အခန်း ၇၂ : ဆုလာဘ်တွက်ချက်မှု၊ လူသားဘုရင် ခန္ဓာကိုယ်
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ဆုလာဘ် တွက်ချက်မှု သတိပေးချက်က ချက်ချင်း တက်လာခဲ့သည်။ ပိုင်ယီ နည်းနည်း နှမြောမိတာက ချန်ချန်ရွှယ်က သူမရဲ့ မွေးရာပါ ပါရမီဖြစ်တဲ့ မာကျောရက်စက်သော လူကြမ်းကြီးကို ကောင်းကောင်း အသုံးမချနိုင်ခဲ့တာကြောင့် ဘာအောင်မြင်မှုကိုမှ အသက်မသွင်းနိုင်ခဲ့ခြင်းပင်။
[ဆုလာဘ် ၁ - ခရမ်းရောင် ပိုးချည် သံချပ်ကာ(အမျိုးသမီးများ သီးသန့် အသုံးပြုရသည့် ကိုယ်ထည် သံချပ်ကာ ဖြစ်ပုံရသည်)]
[ဆုလာဘ် ၂ - လူသားဘုရင် ခန္ဓာကိုယ် (မဟာဝေ မင်းဆက် တော်ဝင်မိသားစု၏ မသေမျိုးကျင့်ကြံခြင်း ခန္ဓာကိုယ်)]
[ဆုလာဘ် ၃ - ၂၃ နှစ်တာ ကျင့်ကြံခြင်း အတွေ့အကြုံ (ချန်ချန်ရွှယ်၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သော ကျင့်ကြံခြင်း အတွေ့အကြုံ)]
မတူညီတဲ့ ဆုလာဘ် (၃) ခု သူ့ရှေ့မှာ ပေါ်လာပြီး သူ တစ်ခု ရွေးချယ်ခွင့် ရှိပေသည်။
သို့ပေမဲ့ တစ်ချက်ကြည့်လိုက်တာနဲ့ သူ စဉ်းစားဖို့ပင်မလိုချေ။
အကြောင်းမှာ ဆုလာဘ် (၂)ကသာ အကောင်းဆုံးဖြစ်နေတာကြောင့်ပင်။
ခရမ်းရောင် ပိုးချည် သံချပ်ကာက မဟာဝေ မင်းဆက်ရဲ့ ရတနာဆောင်ထဲကနေ ချန်ချန်ရွှယ် ကိုယ်တိုင် ယူထုတ်လာခဲ့တဲ့ တော်တော်လေး ကောင်းမွန်တဲ့ ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်ပြီး သူ့ရဲ့ အဆင့်အတန်းက သေချာပေါက် မနိမ့်ပေမယ့် ဒီပစ္စည်းက ယောက်ျားလေးတွေ ဝတ်ဖို့ မသင့်တော်ပေ။ ဒါ့အပြင် ဝတ်လိုက်ရင် ပုံမှန်မဟုတ်တဲ့ အဖုအထစ် (၂) ခု ရှိနေပေမည်......
ပိုင်ယီ ဒီဆုလာဘ်ကို လက်ခံပြီးနောက် မဟာဝေ မင်းဆက် တော်ဝင်မိသားစုရဲ့ လူသားဘုရင် ခန္ဓာကိုယ်က သူ့ရဲ့ မွေးရာပါ ဝိညာဉ်ခန္ဓာနဲ့ ပဋိပက္ခ မဖြစ်ခဲ့ပေ။
မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှစ်ခု ပေါင်းစပ်သွားတာကို သူ ခံစားလိုက်ရသည်။ သူတို့နှစ်ခုက တစ်ခုနဲ့ တစ်ခု တွန်းကန်မနေဘဲ တစ်သားတည်း ပေါင်းစပ်သွားခဲ့ကြသည်။
ပိုင်ယီဟာ ကောင်းကင်မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို ရှူရှိုက်ကြည့်လိုက်ရာ ဝိညာဉ်စွမ်းအင် ရှူရှိုက်မှုရဲ့ စွမ်းဆောင်ရည်က အရင်ကထက် အများကြီး ပိုမြင့်မားလာတာ သူ တွေ့ရှိလိုက်ရ၏။
ဆိုလိုတာက လူသားဘုရင် ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အဓိကအားဖြင့် မသေမျိုးကျင့်ကြံခြင်း အမြစ်အခြေခံတွေကို ပြောင်းလဲပေးတာ ဖြစ်ပေမည်။
"မဆိုးပါဘူး..."
ဒီတစ်ခါ သူ ဘာထပ်ဆောင်း ဆုလာဘ်မှ မရခဲ့ပေမဲ့ သူ့ရဲ့ မသေမျိုးကျင့်ကြံခြင်း အမြစ်နဲ့ အရိုးအခြေခံကို တိုးတက်စေခဲ့ပြီး ကျင့်ကြံခြင်း အတွက် သိပ်ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်နိုင်ခဲ့တာက ကောင်းမွန်တဲ့ ဆုလာဘ် တစ်ခုဖြစ်ရာ ပိုင်ယီ တော်တော်လေး ကျေနပ်သွားခဲ့ရပေသည်။
...
တစ်ဖက်တွင်....
ဝိညာဉ်ဓားဂိုဏ်း...
လက်တွေ့ဘဝကို ပြန်ရောက်လာတဲ့ ချန်ချန်ရွှယ်ဟာ သိပ်နေသားမကျ ဖြစ်နေခဲ့သည်။
သူမက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ အချိန်မရွေး နှစ်ပေါင်း (၁၀၀) ကျော် နေထိုင်ရတာကို ကျင့်သားရနေပြီ ဖြစ်ပြီး အခု နှစ်ပေါင်း (၂၀) ကျော်ပဲ ရှင်သန်ပြီး သေဆုံးသွားတော့ သူမ နည်းနည်း ရှုပ်ထွေးသလို ခံစားလိုက်ရ၏။
သူမ ဆုတ်ယုတ်သွားမဟုတ်ပဲ ဒါက တိုးတက်မှု တစ်ခုလို့ သတ်မှတ်လို့ ရပေသည်။
ဘာပဲဖြစ်ဖြစ် သူမ ပထမဆုံးအကြိမ် မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော်တုန်းက သူမဟာ (၅) နှစ်ပဲ ရှင်သန်ခဲ့တာဖြစ်ပြီး ဒီတစ်ခါ သူမဟာ အသက် (၂၃) နှစ် အထိ နေနိုင်ခဲ့လေသည်။
ဒါပေမဲ့...
သူမ မျှော်လင့်ထားတာနဲ့ နည်းနည်း ကွဲပြားနေတာတော့ အမှန်ပင်။
"ငါ မသေခင် နှစ်ပေါင်း တစ်ရာကျော် နေနိုင်မယ်လို့ ထင်ထားခဲ့တာ အခုတော့ ငါ အတွေးလွန်နေခဲ့တာပဲ... ငါက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ အမြဲ ကံဆိုးနေတတ်တာ.... ပြီးတော့ မာကျောရက်စက်သော လူကြမ်းကြီးဆိုတဲ့ မွေးရာပါ ပါရမီနဲ့ ဆိုရင် ငါ စောစော မသေတာကမှ တကယ် ထူးဆန်းနေမှာ" ချန်ချန်ရွှယ် ရေရွတ်လိုက်၏။
သူမဟာ ဒီအချက်ကို လက်ခံလိုက်ပေသည်။
[သင်သည် အောက်ပါ ဆုလာဘ်ကို ရရှိလိုက်ပါသည် ]
[ဆုလာဘ် - လူသားဘုရင် ခန္ဓာကိုယ် တစ်ဝက်(မသေမျိုးကျင့်ကြံခြင်း အမြစ်နှင့် အရိုးကို အနည်းငယ် တိုးတက်လာစေပါသည်)]
နောက်ဆုံးတော့ ဆုလာဘ် ရောက်ရှိလာရာ ချန်ချန်ရွှယ်အား ကြောင်အသွားစေခဲ့သည်။
'လူသားဘုရင် ခန္ဓာကိုယ် တစ်ဝက်....'
"ဒါက သရုပ်ဖော် စနစ်ထဲက ငါ့ရဲ့ မသေမျိုးကျင့်ကြံခြင်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မဟုတ်လား.... မဟာဝေ မင်းဆက် တော်ဝင်မိသားစုရဲ့ သွေးသားရင်းချာတွေက အခြေခံအားဖြင့် လူသားဘုရင် ခန္ဓာကိုယ်ကို ဆက်ခံရရှိကြတယ်... ပြီးတော့ ဒါကို ထူးချွန်တဲ့ မသေမျိုးကျင့်ကြံခြင်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် တစ်ခုလို့ သတ်မှတ်နိုင်တယ်..."
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ၌ သူမဟာ အသက် (၁၂) နှစ် ရောက်မှ စတင် ကျင့်ကြံခဲ့ရပေမဲ့ အသက် (၂၀) ဝန်းကျင်မှာ အခြေတည်အဆင့် (၁) ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာက ဒီလူသားဘုရင် ခန္ဓာကိုယ်နဲ့ နန်းတော်ထဲက အလွယ်တကူ ရရှိနိုင်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကြောင့်ပင်။
ပထမ အချက်က အဓိက အကြောင်းရင်း ဖြစ်ပြီး ဒုတိယ အချက်ကတော့ ပံ့ပိုးပေးတဲ့ အကြောင်းရင်းမျှသာ ဖြစ်ပေသည်။
ဒီနည်းနဲ့ ကြည့်ရင် ဒီတစ်ခါ ဆုလာဘ်က မမျှော်လင့်ဘဲ ကောင်းမွန်နေတာကို ချန်ချန်ရွှယ် တွေ့ရှိလိုက်ရ၏။
'မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ဒီတစ်ခါ တကယ် ကပ်စေးမနည်းဘူးပဲ...'
သူမ အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားခဲ့ပြီး လေတစ်ချက် အဝရှူသွင်းလိုက်၏။
ချန်ချန်ရွှယ် ပြဿနာ တချို့ကို စတင် စဉ်းစားလိုက်ပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ သူမဟာ မိစ္ဆာသားရဲရဲ့ တိုက်ခိုက်ခံရတာက တိုက်ဆိုင်မှု မဟုတ်ဘူး ဆိုတာ သူမ သိလိုက်သည်။
ယုတ္တိနည်းကျကျ ပြောရရင် သူမရဲ့ တော်ဝင် မောင်နှမတွေနဲ့ အမဲလိုက်ထွက်တဲ့ နေရာမှာ ဒီလောက် စွမ်းအားကြီးတဲ့ မိစ္ဆာသားရဲတွေ မရှိသင့်ပေ။
သို့ပေမဲ့ ဒီမိစ္ဆာသားရဲတွေက ထိုနေရာ၌ ရှိနေခဲ့လေသည်။
ဆိုလိုတာက တစ်ယောက်ယောက်က အဲဒီ စွမ်းအားကြီးတဲ့ မိစ္ဆာသားရဲကို အမဲလိုက်ကွင်းထဲ တိတ်တဆိတ် မျှားခေါ်ခဲ့တာ ဖြစ်ရပေမည်။
"ဖြစ်နိုင်တာက တစ်ဖက်လူက နန်းတွင်း အပျိုတော် နှစ်ယောက်ကို သတ်ခဲ့တဲ့ လူအုပ်စုပဲ ဖြစ်ဖို့များတယ်..."
"သူတို့က မဟာဝေ မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်ကို ကိုင်တွယ်ချင်နေတဲ့ လူအုပ်စုလည်း ဖြစ်နိုင်တယ်"
ချန်ချန်ရွှယ် ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်၏။
ဒီလိုကြည့်ရင် မဟာဝေ မင်းဆက်ရဲ့ ချန်မိသားစု အုပ်ချုပ်မှုက အပေါ်ယံမှာ သိပ်တည်ငြိမ်ပုံ ရပေမယ့် တကယ်တမ်းကျတော့ အမှောင်ထဲမှာ မမြင်ရတဲ့ အန္တရာယ်တွေ ပြည့်နက်နေပေသည်။
ထိုနေရာ၌ အဆိပ်ပြင်းတဲ့ မြွေတွေ ပုန်းခိုနေကြပြီး အချိန်မရွေး သူတို့ရဲ့ ထက်မြက်တဲ့ အစွယ်တွေကို ထုတ်ပြဖို့ အသင့်ဖြစ်နေကြပြီး အခွင့်အရေးရပါက သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုတစ်ခု ပေးပေလိမ့်မည်။
သူမ ရင်ဆိုင်နေရတဲ့ ပြဿနာက သာမန် မဟုတ်ဘူး ဆိုတာ ချန်ချန်ရွှယ် သဘောပေါက်လိုက်၏။ မဟာဝေ မင်းဆက်ရဲ့ မင်းသမီး တစ်ပါးဖြစ်ရာ သူမကို ကာကွယ်ပေးမယ့် လူအများကြီး ရှိနေရင်တောင်မှ ဒီလောက် ယုတ်မာတဲ့ လုပ်ကြံမှုမျိုးကို ရင်ဆိုင်ရတဲ့အခါ သူမ ကူကယ်ရာမဲ့ ဖြစ်နေရပြီး သေမယ့်ရက်ကို စောင့်နေရုံကလွဲပြီး မတတ်နိုင်ခဲ့ပေ။
"ငါ ဒီကိစ္စတွေကို ထပ်ပြီး စိတ်ပူရတော့မယ်..." ချန်ချန်ရွှယ် မျက်မှောင်ကြုတ်လိုက်ပြီး မနက်ဖြန် သူမရဲ့ သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝမှာ ဒီအကျပ်အတည်းကို ဘယ်လို ကိုင်တွယ်ရမလဲ စဉ်းစားနေခဲ့လေသည်။
...
တစ်ချိန်တည်းမှာပင်...
ချင်းဟယ် ခရိုင် တည်းခိုခန်း တစ်ခု၌....
ကျင်းရှင်း နန်းတော်က ကံဆိုးတဲ့ လူ (၃) ယောက်ဟာ ထိုမေရာသို့ ရောက်လာခဲ့ကြသည်။ ချင်းကျောက်၏ အခြေတည်အဆင့်ကို ချိုးဖျက်ဝင်ရောက်တာက တော်တော်လေး ကြီးမားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရာ ဂိုဏ်းကနေ ထွက်ပြေးလာတဲ့ သူတို့ ဂျူနီယာ ညီမလေး ဒီမှာ ရှိနေမှန်း သူတို့ သိလိုက်ရပြီး မရပ်မနား အပြေးအလွှား ရောက်လာကြခြင်းပင်။
သူတို့ (၃) ယောက်ဟာ သူတို့ရဲ့ မစ်ရှင်ကို မမေ့ပေ။ နန်းတော်သခင်မက သူတို့ကို အမိန့် ပေးထားခဲ့ပြီး ချင်းကျောက်ကို ကျင်းရှင်း နန်းတော်ဆီ ပြန်ခေါ်လာရပေမည်။ မဟုတ်ပါက သူတို့ (၃) ယောက် ဒုက္ခကြီးရောက်မည် ဖြစ်၏။
ထို့ကြောင့် နန်းတော်သခင်မရဲ့ အပြစ်ပေးတာ မခံရအောင် သူတို့ (၃) ယောက်ဟာ ချင်းကျောက်ကို အချိန်အကြာကြီး ရှာဖွေခဲ့ကြသည်။
နည်းလမ်းပေါင်းစုံ သုံးခဲ့ကြပေမဲ့ ရှာမတွေ့ခဲ့ကြရာ ချင်းကျောက် ချင်းဟယ် ခရိုင်ထဲမှာ မရှိတော့ဘူးလို့တောင် သူတို့ သံသယ ဝင်ခဲ့ကြလေသည်။
ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတာက ဒီနေ့ သူတို့ ဂျူနီယာ ညီမလေးကို ရှာတွေ့ခဲ့ပေပြီ။ အနည်းဆုံးတော့ ကောင်းကင်ဘုံက ကြိုးစားတဲ့သူတွေကို လစ်လျူမရှုဘူးဆိုတာ မှန်ပေသည်.......
'မလွယ်ကူလိုက်တာ..'
သူတို့ (၃) ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ထို့နောက် ချင်းကျောက် သူတို့ကို မတွေ့အောင် သူတို့ရဲ့ အရှိန်ဝါကို ထိန်းချုပ်လိုက်ကြသည်။
တစ်ယောက်က အပြင်ဘက်မှာ စောင့်နေပြီး အကယ်၍ ချင်းကျောက် ထပ်ထွက်ပြေးရင် သူ အမြန် လိုက်ဖမ်းနိုင်ဖို့ပင်။
ကျန်တဲ့ နှစ်ယောက်က တစ်ယောက်က အရှေ့တစ်ယောက်က အနောက်......
သူတို့ဟာ စိတ်လှုပ်ရှားစွာနဲ့ တည်းခိုခန်းထဲ ဝင်လာကြပြီး သူတို့အကြည့်တွေက နေရာတိုင်းကို မပြတ်မလပ် ရှာဖွေနေခဲ့ကြသည်။
"ဟိုမှာ" အနောက်က လျှောက်လာတဲ့ လူက အရှေ့က လူရဲ့ ကျောကို တို့လိုက်၏။ သူ တစ်ဖက်ကို ကြည့်ပြီး တိုးတိုးလေး ပြေလိုက်သည်။ "အဲဒါ ဂျူနီယာ ညီမလေး မဟုတ်လား"
အရှေ့ကလူ ကြောင်အသွားခဲ့ပြီး ခေါင်းလှည့်ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ "တကယ် ဟုတ်တာပဲ..."
သူတို့ ချင်းကျောက်ကို မြင်လိုက်တဲ့ အချိန်မှာပဲ ချင်းကျောက်ဟာလည်း သူတို့ကို မြင်လိိုက်လေသည်။ သို့သော် ချင်းကျောက် ထွက်မပြေးခဲ့ပေ။
ထိုအစား သူမ လက်ထဲက တူကို မြှောက်ပြလိုက်ပြီး အပြုံးတစ်ခု ထုတ်ဖော်ကာ ပြောလိုက်သည်။ "စီနီယာ အစ်ကို ယွမ်ဟယ်၊ စီနီယာ အစ်ကို ယွမ်လျန် မတွေ့တာ ကြာပြီနော်... စီနီယာ အစ်ကို ယွမ်ရှန်ရော ဘယ်မှာလဲ.... ဘာလို့ သူ့ကို မမြင်ရတာလဲ.... ဖြစ်နိုင်တာက သမီး ထွက်ပြေးမှာ စိုးလို့ အပြင်ဘက်မှာ စောင့်နေတာများလား"
ယွမ်ဟယ် "..."
ယွမ်လျန် "..."
ချင်းကျောက်ရဲ့ပေါ့ပေါ့ပါးပါး အပြုံးကို ကြည့်ပြီး သူတို့ အတွေးနက်မသွားဘဲ မနေနိုင်တော့ပေ။
သူတို့ (၃) ယောက်လုံး သူမကို ပင်ပင်ပန်းပန်း လိုက်ရှာနေခဲ့ရပြီး နောက်ဆုံးတော့ ဂျူနီယာ ညီမလေးက ဒီမှာ ပေါ်ပေါ်ထင်ထင် ထိုင်စားနေခဲ့လေသည်။
ထို့အပြင် ဂျူနီယာ ညီမလေးက သူမရဲ့ ခြေရာကို တမင်သက်သက် ဖုံးကွယ်ထားပုံ မရရာ ၎င်းက သူတို့က အရည်အချင်း မရှိလို့ သူမကို မရှာတွေ့နိုင်ခဲ့သလို ဖြစ်နေပေသည်။
ယွမ်ဟယ် ခါးသက်တဲ့ အပြုံးတစ်ခု ထုတ်ဖော်ပြီး ပြောလ်ုက်သည် - "ဂျူနီယာ ညီမလေး... ပြဿနာ မရှာပါနဲ့တော့.... နန်းတော်သခင်မက မင်းကို ကျင်းရှင်း နန်းတော်ဆီ ပြန်ခေါ်လာဖို့ ငါတို့ (၃) ယောက်ကို အမိန့်ပေးလိုက်တာ.... စီနီယာ အစ်ကိုတွေကို အခက်တွေ့အောင် မလုပ်ပါနဲ့တော့"
အနောက်မှာ ရှိနေတဲ့ ယွမ်လျန် က ထောက်ခံလိုက်၏။ "အကယ်၍ ငါတို့ မင်းကို ကျင်းရှင်း နန်းတော်ဆီ ပြန်မခေါ်သွားနိုင်ရင် နန်းတော်သခင်မက ငါတို့ (၃) ယောက်ကို သေချာပေါက် အပြစ်ပေးလိမ့်မယ်"
ချင်းကျောက် နှုတ်ခမ်းဆူလိုက်ပြီး မပျော်မရွှင် ညည်းတွားလိုက်သည်။"သမီးက ခဏလေး အပြင်ထွက်လာတာလေ...ဟုတ်တယ်မလား.... သူမက သမီးကို ပြန်ခေါ်သွားချင်နေတာပဲ"
သူမ လက်ကိုင်ပဝါ တစ်ထည် ထုတ်လိုက်ပြီး ပါးစပ်ကို သုတ်လိုက်သည်။
"ကောင်းပြီလေ.... ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ချန်ချန်ရွှယ် ဆိုတဲ့ မိန်းမကို စောင့်နေလို့ မဖြစ်တော့ဘူး.... အဲဒီမိန်းမက ဝိညာဉ်ဓားဂိုဏ်းဆီ ပြန်ပြေးသွားပြီတဲ့... ဟမ့် သမီးကို ကြောက်လို့ နေမှာပေါ့"
"ဒီလိုဆိုမှတော့... ချင်းဟယ် ခရိုင်မှာ နေလည်း ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး.... ပြန်ကြတာပေါ့"
ချင်းကျောက်၏ စကားတို့ကြောင့် ယွမ်ဟယ် နဲ့ ယွမ်လျန်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။
…