အခန်း ၇၀ : ကြေးဝါရောင် မျက်နှာဖုံး
"ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မရဲ့ မသေမျိုးကျင့်ကြံခြင်း ဘဝ သရုပ်ဖော်မှု အသစ်က အရင်ကထက် ပိုစိတ်ချရမယ့်ပုံပဲ.... ဝိညာဉ် ကူးပြောင်းခြင်းကြောင့် သူမက အသက် (၁၂) နှစ် ရောက်မှ ကျင့်ကြံခြင်းကို စတင်ခဲ့ရလို့ စမှတ်က နည်းနည်း နောက်ကျနေပေမယ့်ပေါ့"
"ဒါပေမဲ့ သူမရဲ့ အထူးအဆင့်အတန်းကြောင့် ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ပိုရနိုင်ခဲ့သလို ဒါနဲ့ ပတ်သက်ပြီး ဘာအန္တရာယ်မှလည်း မရှိခဲ့ဘူး... သူမကို ကာကွယ်ပေးမယ့် လူတွေတောင် ရှိနေသေးတယ်"
"ဒီအချက် (၂) ချက်က ကျင့်ကြံခြင်း နောက်ကျမှ စတင်ရတဲ့ အားနည်းချက်ကို ပါးနပ်စွာ ဖြည့်ဆည်းပေးလိုက်တာပဲ"
ချင်းဟယ် ခရိုင်....
ချန်ချန်ရွှယ်ရဲ့ တိုတောင်းလှတဲ့ (၃) လတာ အတွေ့အကြုံက ပိုင်ယီရဲ့ မျက်စိထဲမှာ ဆလိုက်ရှိုးလို ဖြတ်သန်းသွားခဲ့သည်။ စက္ကန့် (၃၀) တောင် မကြာခင်မှာပဲ သူဟာ အားလုံးကို ကြည့်လို့ ပြီးသွားခဲ့၏။
အမြဲတမ်း ကံဆိုးတတ်တဲ့ သူတော်စင်မက နောက်ဆုံးတော့ ကံနည်းနည်း ကောင်းလာခဲ့ပေပြီ။ ဒါပေမဲ့... သူမ ရွေးချယ်လိုက်တဲ့ မွေးရာပါ ပါရမီတွေက လက်တွေ့ကျရဲ့လားပင်။
အကယ်၍ ပိုင်ယီ ကိုယ်တိုင် ရွေးချယ်ရမယ် ဆိုရင် သူ့ကို ကောင်းကင်ပေါ် ပျံတက်သွားစေနိုင်တဲ့ မြင့်မြတ်သော အလင်း တုတ်တံကို သေချာပေါက် ရွေးချယ်မိမည်ပင်။
ဝမ်းနည်းစရာ ကောင်းတာက...
ချန်ချန်ရွှယ်က ဒါက ဘာအဓိပ္ပာယ်လဲ ဆိုတာ မသိသလို ပါရမီ အသစ် အများစုကို သူမ နားမလည်ပါချေ။
ထို့ကြောင့် သူမ လွဲချော်သွားခဲ့ရပေသည်။
ပိုင်ယီရဲ့ ဆက်လက် အာရုံစိုက်မှုနဲ့အတူ ချန်ချန်ရွှယ်ရဲ့ ဘဝက စာအုပ်တစ်အုပ်လို တစ်မျက်နှာပြီး တစ်မျက်နှာ စတင် လှန်လှောလာခဲ့သည်။
[အသက် ၁၃ နှစ် - ချန်ချန်ရွှယ် ချီစုစည်းမှု အဆင့် (၂) သို့ ချိုးဖျက်ဝင်ရောက်ခဲ့သည်။ သူမ၏ ထူးချွန်သော မသေမျိုးကျင့်ကြံခြင်းကို သူမကို သင်ကြားပေးသော ဆရာကို အံ့အားသင့်စေခဲ့သည်။ တစ်နှစ် အတွင်းမှာတင် သူမ ကျင့်ကြံမှု အဆင့် (၂) ဆင့်အား ချိုးဖျက်နိုင်ခဲ့သည်။ ဆရာဖြစ်သူက လက်ရှိ ချန်ချန်ရွှယ်သည် မဟာဝေ မင်းဆက်၏ လက်ရှိ ဧကရာဇ်မင်းမြတ် ငယ်စဉ်က မွေးရာပါ ပါရမီနှင့် တူညီသည်ဟု ချီးကျူးခဲ့သည်။]
[အသက် ၁၄ နှစ် - ချန်ချန်ရွှယ်ဟာ မဟာဝေ နန်းတော်၏ ရတနာဆောင်သို့ ဝင်ရောက်ခဲ့သည်။ သူမ၏ ဖခင်က သူမအား ဝိညာဉ်လက်နက် (၃) မျိုး ရွေးချယ်ခွင့် ပေးခဲ့သည်။ ချန်ချန်ရွှယ်က အရည်အသွေးမြင့် ဝိညာဉ်ဓား တစ်လက်၊ အံ့မခန်း ကာကွယ်မှု ပေးစွမ်းနိုင်သော ကိုယ်ကျပ် အတွင်းဝတ် သံချပ်ကာတစ်ထည်နှင့် ထောင့်တစ်နေရာတွင် သူမ တွေ့ရှိခဲ့သော မျက်နှာဖုံး တစ်ခုတို့ကို ရွေးချယ်ခဲ့သည်။]
...
နန်းတော်၏ ရတနာဆောင် အတွင်း...
သူမ ရွေးချယ်ခဲ့သော မွေးရာပါ ပါရမီ (၃) ခု အနက်မှ တစ်ခု ဖြစ်သည့် နက်နဲထူးဆန်းသော မျက်နှာဖုံးများသည် သူမရှေ့တွင် ဤပုံစံဖြင့် ပေါ်လာလိမ့်မည်ဟု ချန်ချန်ရွှယ် မမျှော်လင့်ထားခဲ့ပေ။
၎င်းသည် ရတနာဆောင်၏ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ လဲလျောင်းနေပြီး ကြည့်ရတာ အလွန် သန့်ရှင်းနေသော်လည်း အချိန်အကြာကြီး မည်သူမျှ မကိုင်တွယ်ခဲ့ကြောင်း ချန်ချန်ရွှယ် မြင်နေခဲ့ရသည်။
ဖြစ်နိုင်တာက ဒါကို ထားခဲ့တဲ့ လူတောင်မှ ဒီမျက်နှာဖုံးရဲ့ အသုံးဝင်ပုံကို သိချင်မှ သိလောက်ပေမည်။
ချန်ချန်ရွှယ် သူမလက်ထဲက နက်နဲထူးဆန်းသော မျက်နှာဖုံးကို ဂရုတစိုက် ကြည့်လိုက်၏။
မျက်နှာဖုံးက ရိုးရှင်းပုံရသလို အလွန်လည်း ထူးဆန်းနေခဲ့ပေသည်။
မျက်နှာဖုံးက ကြေးဝါပစ္စည်းနဲ့ ပြုလုပ်ထားပြီး အလွန် မာကျောသည်။
ချန်ချန်ရွှယ် ချီစုစည်းမှု အဆင့် (၂) ကျင့်ကြံသူ တစ်ယောက် အနေနဲ့ သူမရဲ့ အင်အားအပြည့်အဝကို အသုံးပြုခဲ့သည်။ ဒါပေမဲ့ သူမ အနည်းငယ်မျှတောင် ပျက်စီးအောင် မလုပ်နိုင်ခဲ့ပဲ ထိုအစား ဒါက သူမလက်ကို နာကျင်စေခဲ့လေသည်။
"ကြည့်ရတာ ငိုနေသလို ရယ်နေသလိုပဲ.... သရဲမျက်နှာနဲ့ တူတယ်..." မျက်နှာဖုံးရဲ့ ပုံစံနဲ့ ပတ်သက်ပြီး ချန်ချန်ရွှယ် မှတ်ချက်ပေးလိုက်၏။
"ထူးဆန်းတယ်..."
ချန်ချန်ရွှယ် မျက်မှောင်ကြုတ်လိုက်သည်။ မာကျောတာကလွဲရင် ကျန်တာ ဘာမှ ထူးခြားပုံ မရပေ။
ဖြစ်နိုင်တာက ဒီတစ်ခါ သူမ အသုံးမဝင်တဲ့ မွေးရာပါ ပါရမီ တစ်ခု ရွေးချယ်မိလိုက်သည်လော.....
ချန်ချန်ရွှယ် မျက်နှာဖုံးကို ယူပြီး ရတနာဆောင်ကို စောင့်ကြပ်နေတဲ့ အဘိုးအို တစ်ယောက်ကို သွားရှာလိုက်၏။
ပြောကြတာတော့ အဘိုးအိုက အရင်တုန်းက မဟာဝေ မင်းဆက်ရဲ့ အရာရှိဟောင်း တစ်ယောက် ဖြစ်ခဲ့ဖူးသည်တဲ့။
နောက်ပိုင်းကျမှ သူ ရာထူးက နှုတ်ထွက်ပြီး ရတနာဆောင်ကို စောင့်ကြပ်ဖို့ မိမိဆန္ဒအလျောက် တာဝန်ယူခဲ့လေသည်။
"အဘိုး..." ချန်ချန်ရွှယ် မေးလိုက်သည်။"ဒီဝိညာဉ်ပစ္စည်းအကြောင်း တစ်ခုခု သိလား..."
အဘိုးအို တစ်ချက်ကြည့်လိုက်ပြီး ခဏလောက် ပြန်စဉ်းစားလိုက်ကာ ခေါင်းခါပြီး ပြောလိုက်၏။"အရှင်မင်းသမီး... ဒီပစ္စည်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်တုန်းက ရတနာဆောင်ထဲ ထည့်ထားခဲ့တာ... ဒါပေမဲ့ ဘယ်သူ ထည့်ခဲ့လဲ ဆိုတာ ကျွန်တော်မျိုးတို့ မသိရပါဘူး... မှတ်တမ်းလည်း မရှိပါဘူး"
"တစ်ခုတည်းသော မှတ်တမ်းကတော့... ဒီပစ္စည်းက အလွန် မာကျောပြီး သူ့ရဲ့ ကုန်ကြမ်းပစ္စည်းက နက်နဲပြီး ထူးခြားတယ်.... ဝိညာဉ် ဖွဲ့စည်းမှု အဆင့်ကျင့်ကြံသူ တစ်ယောက်တောင် ဒါကို မချိုးဖျက်နိုင်ဘူးတဲ့"
သူ ခဏလောက် ရပ်နားပြီး ကြင်နာစွာ သတိပေးလိုက်သည်။"အရှင်မင်းသမီး... အကယ်၍ ဝိညာဉ်လက်နက် ရွေးချယ်ချင်တယ် ဆိုရင် ဒီအသုံးမဝင်တဲ့ ပစ္စည်းကို ရွေးစရာ မလိုပါဘူး"
"ဒါ့အပြင် ဒီလို မှတ်တမ်းမရှိတဲ့ ပစ္စည်းတွေက အန္တရာယ် အတိုင်းအတာ တစ်ခုခုနဲ့အတူ လာတတ်ပါတယ်"
ချန်ချန်ရွှယ် အတွေးနက်သွား၏။ 'မှတ်တမ်း အများကြီးတောင် မရှိဘူးလား...'
'ဖြစ်နိုင်တာက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က အချိန်စွမ်းအားကို အသုံးပြုလိုက်တာလား...
ပြီးတော့ နှစ်ပေါင်း တစ်ထောင် အကြာမှာ သူမ လာယူမယ့် အချိန်ကို စောင့်ဆိုင်းဖို့ ဒီပစ္စည်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်တုန်းက ရတနာခန်းထဲ ထည့်ထားပေးခဲ့တာလား....'
'ရှူး....
ဒါက ဘယ်လို စွမ်းအားမျိုးလဲ...'
ချန်ချန်ရွှယ် သူမရင်ထဲက တုန်လှုပ်မှုကို ဖိနှိပ်ထားလိုက်ပြီး မှိန်ဖျဖျ အပြုံးတစ်ခု ထုတ်ဖော်လိုက်၏။ "ကျွန်မ ဒါကို လိုချင်တယ်...."
ဒီနက်နဲထူးဆန်းသော မျက်နှာဖုံးထဲမှာ လျှို့ဝှက်ချက် တစ်ခု သေချာပေါက် ပါဝင်နေတယ်လို့ သူမ ခံစားရပေသည်။ ဒီလျှို့ဝှက်ချက်ကို ဘယ်လို တူးဖော်ရမလဲဆိုတာကတော့ သူမ ဆက်လက် ကြိုးစားကြည့်ရုံပဲ ရှိတော့ပေသည်။
ထို့အပြင် သူမမှာ အချိန်တွေ အများကြီး ရှိသလိုအားအင်တွေ အများကြီးလည်း ရှိသေးလေသည်။
[အသက် ၁၅ နှစ် - သင်သည် ချီစုစည်းမှု အဆင့် (၄) သို့ ရောက်ရှိနေပေပြီ။ ဤမျှ မြန်ဆန်သော ကျင့်ကြံမှု နှုန်းထားက သင့်ဖခင်ကိုပင် မတည်ငြိမ်နိုင်အောင် ဖြစ်စေခဲ့သည်။ သင့်အခြေခံ အုတ်မြစ်မခိုင်မာဘဲ ဖြစ်သွားမည် စိုးသဖြင့် ကျင့်ကြံရာတွင် သိပ်လောမကြီးရန် သူ ကိုယ်တိုင် သတိပေးခဲ့သည်။ သို့သော် သင့်အခြေခံ အုတ်မြစ်က ခွေးအိုကြီး တစ်ကောင်ကဲ့သို့ တည်ငြိမ်နေကြောင်း သူ ရုတ်တရက် တွေ့ရှိလိုက်ရပြီး အတွေးနက်သွားခဲ့သည်။]
[အသက် ၁၆ နှစ် - မတော်တဆမှု တစ်ခုကြောင့် နန်းတွင်း အပျိုတော် နှစ်ဦး၏ တီးတိုးပြောဆိုသံမှ တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက် တစ်ခုကို သင် သိရှိလိုက်ရသည်။ သင်သည် နန်းတော် အတွင်း၌ မွေးဖွားခဲ့ခြင်း မဟုတ်ဘဲ အသက် (၈) နှစ် အရွယ်တွင် မဟာဝေ ဧကရာဇ်မင်းမြတ် ပြန်ခေါ်လာခဲ့ခြင်း ဖြစ်သည်။]
[နန်းတွင်း အပျိုတော်များ၏ တီးတိုးပြောဆိုသံကို မကြားလိုက်သလို သင် ဟန်ဆောင်ခဲ့သော်လည်း နောက်တစ်နေ့တွင် နန်းတော် အတွင်းရှိ သန့်ရှင်းရေး မလုပ်ရသေးသော ရေတွင်းခြောက်တစ်ခုထဲတွင် သွေးအိုင် နှစ်အိုင်ကို သင် တွေ့ရှိလိုက်ရသည်။ နန်းတွင်း အပျိုတော် နှစ်ဦး ပျောက်ဆုံးနေခဲ့သည်။]
[တစ်ခုခု မှားယွင်းနေကြောင်း သင် အာရုံခံမိလိုက်သည်။ ပါရမီ (၁) ဖြစ်သည့် မာကျောရက်စက်သော လူကြမ်းကြီးသည် အကျိုးသက်ရောက်မှု ရှိလာပုံ ရသည်။ သို့သော် အမှောင်ထဲတွင် မည်သူ လုပ်ဆောင်လိုက်သည်ကို သင် မသိရပေ။]
[တစ်ဖက်လူ၏ ရည်မှန်းချက်က မည်သည် ဖြစ်ကြောင်း သင် မသိရပေ။]
[...]
ဒီနေ့ မဟာဝေ နန်းတော် အတွင်းက လေထု အခြေအနေက လေးလံနေပြီး လူတွေကို အသက်ရှူရ ခက်ခဲစေခဲ့သည်။ နန်းတော်ထဲက လူတိုင်းနီးပါး တုန်လှုပ်နေခဲ့ကြသည်။
ဘာလို့လဲဆိုတော့ မဟာဝေ ဧကရာဇ်မင်းမြတ် ချန်ဖုန်းယင်ဒေါသထွက်နေလို့ပင်။ ဧကရာဇ်မင်းမြတ် ဒေါသထွက်ရင် တစ်ယောက်ယောက် သေရပေတော့မည်။
သူ ဒေါသထွက်ရတဲ့ အကြောင်းရင်းက သိပ်ရိုးရှင်းကာ နန်းတော်ထဲမှာ သေဆုံးသွားတဲ့ နန်းတွင်း အပျိုတော်တွေ ရှိလို့ပင်။
ပြီးတော့ သူတို့က နှစ်ယောက်ဖြစ်၏။
ဒီနန်းတွင်း အပျိုတော် နှစ်ယောက်စလုံးက ချီစုစည်းမှု အဆင့် ကျင့်ကြံသူတွေ ဖြစ်ပြီး သူတို့က ချန်ချန်ရွှယ်ရဲ့ နေ့စဉ်ဘဝကို ဂရုစိုက်ပေးခဲ့သူတွေဖြစ်ကာ နန်းတွင်း အပျိုတော် နှစ်ယောက်က ချန်ချန်ရွှယ်ရဲ့ နန်းဆောင်မှာ မကြာခဏ အလုပ်လုပ်လေ့ရှိပေသည်။
ပြီးတော့ သူတို့ သေဆုံးသွားကြ၏။
ရေတွင်းခြောက်ထဲမှာ သွေးအိုင် နှစ်အိုင်ပဲ ကျန်ခဲ့ပြီး သူတို့ရဲ့ အလောင်းတွေတောင် ပျောက်ကွယ်သွားခဲ့သည်။
ဒီလောက်များတဲ့ ကျင့်ကြံသူတွေရဲ့ မျက်စိအောက်မှာ ချန်ချန်ရွှယ် ဘေးနားက နန်းတွင်း အပျိုတော် နှစ်ယောက်ကို သတ်ဖြတ်နိုင်တယ် ဆိုတော့ သူက ချန်ချန်ရွှယ်ကိုလည်း အလွယ်တကူ သတ်ဖြတ်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပင်။
ချန်ဖုန်းယင်က မဟာဝေ ဧကရာဇ်မင်းမြတ် ဖြစ်ရုံသာမက ဒီဘဝမှာ ချန်ချန်ရွှယ်ရဲ့ ဖခင်လည်း ဖြစ်၏။
ထို့ကြောင့် သူ့သမီးတော် တစ်ခုခု ဖြစ်သွားမှာ သူ သဘာဝကျကျ စိုးရိမ်မိပြီး ဒီလိုကိစ္စမျိုး ဖြစ်ပျက်လာတဲ့အခါ သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
"ချန်နင်... မင်းဘေးနားက အစောင့်တွေနဲ့ နန်းတွင်း အပျိုတော်တွေ အားလုံးကို တခြားလူတစ်စုနဲ့ အစားထိုးဖို့ ငါ အမိန့်ပေးပြီးပြီ.... ဒီလူတွေကို ငါ သေသေချာချာ ရွေးချယ်ထားတာ.... သူတို့ရဲ့ ကျင့်ကြံမှုက သာမန် မဟုတ်သလို သူတို့က လုံးဝ သစ္စာရှိတယ်"
ချန်ဖုန်းယင် ချန်ချန်ရွှယ်ကို ပြောလိုက်သည်။ "အနာဂတ်မှာ ဒီလိုကိစ္စမျိုး ထပ်ကြုံရရင် ချက်ချင်း ငါ့ကို ပြောပြဖို့ သတိရပါ... နန်းတော်က မအေးချမ်းဘူး ငါတောင်မှ လူတချို့ရဲ့ အတွင်းစိတ်ကို ထိုးဖောက်မမြင်နိုင်ဘူး"
ချန်ချန်ရွှယ် ခဏလောက် တွန့်ဆုတ်နေပြီး ပြောလိုက်၏။"ခမည်းတော်... ဘာလို့ သူတို့က အဲဒီ နန်းတွင်း အပျိုတော် နှစ်ယောက်ကို တိုက်ခိုက်လိုက်တာလဲ ဆိုတာ သမီး အကြမ်းဖျင်း သိပါတယ်"
ချန်ဖုန်းယင် လန့်ဖျပ်သွားပြီး သူ့မျက်နှာထား အေးခဲသွားခဲ့သည်။ "ပြောစမ်း"
"အဲဒီ နန်းတွင်း အပျိုတော် နှစ်ယောက် သီးသန့် တီးတိုးပြောနေကြတာ သမီး တစ်ခါ ကြားဖူးတယ်... သမီးကို ခမည်းတော် ပြန်ခေါ်လာခဲ့တာ ဆိုပြီးလေ"
ချန်ချန်ရွှယ် တိုးတိုးလေး ပြောလိုက်သည်။
ချန်ဖုန်းယင် ခဏလောက် တိတ်ဆိတ်သွားပြီး ပြောလိုက်၏။ "မင်း အဲဒီ မှတ်ဉာဏ်ကို မေ့သွားပြီး ဒီအကြောင်း မသိခဲ့ဘူး... သူတို့ ပြောတာ အမှန်တရားပါပဲ... ဟိုတုန်းက မင်းအမေကို ငါ တစ်ခုခု လုပ်ခဲ့မိတယ် ဒါပေမဲ့ သူမ ငါ့နောက်ကို မလိုက်ချင်ခဲ့ဘူး.... ဒါနဲ့ သူမကို ကာကွယ်ပေးဖို့ ငါ လူလွှတ်ထားခဲ့တာ"
"မင်းကိုလည်း နန်းတော် ပြင်ပမှာ မွေးဖွားခဲ့တာ... ငါ သိလိုက်တဲ့ အချိန်ကျတော့ သီးကိုပြန်ခေါ်ဖို့ နန်းတော်က အရာအားလုံးကို လျစ်လျူရှုထားလိုက်တယ်..."
"ဘယ်သူ သိမှာလဲ... မင်း အသက် (၈) နှစ် အရွယ်မှာ..."
...