အခန်း ၆၅ : ကြေးဝါတံခါးကြီးဆီသို့ တတိယအကြိမ်
နောက်တစ်နေ့ မနက်စောစော....
ချင်းဟယ် ခရိုင်က လူအများစုဟာ မနေ့ညက ဘာဖြစ်ခဲ့လဲ ဆိုတာ မသိကြချေ။ ကျင့်ကြံသူ တချို့နှင့် နောက်ခံ နည်းနည်းရှိတဲ့ မိသားစု တချို့လောက်ပဲ ဘာဖြစ်ခဲ့လဲ ဆိုတာ သိကြလေသည်။
ချင်းဟယ် ခရိုင်ရဲ့ ဧည့်သည်တော် ဝန်ကြီး ပိရွှီကတော့ တစ်ညလုံး မအနားယူခဲ့ပေ။ အဲဒီ မိစ္ဆာကျင့်ကြံသူ သေသွားပြီလို့ ပိုင်ယီဆီကနေ သိခဲ့ရပေမယ့် သူ သတိအား မလျော့ချခဲ့ချေ။
ဘာလို့လဲဆိုတော့ သေသွားတဲ့ မိစ္ဆာကျင့်ကြံသူက ခရိုင်ရုံးထဲမှာ ပုန်းခိုနေတဲ့သူ တစ်ယောက်သာ ဖြစ်ပြီး ချင်းဟယ် ခရိုင်ထဲမှာ တခြား မိစ္ဆာကျင့်ကြံသူတွေ ရှိနေနိုင်သေး၏။
ထို့ကြောင့် သူ စိတ်လျှော့လို့ မရပေ။
"ဟူး..." မိုးသောက်အလင်းရောင် ထွက်ပေါ်လာတာကို ကြည့်ရင်း ပိရွှီ အနည်းငယ် မောပန်းနေတဲ့ သူ့မျက်ခုံးနှစ်ခုကြား နေရာကို ပွတ်သပ်လိုက်သည်။
ကျင့်ကြံသူ တစ်ယောက် အနေနဲ့ ယုတ္တိနည်းကျကျ ပြောရရင် သူကဟာ တစ်ညလုံး မအိပ်ဘဲ နေရုံနဲ့ ပင်ပန်းသွားဖို့ မဖြစ်နိုင်ပေ။
ဒါပေမဲ့ သူဟာ ပင်ပန်းနေခဲ့၏။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့သည်။
"အကယ်၍ ကျင့်ကြံသူပိုင်ရဲ့ အကူအညီသာ မပါရင် ခရိုင်ရုံးက ဒီလောက်အတိုင်းအတာထိ စိမ့်ဝင်ခံထားရမှန်း ငါ သိလိုက်မှာတောင် မဟုတ်ဘူး"
သူ သက်ပြင်းချလိုက်၏။
ပြီးတော့ တစ်ခုခုကို တွေးမိသလိုမျိုး သူ ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်သည်။"မနေ့ညက ကျင့်ကြံသူပိုင် ပြောတာက အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူကို သူ သတ်လိုက်တာ မဟုတ်ဘူးတဲ့... ကျင့်ကြံသူ တစ်ယောက်က မိစ္ဆာကျင့်ကြံသူကို တားဆီးလိုက်ပြီး တိုက်ပွဲကြီး တစ်ခု ဖြစ်ပြီးမှ သတ်လိုက်တာတဲ့"
"ဒါပေမဲ့..." ပိရွှီ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်သည်။ "ဘာလို့ အဲဒီ ကျင့်ကြံသူက ဒီအကျိုးဆောင်အမှတ်ကို ယူဖို့ ထွက်မလာတာလဲ"
......
"ဖြစ်နိုင်တာက... ဒီအကျိုးဆောင်အမှတ်က ကျင့်ကြံခြင်း အရင်းအမြစ် အမြောက်အမြားနဲ့ လဲလှယ်ဖို့ လုံလောက်မှန်း သူ မသိတာလား"
'ဒါမှမဟုတ် တစ်ဖက်လူက နန်းတော်က ပေးမယ့် ကျင့်ကြံခြင်း အရင်းအမြစ်တွေကို မလိုချင်လောက်အောင် ချမ်းသာနေလို့၊ ဒီကုသိုလ်ကို ယူဖို့ ရိုးရိုးရှင်းရှင်းပဲ စိတ်မဝင်စားတာလား...'
"ရှူး..."
'အဲဒါ မဖြစ်နိုင်ပါဘူး...ဟုတ်တယ်မလား....
ဂိုဏ်းကြီးတချို့က အတွင်းစည်း တပည့်တွေတောင် အဲဒီလောက် မချမ်းသာနိုင်ဘူးလေ.....'
'အလကား ပေးမယ့် ကျင့်ကြံခြင်း အရင်းအမြစ်တွေကို သူတို့ မလိုချင်ဘူးတဲ့လား....'
"ဖြစ်နိုင်တာက တခြား အကြောင်းရင်းတွေကြောင့် နေမှာပါ"
…
အချိန်များ ကုန်ဆုံးသွားခဲ့သည်...
မွန်းတည့်ချိန် ရောက်လုနီးပါးမှာ တည်းခိုခန်း အခန်းထဲမှာ ပုန်းခိုနေတဲ့ ချင်းကျောက်ဟာ သူမ လုပ်နေတာကို နောက်ဆုံးတော့ ရပ်တန့်လိုက်၏။
သူမဟာ နာကျင်နေတဲ့ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ညည်းတွားလိုက်သည် - "ဘာလို့ ဒီသွေးမိစ္ဆာ အလောင်းထိန်းချုပ် နည်းစနစ်က ဒီလောက် ဒုက္ခများရတာလဲ... အလောင်းတစ်လောင်းကို ထိန်းချုပ်ဖို့တောင် အဆင့်တွေအများကြီး လိုနေတယ်"
"အထူးသဖြင့် အလောင်းက အသက်ရှင်စဉ်တုန်းက ကိုယ့်ထက် ပိုသန်မာနေတဲ့အခါ လိုအပ်တဲ့ အဆင့်တွေက ပိုပြီး ရှုပ်ထွေးနေတာပဲ"
"သောက်ကျိုးနည်း ငါ့လက်တောင် ပျက်စီးလုနီးပါး ဖြစ်သွားပြီ"
သူမလက်ထဲမှာ စုတ်တံအဖြူရောင် သန့်သန့်လေး တစ်ချောင်း ကိုင်ထားပြီး စုတ်တံရဲ့ ထိပ်ဖျားလေးမှာပဲ အနီရောင်သဲ့သဲ့လေး စွန်းထင်းနေခဲ့သည်။
ချင်းကျောက်ရဲ့ ရှေ့မှာတော့ မီးလောင်ကျွမ်းထားတဲ့ အခြေတည်အဆင့် အလောင်းတစ်လောင်း တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူ့အရေပြား မျက်နှာပြင်ပေါ်မှာ အနီရောင် သင်္ကေတတွေ ဖုံးလွှမ်းနေပြီး ရှုပ်ထွေးတဲ့ မျဉ်းကြောင်းတွေ အများကြီးနဲ့ ကြည့်ရတာ တော်တော်လေး ထူးဆန်းနေခဲ့သည်။
ချင်းကျောက် လေတစ်ချက် အဝရှူသွင်းလိုက်ပြီး ရုတ်တရက် လက်တစ်ဖက် မြှောက်လိုက်ရာ သူမ လက်ဖဝါးထဲမှာ အနီရောင် အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားခဲ့၏။
တစ်ခဏအတွင်းမှာပင် တင်းတင်းကျပ်ကျပ် ပိတ်ထားတဲ့ အခြေတည်အဆင့် အလောင်းရဲ့ မျက်လုံးတွေ ပွင့်လာခဲ့သည်။ ဒါပေမဲ့ အသက်ရှင်တဲ့ လူတစ်ယောက်ရဲ့ အရိပ်အယောင် လုံးဝ မရှိခဲ့ချေ။
ချင်းကျောက်ရဲ့ စိတ်ဆန္ဒ တစ်ချက်နဲ့ အခြေတည်အဆင့် အလောင်းက ဖြည်းဖြည်းချင်း စတင် လှုပ်ရှားလာခဲ့သည်။ ၎င်းရဲ့ လှုပ်ရှားမှုတွေက နည်းနည်း နှေးကွေးနေပုံ ရပေမယ့် လုံလောက်ပေပြီ။
"သူ့မှာ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပဲ ရှိတယ် ဒါပေမဲ့ ခွန်အားအပြည့်အဝတော့မရှိဘူး... ရန်သူနဲ့ အနီးကပ် တိုက်ပွဲမှာပဲ သုံးလို့ရမယ်.... ဒါ့အပြင် သူ့ရဲ့ တုံ့ပြန်မှုက သိပ်နှေးကွေးလွန်းတယ်"
ချင်းကျောက် ခွဲခြမ်းစိတ်ဖြာရင်း ရေရွတ်လိုက်၏။ ဒီအရာက အရင်တုန်းက သွေးမိစ္ဆာ တိုကင်လိုမျိုး ကိရိယာ တိုက်ခိုက်ရေးသမားအနေနဲ့ပဲ သုံးလို့ရပေမည်။
ဒါပေမဲ့… ဒီလို တိုက်ခိုက်ရေးသမားမျိုးက အခြေအနေ တချို့မှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပေသည်။
ထို့နောက် သူမ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး အခြေတည်အဆင့် အလောင်းကို သူမ သိုလှောင်အိတ်ထဲ ထည့်လိုက်၏။
သိုလှောင်အိတ်က သက်ရှိလူသားတွေကို ထည့်လို့ မရပေမယ့် အလောင်းကို သိမ်းဆည်းဖို့ကတော့ ပြဿနာ မရှိပေ။
"အချိန်ကျလုနီးပါး ဖြစ်နေပြီ"
ချင်းကျောက် မွန်းတည့်ချိန် ရောက်မယ့် အချိန်ကို စောင့်နေခဲ့၏။ သူမရဲ့ ကျင့်ကြံမှုက နိမ့်လွန်းနေသေးတယ် ဆိုတာ သူမ သဘောပေါက်လိုက်ပြီး ချီစုစည်းမှု အဆင့် (၁၀)နဲ့ အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ကိုင်တွယ်ဖို့ ပြင်ပ အကူအညီ ပစ္စည်းတွေ အများကြီး လိုအပ်လေသည်။
ပြင်ပ အကူအညီ ပစ္စည်းတွေက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ ၎င်းတို့က ပြင်ပ အကူအညီ ပစ္စည်းတွေပင်။
သူမရဲ့ ကိုယ်ပိုင် ခွန်အားကသာ အဓိကသော့ချက် ဖြစ်ပေသည်။
ရက်အနည်းငယ် အတွင်းမှာ သူမရဲ့ ကိုယ်ပိုင် ခွန်အားကို ဘယ်လို အမြန် တိုးမြှင့်ပြီး အဆင့်ချိုးဖျက်နိုင်မည့် နည်းအား စဥ်းစားကြည့်ရာ ချင်းကျောက် ပထမဆုံး တွေးမိလိုက်တာကတော့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ပင်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ စောင့်ဆိုင်းရမယ့် အချိန်ပြီးဆုံးသွားတာနဲ့ ချင်းကျောက် မစောင့်နိုင်တော့ဘဲ ချိတ်ဆက်ဖို့ ကြိုးစားလိုက်ပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ နောက်တစ်ကြိမ် ချောမွေ့စွာ ဝင်ရောက်သွားခဲ့သည်။
ဒီတစ်ခါလည်း သူမဟာ မူလဘဝကို ဆက်လက် ရှင်သန်ဖို့ ရွေးချယ်လိုက်သည်။ သူမဟာ ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီး အတွင်းဘက်က ကမ္ဘာကို စူးစမ်းလေ့လာလို့ မပြီးသေးချေ။
အဖိုးတန်တဲ့ ဝိညာဉ်ဆေးပင်တွေ ဒီလောက် အများကြီးကို တစ်ပင်နှစ်ပင်လောက်မှ မခူးရဘဲ ဘာကြောင့် လက်လွှတ်လိုက်ရမည်နည်း။
ဒါ ဘယ်လို ဟာသမျိုးလဲ......
သူမက လောဘကြီးသည့် လူမျိုးပင်......
[အသက် ၀ နှစ် - သင်သည် မသေမျိုးကျင့်ကြံသော မိသားစုတွင် မွေးဖွားခဲ့သည်။ ကြီးမားသော ကြေးဝါရောင် တံခါးကြီး အတွင်းဘက်က သတ်ဖြတ်ခြင်း အစီအရင်ကို ရှောင်ရှားနိုင်ရန်နှင့် ယင်း၏ လျှို့ဝှက်ချက်များကို ပိုမို ဘေးကင်းသော နည်းလမ်းဖြင့် စူးစမ်းနိုင်ရန် သင်ဟာ ဤဘဝတွင် အစီအရင် ဗဟုသုတများကို သင်ယူရန် ဆုံးဖြတ်လိုက်သည်။]
[အသက် ၁၃ နှစ် - သင် သယ်ဆောင်လာသော အဘွားအိုသည် သင့်ဝိညာဉ်စွမ်းအင်၏ မပြတ်မလပ် အားဖြည့်ပေးမှုအောက်တွင် နောက်ဆုံး၌ နိုးထလာခဲ့သည်။ သူမ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်း မပြုရသေးသော်လည်း သင်က အစီအရင် ဗဟုသုတများကို သင်ယူလိုကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်။]
[အသက် ၁၇ နှစ် - သင့်၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုပြီးနောက် ချင်းမိသားစုသည် ပင်လယ်ရပ်ခြားရှိ လူသူကင်းမဲ့သော ကျွန်း တစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် ပုံမှန်မဟုတ်အောင် ပေါကြွယ်ဝနေပြီး နတ်ဘုရားကျွန်းဟုပင် ခေါ်ဆိုနိုင်သည်။]
[အသက် ၂၀ နှစ် - သင်သည် အစီအရင် ပညာရပ်တွင် ကျွမ်းကျင်နေပြီဖြစ်သည်။ ထို့ကြောင့် ကြေးဝါရောင် တံခါးကြီး အတွင်းသို့ နောက်တစ်ကြိမ် ထပ်မံ ဝင်ရောက်ကြည့်နိုင်ပြီဟု ခံစားလိုက်ရသည်]
[...]
မျက်တောင်တစ်ခတ် အတွင်းမှာပဲ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ အနှစ် (၂၀) ကုန်ဆုံးသွားခဲ့သည်။ ချင်းကျောက်ဟာ အခု မှောင်မိုက်နေတဲ့ ပင်လယ်နက်ထဲ ရောက်နေခဲ့ပေသည်။
ထို့နောက် ပင်လယ်ကြမ်းပြင်မှာ မြှုပ်နှံထားတဲ့ ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီးကို စိုက်ကြည့်နေခဲ့၏။
သူမ စိတ်မလှုပ်ရှားဘူးလို့ ပြောရင် လိမ်ရာကျပေမည်။
ပြီးခဲ့တဲ့ တစ်ခေါက် မသေမျိုးကျင့်ကြံခြင်းကို သရုပ်ဖော်တုန်းက သူမဟာ ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီးထဲ ဝင်ရောက်ခဲ့ပေမယ့် အဘွားအိုနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။
ထို့ကြောင့် သူမဟာ အတွင်းထဲက အစီအရင်ရဲ့ လှည့်စားခြင်းကို ခံလိုက်ရပြီး နေရာတင် သေဆုံးသွားခဲ့ရသည်။
ဒီတစ်ခါတော့ သူမဟာ အမှားဟောင်းကို ထပ်လုပ်မည်မဟုတ်ပဲ ထပ်လုပ်မိရင်လည်း ချင်းကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် တကယ် အထင်သေးမိပေလိမ့်မည်......
ယခု၌ သူမ အဘွားအိုရဲ့ လမ်းညွှန်မှုကို မလိုအပ်တော့ပေ။
ပြီးခဲ့တဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝက မှတ်ဉာဏ်တွေ အရ အဘွားအိုရဲ့ အံ့သြနေတဲ့ အကြည့်အောက်မှာပဲ သူမဟာ ကြီးမားတဲ့ ကြေးဝါရောင် တံခါးကြီးရဲ့ အစီအရင် အများအပြားကို ဖျက်ဆီးလိုက်ရာ တံခါးကြီးညာ ရုတ်တရက် ပွင့်သွားခဲ့သည်။
အတွင်းဘက်ကမ္ဘာတစ်ခုဟာ သူတို့ရှေ့၌ ပေါ်ထွက်လာခဲ့သည်။
အဘွားအို တုန်လှုပ်စွာ မပြောဘဲ မနေနိုင်တော့ပေ။ "ကလေးမလေး... ဒီနေရာက ဝိညာဉ်စွမ်းအင် သိပ်သည်းဆက မယုံကြည်နိုင်စရာ ကောင်းလွန်းတယ်... အကယ်၍ မင်း အထဲမှာ နှစ် (၁၀၀) လောက် နေလိုက်ရင် ရွှေအမြုတေ အဆင့်ကို တိုက်ရိုက် ရောက်သွားနိုင်တယ်"
အဘွားအိုက အရာအများအပြားကို မြင်ဖူးပေမယ့် သူမ မြင်လိုက်ရတဲ့ အရာကြောင့် တုန်လှုပ်နေဆဲပင်။
'သိပ်ရင်းနှီးနေတဲ့ စကားတစ်ခွန်းပဲ... ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကနဲ့ အတူတူပဲ' ချင်းကျောက် စိတ်ထဲမှာ လှောင်ပြောင်လိုက်၏။
ထို့နောက် သူမဟာ မတွန့်ဆုတ်ဘဲ အထဲ ပြေးဝင်သွားပြီး ကြေးဝါရောင် တံခါးကြီး အတွင်းဘက်ကို နောက်တစ်ကြိမ် ခြေချလိုက်ပေသည်။
"စီနီယာ.."
အတွင်းထဲ ရောက်နေပြီ ဖြစ်တဲ့ ချင်းကျောက်ဟာ အဘွားအိုနဲ့ ဆက်သွယ်ဖို့ ကြိုးစားလိုက်၏။
နောက်ဆုံးတော့ ဘာတုံ့ပြန်မှုမှ မရပေ။ ၎င်းက ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကနဲ့ အတူတူပင်။
ဖြစ်နိုင်တာက ကြေးဝါရောင် တံခါးကြီး အတွင်းဘက်မှာ သူမနဲ့ အဘွားအို ကြားက ဆက်သွယ်မှုကို ထိခိုက်စေနိုင်တဲ့ ထူးဆန်းတဲ့ အစီအရင် တချို့ ရှိနေတာ ဖြစ်ပေမည်။
သို့ပေမဲ့ ချင်းကျောက် ထိတ်လန့်မသွားခဲ့ပေ။
ဘာလို့လဲဆိုတော့ အစီအရင် ပညာရပ်ကို သင်ယူပြီးတဲ့နောက်မှာ သူမရဲ့ မျက်စိနဲ့ သဲလွန်စအများအပြားကို မြင်တွေ့နေရတာကြောင့်ပင်။
သူမ အလွန် ပေါကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်ကို ရှူသွင်းလိုက်သည်။
ထို့နောက် သူမဟာ ခြေတစ်လှမ်းချင်းစီ လျှောက်သွားလိုက်၏။ ခြေလှမ်းတိုင်းအား သတိထားနေခဲ့လေသည်။
သူမ ခြေဖဝါးအောက်မှာ ထက်မြက်တဲ့ သံချောင်းတွေ ခင်းထားသလိုမျိုး အကယ်၍ ခြေတစ်လှမ်း မှားလိုက်တာနဲ့ သူမ ခြေထောက်တွေဟာ သွေးချင်းချင်းနီသွားမလိုပင်။
သူမဟာ အစီအရင် တချို့ကို ရှောင်ရှားနေခဲ့ပြီး အစီအရင်တွေကို အသက်မသွင်းမိအောင်ရှောင်ရှားနေခဲ့သည်။
"ဟား" အသက်ရှူချိန် ဒါဇင်ပေါင်းများစွာ ကြာပြီးနောက် သူမနဲ့ နီးကပ်နေတဲ့ ထူးဆန်းတဲ့ ဝိညာဉ်ဆေးပင် တစ်ပင်ကို ကြည့်ရင်း ချင်းကျောက်ရဲ့ နှုတ်ခမ်းတွေ ကွေးညွှတ်သွားခဲ့သည်။ "ဒီလောက် အကြာကြီး စောင့်ဆိုင်းပြီး ဒီလောက် အကြာကြီး ပြင်ဆင်ပြီးတဲ့နောက်ဆုံးတော့ ရိတ်သိမ်းပွဲကြီးလုပ်ဖို့ အချိန်တန်ပြီ"
…