အခန်း ၇၇ : ကြယ်တာရာမြစ်ကြီးဘေးမှ ပုံရိပ်
"ခင်ဗျား ကြားပြီးပြီလား... မင်းဆက်ရဲ့ မင်းသား မင်းသမီး အများအပြား မိစ္ဆာသားရဲရဲ့ သတ်ဖြတ်တာ ခံလိုက်ရတယ်တဲ့... ပြီးတော့ သူတို့ကို အမှောင်ထဲကနေ ကာကွယ်ပေးနေတဲ့ အစောင့်တွေတောင် မိစ္ဆာသားရဲရဲ့ လက်ချက်နဲ့ အကုန် သေကုန်ကြပြီတဲ့ဗျ... အဲဒီ မိစ္ဆာသားရဲက နေပြည်တော်ထဲကနေ ထွက်ပြေးဖို့ လုပ်တုန်းမှာပဲ နေပြည်တော်က ကျွမ်းကျင်သူတွေရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတယ်တဲ့"
"ရှူး... ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မှာလဲ... မင်းသားနဲ့ မင်းသမီးကို သတ်နိုင်တဲ့ မိစ္ဆာသားရဲ ဆိုတော့ ရွှေအမြုတေ အဆင့်လား... မူလဝိညာဉ် အဆင့်လား"
"ဟမ်... ဒီလောက် ကြီးမားတဲ့ မိစ္ဆာသားရဲ တစ်ကောင်က ဘယ်လိုလုပ် နေပြည်တော်ထဲ ပေါ်လာနိုင်တာလဲ....."
"ဒါကြောင့် အရှင်မင်းမြတ်က ဒေါသထွက်နေတယ်လို့လည်း ငါ ကြားတယ်ဟ... ဒီတစ်ခါ လူဘယ်နှယောက် ခေါင်းပြတ်မလဲ မသိပါဘူးကွာ"
"နေပါအုံး ခင်ဗျားတို့က ဘယ်လိုလုပ် ဒီလောက် သတင်းနှံ့စပ်နေကြတာလဲ"
"..."
ဒီကိစ္စက မဟာဝေ မင်းဆက်ရဲ့ နေပြည်တော် တစ်ခုလုံး ပျံ့နှံ့သွားခဲ့လေသည်။
အစပိုင်းမှာတော့ ဒီသတင်းက အရာရှိတွေကြားမှာပဲ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး အကြောင်းပြချက် မရှိဘဲ တခြား မသေမျိုးကျင့်ကြံသူတွေ သိရှိသွားကြပြီး မသေမျိုးကျင့်ကြံသူတွေရဲ့ အသိုင်းအဝိုင်းကြားမှာ ပျံ့နှံ့သွားခဲ့သည်။
ထို့နောက် သာမန် ပြည်သူတွေပါ ထိုသတင်းအား အမြန် သိရှိသွားကြလေသည်။
ထို့ကြောင့် နေပြည်တော် တစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့ကြရသည်။
သို့ပေမဲ့ ဒီသတင်းက နေပြည်တော် တစ်ခုလုံးကို ဒီလောက် အမြန် ပျံ့နှံ့သွားပြီး အလွှာပေါင်းစုံဆီ ပေါက်ကြားသွားတာက တိုက်ဆိုင်လွန်းနေပေသည်။
နောက်ကွယ်ကနေ မီးလောင်ရာ လေပင့်လုပ်နေတဲ့သူ မရှိဘူး ဆိုရင် ၎င်းက လုံးဝ မဖြစ်နိုင်ပေ။
ချန်ချန်ရွှယ်ဟာ ဒီကိစ္စကို အစောကတည်းက သိထားရာ သူမရဲ့ ခံစားချက်တွေက အနည်းငယ် ရှုပ်ထွေးနေခဲ့၏။
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သူမလည်း နွေဦး အမဲလိုက်ပွဲမှာ သေဆုံးခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ သူမဟာ ၎င်းအား သိနေသည့်အတွက် အဲဒီ တော်ဝင် မောင်နှမတွေနဲ့အတူ နွေဦး အမဲလိုက်ပွဲ အတွက် အမဲလိုက်ကွင်းကို မလိုက်သွားခဲ့ပေ။
ထို့ကြောင့်သာ သူမ အသက်ရှင် ကျန်ရစ်ခဲ့ပေသည်။
ယခုလို ချန်ချန်ရွှယ်ရဲ့ ခံစားချက်တွေ ရှုပ်ထွေးနေရတာက သူမ အဲဒီလူတွေကို မကယ်တင်ခဲ့လို့ပင်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူတို့ကို တားဆီးဖို့ ဘယ်လို အကြောင်းပြချက် ရှာရမှန်း သူမ မသိခဲ့ပေ။
ထို့အပြင် အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာ သူမ သိနေတယ်လို့ ပြောရင်တောင် ရူးနေသည်ဟုတာ ထင်ကြပေမည်။
ထို့အပြင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ထူးခြားတဲ့ တည်ရှိမှုကလည်း ပေါက်ကြားသွားနိုင်လေသည်။
'အခု နောက်ကွယ်က လူက ငါတစ်ယောက်တည်းကို ပစ်မှတ်ထားတာ မဟုတ်ဘဲ မဟာဝေ ဧကရာဇ်မင်းမြတ် ဝန်းကျင်က လူတိုင်းကို ပစ်မှတ်ထားတာ ဆိုတာ ငါ အတည်ပြုနိုင်ပြီ... သူ့သမီး သူ့သား... ပြီးတော့ ဖြစ်နိုင်တာက သူ့ကိုယ်လုပ်တော်တွေအပါအဝင်ပေါ့'
'ငါကလည်း သူ့သမီး ဖြစ်နေလို့ ရောပါသွားတာပဲ... အဲဒါကြောင့် တစ်ယောက်ယောက်က ငါ့ကို လုပ်ကြံစာရင်းထဲ ထည့်လိုက်တာ'
အတွေးတစ်ခုပြီး တစ်ခု သူမခေါင်းထဲ ဖြတ်သန်းသွားခဲ့ကာ ချန်ချန်ရွှယ် လေလေးတစ်ချက် မှုတ်ထုတ်လိုက်ရသည်။
"ဖူး"
ကြိုးကိုင်သူက ဘယ်သူလဲ ဆိုတာ သူမ မသိတဲ့အတွက် ကြုံလာသမျှ ရင်ဆိုင်ရုံပဲ ရှိတော့လေသည်။
သူမ ပြိုင်ဘက်ဆီက တိုက်ကွက်တစ်ကွက်ကို ကာကွယ်နိုင်ရုံသာမကပဲ နောက်ထပ် တိုက်ကွက် တစ်ကွက်ကိုလည်း ကာကွယ်နိုင်ပေသည်။
သူမရဲ့ အကြီးမားဆုံး အားသာချက်က သူမဆီမှာ ဘေးထွက်ဆိုးကျိုး မရှိဘဲ မရေမတွက်နိုင်အောင် ပြန်စတင်နိုင်တဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် ရှိနေခြင်းပင်။
သူမဟာ မရေမတွက်နိုင်အောင် ရှုံးနိမ့်လို့ ရပေမဲ့ တစ်ဖက်လူကတော့ တစ်ကြိမ်ပဲ ရှုံးနိမ့်လို့ ရပေမည်။
[သင့်ဘေးကင်းရေးကို ကာကွယ်ရန် အတွက် ချန်ဖုန်းယင်က သင့်အား လူသားရုပ်သေးတစ်ရုပ် ပေးအပ်ခဲ့သည်။ လူသားရုပ်သေးသည် ရွှေအမြုတေ အဆင့် ခွန်အား ရှိပြီး အသက်သွင်းရန် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုရသည်။ လူသားရုပ်သေး ကိုယ်တိုင်တွင် ပုံစံမျိုးစုံ ပြောင်းလဲနိုင်စွမ်းရှိပြီး ၎င်း၏ အရှိန်ဝါကို ဖုံးကွယ်ထားကာ အသိစိတ်အာရုံဖြင့် ထိန်းချုပ်နိုင်သည်။]
[အသက် ၂၅ နှစ် - သင်သည် လွန်ခဲ့သော (၂) နှစ်တာ ကာလအတွင်း မည်သည့် အန္တရာယ်မှ မကြုံတွေ့ခဲ့ရသော်လည်း သင့်ဖခင်၏ မျက်နှာကတဖြည်းဖြည်း ပိန်လှီနွမ်းနယ် လာသည်ကို သင် တွေ့ရှိခဲ့သည်။ မူလဝိညာဉ် အဆင့် (၁၀) ရှိသော ကျင့်ကြံသူ တစ်ဦး ပိန်လှီနွမ်းနယ်လာသည် ဆိုတော့ ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပျက်နေခြင်း ဖြစ်ရပေမည်။]
[အသက် ၂၆ နှစ် - သင် အခြေတည်အဆင့် (၃) သို့ ရောက်ရှိခဲ့ပေပြီ]
[အသက် ၂၇ နှစ် - မာကျောရက်စက်သော လူကြမ်းကြီး၏ ပါရမီသည် နောက်တစ်ကြိမ် အသက်ဝင်လာခဲ့ပြန်သည်။ သင့်ကျင့်ကြံနေစဥ်အတွင်းမှာ သင်၏ စိတ်နှလုံးမိစ္ဆာ ဝင်ရောက်လာခဲ့သည်။ သင့်မျက်နှာ အပြည့် မေးခွန်းထုတ်စရာများဖြင့် သင်ဟာ သင့်ဘဝ၏ ပထမဆုံးသော ဆဲရေးတိုင်းထွာမှုကို ကျိန်ဆဲလုနီးပါး ဖြစ်သွားခဲ့သည်။]
[သင့်စိတ်အခြေအနေက ရှင်းရှင်းလင်းလင်း ဘာမှ မပြောင်းလဲဘဲနဲ့ သင် ဘယ်လိုလုပ် စိတ်နှလုံးမိစ္ဆာ ဝင်ရောက်လာရသည်နည်း။]
[သင့်တွင် စိတ်နှလုံး မိစ္ဆာ ဝင်ရောက်ဖူးသော အတွေ့အကြုံ တစ်ကြိမ် ရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် ဒီအချိန်တွင် စိတ်လောလို့ မဖြစ်ကြောင်း သင် သိပြီး မဆင်မခြင် ဆက်လက် ကျင့်ကြံလို့ မရကြောင်း သင် သိပေသည်။]
[သင်ဟာ သင့်ဖခင်ကို ဒီကိစ္စအား အသိပေးလိုက်သည်။ ချန်ဖုန်းယင်က သင့်အား လျှို့ဝှက်နယ်မြေ တစ်ခုဆီ အထူး ခေါ်ဆောင်သွားခဲ့သည်။ ဤနေရာသည် မဟာဝေ မင်းဆက် ဘိုးဘေး၏ ကျင့်ကြံခြင်း ဂူသင်္ချိုင်း ဖြစ်သည်။]
[မဟာဝေ မင်းဆက် ဘိုးဘေး၏ အကူအညီဖြင့် သင့်စိတ်နှလုံးမိစ္ဆာကို ဖိနှိပ်ထားနိုင်ခဲ့သည်။ ဘိုးဘေးက သင့်ကျင့်ကြံခြင်း အခြေခံအုတ်မြစ် မြင့်မားမှုကို ချီးကျူးခဲ့ပြီး ၎င်းက သူ့ကို အံ့အားသင့်စေခဲ့သည်။]
[အသက် ၂၉ နှစ် - သင်ဟာ သင့်ကျင့်ကြံမှုတွင် အတားအစီးတစ်ခု ကြုံတွေ့နေရပုံ ပေါ်သည်။]
[သင်သည် နက်နဲထူးဆန်းသော မျက်နှာဖုံး၏ လျှို့ဝှက်ချက်ကို စူးစမ်းရှာဖွေနေဆဲ ဖြစ်သည်။ သင်ဟာ ၎င်းကို သင့်မျက်နှာပေါ် ဝတ်ဆင်ကြည့်လိုက်သောအခါ သင် ဖိနှိပ်ထားသည့် စိတ်နှလုံးမိစ္ဆာသည် နောက်တစ်ကြိမ် ပြန်လည် ဆွဲထုတ်ခံလိုက်ရသည်ကို တွေ့ရှိလိုက်ရပြီး သင် လန့်ဖျပ်သွားခဲ့သည်။]
[သို့သော် အတွင်းစိတ် မိစ္ဆာဟာ သင့်စိတ်အခြေအနေကို မထိခိုက်စေနိုင်ခင်မှာပင် ၎င်းက နက်နဲထူးဆန်းသော မျက်နှာဖုံး၏ မျိုချခြင်းကို ခံလိုက်ရသည်။]
[သင် မှင်သက်အံ့သြသွားခဲ့သည်]
[...]
"စိတ်နှလုံးမိစ္ဆာ... ပျောက်သွားပြီလား"
ချန်ချန်ရွှယ် မသေမျိုးကျင့်ကြံခြင်းကို မရေမတွက်နိုင်အောင် သရုပ်ဖော်ဖူးပြီး ဗဟုသုတ ကြွယ်ဝတယ်လို့ ပြောလို့ရပေသည်။
ထို့အပြင် ရှေးဟောင်း စာအုပ်တွေနဲ့ မှတ်တမ်းတွေ အများကြီး ဖတ်ဖူးပေမယ့် စိတ်နှလုံးမိစ္ဆာကို ဒီနည်းနဲ့ ဖြေရှင်းနိုင်တယ် ဆိုတဲ့ မှတ်တမ်းမျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ကျင့်ကြံသူတွေအတွက် အကယ်၍ စိတ်နှလုံးမိစ္ဆာ မွေးဖွားလာရင် သူတို့ရဲ့ ကျင့်ကြံခြင်း လမ်းစဉ် ပြတ်တောက်သွားပေလိမ့်မည်။
အကယ်၍ သူတို့ဟာ အတင်းအကြပ် ဆက်လက် ကျင့်ကြံရင် ရလဒ် (၂) ခုပဲ ရှိပြီး
ပထမ - ရုတ်တရက် သေဆုံးခြင်း......
ဒုတိယ - မိစ္ဆာ အဖြစ် ပြောင်းလဲသွားခြင်း.....
ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းက ပြင်ပအင်အားကို သုံးပြီး စိတ်နှလုံးမိစ္ဆာတွေကို ဖိနှိပ်ထားဖို့ပင်။
သူတို့အထူး တာအိုကျမ်းစာတွေကို ရွတ်ဖတ်တာပဲ ဖြစ်ဖြစ်၊ အထူး မှော်ရတနာတွေကို သုံးတာပဲ ဖြစ်ဖြစ် လုပ်လို့ ရပေသည်။
သူတို့ ပိုပိုပြီး သန်မာလာတဲ့ အခါကျမှ သူတို့ရဲ့ ကြမ်းတမ်းတဲ့ ခွန်အားကို သုံးပြီး သူတို့ရဲ့ စိတ်နှလုံးမိစ္ဆာတွေကို ဖျက်ဆီးပစ်ရပေမည်။
သို့သော် ယခု၌ ချန်ချန်ရွှယ်ရဲ့ ရှေ့မှာ ဒုတိယ ဖြေရှင်းနည်း တစ်ခု တကယ် ပေါ်လာခဲ့သည်။
ရယ်မောနေသလို ငိုကြွေးနေသလို ပုံစံရှိတဲ့ ဒီနက်နဲထူးဆန်းသော မျက်နှာဖုံးက စိတ်နှလုံးမိစ္ဆာကို မျိုချနိုင်လေသည်။
ချန်ချန်ရွှယ် မျက်နှာဖုံးကို သူမမျက်နှာပေါ်ကနေ အမြန် ချွတ်လိုက်၏။
မျက်နှာဖုံးရဲ့ ပုံစံက မပြောင်းလဲပေမယ့် ဒီနက်နဲထူးဆန်းသော မျက်နှာဖုံးက အရင်ကနဲ့ မတူတော့ဘူးလို့ သူမ ခံစားလိုက်ရသည်။
ကြည့်ရတာ ညှို့ဓာတ်ကွဲပြားသွားသလိုပင်။
၎င်းဆီမှ ထူးဆန်းတဲ့ အငွေ့သက်တစ်ခုကို မှိန်ဖျဖျ ထုတ်လွှတ်နေခဲ့သည်။
ထို့ကြောင့် နက်နဲထူးဆန်းသော မျက်နှာဖုံးရဲ့ ပိုင်ရှင်က မိစ္ဆာ တစ်ကောင် ဖြစ်မယ်လို့ ချန်ချန်ရွှယ်ကို လေးလေးနက်နက် သံသယ ဝင်သွားစေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူမ ဘယ်လိုပဲ ကြည့်ကြည့် ဒါက ဖြောင့်မတ်လမ်းစဥ်က လူတွေအသုံးပြုတဲ့ အရာနဲ့ မတူပေ။
သို့ပေမဲ့ ချန်ချန်ရွှယ်ဟာ ရှေးရိုးစွဲကျင့်ကြံသူမျိုး မဟုတ်ပဲ သူမအတွက်... ဝိညာဉ်ပစ္စည်းတစ်ခုကို ဆုံးဖြတ်တဲ့ အချက်က ဝိညာဉ်ပစ္စည်း ကိုယ်တိုင် မဟုတ်ဘဲ ဝိညာဉ်ပစ္စည်းရဲ့ ပိုင်ရှင်ပင်။ ကောင်းခြင်းဆိုးခြင်းက အသုံးပြုသူအပေါ်၌သာ မူတည်လေသည်။
သူမ အမြဲတမ်း ဒီလိုပဲ တွေးခဲ့၏။
[သင်သည် နက်နဲထူးဆန်းသော မျက်နှာဖုံး၏ လျှို့ဝှက်ချက်ကို တွေ့ရှိခဲ့ပြီး ပါးလွှာသော ဇာပုဝါတစ်ထပ်ကို ဖယ်ရှားလိုက်သည်။ သင့်ရင်ထဲတွင် ခန့်မှန်းချက် တချို့ ရှိနေသော်လည်း ဖြစ်နိုင်တာက အစစ်အမှန် အဖြစ်မှန်က သင့်ခန့်မှန်းချက်များနှင့် တော်တော်လေး ကွဲပြားနေလိမ့်မည်။]
အဲဒီည.....
နောက်ဆုံးတော့ သူမရဲ့ စိတ်နှလုံးမိစ္ဆာကြောင့် ဒုက္ခမရောက်တော့တဲ့ ချန်ချန်ရွှယ် အိပ်ပျော်သွားခဲ့ပြီး အိပ်မက် တစ်ခု မက်ခဲ့လေသည်။
အိပ်မက်ထဲမှာ ကြယ်စင်တာရာ မြစ်ရှည်ကြီးပေါ်မှာ ရပ်နေတဲ့ ပုံရိပ်တစ်ခုအား သူမ မြင်လိုက်ရသည်။ သက်ရှိသတ္တဝါ အားလုံးကို ငုံ့ကြည့်နေသလို ပြီးတော့ ကြယ်ပေါင်း ဘီလီယံချီတဲ့ ကြားထဲကနေ တစ်စုံတစ်ခုကို ရှာဖွေနေသလိုပင်။
ဒါက ချန်ချန်ရွှယ် သေသေချာချာ လေ့လာကြည့်ရှုဖို့ လုပ်လိုက်တဲ့အခါ အပ်တစ်ချောင်းဖြင့် သူမဦးနှောက်ထဲ ထိုးစိုက်လိုက်သလို နာကျင်မှုမျိုး နောက်ကလိုက်လာခဲ့သည်။
'ဘယ်သူလဲ...'
သူမမျက်လုံးတွေက မီးလောင်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူမရဲ့ စိတ်ဝိညာဉ်က မကြုံစဖူး ကြီးမားတဲ့ သက်ရောက်မှုတစ်ခုကို ခံစားလိုက်ရသည်။
၎င်းက သူမကို ချွေးအေးတွေ ပြန်သွားစေခဲ့လေသည်။
[သင်သည် အထွတ်အထိပ် တည်ရှိမှုတစ်ခုကို လေ့လာကြည့်ရှုရန် ကြိုးစားခဲ့သော်လည်း တစ်ဖက်လူက သင့်ကို အာရုံစိုက်မနေခဲ့ပေ။ သို့သော် သင်ဟာ မခံမရပ်နိုင်သည့် တန်ပြန်မှုတစ်ခုကို ခံစားလိုက်ရသည်။]
[သင့်စိတ်ဝိညာဉ်သည် ဤမျှ ကြီးမားသော သက်ရောက်မှုကို မခံနိုင်ဘဲ ချက်ချင်း ပြိုလဲပျက်စီးသွားခဲ့သည်။]
[သင့်သွေးကြောများ စတင် ပြတ်တောက်ကုန်သည်]
[သင့် ဒန်တျန်ပျက်စီးသွားခဲ့သည်]
[သင် သေဆုံးသွားပါသည်]
[အသက် - ၂၉ နှစ်၊ ၀၃ လ၊ ၂၇ ရက်]
…