အခန်း ၇၃ : ခင်ဗျား ဆရာကျတာပဲ.....
"ရွေးချယ်ခံ အမှတ် (၂) လည်း ချင်းဟယ် ခရိုင်ကနေ ထွက်ခွာသွားပြီပဲ"
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကနေတဆင့် ရွေးချယ်ခံ (၂) ယောက် သူနဲ့ ဘယ်လောက် ဝေးကွာတဲ့ နေရာမှာ ရှိနေလဲ ဆိုတာ ပိုင်ယီအကြမ်းဖျင်း သိရှိနိုင်ရာ ချင်းကျောက်ရဲ့ တည်နေရာကို သူ အာရုံခံမိပေသည်။ သူမဟာ ချင်းဟယ် ခရိုင်နဲ့ တဖြည်းဖြည်း ဝေးကွာသွားပြီဖြစ်ရာ ကြည့်ရတာ တစ်ဖက်လူကလည်း ဂိုဏ်းကို ပြန်သွားပုံရလေသည်။
ဘာပဲဖြစ်ဖြစ်...
ချင်းကျောက် ကျင်းရှင်း နန်းတော်ကနေ ထွက်လာရတဲ့ အဓိက အကြောင်းရင်းက ချန်ချန်ရွှယ်ကို နှောက်ယှက်ဖို့ဖြစ်ပြီး သူမ ဆုံးရှုံးသွားတဲ့ ဂုဏ်သိက္ခာကို ပြန်ယူဖို့ အခွင့်အရေး ရှာဖို့ပင်။
ဒါပေမဲ့ ကျင်းရှင်း နန်းတော်ကနေ ခက်ခက်ခဲခဲ ခိုးထွက်လာပြီးမှ ချန်ချန်ရွှယ်က ကျင့်ကြံမှု အဆင့်ကို ချိုးဖျက်ပြီးနေပြီ ဆိုတာ တွေ့လိုက်ရမယ်လို့ ချင်းကျောက် ဘယ်တုန်းကမှ မတွေးခဲ့မိခဲ့ချေ။
ထို့အပြင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဝင်ရောက်ဖို့ သူမအတွက် မလွယ်ကူခဲ့ပဲ ပြီးတော့ သူမဟာ အခြေတည်အဆင့်ကိုလည်း ရောက်ရှိနိုင်ခဲ့သည်...
အဲဒီနောက်မှာတော့ ချန်ချန်ရွှယ်ဟာ ဝိညာဉ်ဓားဂိုဏ်းကို စောစောစီးစီး ပြန်ရောက်နှင့်နေပြီ ဆိုတာ သူမ ဝမ်းနည်းဖွယ် တွေ့ရှိလိုက်ရပြီး ချန်ချန်ရွှယ်ဟာ ချင်းဟယ် ခရိုင်ထဲမှာ မရှိတော့ပေ
ထို့ကြောင့် သူမရဲ့ ဂုဏ်သိက္ခာကို ပြန်မရယူနိုင်တော့ပေ။
ထို့အပြင် ချင်းကျောက်က အရူးမှ မဟုတ်ပေ။
ဝိညာဉ်ဓားဂိုဏ်းရဲ့ အခြေစိုက်စခန်းဆီ ပေါ်ပေါ်ထင်ထင် ပြေးသွားပြီး ချန်ချန်ရွှယ်ကို ပြဿနာ သွားရှာလို့လည်း မရချေ။
တစ်ပါးသူရဲ့ နယ်မြေထဲကို တစ်ယောက်တည်း သွားရလောက်အောင် ချင်းကျောက်၏ ဦးနှောက်က လုံးဝ သံချေးတက်နေတာမဟုတ်ရာ သူမ ထိုသို့ မလုပ်နိုင်ပေ။ သူမက မိုက်ရူးရဲဆန်ပေမယ့် တုံးအမနေပေ။
ဒီလို အခြေအနေမျိုးမှာ ချင်းဟယ် ခရိုင်က ဆက်နေဖို့ အကြောင်းပြချက် မရှိတော့သလို့ ချင်းဟယ် ခရိုင်မှာက ဝိညာဉ်စွမ်းအင် လုံလောက်အောင်မရှိပဲ ကျင့်ကြံခြင်း အရင်းအမြစ်တွေကလည်း ရှားလေရာ ဆက်နေလို့ ဘာအသုံးဝင်မည်နည်း။
ဒါနဲ့ပတ်သက်ပြီး ပိုင်ယီမှာ ဘာမှပြောစရာမရှိပေ။ ဘာပဲဖြစ်ဖြစ် သူ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ပြီးသရွေ့ သူတို့ ဘယ်လောက် ဝေးဝေး ရောက်နေပါစေ သူ အဆက်အသွယ် လုပ်နိုင်ပေသည်။
ပထမဆုံးအကြိမ် ရွေးချယ်မှု ပြုလုပ်တဲ့ အချိန်မှာပဲ အကွာအဝေး ကန့်သတ်ချက်သို့မဟုတ် သတင်းအချက်အလက် ကန့်သတ်ချက် ရှိလေသည်။
...
အချိန်များ ကုန်ဆုံးသွားခဲ့သည်...
နောက်တစ်နေ့ မနက်မှာတော့ ပိုင်ယီဆီ ဧည့်သည် တစ်ယောက် ရောက်လာခဲ့သည်။ ဧည့်သည်က ချင်းဟယ် ခရိုင်ရုံးက ဧည့်သည်တော် ဝန်ကြီး... ချင်းဟယ် ခရိုင်ရဲ့ နန်းတော် မသေမျိုးကျင့်ကြံသူ ပိရွှီပင်။
ပိရွှီ လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ "ကျင့်ကြံသူပိုင်က တကယ့်ကို စစ်မှန်တဲ့ နှလုံးသားနဲ့ ကျင့်ကြံသူပါပဲ... နေထိုင်တဲ့ နေရာပဲ ဖြစ်ဖြစ် နေ့စဉ်ဘဝမှာ သုံးစွဲတဲ့ အရာတွေပဲ ဖြစ်ဖြစ် အားလုံးက သာမန်လူတွေနဲ့ အတူတူပါပဲလား"
ဒါက ပိုင်ယီရဲ့ အိမ်ကို သူ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။
ချင်းဟယ် ခရိုင်ထဲက ပိုင်ယီရဲ့ အိမ်က ဧရိယာကျယ်ဝန်းလှပြီး ခြံဝင်း တစ်ခုတည်းနဲ့တင် အံ့သြစရာ ကောင်းလောက်အောင် ကြီးမားပေသည်။
ထို့အပြင် ခြံဝင်းထဲမှာ တူးထားတဲ့ ရေကန် တစ်ကန်တောင် ရှိပြီး စိမ်းလန်းစိုပြေတဲ့ ဝါးပင် အနည်းငယ် စိုက်ပျိုးထားခဲ့သည်။
ဒီအပြင်အဆင်က တကယ့် မြေပိုင်ရှင် သူဌေးကြီး တစ်ယောက်လိုပင်။
သာမန်လူတွေ အတွက်တော့ တစ်ဘဝလုံးစာ ရှာဖွေ စုဆောင်းရင်တောင် ဒီလိုအိမ်မျိုး ဝယ်နိုင်မှာ မဟုတ်ပါချေ။
၎င်းက သာမန်လူတို့၏ အမြင်တွင်သာ ဖြစ်ပြီး ကျင့်ကြံသူတွေ အတွက်တော့... ပိုင်ယီ နေထိုင်တာက သိပ်ရိုးရှင်းလွန်းနေခဲ့သည်။
ကမ္ဘာမြေနဲ့ ကောင်းကင်ရဲ့ ဝိညာဉ်စွမ်းအင်ကို စုစည်းဖို့ အိမ်ထဲမှာ အစီအရင်တစ်ခုမှ မရှိသလို မြေဆီလွှာကလည်း ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးဖို့ မသင့်တော်ပေ။ ရေတွင်းထဲက ရေကလည်း သာမန်ရေပဲ ဖြစ်ပြီး ဝိညာဉ်စွမ်းအင်ရဲ့ အားဖြည့်ပေးမှု လုံးဝ မရှိပုံ ရသည်။
စိုက်ပျိုးထားတဲ့ အရာတွေကလည်း သာမန်အရာတွေသာ ဖြစ်ပြီး လှပတာကလွဲရင် တခြား ဘာအသုံးဝင်မှုမှ မရှိပေ။
ဒါ့အပြင် ဖျော်ထားတဲ့ လက်ဖက်ရည်ကလည်း သာမန် လက်ဖက်ရည်ဖြစ်ပြီး ကျင့်ကြံသူတွေ သောက်တဲ့ ဝိညာဉ်လက်ဖက်ရည် မဟုတ်ချေ။
အကယ်၍ ပိုင်ယီက အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်မှန်း သူ မသိရင် ပိုင်ယီရဲ့ ကြောက်မက်ဖွယ် ခွန်အားကို ကိုယ်တိုင် မမြင်ဖူးရင် ပိရွှီ အနေနဲ့ လူမှားပြီလို့ ထင်မိမှာ သေချာပေသည်။ သူ့ရှေ့က လူငယ်လေးက ကျင့်ကြံသူပိုင်နဲ့ ရုပ်ချင်း တစ်ထပ်တည်း တူတဲ့ သာမန်လူ တစ်ယောက်လို့ သူ ထင်မိပေမည်။
'ဖြစ်နိုင်တာက သူရဲ့ အတွေးတွေက အပေါ်ယံဆန်းနေခဲ့တာလား...'
'ကျင့်ကြံသူပိုင်လို အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်က ဘာလို့ သာမန် နေအိမ်လေး တစ်ခုမှာ နေနေရမှာလဲ.....'
'ဖြစ်နိုင်တာက ဒါက စိတ်အခြေအနေ ကွာခြားချက်ပဲ ထင်တယ်... ကျင့်ကြံသူပိုင်လို အစွမ်းထက်တဲ့ သူတစ်ယောက်အတွက် သေချာပေါက် တစ်နေရာရာမှာ ဝိညာဉ်တောင်တစ်လုံး ရှိနေမှာပဲ...'
'သူက ချီစုစည်းမှု အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ အတွေးနဲ့ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ အတွေးကို ခန့်မှန်းနေမိတာပဲ....
ဒါက တကယ် မလုပ်သင့်တဲ့ အရာပဲ....'
အသက်ရှူချိန် တစ်ဝက်တောင် မကြာခင်မှာပဲ ပိရွှီဟာ သူ ဒီလောက် တွေးမနေသင့်ဘူး ဆိုတာ သိလိုက်ရသည်။ သူ အမြန်ပဲ ချီးကျူးစကား ဆိုလိုက်၏။ "ဖြစ်နိုင်တာက... ကျင့်ကြံသူပိုင်ရဲ့ မသေမျိုးကျင့်ကြံခြင်း လမ်းစဉ်အပေါ် ထားရှိတဲ့ နှိမ့်ချတတ်တဲ့ နှလုံးသားကြောင့် ကျင့်ကြံခြင်း လမ်းစဉ်ပေါ် မလျှောက်လှမ်းခင်က ရှိခဲ့တဲ့ ဘဝကို ဘယ်တော့မှ မမေ့တာ ဖြစ်မယ်"
"ဒါကြောင့်သာ ရေပြင်လို တည်ငြိမ်တဲ့ ပြီးပြည့်စုံတဲ့ စိတ်အခြေအနေမျိုး ပိုင်ဆိုင်ထားပြီး ကျင့်ကြံခြင်း လမ်းစဉ်ပေါ်မှာ ပိုမြင့်သထက် မြင့်အောင် လျှောက်လှမ်းနိုင်တာ ဖြစ်မယ်"
ပိရွှီရဲ့ ချီးကျူးစကားတွေကို ကြားပြီးနောက် ပိုင်ယီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိလေသည်။
ပထမတုန်းကတော့ သူဟာ ဒီလူကို တော်တော်လေး စည်းကမ်းကြီးပြီး တည်ကြည်တဲ့သူလို့ ထင်ထားခဲ့ပေသည်။
ပိရွှီနဲ့ အမှုနှိမ်နင်းရေးမှူး ဟယ် က အမျိုးအစား တူတူပဲဟု ထင်ခဲ့၏။
ဒါပေမဲ့ အခုတော့ သူ အတွေးလွန်နေခဲ့ပုံ ရလေသည်။ ယခု၌ နန်းတော်က ကျင့်ကြံသူ ပိရွှီ က သူ့ကို အဆုံးမရှိ ချီးကျူးစကားတွေ စတင် ပြောဆိုနေခဲ့သည်။
"ကျင့်ကြံသူပိုင်..." လက်ဖက်ရည်ခွက် ချပြီးနောက် ပိရွှီဟာ သိုလှောင်အိတ် တစ်လုံး ထုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ကျင့်ကြံသူပိုင်... ကျေးဇူးတင်တဲ့အနေနဲ့ ဒီလက်ဆောင်ကို လက်ခံပေးပါ"
"ပြီးတော့ နန်းတော်အတွက် မိစ္ဆာတွေကို ဖယ်ရှားပေးခဲ့တဲ့ ကျင့်ကြံသူပိုင် အနေနဲ့ ဒါနဲ့ ထိုက်တန်ပါတယ်"
ပိုင်ယီဟာ သိုလှောင်အိတ်ကို ယူလိုက်ပြီး စစ်ဆေးဖို့ သူ့ရဲ့ နတ်ဘုရားအာရုံကို အသုံးပြုလိုက်ရာ အထဲမှာ ဆေးပုလင်း အနည်းငယ် တွေ့လိုက်ရသည်။ တချို့က ဒဏ်ရာ ကုသဖို့၊ တချို့က သွေးကြောတွေကို အားဖြည့်ပေးဖို့၊ တချို့က ကျင့်ကြံခြင်းမှာ အထောက်အကူ ပြုဖို့ပင်။
ဒါ့အပြင် ဝိညာဉ်ကျောက်တုံး ရာဂဏန်းလောက် ရှိနေခဲ့ပြီး အားလုံးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ ဖြစ်နေခဲ့သည်။
ကြည့်ရသည်မှာ ချင်းဟယ် ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ကြွယ်ဝမှုအရ ဒီပစ္စည်းတွေကို ရှာတွေ့ဖို့ ဘဏ္ဍာတိုက် တစ်ခုလုံးကို မွှေနှောက် ရှာဖွေထားခဲ့ရပုံပင်။
ပိုင်ယီ ပြန်ဖြေလိုက်၏။"ကျေးဇူး အများကြီး တင်ပါတယ်"
ဒါက သူ့အတွက် ဆုလာဘ် တစ်မျိုးနဲ့ တူညီတာမို့ ပိုင်ယီ အားနာမနေတော့ဘဲ အိတ်ကပ်ထဲ ထည့်လိုက်သည်။
မကြာမီ သူ ထပ်မေးလိုက်သည်။"ဧည့်သည်တော် ဝန်ကြီးပိ ဒီကို အထူးတလည် လာလည်တာက ဒီကျေးဇူးတင်လက်ဆောင်တွေ ပေးဖို့ သက်သက်ပဲ မဟုတ်ဘူးမလား... ဘာပဲဖြစ်ဖြစ် ဒါက လူတစ်ယောက်လောက် လွှတ်လိုက်ရင် ရနေတာပဲကို... အရှင်ပိ ဘာလို့ ကျွန်တော့်ဆီ လာလည်သလဲ ဆိုတာ သိပါရစေ"
ပိရွှီ ကြောင်အသွားပြီး အိုးတိုးအမ်းတမ်း ရယ်မောလိုက်၏။ ထို့နောက် လိုရင်းကို တန်းပြောလိုက်သည်။ "ကျင့်ကြံသူပိုင်... တစ်ရက်ကျရင် မိစ္ဆာကျင့်ကြံသူတွေကို ခြေရာခံဖို့ ပြည်နယ် မြို့တော်က လွှတ်လိုက်တဲ့ လူတွေ ချင်းဟယ် ခရိုင်ကို ရောက်လာလိမ့်မယ်"
"ပြီးတော့ အဲဒီ လူအုပ်စုထဲမှာ... နေပြည်တော်က ထူးခြားတဲ့ အဆင့်အတန်း ရှိတဲ့ အရှင်သခင် တစ်ယောက်လည်း ပါလာတယ်လို့ ကျွန်တော် ကြားမိတယ်"
"လောလောဆယ်တော့ တစ်ဖက်လူရဲ့ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသားကို ကျွန်တော် မသိရသေးဘူး.... ဖြစ်နိုင်တာက နန်းတော်ထဲက ရာထူးကြီး အရာရှိ တစ်ယောက် ဖြစ်လောက်မယ်"
အနည်းငယ် ရပ်နားပြီးနောက် ပိရွှီ ဆက်ပြောလိုက်သည်။"ဒီတစ်ခါ သူတို့ ချင်းဟယ် ခရိုင်ကို ရောက်လာရင် သေချာပေါက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးကြလိမ့်မယ်... အကယ်၍ ချင်းဟယ် ခရိုင်က အရင်တုန်းက မိစ္ဆာကျင့်ကြံသူတွေရဲ့ စိမ့်ဝင်တာ ခံခဲ့ရပြီး ဆန်ကာလို ပေါက်ပြဲလုနီးပါးဖြစ်ခဲ့မှန်း သူတို့ သိသွားရင်..."
"ဒါဆို ချင်းဟယ် ခရိုင်ရုံးက လူအားလုံး ရာထူးဖြုတ်ခံရလိမ့်မယ်...."
"..."
ဒီအထိ ပြောပြီးတဲ့နောက် ပိရွှီရဲ့ ရည်ရွယ်ချက်တွေ ရှင်းလင်းလာခဲ့ပေသည်။ သူက အာဏာမက်တဲ့ ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်ပြီး ချင်းဟယ် ခရိုင်ရဲ့ ဧည့်သည်တော် ဝန်ကြီး အဖြစ် ဆက်ရှိနေချင်ခဲ့သည်။ အနာဂတ်၌ ပြည်နယ်မြို့တော်ရဲ့ ဧည့်သည်တော် ဝန်ကြီး အဖြစ် ရာထူးတိုးပြီး ထိုမှတစ်ဆင့် နေပြည်တော်ကို ဝင်ရောက်ကာ နန်းတော်ရဲ့ အာဏာရှိအသိုင်းဝိုင်းထဲသို့ ဝင်ရောက်နိုင်ဖို့တောင် စိတ်ကူးယဉ်ထားခဲ့ပေသည်။
ထို့ကြောင့် ချင်းဟယ် ခရိုင်ကို မိစ္ဆာကျင့်ကြံသူတွေ စိမ့်ဝင်တာ သူလည်း မလိုလားခဲ့ပေ။ ဒါပေမဲ့ အဲဒီ မိစ္ဆာကျင့်ကြံသူက အခြေတည်အဆင့် မသေမျိုးကျင့်ကြံသူ ဖြစ်နေရာ သူ့လို ချီစုစည်းမှု အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဖုံးကွယ်ထားဖို့က လွယ်ကူလွန်းနေခဲ့သည်။
အကယ်၍ ဒီအကြောင်းရင်းကြောင့် သူ ရာထူးဖြုတ်ခံရမယ်ဆိုရင် ပိရွှီဟာ လုံးဝခံစားနေရမည်ဖြစ်ရာ ပိုင်ယီရဲ့ အကူအညီကို လာတောင်းခံနေခြင်း ဖြစ်ပေသည်။
"ဒါဆို ခင်ဗျား ဘာလုပ်ချင်လို့လဲ"
ပိုင်ယီ အံ့သြစွာ ပြောလိုက်သည်။"ကျွန်တော်က လေလွှင့်ကျင့်ကြံသူ တစ်ယောက်ပဲ... နန်းတော်ထဲမှာ ဘာအဆက်အသွယ်မှ မရှိလို့ အကယ်၍ ကျွန်တော့်ကို ကူညီစေချင်ရင်တောင် ခင်ဗျားကို ကူညီပေးနိုင်မယ့် အဆက်အသွယ် ကျွန်တော့်မှာ မရှိဘူး"
ပိရွှီ ရှက်ရွံ့စွာ ပြုံးကာ ပြောလိုက်၏။ "ကျင့်ကြံသူပိုင်... ခင်ဗျား တကယ်တော့ ဒီလို လုပ်လို့ ရပါတယ်... အကယ်၍ ခင်ဗျားလည်း ချင်းဟယ် ခရိုင်ရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်တစ်ယောက် ဖြစ်နေခဲ့ရင် ခင်ဗျားက မိစ္ဆာကျင့်ကြံသူကို ခင်ဗျားရဲ့ ထောင်ချောက်ထဲ မျှားခေါ်ခဲ့ပြီး ခရိုင်ရုံးထဲ ဝင်ရောက်ခွင့် ပြုခဲ့တယ်ပေါ့... ခင်ဗျားရဲ့ ရည်ရွယ်ချက်က သူတို့ကို တစ်ခါတည်း အပြတ်ဖမ်းဆီးဖို့လေ"
"ပြီးတော့ ဉာဏ်ကြီးရှင် ဖြစ်ပြီး မြင့်မြတ်တဲ့ ခင်ဗျားရယ် ... ကျွန်တော်ရယ်၊ အမှုနှိမ်နင်းရေးမှူးရယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးရယ် ပေါင်းပြီး မိစ္ဆာကျင့်ကြံသူရဲ့ မျက်နှာဖုံးကို ခွာချလိုက်တယ်ပေါ့..."
"..."
ပိုင်ယီ နားလည်လိုက်ပေပြီ။
'ဒီအဘိုးကြီးမှာ လှည့်ကွက်တွေ တော်တော်များများ ရှိသားပဲ...'
ဒီနည်းနဲ့ ဆိုရင် ခရိုင်ရုံးက လူတွေ အပြစ်မရှိရုံတင် မကပဲ သူတို့ဟာ အကျိုးဆောင်အမှတ်တွေပါ ရရှိပေလိမ့်မည်။
'ဝါး....ခင်ဗျား တကယ် ဆရာကျတာပဲ...'
...