အခန်း ၆၆ : ဆုလာဘ် တွက်ချက်မှု၊ ကြီးမားသည့် ရိပ်သိမ်းမှုကြီး
ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီး အတွင်းဘက်မှာ စိတ်ကြိုက် လုယက်နိုင်ဖို့ ချင်းကျောက်ဟာ အလွန် ကြီးမားတဲ့ သိုလှောင်နိုင်စွမ်းရှိတဲ့ သိုလှောင်အိတ် တစ်လုံးကို အထူးတလည် ပြင်ဆင်ထားခဲ့လေသည်။ ဒါက သူမ ကျင့်ကြံသူ တစ်ယောက်ဆီကနေ လွန်ခဲ့တဲ့ အကြာကြီးကတည်းက ဝယ်ထားခဲ့တာ ဖြစ်ပြီး ဒီနေ့အတွက် ပြင်ဆင်ထားခဲ့တာပင်။
ထို့အပြင် သူမဟာ ဝိညာဉ်ဆေးပင်တွေကို ဒီတိုင်း ပေါ့ပေါ့ပါးပါး ဆွဲနုတ်လို့ မရပဲ ဝိညာဉ်ဆေးပင် တချို့ရဲ့ ဝိသေသလက္ခဏာတွေကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ရပေအုံးမည်။
အကယ်၍ ဝိညာဉ်ဆေးပင်ရဲ့ အနှစ်သာရက အမြစ်မှာ ရှိနေပြီး ကြမ်းကြမ်းတမ်းတမ်း ဆွဲနုတ်လိုက်ရင် သူ့ရဲ့ အမြစ်တစ်ခုလုံး ကျိုးပဲ့သွားပြီး ဒီဝိညာဉ်ဆေးပင်ရဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေက အများကြီး လျော့ကျသွားမည် ဖြစ်ပေသည်။
ဆေးဖော်စပ်ခြင်းမှာ အတွေ့အကြုံ အတော်ရှိတဲ့ ချင်းကျောက်ဟာ ဆေးပင်ခူးရာမှာ ပေါ့ဆလို့ မရဘူး ဆိုတာ သဘာဝကျကျ သိနေလေသည်။
ထို့ကြောင့် သူမဟာ မြေကြီးကို ဂရုတစိုက် ဖယ်ရှားလိုက်၏။
ထို့နောက် ဝိညာဉ်ဆေးပင်ရဲ့ အမြစ်တွေကို မပျက်စီးအောင် သူမဟာ အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
ဒီဝိညာဉ်ဆေးပင်ကို ခူးဖို့ သူမဟာ အချိန်အတော်လေး ပေးလိုက်ရလေသည်။
"အနက်ရောင် ကျောက်စိမ်း အဆိပ် ဂျင်ဆင်း... ဟီးဟီး... ဒီဝိညာဉ်ဆေးပင် တစ်ပင်တည်းနဲ့တင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်လောက် ရနိုင်တယ်... အကယ်၍ ငါ အထဲက ဝိညာဉ်ဆေးပင်တွေ အကုန်လုံး လုယက်လိုက်ရင် ကျင့်ကြံခြင်း လောကမှာ အချမ်းသာဆုံး လူသား ဖြစ်လာဖို့က သိပ်လွယ်ကူလွန်းနေပြီ မဟုတ်လား"
သူမဟာ သိုလှောင်အိတ်ထဲက ဝိညာဉ်ကျောက်စိမ်း သေတ္တာတစ်လုံးကို အမြန် ထုတ်လိုက်ပြီး ဝိညာဉ်ဆေးပင်ကို အတွင်းထဲသို့ ဂရုတစိုက် ထည့်လိုက်၏။
ချင်းကျောက်ရဲ့ သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ကျောက်စိမ်း သေတ္တာ ထောင်ပေါင်းများစွာ ရှိနေပြီး ၎င်းတို့က ဝိညာဉ်ဆေးပင်တွေကို သိမ်းဆည်းဖို့ အသုံးပြုတာပင်။
ဒီအချိန်မှာ.......
သူမဟာ အလုပ်ကြိုးစားတဲ့ လယ်သမားအိုကြီး တစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူမရှေ့မှာ မြင်ရသမျှ ဝိညာဉ်ဆေးပင် အားလုံးကို အကြီးစား ရိတ်သိမ်းမှု ပြုလုပ်နေခဲ့ပေသည်။
အဆင့်နိမ့် ဝိညာဉ်ဆေးပင် တချို့ ဖြစ်နေရင်တောင် ချင်းကျောက်က ချန်မထားခဲ့ချေ။
ဒါပေါ့...
အဲဒီ အဆင့်နိမ့် ဝိညာဉ်ဆေးပင်တွေကတော့ သူမရဲ့ ကောင်းမွန်တဲ့ ဆက်ဆံမှုကို မရခဲ့ကြပေ။ သူမဟာ သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ဆွဲနုတ်လိုက်လေသည်။
သိပ်ထူးခြားတဲ့ ဝိညာဉ်ဆေးပင်တွေကိုမှ ချင်းကျောက်က ဂရုတစိုက် တူးဆွခဲ့၏။
"၅..."
"၁၀..."
"၃၀..."
"၇၀..."
"၁၀၀..."
အချိန်များ ကုန်ဆုံးလာတာနဲ့အမျှ ချင်းကျောက်ရဲ့ မျက်နှာက ပြုံးဖြဲဖြဲ ဖြစ်လုနီးပါး ဖြစ်နေခဲ့သည်။
ဒါပေမဲ့ ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီး အတွင်းဘက်က ကမ္ဘာအတွက် ဆိုရင် ဒီဝိညာဉ်ဆေးပင်တွေက ရေတစ်ပုံးထဲက ရေတစ်စက်လောက်ပဲ ရှိလေသည်။
ချင်းကျောက် ဝိညာဉ်ဆေးပင်တွေ ပေါက်ရောက်နေတဲ့ ဧရိယာကြီး တစ်ခုလုံးကို မြင်နေရပြီး သူမ မမျှော်လင့်ထားတဲ့ အရာတစ်ခုကိုတောင် တွေ့လိုက်ရ၏။
"ဒါ ဘာကြီးလဲ"
ချင်းကျောက် ပုန်းခိုနေတဲ့ သတ်ဖြတ်ခြင်း အစီအရင်တွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး ကြီးမားတဲ့ ဝိညာဉ်ကျောက်တုံးကြီး တစ်တုံးကို ကုန်းကောက်လိုက်သည်။
၎င်း ဝိညာဉ်ကျောက်တုံးက တန်ချိန် ထောင်ပေါင်းများစွာ လေးလံ၏။ လက်ရှိ သူမရဲ့ ကျင့်ကြံမှုနဲ့ ဆိုရင်တော့ တန်ချိန် ထောင်ပေါင်းများစွာ အလေးချိန် ဆိုတာ ပြဿနာ မဟုတ်ပေ။
"ဒါ တကယ့် ဝိညာဉ်ကျောက်တုံးကြီးပဲ... ဒီလောက်ကြီးတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးကြီး... ဒါကို ပုံမှန် အရွယ်အစား ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာ ရအောင် ဖြတ်တောက်လို့ ရတယ် မဟုတ်လား.... ပုံမှန်အားဖြင့် ဒီလောက်ကြီးတဲ့ ဝိညာဉ်ကျောက်တုံးတွေက... ဝိညာဉ်ကျောက်တုံးသိုက်တွေမှာပဲ တွေ့ရတာ"
ချင်းကျောက် တံတွေး မျိုချလိုက်မိ၏။ 'ဝိညာဉ်ကျောက်တုံး သိုက်......'
'ဖြစ်နိုင်တာက ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီး အတွင်းဘက်မှာ ဝိညာဉ်ကျောက်တုံး သိုက် တစ်ခု ရှိနေတာများလား...
ဒါကြောင့်လည်း လူသူကင်းမဲ့သော ကျွန်းပေါ်က ဝိညာဉ်စွမ်းအင်တွေ ဒီလောက် ပေါကြွယ်ဝနေတာ ဖြစ်ရမယ်...'
"ရှူး.."
'ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီး အတွင်းဘက်က နေရာတိုင်း ရတနာတွေချည်းပဲ....
ဘယ်ရှေးဟောင်း ကျင့်ကြံသူက ဒီပစ္စည်းတွေကို ချန်ထားခဲ့လဲ မသိဘူး.....'
'ဖြစ်နိုင်တာက... ဒါက အဲဒီ ရှေးဟောင်း တန်ခိုးရှင်ရဲ့ ကျင့်ကြံရာ ဂူသင်္ချိုင်းများလား...'
နောက်ပိုင်းမှာ ချင်းကျောက်ဟာ ဝိညာဉ်ဆေးပင်တွေ တူးလိုက် ဝိညာဉ်ကျောက်တုံးတွေ သယ်လိုက် လုပ်နေခဲ့ရာ သိုလှောင်အိတ်ထဲက ကျန်ရှိတဲ့ နေရာလွတ်က တစ်ဆင့်ပြီး တစ်ဆင့် ကျဉ်းမြောင်းလာခဲ့သည်။
နေ့တစ်ဝက်လောက် ကြာပြီးနောက်မာတော့ သိုလှောင်အိတ်ဟာ ပြည့်သွားခဲ့ပေသည်။
သို့ပေမဲ့ ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီး အတွင်းဘက်မှာ ဆန့်ကျင်ဘက်အနေဖြင့် ကြီးမားတဲ့ ကွက်လပ်ကြီး တစ်ခု ပေါ်လာခဲ့ပြီး ၎င်းက ဗလာကျင်းအောင် အခွာခံထားရသလိုပင်။
ထိပ်ပြောင်နေသည့် လူတစ်ယောက်လိုပင်။
သူမရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ချင်းကျောက်က ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆင်ခြင်သုံးသပ်ခြင်း လုံးဝ မရှိတဲ့အပြင် သူမ မျှော်လင့်ထားသလောက် မလုပ်နိုင်ခဲ့သလိုမျိုး ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်လိုက်ပါသေးလေသည်။ "ငါ မှားသွားတယ်... ငါ သိုလှောင်အိတ် တစ်လုံးတည်း ယူမလာခဲ့သင့်ဘူး... ဒီသိုလှောင်အိတ်က ပစ္စည်းအများကြီး ဆံ့တယ် ဆိုပေမယ့် ကြေးဝါရောင် တံခါးကြီး အတွင်းဘက်က ရတနာတွေနဲ့ ယှဉ်လိုက်ရင် ဒီပမာဏ သေးသေးလေးက ဘာမှ မဟုတ်ဘူး"
"ချင်းကျောက်... အို...ချင်းကျောက် နင် လုံလောက်အောင် လောဘမကြီးသေးဘူးပဲ"
သူမ နည်းနည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။
သူမဟာ ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီးထဲကနေ ယာယီ ထွက်ခွာလာခဲ့ပြီး လူသူကင်းမဲ့သည့် ကျွန်းဆီသို့ ပျော်ရွှင်စွာ ပြန်လာခဲ့သည်။
[သင်သည် သင့်ဖခင်နှင့် ချင်းမိသားစု ခေါင်းဆောင်တို့ကို ကြီးမားသော ကြေးဝါရောင် တံခါးကြီး အကြောင်း ပြောပြလိုက်သည်။ သူတို့နှစ်ဦးစလုံး သိရှိသွားပြီးနောက် အလွန် တုန်လှုပ်သွားကြပြီး ကြီးမားသော ကြေးဝါရောင် တံခါးကြီး တည်ရှိရာ နေရာကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။ ချင်းမိသားစု အကြီးအကဲ၊ ခေါင်းဆောင်နှင့် သင့်၏ သဘောတူညီချက် မပါဘဲ မည်သူမျှ အနားကပ်ခွင့် မရှိပေ။ ချိုးဖောက်သူများကို နှစ် (၂၀၀) တိုင်တိုင် ချုပ်နှောင်ထားမည် ဖြစ်သည်။]
[သင်သည် ချင်းမိသားစု အကြီးအကဲနှင့် ခေါင်းဆောင်ကို ကြီးမားသော ကြေးဝါရောင် တံခါးကြီး အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ လူ (၃) ဦးသား ကြေးဝါရောင် တံခါးကြီး အတွင်းဘက်ရှိ ရတနာများကို စိတ်ကြိုက် လုယက်ခဲ့ကြသည်။ ချင်းမိသားစု၏ ဘဏ္ဍာတိုက်ဟာလည်း ချက်ချင်း ပြည့်လျှံသွားခဲ့သည်။]
[အသက် ၂၃ နှစ် - ကောင်းကင်နှင့် မြေကြီး ရတနာများကို လုယက်ရာတွင် အလုပ်ရှုပ်နေသောကြောင့် သင်ဟာ သင့်ကျင့်ကြံမှုကို လစ်လျူရှုထားမိပုံ ရသည်။ ယခု သင်သည် အခြေတည်အဆင့် (၂) သို့သာ ချိုးဖျက်ဝင်ရောက် နိုင်သေးသည်။]
[အသက် ၂၄ နှစ် - မမျှော်လင့်ထားသော အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့သည်။ ချင်းမိသားစု ခေါင်းဆောင် ဝိညာဉ်ဆေးပင်များ လုယက်နေစဉ် ကြေးဝါရောင် တံခါးကြီး အတွင်းဘက်တွင် ရုပ်သေး သားရဲများ ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ချင်းမိသားစု ခေါင်းဆောင် သေဆုံးသွားခဲ့သည်။]
[ရုပ်သေး သားရဲ အမြောက်အမြားဟာ သင်နှင့် ချင်းမိသားစု အကြီးအကဲကို ဝိုင်းရံထားခဲ့သည်။ မည်သူမျှ စွမ်းအားကြီးသော ရုပ်သေး သားရဲများကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိပေ။]
[ချင်းမိသားစု အကြီးအကဲ သေဆုံးသွားခဲ့သည်]
[သင် သေဆုံးသွားခဲ့သည်]
[သင်သည် (၂၄) နှစ်၊ (၀၇) လ၊ (၃၁) ရက် ရှင်သန်ခဲ့ပါသည်]
...
"ငါ ဘယ်လို ပြောရမလဲ... မိသားစု တစ်ခုလုံးလို့ ပြောရမလား..... သူတို့က နယ်စပ်ကို ဖြတ်ကျော်လာတဲ့ ဓားပြတွေလိုပဲ.... ကြေးဝါရောင် တံခါးကြီး အတွင်းဘက်ကို သိမ်းကျုံးယူသွားတာပဲ... ပြီးတော့ သူတို့က တံခါးကြီး အတွင်းဘက် ကမ္ဘာရဲ့ ပိုနက်ရှိုင်းတဲ့ နေရာက ရတနာတွေကိုတောင် လုယက်ချင်နေကြသေးတယ်... နောက်ဆုံးကျမှ သူတို့ ရှုံးနိမ့်သွားတာ"
ပိုင်ယီ ဒီအဖြစ်အပျက် အားလုံးကို စောင့်ကြည့်နေလိုက်၏။ ရိုးရိုးသားသား ပြောရရင်... ဒါက သူ မမျှော်လင့်ထားတဲ့ အရာ မဟုတ်ချေ။
အကယ်၍ ချင်းကျောက်သာ အရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်တဲ့ ဓားပြတစ်ယောက် ဖြစ်မလာခဲ့ရင်...
အဲဒါက သူ့ကို တကယ် အံ့သြသွားစေမည် ဖြစ်ပြီး ဒီရွေးချာ်ခံအမှတ် (၂) က သူမရဲ့ စရိုက်ကို ပြောင်းလဲလိုက်ပြီလားလို့တောင် တွေးမိပေမည်။
'ကြည့်ရတာ... သူမစရိုက်က သိပ်မပြောင်းလဲသေးပါဘူး...'
ဒါ့အပြင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက ချင်းမိသားစုကလည်း ချင်းကျောက်နဲ့ တူညီပုံရတယ် ဆိုတာ ပိုင်ယီ သိလိုက်၏။
သူတို့က တူညီတဲ့ မျိုးရိုး က ဆင်းသက်လာတာ အမှန်ပင်......
ဘာမှ မလုပ်သလောက် ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝနဲ့ ယှဉ်လိုက်ရင် ဒီတစ်ခါ ချင်းကျောက်ဟာ အနည်းငယ် တိုးတက်လာခဲ့သည်။
အနည်းဆုံးတော့ သူမ အမြတ်ထုတ်နိုင်ခဲ့ပေသည်။
'ဒီနည်းနဲ့ ဆိုရင်… ဒီတစ်ခါ ဆုလာဘ်တွေ ဘယ်လောက်ပဲ ဆိုးရွားပါစေ သိပ်မဆိုးလောက်ပါဘူး
... ဟုတ်တယ်မလား...'
ပိုင်ယီရဲ့ အတွေးတွေ ဆုံးသွားတာနဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ စာသား သတိပေးချက် တက်လာခဲ့သည်။
[ချင်းကျောက်သည် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် နောက်ထပ် ယူရင် မင်း ကိုယ်တုံးလုံး ချွတ်ခံရမယ်ဆိုတဲ့ အောင်မြင်မှုကို အသက်သွင်းနိုင်ခဲ့ပါသည်။ သင်သည် ထပ်ဆောင်း ဆုလာဘ် တစ်ခု ရရှိလိုက်ပါသည်။ သင်သည် အောက်ပါ ဆုလာဘ်များကို ရရှိလိုက်ပါသည် - ]
[ဆုလာဘ် ၁ - အခြေတည်အဆင့် (၂) ၏ ဝိညာဉ်စွမ်းအင် အားလုံး (သင် အခြေတည်အဆင့် (၄) သို့ ချိုးဖျက်ဝင်ရောက်ရန် လုံလောက်မည့်ပုံ မရပါ)]
[ဆုလာဘ် ၂ - အစီအရင် ပညာရပ် ကျွမ်းကျင်မှု(ချင်းကျောက် အဘွားအိုနှင့်အတူ နှစ်ပေါင်းများစွာ ကြိုးစားလေ့လာခဲ့သည်)]
[ဆုလာဘ် ၃ - အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ (မမျှော်လင့်ဘဲ ရလာသော ငွေကြေး)]
[ထပ်ဆောင်း ဆုလာဘ် - သိုလှောင်အိတ် (အထဲမှာ ဘာရှိလဲ ခန့်မှန်းကြည့်ပါ)]
ထင်ထားတဲ့ အတိုင်းပင်။ ဒီတစ်ခါ ဆုလာဘ်တွေက အရင်ကထက် ပိုရက်ရောပြီး ဒီတစ်ခါ ထပ်ဆောင်း ဆုလာဘ် တစ်ခုတောင် ပါသေးပေသည်။
ပိုင်ယီ ချက်ချင်းပဲ ဆုလာဘ် (၁) ကို ရွေးချယ်လိုက်၏။
အခြေတည်အဆင့် (၂) ရဲ့ ဝိညာဉ်စွမ်းအင် ပမာဏ အပြည့်အဝက သူ အခြေတည်အဆင့် (၄) ကို ချိုးဖျက်ဝင်ရောက်ဖို့ မလုံလောက်ပေ။
သို့ပေမဲ့ နောက်ထပ် နှစ်ရက် သုံးရက်လောက် နေရင် သူညာ ဒီလို ဆုလာဘ်မျိုး နောက်ထပ် အနည်းငယ် ရလာမည်ဖြစ်ရာ အဲဒီကျရင် လုံလောက်သွားပေမည်။
နောက်ခဏ၌ သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေ သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာပြီး သက်သောင့်သက်သာရှိတဲ့ ခံစားမှုနဲ့အတူ လိုက်ပါလာတာကို သူ ခံစားလိုက်ရသည်။
"မဆိုးဘူး"
ပိုင်ယီ ကျေနပ်သွားခဲ့သည်။
ထို့နောက် သိုလှောင်အိတ်တစ်လုံးဟာ ပိုင်ယီရဲ့ လက်ထဲ ပေါ်လာခဲ့သည်။ ဒီအိတ်က သူနဲ့ နည်းနည်း ရင်းနှီးနေသလိုပင်။
သူ့ရဲ့ နတ်ဘုရားအာရုံကို အသုံးပြုပြီး သိုလှောင်အိတ်ထဲ စူးစမ်းလိုက်ရာ သူ ခဏလောက် ကြောင်အသွားခဲ့သည်။
ပိုင်ယီ လေအေးတစ်ချက် ရှူသွင်းလိုက်မိလိုက်လေသည်။ "ရှူး..ဒါ... ဒါတွေက ချင်းကျောက် ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီးကို ပထမဆုံးအကြိမ် လုယက်တုန်းက ရထားတဲ့ ပစ္စည်းတွေ မဟုတ်လား.... ဒါက သူမရဲ့ သိုလှောင်အိတ်လား"
သိုလှောင်အိတ်ထဲမှာ ဝိညာဉ်ဆေးပင်တွေ ထည့်ထားတဲ့ ဝိညာဉ်ကျောက်စိမ်း သေတ္တာတွေ ပြီးတော့ ပုံကြီးချဲ့ထားသလို အရွယ်အစား ရှိတဲ့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြည့်နှက်နေခဲ့သည်။
၎င်းက မျက်စိကျိန်းလောက်တဲ့ မြင်ကွင်းဖြစ်သလို အံ့သြစရာအလွန်ကောင်းနေခဲ့ပေသည်။
…