ၏ ထူးခြားသည့် ပါရမီကို ထုတ်ပြခဲ့သည်။
ပြီးတော့ ယခု... သူမဟာ မိစ္ဆာသားရဲငယ်လေး တစ်ကောင်၏ ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်ခဲ့ပြီး သခင်နှင့် အိမ်မွေးတိရစ္ဆာန် ဆက်ဆံရေးကို တဖြည်းဖြည်း တည်ဆောက်နိုင်ခဲ့ပေသည်။
ဆိုလိုသည်မှာ သားရဲ မွေးမြူခြင်း နယ်ပယ်တွင်လည်း သူမ၌ ပါရမီအချို့ ရှိနေသည် ဆိုသည့် သဘောပင်။
'တော်လိုက်တာ ... ဒီခေတ် ရွေးချယ်ခံတွေက ကစားရာမှာ ဒီလောက် တော်နေကြတာလား...'
...
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင်....
ချင်းကျောက်ဟာ သူမနောက်မှ လိုက်ပါလာသော ဝိုက်တီကို လှည့်ကြည့်လိုက်သည်။ ဒီတစ်နှစ်အတွင်း သူမကိုယ်သူမ မရေမတွက်နိုင်အောင် နှစ်သိမ့်ခဲ့သော်လည်း ဝိုက်တီ၏ ခွန်အားက ဓားတစ်လက်ကဲ့သို့ တဖြည်းဖြည်း တိုးတက်လာနေသည်ကို သတိထားမိသည့်အခါ သူမ အနည်းငယ် မနာလို ဖြစ်မိတုန်းပင်။
'ဟုတ်တယ်... ငါ့ရဲ့ မသေမျိုးကျင့်ကြံခြင်း အရိုးက မိစ္ဆာသားရဲ အကောင်ပေါက်လေး တစ်ကောင်လောက်တောင် မကောင်းပါလား' ဟု သူမ သိလိုက်ရ၏။
သူမ ဝိုက်တီကို တွေ့ရှိစဉ်က ၎င်းမှာ မွေးကင်းစ သားရဲငယ်လေး တစ်ကောင်သာ ရှိသေးပြီး ထိုစဉ်က ၎င်းမှာ ချီစုစည်းမှု အဆင့် (၅) ခွန်အားသာ ရှိနေခဲ့သည်။
ယခု တစ်နှစ်တိတိ ကြာပြီးနောက်မှာတော့ ဝိုက်တီမှာ ချီစုစည်းမှု အဆင့် (၇) ခွန်အား ရှိနေပြီ ဖြစ်ကြောင်း ချင်းကျောက် တွေ့ရှိလိုက်ရသည်။
ဘယ်လောက် ကြာသွားပြီလဲ.... တစ်နှစ်ပဲ ရှိသေးလေသည်။
'ငါ သယ်ထုတ်လာတာက မိစ္ဆာကြီး တစ်ကောင်ကောင်ရဲ့ သားပေါက်များ ဖြစ်နေမလား'
ပြဿနာမှာ ဒီတစ်နှစ်အတွင်း ကြေးဝါတံခါးကြီးဆီကနေ ဘာလှုပ်ရှားမှုမှ မရှိခဲ့ပေ။
သားပေါက် ပျောက်သွား၍ ရူးသွပ်သွားသည့် မိစ္ဆာကြီး တစ်ကောင်မှ သူမ မမြင်ခဲ့ရသလို အထဲတွင် အခြား မိစ္ဆာသားရဲများကိုတောင် သူမ မမြင်ခဲ့ရပေ။
အခြေအနေက... သူမ ကောက်လာသည့် မိစ္ဆာသားရဲ အကောင်ပေါက်လေးက ကျောက်တုံးထဲကနေ ခုန်ထွက်လာသကဲ့သို့ပင်။ ဒါက ယခုထိ သူမကို အလွန် ရှုပ်ထွေးစေနေပေသည်။
"ချင်းမိသားစု စုဆောင်းထားတဲ့ ရှေးဟောင်း စာအုပ်တွေ အများကြီး ငါ ရှာဖွေပြီးပြီ... ဒါပေမဲ့ နင်က ဘယ်လို မိစ္ဆာသားရဲ အမျိုးအစားလဲ ဆိုတာ ငါ မသိသေးဘူး... ထူးဆန်းတယ်... ဖြစ်နိုင်တာက နင်က ရှေးယခင်ကတည်းက မျိုးသုဉ်းပျောက်ကွယ်သွားတဲ့ မိစ္ဆာသားရဲ မျိုးနွယ်စုဝင် တစ်ကောင် ဖြစ်နေတာလား"
ချင်းကျောက် ဝိုက်တီ၏ ခေါင်းကို ပွတ်သပ်ပေးရင်း နားမလည်နိုင်စွာ ရေရွတ်လိုက်၏။
ဝိုက်တီက သမင်ဖြူ တစ်ကောင်နှင့် တူသည်ဟု သူမ အမြဲ ခံစားရသော်လည်း ဤသို့သော ထူးဆန်းသည့် သမင်ဖြူမျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
အဘွားအိုပင်လျှင် သူမကို တိကျသော အဖြေ မပေးနိုင်ခဲ့ပေ။
[အသက် ၂၆ နှစ် - နှစ်နှစ်ကြာ ကျင့်ကြံပြီးနောက် သင်ဟာ အခြေတည်အဆင့် (၃) သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပေပြီ။ သင့်အဆင့်တက်နှုန်း မြန်ဆန်လွန်းတာကို ကြည့်ပြီး သင့်ဘာသာတောင် တုန်လှုပ်သွားခဲ့သည်။ အနာဂတ်တွင် တစ်ခုခု မှားယွင်းသွားနိုင်ခြေ မြင့်မားပြီး သင့်အခြေခံအုတ်မြစ် မခိုင်မာဘဲ ဖြစ်သွားမည်ကို ကာကွယ်ရန် သင့်ကျင့်ကြံမှု နှုန်းထားကို အနည်းငယ် လျှော့ချရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။]
[အသက် ၂၇ နှစ် - ကြေးဝါတံခါးကြီး အတွင်းရှိ အရင်းအမြစ်များမှတဆင့် ချင်းမိသားစုသည် မသေမျိုးကျင့်ကြံခြင်း ကျင့်စဉ်များနှင့် ဝိညာဉ်လက်နက် အမြောက်အမြား ရရှိခဲ့သည်။ ခဏတာမျှ ချင်းမိသားစု ကြီးပွားတိုးတက်လာမည့် အခွင့်အရေး နောက်ဆုံးတော့ ရောက်ရှိလာပြီဟု လူတိုင်း ထင်မှတ်ခဲ့ကြသည်။]
[သင်လည်း ခြွင်းချက် မဟုတ်ပေ။]
[သို့သော် စေလွှတ်လိုက်သော ချင်းမိသားစု တပည့်တစ်သုတ်သည် အချိန်အကြာကြီး ပြန်မရောက်လာခဲ့ပေ။ ချင်းမိသားစု ခေါင်းဆောင်သည် သတင်းစုံစမ်းရန် လူတစ်စု ထပ်မံ စေလွှတ်လိုက်ရာ တုန်လှုပ်ဖွယ်ရာ သတင်းအချက်အလက် တစ်ခု ရရှိခဲ့သည်]
[ချင်းမိသားစု တည်ရှိရာ မဟာဝေ မင်းဆက်တွင် ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့သည်။ ကမ္ဘာလောကကြီး တစ်ခုလုံး တစ်ညတည်းဖြင့် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေခဲ့ပြီး သူတို့ စေလွှတ်လိုက်သည့် တပည့်တစ်သုတ်သည် ပြန်မလာနိုင်တော့ပေ...]
[ရွှေအမြုတေ အဆင့် မသေမျိုးကျင့်ကြံသူ နှစ်ဦးကြား တိုက်ပွဲ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကြောင့် သူတို့ သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။]
[...]
"အားလုံးပဲ"
ချင်းမိသားစု၏ အစည်းအဝေး ခန်းမဆောင် အတွင်း၌ ချင်းမိသားစု ခေါင်းဆောင်သည် အဓိက ထိုင်ခုံတွင် လေးနက်သော မျက်နှာဖြင့် ထိုင်နေခဲ့သည်။
ဘယ်ဘက်တွင် ချင်းမိသားစု ဘိုးဘေး ထိုင်နေပြီး ညာဘက်တွင် ချင်းကျောက် ထိုင်နေခဲ့သည်။
ကျန်သည့် ချင်းမိသားစု အကြီးအကဲများက အခြားနေရာတွင် ထိုင်နေခဲ့ကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် တစ်ဖက်လူ၏ ရာထူး အဆင့်အတန်း မြင့်မားမှုကို မြင်နိုင်ပေသည်။
ထိုအခိုက်အတန့်၌ ခန်းမဆောင်အတွင်းရှိ လေထု အခြေအနေက လေးလံနေခဲ့သည်။
နောက်ခဏ၌ ချင်းမိသားစု ခေါင်းဆောင်က လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။
"မဟာဝေ မင်းဆက်က မကြုံစဖူး ဆူပူသောင်းကျန်းမှု ဖြစ်နေပြီး ချင်းမိသားစုကို အန္တရာယ် ပေးလာနိုင်ခြေ သိပ်များနေတယ်... ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ဘာမဆို ဖြစ်သွားနိုင်ခြေ ရှိတယ်"
"ဖြောင့်မတ်တဲ့ မသေမျိုးကျင့်ကြံသူ ဆိုတဲ့ ကောင်တွေက အကျပ်အတည်း ကာလ ရောက်လာရင် မိစ္ဆာကျင့်ကြံသူတွေလိုပဲ ရက်စက်ကြတယ်"
"ချင်းမိသားစု တပည့် အားလုံး ဒုက္ခမရောက်အောင် လာမယ့် အနှစ် (၂၀) အတွင်း ကျွန်းပေါ်ကနေ ထွက်ခွာခွင့် မရှိဘူးလို့ ငါ ဆုံးဖြတ်လိုက်ပြီ"
"မင်းတို့ ဘယ်လိုထင်လဲ"
ချင်းမိသားစုဝင်များ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ဟာ ခဏလောက် တိုင်ပင်ဆွေးနွေးပြီးနောက် မိသားစု ခေါင်းဆောင်၏ အစီအစဉ်ကို နာခံရန် ဆုံးဖြတ်လိုက်ကြလေသည်။
လောလောဆယ် ချင်းမိသားစု၏ အူတိုင် အဖွဲ့ဝင် (၃) ဦးမှာ ချင်းကျောက်၊ ချင်းမိသားစု ခေါင်းဆောင်၊ နှင့် ချင်းမိသားစု ဘိုးဘေး တို့ ဖြစ်လေသည်။
ဒီလူ (၃) ယောက်က မိသားစု တစ်စုပင်။
သူတို့ (၃) ယောက် ဆွေးနွေးပြီး အတူတကွ ဆုံးဖြတ်လိုက်သည့် အရာမှန်သမျှ အခြေခံအားဖြင့် အကောင်အထည် ဖော်ရမည်သာဖြစ်ပြီး ဘယ်သူက နားမထောင်ဘဲ နေမည်နည်း။
သူတို့ အချင်းချင်း နည်းနည်း ဆွေးနွေးကြသော်လည်း ဒါက ဟန်ပြ သက်သက်သာ ဖြစ်၏။
[ချင်းမိသားစုသည် ကျွန်းကို လုံးဝ ပိတ်ဆို့ထားလိုက်သည်။ ပြင်ပလူများကို အနားကပ်ခွင့် မပေးသကဲ့သို့ ချင်းမိသားစုဝင်များကိုလည်း အပြင်ထွက်ခွင့် မပေးပေ။ ကာလမှာ အနှစ် (၂၀) ဖြစ်သည်။]
[အသက် ၃၀ နှစ် ရှိပြီး အခြေတည်အဆင့် (၄) သို့ ရောက်ရှိနေပြီ ဖြစ်သော ချင်းကျောက်သည် ကြေးဝါတံခါးကြီး၏ နက်ရှိုင်းသော နေရာများသို့ ပထမဆုံးအကြိမ် စွန့်စားဝင်ရောက်ခဲ့သည်။ အံ့သြစရာ မရှိဘဲ သူမဟာ စက်ရုပ် ရုပ်သေးသားရဲ တစ်ကောင်ကို အသက်သွင်းမိလိုက်သည်။ သို့သော် သူမ၏ ကျင့်ကြံမှုကြောင့် ချင်းကျောက်ဟာ စက်ရုပ် ရုပ်သေးသားရဲအိုကြီးကို အနိုင်ယူနိုင်ခဲ့သည်]
[သို့သော် သူမလည်း တော်တော်လေး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည်။]
"ဟား... ကောင်စုတ်လေး"
ချင်းကျောက် သူမဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို ကြိတ်မှိတ်ခံစားလိုက်သည်။ အသက် ၃၀ အရွယ် ချင်းကျောက်တွင် ပေါ့ပေါ့ပါးပါး နေတတ်သော စရိုက် ရှိနေတုန်းပင်။
သူမမျက်နှာပေါ်က အပြုံးကို လုံးဝ ဖိနှိပ်ထား၍ မရနိုင်ပေ။
"ငါ မှတ်မိတာ မမှားဘူး ဆိုရင် ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါ့ကို သတ်ခဲ့တာ နင်ပဲ မဟုတ်လား...ကောင်စုတ်လေး"
"ဟမ့်... ဒါက လက်စားချေတာပဲ"
သူမရှေ့တွင် ကြီးမားသော စက်ရုပ် ရုပ်သေးသားရဲကြီး ရှိနေသော်လည်း ကြည့်ရတာ ဆိုးဆိုးရွားရွား ပျက်စီးနေပုံ ရလေသည်။ ဓားရာများနှင့် ဝိညာဉ်အဆောင်လက်ဖွဲ့များ ပေါက်ကွဲမှုကြောင့် ကျန်ရစ်ခဲ့သော အရာများ ဖုံးလွှမ်းနေခဲ့သည်။
ကျင့်ကြံသူများ၏ လက်ချက် မဟုတ်ပုံရသည့် အရာတချို့လည်း ရှိနေသေးသည်။
ဒီအချိန်မှာ သမင်နှင့် တူသည့် မိစ္ဆာသားရဲ တစ်ကောင် လျှောက်လာပြီး သူ့နှာခေါင်းနှင့် ချင်းကျောက်၏ မျက်နှာကို ပွတ်သပ်လိုက်သည်။
နောက်ခဏ၌ တုန်လှုပ်ဖွယ်ရာ ဝိညာဉ်စွမ်းအင်များ မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ချင်းကျောက်၏ ဒဏ်ရာများဟာ လျင်မြန်စွာ ပြန်ကောင်းမွန်လာခဲ့သည်။
"ဟူး.."
ချင်းကျောက်ဟာ မိစ္ဆာသားရဲ၏ အမွေးဖြူဖြူလေးများကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်၏။
"ဝိုက်တီ လုပ်တာ ကောင်းတယ်... အနာဂတ်မှာ အခွင့်အရေး ရှိရင် ငါ နင့်အတွက် သမင်အထီး တစ်ကောင် ရှာပေးမယ်..."
"သွားကြစို့... ဝိုက်တီ"
"ကြေးဝါတံခါးကြီးရဲ့ အစွန်းဘက်မှာတောင် ဒီလောက် ပစ္စည်းကောင်းတွေ အများကြီး ရှိနေတာ... အထဲမှာ ဘာပစ္စည်းကောင်းတွေ ရှိမလဲ ကြည့်ကြရအောင်.... တစ်ခုခု တွေ့ရင် ငါတို့ ယူသွားကြမယ်"
"ဒီတစ်ခါ ငါတို့ လာရတဲ့ ရည်ရွယ်ချက်က မြက်တစ်ပင်တောင် မချန်ထားခဲ့ဖို့ပဲ"
...