အခန်း ၇ : ရွေးချယ်ခံလူသားနှင့် ပထမဆုံး တွေ့ဆုံခြင်း
ဆေးဆိုင်အတွင်း၌...
ဆိုင်ရှင် လျူအိုကြီးဟာ ဆေးပညာ တတ်ကျွမ်းသူ တစ်ဦးဖြစ်ပြီး သူဟာ ပိုင်ယီ၏ လက်ကို ကိုင်ကြည့်ပြီး စူးစမ်းနေခဲ့၏။ ထို့နောက် မနေနိုင်ဘဲ မေးလိုက်သည်။ "သခင်လေးပိုင်... သခင်လေးရဲ့ လက်က ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာလဲ"
ပိုင်ယီ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "မတော်တဆ ဝင်ဆောင့်မိသွားလို့ပါ"
"ဝင်ဆောင့်မိတာ..."
လျူအိုကြီး၏ မျက်နှာထားက အနည်းငယ် ထူးဆန်းသွားခဲ့သည်။ ဝင်ဆောင့်မိရုံနဲ့ ဒီလောက်အထိ ထိခိုက်ဒဏ်ရာ ရနိုင်မည်မဟုတ်ပေ။
၎င်းက တစ်ယောက်ယောက်က တူနဲ့ ထုထားတာနဲ့ ပိုတူနေသလိုပင်။
ဒါပေမဲ့... ထူးဆန်းတာ တစ်ခုတော့ ရှိသေးပေသည်။
အပေါ်ယံ ကြည့်ရင် တော်တော် ပြင်းထန်ပုံရပေမယ့် သေချာကြည့်လိုက်တော့ အပေါ်ယံ အရေပြား ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရှိနေခြင်းပင်။ အထဲက အရိုးတွေ လုံးဝ မထိခိုက်ထားခဲ့ပေ။ လျူအိုကြီးက ဆေးကုလာတာ ဆယ်စုနှစ်နဲ့ချီနေပြီ ၎င်းက သူအား အလွန် သိချင်စိတ် ပြင်းပြနေစေခဲ့သည်။ ဒီလက်အာူ ခွဲစိတ်ပြီး သေချာ လေ့လာကြည့်ချင်စိတ်တောင် ပေါက်နေခဲ့လေသည်။
လျူအိုကြီး၏ အကြည့်တွေကို မခံနိုင်တော့တဲ့ ပိုင်ယီဟာ သူ့လက်အား အမြန် ပြန်ရုတ်လိုက်လေသည်။
ပိုင်ယီဟာ လျူအိုကြီးအား သတိထားပြီး ကြည့်လိုက်ပြီး ဒီလျူအိုကြီးက သူ့အ တစ်ခုခု မဟုတ်တာလုပ်မည်အား စိုးရိမ်သွားခဲ့၏။။
ပိုင်ယီဟာ မနေနိုင်တော့ပဲ ပြောလိုက်သည်။ "လျူအိုကြီး... ခင်ဗျား ကျွန်တော့်ကို ဆေးပေးရင် ပေးလိုက်တော့လေ"
လျူအိုကြီးက ပိုင်ယီအား လွှတ်ပေးချင်ပုံ မရပေမယ့် နောက်ဆုံးတော့ ပြောလိုက်၏။ "ကောင်းပါပြီ... ကျွန်တော် သခင်လေးပိုင် အတွက် လိမ်းဆေး တစ်မျိုး ပေးလိုက်ပါ့မယ်... ပြန်ရောက်ရင် တစ်နေ့ သုံးကြိမ် လိမ်းပေးရုံပါပဲ... ဒဏ်ရာ မပျောက်ခင်တော့ အစပ်တွေ လျှော့စားပါ"
လျူအိုကြီးဟာ ဆေးသွားယူဖို့အတွက် ဆေးခန်းထဲ ဝင်သွားတာကို ကြည့်ပြီး ပိုင်ယီဟာ သူ့၏ နီရဲကာ ရောင်ရမ်းနေသည့် လက်ဝါးအား ပြန်ကြည့်လိုက်ကာ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်သွားခဲ့လေသည်။
မာကျောတဲ့ သစ်သားစားပွဲကို အားကုန် ရိုက်ချလိုက်တဲ့ အခိုက်အတန့်မှာ သစ်သားစားပွဲက သူ့အား သင်ခန်းစာ ပေးလိုက်သလိုပါပင်။ ကျင့်ကြံခြင်းလောကမှာလည်း နယူတန်ရဲ့ တတိယနိယာမက သက်ရောက်မှု ရှိတယ် ဆိုတာပင်။
တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နာကျင်စေခဲ့ကြတာ အမှန်ပါပင်။
ဒီလို တွေးနေတုန်း သင်းပျံ့တဲ့ ရနံ့တစ်ခုက နှာခေါင်းထဲ တိုးဝင်လာပြီး ဆေးဆိုင်ထဲက ဆေးမြစ်နံ့တွေနဲ့ ရောနှောသွားခဲ့လေသည်။
ပိုင်ယီဟာ ဘာအနံ့မှန်း ခွဲခြားမရပေ။ ပန်းနံ့လား ဒါမှမဟုတ် ကိုယ်တိုက်ဆပ်ပြာနံ့လားမသိချေ။
'ချီး..ပေါက်ကရ ဒီကျင့်ကြံခြင်းလောကမှာ ဘယ်က ကိုယ်တိုက်ဆပ်ပြာ ရှိမှာလဲ..'
ရုတ်တရက် ရင်းနှီးနေတဲ့ အသံတစ်ခုက နောက်ကျောဘက်က ထွက်ပေါ်လာခဲ့သည်။ "ရှင့်လက်ကို ကျွန်မ ကြည့်လို့ ရမလား"
မိန်းကလေးတစ်ယောက်၏ အသံဖြစ်ကာ ပြတ်သားပြီး သာယာနာပျော်ဖွယ် ကောင်းလှသလို နားထောင်လို့လည်း ကောင်းလေသည်။
ပိုင်ယီဟာ အံ့သြစွာ လှည့်ကြည့်လိုက်ရာ သေသေချာချာ ဖန်တီးထားသည့် 3D ဇာတ်ကောင်လေးလို လှပတဲ့ မိန်းမလှလေး တစ်ယောက်ကို တွေ့လိုက်ရ၏။
ဒါပေမဲ့ အကြီးမားဆုံး ပြဿနာက... ဒီမျက်နှာ၊ ဒီလူအား သူဟာ အရင်က မြင်ဖူးသိလု မှတ်လည်းမှတ်မိပေသည်။
ထိုသူက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မ... ချန်ချန်ရွှယ်ပင်.....
'သူမ ဘာလို့ ဒီရောက်နေတာလဲ... တိုက်ဆိုင်လိုက်တာ'
သူမက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲကနေ ထွက်လာတာ မကြာသေးဘူးလေ... ကောင်းကောင်း အနားယူဖို့ မလိုဘူးလား... ပြီးတော့ ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မ အနေနဲ့ အပြင်ထွက် လမ်းလျှောက်နေတာလား...'
ပိုင်ယီဟာ ဒီခရိုင်မြို့ကြီးထဲ ဆေးထွက်ဝယ်ရင်းနဲ့ သူရွေးချယ်ထားသည့် အရွေးချယ်ခံလူသားနဲ့ တွေ့လိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးပေ။
ပိုမှန်အောင် ပြောရရင်... ချန်ချန်ရွှယ်က သူ့အား စတင်ရှာဖွေခဲ့တာ ဖြစ်၏။
ဒါ့အပြင် ချန်ချန်ရွှယ်ဟာ ဘာလိုချင်လဲ ဆိုတာကိုလည်း ပိုင်ယီဟာ သိချင်နေမိခဲ့သည်။
"ကျွန်တော့်လက်..." ပိုင်ယီဟာ နည်းနည်း စိတ်ရှုပ်သွားခဲ့သည်။
ချန်ချန်ရွှယ်က မျက်လုံးထဲက အံ့သြမှုကို ဖုံးကွယ်ထားပြီး ခေါင်းအနည်းငယ် ညိတ်ပြလိုက်လေသည်။
"ဟင့်အင်း"
ပိုင်ယီဟာ သရုပ်ဖော် စနစ်ထဲမှာ သေနည်းပေါင်းစုံ ကြုံတွေ့ခဲ့ရပြီးပြီမို့ ကိစ္စတိုင်းမှာ သတိထားဖို့ သင်ယူထားခဲ့ပေသည်။ ချန်ချန်ရွှယ်ကို မြင်လိုက်တာနဲ့ သူ့စိတ်ထဲက သတိထားမှု အဆင့်အား အမြင့်ဆုံး တင်လိုက်ပြီးသား ဖြစ်၏။
အထူးသဖြင့် သူ့ရဲ့ ရွေးချယ်ခံလူသားက ဒီလို ထူးဆန်းတဲ့ တောင်းဆိုမှု လုပ်လာတဲ့အခါ ပိုသတိထားရပေမည်။ သူဟာ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်၏။ "ကျွန်တော် ခင်ဗျားကို မသိဘူး"
သူ ထပ်ပြီး ဖြည့်ပြောလိုက်သေးသည်။ "ကျွန်တော်က မိန်းမတွေနဲ့ ဓာတ်မတည့်ဘူးဗျ"
ထိုစကားတို့ကြောင့် ချန်ချန်ရွှယ်ဟာ စကားမပြောနိုင်တော့ပေ။
သူဟာ ဒီလို အူကြောင်ကြောင် အကြောင်းပြချက်များကို ဘယ်လိုများ စဉ်းစားမိသည်နည်း။
ဒီအချိန်မှာ ဆေးဆိုင်ပိုင်ရှင် လျူအိုကြီးက လိမ်းဆေးပုလင်းကို ကိုင်ပြီး ထွက်လာခဲ့ကာ လမ်းလျှောက်ရင်း ပြောလိုက်၏။ "သခင်လေးပိုင်... ဒီလိမ်းဆေးက နည်းနည်း ပြင်းတယ်...စိတ်လှုပ်ရှားမှု ရချင်လို့ မလိမ်းသင့်တဲ့ နေရာတွေကို သွားမလိမ်းနဲ့အုံးနော်"
"လမ်းတစ်ဖက်ခြမ်းက ပြည့်တန်ဆာအိမ် သွားလေ့ရှိတဲ့ အဘိုးကြီးကို မှတ်မိလား... လွန်ခဲ့တဲ့ တစ်လလောက်က အဲဒီလူ ဒဏ်ရာရလာလို့ ကျွန်တော် လိမ်းဆေး ပေးလိုက်တယ်လေ... နောက်ဆုံးကျတော့ အဲဒီလူက သူ့ရဲ့ လျှို့ဝှက်နေရာမှာ သွားလိမ်းမိလို့ သေလုနီးပါး ဖြစ်သွားတယ်ဗျာ"
"နောက်ဆုံးတော့ တစ်လလုံးလုံး ရောင်ရမ်းနေခဲ့ရတာ"
"သူက ပြည့်တန်ဆာမလေး တစ်ယောက်ကိုတောင် ဒုက္ခပေးလိုက်သေးတယ်ဗျ"
"ကျွန်တော် ဆိုလိုတာက အဲဒီ အဘိုးကြီးက... ဟေ..."
လျူအိုကြီးက ပိုင်ယီ ဘေးမှာ နောက်ထပ် ဖောက်သည်တစ်ယောက် ရပ်နေတာကို ရုတ်တရက် သတိထားမိသွားခဲ့သည်။
သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ လှလိုက်တာပင်။
ဒုတိယ တုံ့ပြန်မှုကတော့ မသေမျိုးကျင့်ကြံသူ....
မသေမျိုးကျင့်ကြံသူတွေနဲ့ သာမန်လူတွေကြားမှာ ကိုယ်ရောင်ကိုယ်ဝါချင်း အများကြီး ကွာခြားပေသည်။ ပုံမှန်အားဖြင့် မျက်စိလျင်တဲ့သူတွေက ဘယ်သူက မသေမျိုးကျင့်ကြံသူ ဘယ်သူက သာမန်လူ ဆိုတာ ခွဲခြားသိမြင်နိုင်ကြလေသည်။
မသေမျိုးကျင့်ကြံသူ အနည်းစုလောက်သာ သူတို့ရဲ့ ထူးခြားတဲ့ ကိုယ်ရောင်ကိုယ်ဝါအား တမင် ဖုံးကွယ်ထားပြီး သာမန်လူနဲ့ တူအောင် နေတတ်ကြသည်။
သာမန်လူတွေကရော မသေမျိုးကျင့်ကြံသူတွေလို ကိုယ်ရောင်ကိုယ်ဝါ ထုတ်လို့ရလား ဆိုရင်တော့...
လုံးဝမဖြစ်နိုင်ပါပေ။
ဒါကြောင့် လျူအိုကြီးရဲ့ တတိယ တုံ့ပြန်မှုကတော့ ဒီနေ့ ဖောက်သည်ကြီး လာပြီဟေ့ပင်။
မသေမျိုးကျင့်ကြံသူတွေက ပုံမှန်အားဖြင့် အလွန် ရက်ရောကြလေသည်။
ဒါက သာမန်လောကမှာ လူတိုင်း အသိအမှတ်ပြုထားတဲ့ အချက်ပင်။
"နတ်သမီးလေး... ဘယ်လို ဆေးမြစ်မျိုး ဝယ်ချင်လို့ပါလဲ... ကျွန်တော့်ဆေးဆိုင်က ချင်းဟယ် ခရိုင်မှာ တော်တော် နာမည်ကြီးပါတယ်... ဆေးလုံးဖော်စပ်ရာမှာ သုံးလို့ရတဲ့ ဝိညာဉ်ဆေးမြစ်တွေလို အထူးဆေးမြစ်တွေလည်း ရှိပါတယ်ဗျ"
လျူအိုကြီးဟာ လက်ပွတ်ရင်း မေးလိုက်၏။
"မလိုပါဘူး"
ချန်ချန်ရွှယ်ဟာ ပိုင်ယီကို ကြည့်လိုက်၏။ သူမဟာ အတင်းအဓမ္မ မလုပ်လိုပေ။ ထို့ကြောင့် ပိုင်ယီအား မျက်နှာချင်းဆိုင်ပြီး ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။ "ရှင့်ခန္ဓာကိုယ်ထဲက အတွင်းအားက ကျွန်မကို ရင်းနှီးနေသလို ခံစားရစေတယ်.. ရှင်က မိန်းမတွေနဲ့ ဓာတ်မတည့်ဘူး ဆိုတော့ ရှင့်ရဲ့ အတွင်းအားကို လှုပ်ရှားပေးပြီး ကျွန်မကို တစ်ချက်လောက် ကြည့်ခွင့်ပေးပါ"
ဒါကို ကြားတော့မှ ပိုင်ယီ နားလည်သွားခဲ့သည်။ ဘာလို့ ဒီရွေးချယ်ခံလူသားက သူ့ကို စတင်ရှာဖွေရတာလဲ ဆိုတာကိုပင်။
အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ထဲက အတွင်းအား လှုပ်ရှားမှုတွေက ချန်ချန်ရွှယ် အတွက် ရင်းနှီးနေခြင်းကြောင့်ပင်။
ဘယ်လိုလုပ် မရင်းနှီးဘဲ နေမည်နည်း။
ပိုင်ယီ၏ ခန္ဓာကိုယ်ထဲက အတွင်းအားတွေက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက ချန်ချန်ရွှယ်ရဲ့ အတွင်းအားနဲ့ အရင်းအမြစ် တူတူဖြစ်ကာ ဘာမှ မကွာခြားချေ။
ပိုင်ယီက မလှုပ်မယှက် ရှိနေသေးတာ မြင်တော့ ချန်ချန်ရွှယ်ရဲ့ လက်ဝါးပေါ်မှာ ဆေးလုံးတစ်လုံး ပေါ်လာခဲ့လေသည်။ ထိုဆေးလုံးပေါ်လာသည်နှင့် ချက်ချင်းပင် အလွန် သင်းပျံ့သော ဆေးရနံ့တစ်ခုက ဆေးဆိုင်ထဲ၌ ပျံ့နှံ့သွားခဲ့၏။
ဆေး၏ရနံ့က အလွန် စိတ်အား ကြည်လင်စေပေသည်။
"ဒါက နှလုံးသားသန့်စင်ဆေးလုံးပဲ... စိတ်ကို တက်ကြွစေပြီး ခန္ဓာကိုယ်ကို သန်မာစေတယ်.. ပြီးတော့ ကျင့်ကြံသူ တစ်ယောက်က စားသုံးရင် ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးသလို အတွင်းအားကိုလည်း သန့်စင်ပေးပြီး တိုးပွားစေတယ်..."
"ဒီဆေးလုံးကို ရွှေငွေ နဲ့ လဲမယ်ဆိုရင်အနည်းဆုံး ငွေစ (၁,၀၀၀) နဲ့ ရောင်းလို့ ရတယ်... အရေးပေါ် လိုနေတဲ့သူနဲ့ တွေ့ရင် ငွေစ (၂,၀၀၀) အထိ ရောင်းလို့ ရတယ်"
ချန်ချန်ရွှယ် ဆက်ပြောလိုက်၏။ "ကျွန်မက သိချင်လို့ ရှင့်ရဲ့ အတွင်းအားကို ကြည့်ချင်ရုံပဲ ဒါထက်မပိုဘူး.."
ငွေစ ၁,၀၀၀...
ပိုင်ယီဟာ ဘာတုံ့ပြန်မှုမှ မပြပေမယ့် ဘေးက လျူအိုကြီးကတော့ မျက်လုံးပြုးပြီး ကြည့်နေခဲ့လေသည်။ သူဟာ ပိုင်ယီရဲ့ အင်္ကျီလက်မောင်းကို အမြန် ဆွဲလိုက်၏။
"သခင်လေးပိုင်... ငွေစ ၁,၀၀၀ ဗျ... ဒါ ငွေစ ၁,၀၀၀ နော်.... ခင်ဗျားရဲ့ ဆိုင်ခန်း တစ်ဒါဇင်လောက်ရဲ့ တစ်နှစ်စာ အိမ်ငှားခ စုစုပေါင်းလောက် ရှိတယ်မလား... သခင်လေးပိုင်... ခင်ဗျား ဒီငွေစ ၁,၀၀၀ ရမှတော့ ကျွန်တော့်ကို နောက်လ အိမ်ငှားခ ကင်းလွတ်ခွင့် ပေးလို့ ရမလားဗျာ"
ပိုင်ယီလည်း ဒီသူတော်စင်မရဲ့ ဖြုန်းတီးနိုင်စွမ်းကို ကြည့်ပြီး အံ့သြသွားခဲ့သည်။
ဒါပေမဲ့ အပေါ်ယံမှာတော့ တည်ငြိမ်နေသောင် ဆောင်နေလေသည်။ "ခင်ဗျားကြည့်ရတာ ၁,၀၀၀ လောက်နဲ့တင် စိတ်လွတ်သွားပြီလား"
နောက်တစ်ခဏတွင် ချန်ချန်ရွှယ်၏ လက်ဝါးပေါ်တွင် နောက်ထပ် ဆေးလုံးတစ်လုံး လေထဲမှ ရုတ်တရက် ထပ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ပုံစံတူ ဆေးလုံးပါပင်။
'ဘုရားရေ... ဒီ ရွေးချယ်ခံလူသားက သောက်ရမ်း ချမ်းသာတာပဲ...'
နောက်တစ်ခဏတွင် နောက်ထပ် နှလုံးသားသန့်စင်ဆေးလုံး တစ်လုံး ထပ်ပေါ်လာပြန်ခဲ့သည်။
ငွေစ ၃,၀၀၀....
ပိုင်ယီဟာ သူကိုယ်တိုင်ပင် မသိလိုက်ခင်မှာပဲ လက်ဝါးပေါ်တွင် အတွင်းအားကို စုစည်းပြီး ဖြစ်နေခဲ့လေသည်။
...