အခန်း ၇၈ : ကြေးဝါတံခါး၏ ကမ္ဘာထဲမှ မိစ္ဆာသားရဲများ
အချိန်... နောက်ပြန်ဆုတ်သွားရသော်.......
ချန်ချန်ရွှယ် ဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဝင်ရောက်စဉ်က ဒုတိယမြောက်ရွေးချယ်ခံ ဖြစ်သည့် ချင်းကျောက်သည်လည်း အားမနည်းခဲ့ပေ။
ချန်ချန်ရွှယ် ကဲ့သို့ပင် သူမဟာ ဘဝအသစ်ကို မရွေးချယ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမဟာ ကြေးဝါတံခါးကြီး အတွင်းမှ ပစ္စည်းများကို အကုန် မယူဆောင်ရသေးတာကြောင့်ပင်။
ငွေတစ်ပြားတစ်ချပ်မှ မကျန်ခဲ့စေချင်သည့် ချင်းကျောက်၏ စရိုက်နှင့် ဆိုလျှင် ဒီလောက်များသည့် ပစ္စည်းကောင်းများကို သူမမျက်စိရှေ့မှ ပျောက်ကွယ်သွားတာကို သူမ ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း။
ဒီပစ္စည်းကောင်းများကို သူမသဘောဆန္ဒအလျောက် ဘယ်လိုလုပ် စွန့်လွှတ်နိုင်မည်နည်း။
ဆုလာဘ် တွက်ချက်စဉ်က သူမဟာ ဝိညာဉ်ဆေးပင် တစ်ပင်သာ ရရှိခဲ့သော်လည်း တစ်ရက်လောက် အနားယူပြီးနောက် သူမ နားလည်သဘောပေါက်လာခဲ့သည်။
"အခြေတည်အဆင့် (၁) ကျင့်ကြံသူ တစ်ယောက် အနေနဲ့ လက်တွေ့ကမ္ဘာမှာ အနည်းဆုံး နှစ်ရာချီ နေရမှာပဲလေ.... တခြားအရာတွေ ထားလိုက်ပါတော့... သက်တမ်း နှစ်ရာ သုံးရာ ဆိုတာ လုံးဝ ပြဿနာ မရှိဘူး"
"တစ်ရက်ကို ဝိညာဉ်ဆေးပင် တစ်ပင်ပဲ ရမယ် ဆိုရင်တောင် တစ်နှစ်လောက် စုလိုက်ရင် ဘယ်လိုနေမလဲ"
"နှစ် (၁၀၀) လောက် စုလိုက်ရင်ရော"
"ဘယ်လောက်တောင် များသွားမလဲ"
"သောင်းချီနေမှာပဲ"
......
အဲဒီအချိန်ကျရင် သူမ၏ ကိုယ်ပိုင် ဝိညာဉ်ဆေးပင် လက်ကျန်ကို အမှီပြုရုံဖြင့် သူမဟာ ကျင်းရှင်း နန်းတော်တစ်ဝက်စာလောက် ကြွယ်ဝ ချမ်းသာလာနိုင်ပေသည်။
အရေးကြီးဆုံးမှာ ဝိညာဉ်ဆေးပင်များ၏ အရည်အသွေးက ကျင်းရှင်း နန်းတော်ရှိ အရာများထက် သေချာပေါက် ပိုကောင်းမွန်ပေလိမ့်မည်။
ဒါက သူမဘာသာ ဖြေသိမ့်မှု တစ်မျိုးသာ ဖြစ်သော်လည်း ချင်းကျောက်ဟာ သူမကိုယ်သူမ နှစ်သိမ့်ရာတွင် အောင်မြင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စားနိုင်ခဲ့သည်။
အရင်းရှင်များက ဤကဲ့သို့သော တွေးခေါ်ပုံမျိုးကို အနှစ်သက်ဆုံး ဖြစ်လေသည်....
ပိုင်ယီ က ကိုယ့်ကိုယ်ကိုယ် အရင်းရှင်ဟု မထင်သော်လည်း ချင်းကျောက်၏ တွေးခေါ်ပုံကို သူ သဘောကျပေသည်။
ဟုတ်ပေသည်။
သူ ရွေးချယ်လိုက်သော ရွေးချယ်ခံဆိုတာနှင့် တကယ် ထိုက်တန်၏။
သူမ၏ အတွေးအခေါ်က တကယ့်ကို မြင့်မားပေသည်....
[အသက် ၀ နှစ် - ချင်းကျောက်သည် မသေမျိုးကျင့်ကြံခြင်း မိသားစု တစ်စုတွင် မွေးဖွားလာခဲ့သည်။]
[အသက် ၁၀ နှစ် - ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်း (၁၀) နှစ် ကြာပြီးနောက်မှာ သူမ သယ်ဆောင်ထားသော လက်စွပ်ထဲမှ အဘွားအို နိုးထလာခဲ့သည်။]
[အသက် ၂၀ နှစ် - ချင်းမိသားစု တစ်ခုလုံး လူသူကင်းမဲ့သော ကျွန်းတစ်ကျွန်းသို့ ပြောင်းရွှေ့ခဲ့ကြသည်။ အခြေတည်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့် ချင်းကျောက်ဟာ ကြေးဝါတံခါးကြီး အတွင်းသို့ ဆက်လက် ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပြီး အတွင်းရှိ ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်ကျောက်တုံးများကို အငမ်းမရ စတင် လုယူလေတော့သည်။]
[အသက် ၂၁ နှစ် - မလျှော့သော ဇွဲလုံ့လဖြင့် (၁) နှစ်ကြာ ကြိုးစားပြီးနောက် ချင်းမိသားစု၏ ပစ္စည်းလက်ကျန်က အလယ်အလတ်အဆင့် ဂိုဏ်းတစ်ခုနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။]
[ကြေးဝါတံခါးကြီး အတွင်းမှာ ကျင့်ကြံမှုနှုန်းက မြန်ဆန်လှရာ မကြာမီ အဆင့်ချိုးဖျက်နိုင်တော့မည်ဟု ချင်းကျောက် ခံစားလိုက်ရသည်။]
[အသက် ၂၂ နှစ် - သူမ၏ သတိပေးမှုကြောင့် ချင်းမိသားစု ဘိုးဘေးနှင့် ချင်းမိသားစု ခေါင်းဆောင်တို့သည် ကြေးဝါတံခါးကြီး အတွင်းပိုင်း ကမ္ဘာ၏ နက်ရှိုင်းသော နေရာများသို့ သွားရောက် စူးစမ်းခြင်း မပြုကြပေ။ ထိုအစား သူတို့ဟာ အစွန်းဘက်ရှိ အရင်းအမြစ်များကိုသာ ဆက်လက် လုယူကြသည်။]
[အရင်းအမြစ်များ သိပ်ပေါများလွန်းနေသောကြောင့်လား မသိသော်လည်း သူတို့ နှစ်အနည်းငယ်ကြာအောင် လုယူပြီးသည့်တိုင် မကုန်စင်သွားခဲ့ပေ။]
[အရင်းအမြစ် ဘာတစ်ခုမှ မချန်ထားခဲ့တတ်သော ချင်းကျောက်၏ စတိုင်နှင့် မတူဘဲ ချင်းမိသားစု ဘိုးဘေးနှင့် ချင်းမိသားစု ခေါင်းဆောင်တို့ဟာ ဝိညာဉ်ဆေးပင်များကို ယူဆောင်ပြီးနောက် နေရာတွင်ပင် မျိုးစေ့များ ပြန်လည် စိုက်ပျိုးခဲ့ကြသည်။]
[အသက် ၂၃ နှစ် - ချင်းမိသားစုသည် ပင်လယ်ရပ်ခြားရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ဝေးကွာစွာ ရောက်ရှိနေသော်လည်း နေပြည်တော်တွင် ဆူပူအုံကြွမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သူတို့ ကြားသိလိုက်ရသည်။ မင်းသားနှင့် မင်းသမီး အများအပြား သေဆုံးသွားပုံ ရလေသည်။ ဒါက သူမကို သက်ပြင်းချစေခဲ့သည်။ ရာထူးကြီးသော နေရာတွင် ရှိသူများသည်လည်း လွယ်ကူခြင်း မရှိပေ။]
[ချင်းကျောက်သည် ကြေးဝါတံခါးကြီး အတွင်းရှိ အရင်းအမြစ်များကို စုဆောင်းနေဆဲ ဖြစ်သည်။]
[...]
"ငါ နည်းနည်း ပင်ပန်းနေတာများလား"
ချင်းကျောက်သည် သူမနောက်ရှိ ဗလာဖြစ်နေသော မြေကွက်လပ်ကြီးကို ကြည့်ကာ မရေရွတ်ဘဲ မနေနိုင်တော့ပေ။
"ဒီကျင့်ကြံခြင်း ဂူသင်္ချိုင်းကို ဘယ်ရှေးဟောင်း တန်ခိုးရှင်ထားခဲ့လဲ မသိဘူး... အထဲက နေရာလွတ်က ရယ်စရာကောင်းလောက်အောင် ကြီးမားလွန်းတော့ သက်ရှိတွေကို ထည့်ထားလို့ရတဲ့ သိုလှောင်နယ်မြေ လိုပဲ"
သူမ ပန်းရောင် လျှာလေးကို ထုတ်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားသော်လည်း ဒီအတွေးက တစ်ခဏသာ ကြာလိုက်သည်။
ထို့နောက် သူမဟာ ၎င်းအတွေးတို့အား ဖျောက်ဖျက်လိုက်လေသည်။
"ဘာပဲဖြစ်ဖြစ်...အဲဒီ ရှေးဟောင်း တန်ခိုးရှင်က ဒီနေရာကို စွန့်ပစ်ထားပြီးသားပဲလေ... အကယ်၍ ငါသာ ဒီနေရာကို ရှင်းလင်းရေး မလုပ်ရင် ဒီအတိုင်း ထားထားတာက နှမြောစရာကြီး"
"အနာဂတ်မှာ ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ကို အကျိုးရှိသွားစေမယ့်အစား ကိုယ့်ကိုယ်ကိုယ် အကျိုးရှိအောင် လုပ်တာက ပိုကောင်းပါတယ်"
"အနည်းဆုံးတော့... ငါက ဆေးဖော်စပ်ရာမှာ ကျွမ်းကျင်သူလေး တစ်ယောက်ပဲလေ"
သေချာသည်မှာ ချင်းမိသားစုထဲတွင် ဆေးဖော်စပ်ရာ၌ သူမက အတော်ဆုံးပင်။
သူမနှင့် အတူပါလာသည့် အဘွားအို အတွက်မူ...
သူမက ချင်းမိသားစုဝင် မဟုတ်သောကြောင့် ထည့်တွက်စရာ မလိုပေ။
ဤအကြောင်းကြောင့်ပင် ဤမျှများပြားသော ဝိညာဉ်ဆေးပင်များကို ဒီအတိုင်း ထားပစ်ခဲ့ခြင်းက သက်သက်ဖြုန်းတီးရာ ရောက်သည်ဟု ချင်းကျောက် ခံစားမိလိုက်သည်။ ထို့ကြောင့် ကိုယ့်အတွက်ကိုယ် ဆေးလုံးများ ဖော်စပ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးမှုကို ဂရုမစိုက်သော သူမ၏ အပြုအမူများကြောင့် သူမ၏ ဆေးဖော်စပ်ခြင်း စွမ်းရည်နှင့် အတွေ့အကြုံများက လျင်မြန်စွာ မြင့်တက်လာခဲ့သည်။
သူမဘေးနားရှိ အဘွားအိုပင်လျှင် ချင်းကျောက်ဟာ တကယ့်ကို ဖြုန်းတီးသူဖြစ်ကြောင်း မကြာခဏ ညည်းတွားလေ့ရှိလေသည်။
သူမညာ ထိုမျှ တန်ဖိုးရှိသော ဝိညာဉ်ဆေးပင်များကို ထိုကဲ့သို့ ဖြုန်းတီးပစ်ခဲ့သည်။
သို့သော် ကုန်ဆုံးမှုကို ဂရုမစိုက်သော ချင်းကျောက်၏ ဆေးဖော်စပ်သည့် စတိုင်က အလွန် ထိရောက်မှု ရှိကြောင်းတော့ အဘွားအိုဟာ ဝန်ခံရပေသည်။
အဘွားအိုဟာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော်လည်း ဆေးဖော်စပ်ရာတွင် ဤမျှ လျင်မြန်စွာ တိုးတက်လာသူကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ရှေးဟောင်း တန်ခိုးရှင် တစ်ဦး ချန်ထားခဲ့သော ဂူသင်္ချိုင်း တစ်ခု ရှိနေရာ စိတ်လိုလက်ရ လုပ်နိုင်ပေသည်။
ချင်းကျောက်ဟာ သူမခေါင်းထဲမှ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး အရင်းအမြစ်များကို ပျော်ရွှင်စွာ ဆက်လက် လုယူနေစဉ် ပုံမှန်မဟုတ်သည့် အရာတစ်ခုကို သတိထားမိလိုက်ပုံရပြီး ချက်ချင်း သတိရှိသွားခဲ့သည်။
ပြီးခဲ့သည့် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝတုန်းက ကြေးဝါတံခါးကြီး အတွင်း သူမ မည်သို့ သေဆုံးခဲ့ရသည်အား သူမ မမေ့သေးပေ။
'ရှူး..'
'အဲဒီ စက်ရုပ် ရုပ်သေးသားရဲတွေ ပြန်ပေါ်လာတာများလား...'
ချင်းကျောက် ရင်ထိတ်သွားခဲ့ပြီး သူမတွင် မကောင်းသော ခံစားချက် တစ်ခု ရနေခဲ့သည်။
"မဖြစ်နိုင်ပါဘူး..." သို့သော် သူမဟာ မကြာမီ ခေါင်းခါလိုက်သည်။ သူမ၏ အတွေးက သိပ်မဖြစ်နိုင်ကြောင်း ခံစားလိုက်ရသည်။ "ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက အဲဒီ စက်ရုပ် ရုပ်သေးသားရဲတွေကို ဒေါသထွက်စေခဲ့တာက ငါ မတော်တဆ ဂူသင်္ချိုင်း အတွင်းပိုင်း နက်နက်ရှိုင်းရှိုင်း ဝင်မိလို့လေ"
"ဒီတစ်ခါ ငါပဲ ဖြစ်ဖြစ်၊ အဖေပဲ ဖြစ်ဖြစ်၊ ဘိုးဘေးပဲ ဖြစ်ဖြစ် ဘယ်သူမှ ဂူသင်္ချိုင်း အတွင်းပိုင်းထိ မဝင်ကြပဲ အစွန်းဘက်မှာပဲ အရင်းအမြစ်တွေကို စုဆောင်းနေကြတာ"
"ဒီလို အခြေအနေမျိုးမှာ... ဘာလို့ ငါတို့က အဲဒီ စက်ရုပ် ရုပ်သေးသားရဲတွေကို ဒေါသထွက်စေရမှာလဲ"
စိတ်နည်းနည်း ငြိမ်သွားသည့် ချင်းကျောက်ဟာ ထူးဆန်းသော လှုပ်ရှားမှု ရှိသည့် နေရာဘက်သို့ ကြည့်လိုက်ပြီး အခြေတည်အဆင့် နတ်ဘုရားအာရုံအား ဖြန့်ကျက်လိုက်သည်။
သူမ ရုတ်တရက် ကြောင်အသွားပြီး အံ့သြကာမျက်လုံးပြူးကျယ်သွားခဲ့သည်။
၎င်းက ယုံနိုင်စရာ မရှိပေ။
"အဲဒါက...မိစ္ဆာသားရဲလား... အရှင်လတ်လတ်ကြီးလား"
သူမဟာ မီတာ ရာပေါင်းများစွာ အကွာရှိ သက်ရှိသတ္တဝါ တစ်ကောင်၏ လက္ခဏာရပ်များကို အာရုံခံရန် သူမ၏ ဝိညာဉ်အာရုံကို အသုံးပြုလိုက်သည်။ တစ်ဖက်လူ၏ အရှိန်ဝါက သက်ရှိလူသား တစ်ယောက်နှင့် မတူပေ။ ထိုအရှိန်ဝါ၌ အရိုင်းဆန်မှု အရိပ်အယောင်တို့ ပါရှိနေခဲ့သည်။
ကျင်းရှင်း နန်းတော်တွင် မွေးမြူထားသော မိစ္ဆာသားရဲ အချို့ ရှိသည့်အတွက် ချင်းကျောက်ဟာ ၎င်းက မိစ္ဆာသားရဲ၏ အရှိန်ဝါ ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။
မိစ္ဆာသားရဲ၏ အရှိန်ဝါနှင့် သူမ မစိမ်းပေ။
၎င်းကြောင့် သူမဟာ အလွန် မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။
'ချင်းမိသားစုမှ သူတို့ (၃) ယောက် အပြင် ကြေးဝါတံခါးကြီး အတွင်းရှိ ဂူသင်္ချိုင်း ကမ္ဘာထဲတွင် အပင်များ မဟုတ်သော အခြား သက်ရှိများ တကယ် ရှိနေသေးလား......
ချင်းကျောက် စဉ်းစား၍ မရအောင် ဖြစ်သွားခဲ့ပြီး တခုခု မှားယွင်းနေကြောင်းလည်း ခံစားလိုက်ရပေသည်။
အဲဒီ မိစ္ဆာသားရဲ၏ အရှိန်ဝါက သိပ်မသန်မာဘဲ သူမထက် အများကြီး အားနည်းကြောင်း သူမ ခံစားမိလိုက်သည်။ အများဆုံးမှ ချီစုစည်းမှု အဆင့် (၅) သို့မဟုတ် (၆) လောက်သာ ရှိပြီး ဒီဘဝက သူမဖခင်နှင့်ပင် မယှဉ်နိုင်ပေ။
သို့သော်...
ချီစုစည်းမှု အဆင့် ခွန်အားရှိသည့် မိစ္ဆာသားရဲ တစ်ကောင် ရှိနေသည် ဆိုလျှင် အခြေတည်အဆင့် ခွန်အားရှိသည့် မိစ္ဆာသားရဲ ရှိဖို့လည်း ဖြစ်နိုင်ချေများလေသည်။
ပြီးတော့... ရွှေအမြုတေ အဆင့် မိစ္ဆာသားရဲတောင် ရှိနိုင်သေးပြီး မူလဝိညာဉ် အဆင့်တောင် ရှိနိုင်ပေမည်။
'ရှူး...'
ရုတ်တရက် ချင်းကျောက်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူမ ရှာဖွေတွေ့ရှိခဲ့သည့် ချီစုစည်းမှု အဆင့် ခွန်အားရှိသည့် မိစ္ဆာသားရဲက သူမရှိရာ နေရာဘက်သို့ ပြေးလာနေကြောင်း အာရုံခံမိလိုက်သည်။
မီတာ ရာပေါင်းများစွာ အကွာအဝေး ဆိုသည်မှာ အခြေတည်အဆင့်သို့ ရောက်ရှိနေသော ချင်းကျောက် အတွက်မူ အလွန် တိုတောင်းသော အကွာအဝေးသာ ဖြစ်ပေသည်။
ချီစုစည်းမှု အဆင့် ခွန်အားရှိသော မိစ္ဆာသားရဲ တစ်ကောင် အတွက်လည်း ဤအကွာအဝေးမှာ မဝေးကွာလှပေ။
ချင်းကျောက် အမြန် ပုန်းအောင်းလိုက်သည့် အချိန်တွင် ချီစုစည်းမှု အဆင့် မိစ္ဆာသားရဲဟာ သူမ မူလက ရပ်နေခဲ့သည့် နေရာတွင် ပေါ်လာခဲ့သည်။
မိစ္ဆာသားရဲ၏ အစစ်အမှန် ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရပြီးနောက် အမှောင်ထဲတွင် ပုန်းအောင်းနေသည့် ချင်းကျောက်ဟာ အံ့သြစွာ ကြည့်မနေဘဲ မနေနိုင်တော့ပေ။
"ဒါက..."
...