အခန်း ၆ : ဒီလူရဲ့ အတွင်းအားက ဘာလို့ အသက်ရှုနည်းစနစ်ရဲ့ အတွင်းအားနဲ့ တူနေရတာလဲ
ချန်အိမ်တော်။
ချန်ချန်ရွှယ်၏ အသိစိတ်ဟာ ပိတ်လှောင်ခံထားရသည့် အခြေအနေမှ နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် တပြိုင်နက် သူမရှေ့မှ အရာအားလုံးဟာ အကြီးအကျယ် ပြောင်းလဲသွားသည်အား တွေ့လိုက်ရလေသည်။
ချန်အိမ်တော်ရှိ သူမ၏ အိပ်ခန်းက သူမ၏ မှတ်ဉာဏ်များထဲတွင် အနည်းငယ် စိမ်းနေသောကြောင့် သူမဟာ ခေတ္တမျှ ကြောင်အသွားခဲ့သည်။
"အိပ်မက်လား"
"တကယ် ဖြစ်ပျက်ခဲ့တာလား"
"ငါက တကယ်ကြီး ကျားတစ်ကောင်ရဲ့ လက်အောက်မှာ သေသွားတာလား... မသေမျိုးကျင့်ကြံသူ တစ်ယောက်အနေနဲ့ တကယ့်ကို အရှက်ရစရာပဲ"
ဘာကြောင့်မှန်း သူမ မသိပေမယ့် အဲဒီ အရောင်စုံ ကျားကြီးကို တွေးမိတိုင်း သူမ၏ စိတ်ထဲက ခံစားချက်တွေအား မထိန်းချုပ်နိုင်အောင် ဖြစ်နေခဲ့ရသည်။
သူမဟာ ဒေါသထွက်လွန်းလို့ အံကြိတ်မိသည် အထိပင်။
ဘာပဲဖြစ်ဖြစ် သူမက ဂုဏ်သိက္ခာရှိတဲ့ ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မ ဖြစ်ကာ မိစ္ဆာအဖြစ်တောင် မပြောင်းလဲသေးသည့် ကျားတစ်ကောင်ကို မနိုင်ခဲ့ပေ။ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရခြင်းက သူမအား အလွန် ရှက်ရွံ့စေခဲ့သည်။ ကံကောင်းလို့ ဒီအကြောင်းကို ဘယ်သူမှ မသိတာပင်။ မဟုတ်ရင် သူမဟာ ခေါင်းဝှက်စရာ တွင်းရှာနေရလောက်ပေပြီ။
"ငါ ဓားနဲ့ သူ့ခေါင်းကို မထိုးခဲ့သင့်ဘူး။ မျက်လုံးကို ထိုးခဲ့ရင် သူ သေသွားလောက်ပြီ"
တွေးလေတွေးလေ သူမဟာ မကျေမနပ် ဖြစ်ကာ ဒေါသထွက်လာလေပင်။
ရုတ်တရက် အလွန် ရင်းနှီးနေသည့် စာတန်း သတိပေးချက်တစ်ခုဟာ သူမ၏ အသိစိတ်ထဲတွင် ပေါ်လာခဲ့၏။
ထို့ကြောင့် သူမ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက အိပ်မက် မဟုတ်ကြောင်း ထင်ရှားနေပေသည်။
၎င်းက အစစ်အမှန်ပါပင်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က သူမကို မလိမ်ညာခဲ့ပဲ စနစ်ထဲမှာ သေဆုံးတာက လက်တွေ့ဘဝကို မထိခိုက်စေခဲ့ပေ
[သင်သည် ပထမဆုံးအကြိမ် မသေမျိုးကျင့်ကြံခြင်းဘဝ သရုပ်ဖော်မှုတွင် (၅) နှစ်၊ (၄) လ နှင့် (၁၃) ရက်တိုင်တိုင် အသက်ရှင် နေထိုင်ခဲ့ပါသည်။ ထို့ကြောင့် သင်ဟာ ဆုလာဘ်ရယူရန် အရည်အချင်း ပြည့်မီပါသည်။နောက်တစ်ကြိမ် သရုပ်ဖော်မှု မပြုလုပ်မီ (၁၂) နာရီ အချိန်စောင့်ဆိုင်းရပါမည်။]
[သင်ဟာ အောက်ပါ ဆုလာဘ်ကို ရရှိလိုက်ပါသည် ]
[ဆုလာဘ် ၁ - တစ်နှစ်တာ ပြင်းထန်သော ကျင့်ကြံမှု (သင် ပြင်းထန်စွာ ကျင့်ကြံအားထုတ်ပြီး ရရှိခဲ့သော အတွင်းအားနှင့် သိုင်းပညာ အတွေ့အကြုံများ)]
"ဆုလာဘ်.. ငါ ဒီ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ဆီက ဆုလာဘ် ရနိုင်တယ်လား.."
ချန်ချန်ရွှယ်ဟာ လန့်သွားခဲ့ပြီး တော်တော်လေးလည်း အံ့သြသွားခဲ့သည်။
သို့ပေမဲ့ သူမ ရရှိလိုက်သော ဆုလာဘ်က ပိုင်ယီ ရရှိလိုက်သော ဆုလာဘ်နှင့် လုံးဝ ကွာခြားနေသည်ကိုတော့ သူမဟာ မသိရှာပေ။
သူမ ရေရွတ်နေစဉ်မှာပင် ခန္ဓာကိုယ်ထဲတွင် အတွင်းအား အနည်းငယ်နှင့် သိုင်းပညာ အတွေ့အကြုံတချို့ ရောက်ရှိလာသည်အား ချက်ချင်း ခံစားလိုက်ရလေသည်။
သို့ပေမဲ့ ဒီအတွင်းအား အနည်းငယ်က သူမ၏ သောင်းချီသော ဝိညာဉ်စွမ်းအင်များ၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ဒါပေမဲ့ ဒါက ဘာကို ဆိုလိုသလဲဆိုတော့... တကယ် ဆုလာဘ် ရှိတယ် ဆိုတာပင်။
ပြဿနာက... ဘာမှ အသုံးမဝင်ခြင်းပင်။
သူမ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေက သိပ်သည်းပြီး ဒီလောက် သေးငယ်တဲ့ အတွင်းအားလေးက ဘယ်လို အသုံးဝင်မည်နည်း။
ပြီးတော့ ဒီလောက် သေးငယ်တဲ့ သိုင်းပညာ အတွေ့အကြုံလေးက လုံးဝ အသုံးမဝင်သလို ခံစားရ၏။
အကယ်၍ မသေမျိုးကျင့်ကြံခြင်း အတွေ့အကြုံတချို့ ပေးခဲ့ရင် အနည်းဆုံးတော့ အသုံးဝင်ပေအုံးမည်။
သူမ ခေါင်းခါလိုက်၏။
"ပြီးတော့ အသက်ရှူနည်းစနစ်က လက်တွေ့ဘဝမှာ အလုပ်ဖြစ်ပုံမရဘူး" ချန်ချန်ရွှယ်ဟာ အချက်တစ်ခုကို ရှာတွေ့သွားခဲ့သည်။ "လက်တွေ့ဘဝက ကျင့်စဉ်တွေကို သရုပ်ဖော် စနစ်ထဲမှာ သုံးလို့မရသလို သရုပ်ဖော် စနစ်ထဲက ကျင့်စဉ်တွေကိုလည်း လက်တွေ့ဘဝမှာ သုံးလို့မရဘူးပေါ့... ဆုလာဘ် အနေနဲ့ ပေးတဲ့ ကျင့်စဉ် ဖြစ်မှ သုံးလိုရမှာလား.. "
ဘာပဲဖြစ်ဖြစ် သူမအတွက်တော့ ပြဿနာကြီး မဟုတ်သလို သူမဟာ ဘာမှ ဆုံးရှုံးသွားတယ်လို့ မခံစားရပေ။
ချန်ချန်ရွှယ်ဟာ သူမ ခန္ဓာကိုယ်ထဲတွင် လှိုင်းထနေသော ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်ရသည်။ ပထမဆုံးအကြိမ် အနေဖြင့် လုံခြုံမှုရှိသည် ဆိုသော ခံစားချက်ကို သူမ ခံစားလိုက်ရလေသည်။ သူမ၏ အခြေတည်အဆင့် ကျင့်ကြံသူ ခွန်အားက လုံခြုံမှုပါပင်။
ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင် ရှိနေတယ်ဆိုတဲ့ ခံစားချက်က ပျောက်ဆုံးနေတာ ကြာလှပေပြီ။ ၎င်းက တကယ် လွမ်းဆွတ်စရာ ကောင်းလှပေသည်။
နောက်ခဏ၌ သူမဟာ ဝိညာဉ်ဓားဂိုဏ်း၏ ကျင့်စဉ်ကို အသုံးပြုပြီး ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များကို ရှူရှိုက်ကာ လည်ပတ်ကြည့်လိုက်၏။
ရုတ်တရက်ဆိုသလို သူမ၏ မျက်နှာထားက အေးခဲသွားခဲ့လေသည်။
"ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ တိုးလာတာလား.."
သူမဟာ အတားအစီး ဖြစ်နေတာကို မှတ်မိနေသေးပေသည်။ ကောင်းကင်မြေကြီး ဝိညာဉ်စွမ်းအင်များကို ဘယ်လောက်ပဲ ရှူရှိုက်ပါစေ သူမ၏ ဝိညာဉ်စွမ်းအားကို သန့်စင်ပြီး တိုးမြှင့်လို့ မရခဲ့တာကြောင့် အဆင့်တက်ဖို့ ခက်ခဲနေခဲ့လေသည်။
ဒါပေမဲ့ အခု သူမက ဝိညာဉ်စွမ်းအား အသစ်ကို တကယ် သန့်စင်နိုင်လိုက်ပြီး အဲဒီ ဝိညာဉ်စွမ်းအားက ချီကြောတွေထဲ စီးဝင်သွားခဲ့သည်။
၎င်းက တစ်ပတ်အတွင်းမှာ အခြေတည်အဆင့် (၂) ကို ချိုးဖျက်ဝင်ရောက်နိုင်မယ့် အခွင့်အရေး ရှိတယ်ဟု ဆိုလိုခြင်းပင်။
"ဘာလို့လဲ"
သူမ ခန္ဓာကိုယ်မှာ ဘာအပြောင်းအလဲမှ မရှိခဲ့ပေ။
"အသက်ရှူနည်းစနစ်ကြောင့်လည်း မဖြစ်နိုင်ဘူး..."
"စိတ်စွမ်းအားကြောင့်များလား.. သိုင်းပညာ အတွေ့အကြုံ အနည်းငယ်ကြောင့် ဖြစ်နိုင်ခြေလည်း ရှိတာပဲ... ဒါပေမဲ့ ဖြစ်နိုင်ခြေ အများဆုံးကတော့ စိတ်စွမ်းအား ကြောင့်ပဲ"
ချန်ချန်ရွှယ် ရုတ်တရက် သတိဝင်လာခဲ့သည်။
ယခုနှင့် ယခင်အကြိမ်ကြား အကြီးမားဆုံး ကွာခြားချက်မှာ သူမ၏ စိတ်စွမ်းအား ကွာခြားမှု ဖြစ်ကြောင်း တွေ့ရှိလိုက်၏။
"တစ်နည်းအားဖြင့် ပြောရရင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ငါ့ကို အဆင့်တက်ဖို့ အခွင့်အလမ်း ပေးနိုင်တယ်ပေါ့.."
သူမ၏ စိတ်စွမ်းအား ပြောင်းလဲမှုကြောင့် အတားအစီးက အနည်းငယ် လျော့ရဲသွားခြင်း ဖြစ်ကြောင်း ချန်ချန်ရွှယ်ဟာ သေချာသွားခဲ့လေသည်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က သူမအတွက် လုံးဝ အသုံးမဝင်တာတော့ မဟုတ်ဘူးပဲ။
တကယ်လို့များ... သူမဟာ စနစ်ထဲမှာ နောက်ထပ် နှစ်အနည်းငယ်လောက် ပိုနေလိုက်ရင် သူမ၏ စိတ်စွမ်းအားတို့က ပိုတိုးတက်လာနိုင်ပေသည်။
ပြီးတော့ တကယ်လို့များ စနစ်ထဲကနေ ဝိညာဉ်စွမ်းအင် အစစ်အမှန် ရရှိခဲ့ရင်ရော...
ဒါဆိုရင် စနစ်က ဆုချတဲ့ ဝိညာဉ်စွမ်းအင်ကို သုံးပြီး ပိုမြင့်တဲ့ အဆင့်ကို ရောက်နိုင်မည်လား။
နောင်တရစရာ တစ်ခုက သူမဟာ သိပ်အားနည်းလွန်းပြီး အချိန်အကြာကြီး အသက်မရှင်နိုင်ခဲ့ပေ။
မဟုတ်ပါက ဆုလာဘ်က တစ်နှစ်တာ အတွင်းအားလောက်ပဲ ဖြစ်နေမှာ မဟုတ်ချေ။
"ဒါပဲ.."
ဒီအချိန်မှာ ချန်ချန်ရွှယ်ဟာ တစ်ခုခုကို တွေးမိသွားကာ ရုတ်တရက် ထရပ်ပြီး တံခါးသွားဖွင့်လိုက်၏။ ကောင်းကင်ပေါ်က နေမင်းကြီးကို မော့ကြည့်ပြီးလက်ရှိ အချိန်အား အာရုံစိုက်လိုက်လေသည်။
နောက်ခဏ၌ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက အချိန်က လက်တွေ့ကမ္ဘာထက် အများကြီး နှေးကွေးနေကြောင်း တွေ့လိုက်ရလို့ သူမဟာ တုန်လှုပ်သွားခဲ့ရသည်။
သူမဟာ သရုပ်ဖော် စနစ်ထဲမှာ (၅) နှစ်ကျော် နေထိုင်ခဲ့တာတောင် လက်တွေ့ကမ္ဘာမှာတော့ ခဏလေးပဲ ကုန်ဆုံးသွားခဲ့လေသည်။
၎င်းက လက်ဖက်ရည် တစ်ဝက်လောက် သောက်မယ့်အချိန်တောင် မရှိသေးပေ။
'ဘုရားရေ အချိန်ရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်တယ် ဆိုတာ ဘယ်လို စွမ်းအားမျိုးလဲ... ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ...'
ချန်ချန်ရွှယ်ဟာ တွေဝေသွားခဲ့၏။
သူမ မှတ်မိတာကတော့... စနစ်ရဲ့ အချိန်စောင့်ဆိုင်းရမှုက (၁၂) နာရီပင်။
ဆိုလိုတာက (၁၂) နာရီ ကြာရင် သူမဟာ နောက်တစ်ကြိမ် ဝင်ရောက်ခွင့် ရမှာ ဖြစ်လေသည်။
ဒီ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကို အဆင့်မြင့် ပုဂ္ဂိုလ်ကြီး တစ်ယောက်ယောက်က သူမအား ကစားနေတယ်လို့ သဘောမထားသင့်တော့ပဲ ထိုအစားအစား အတွေ့အကြုံ သင်ယူစရာ လျှို့ဝှက်နယ်မြေ တစ်ခုအဖြစ် သဘောထားသင့်ပေသည်။
'ဟုတ်တယ် လျှို့ဝှက်နယ်မြေ...'
'ဒါက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ရည်ရွယ်ချက်ဖြစ်လောက်တယ်...'
ဒါက သူမအတွက် အခွင့်အရေးပင်။
"ဟူး... တစ်ခါ သေဖူးသွားတဲ့ ခံစားချက်က နောက်ဆုံးတော့ မကောင်းဘူးပဲ" ချန်ချန်ရွှယ်ဟာ မသေခင်က ခံစားချက်အား ပြန်တွေးမိပြီး စိတ်ပျက်သွားခဲ့သည်။ သူမဟာ ၎င်းအား ဒုတိယအကြိမ် ထပ်မခံစားချင်တော့ပေ။
"တောင်ပေါ်ကနေ ဆင်းလာရတာ လွယ်တာ မဟုတ်ဘူး။ အပြင်ထွက် လမ်းလျှောက်ရင်း စိတ်အပန်းဖြေလိုက်ဦးမယ်..." သူမဟာ ကိုယ့်ဘာသာ ရေရွတ်လိုက်၏။
ထို့နောက် အပြင်ထွက်လိုက်သည်နှင့် တပြိုင်နက် ချန်အိမ်တော်က အစေခံမလေး တစ်ယောက်ဟာ လျှော်ပြီးခါစ အဝတ်အစားပုံကြီးအား ပင်ပင်ပန်းပန်း သယ်ပြီး ဖြတ်သွားသည်အား တွေ့လိုက်ရလေသည်။ သူမဟာ အကြောင်းပြချက် မရှိဘဲ စနစ်ထဲက မိခင်အား ရုတ်တရက် သတိရမိသွားခဲ့သည်။
"ငါ ကူညီမယ်" ချန်ချန်ရွှယ် ပြောလိုက်၏။ ဒီစကားတွေက အစေခံမလေးကို ကြောင်အသွားစေခဲ့လေသည်။
အစေခံမလေးက သူမအား ဘယ်လိုလုပ် အကူအညီ တောင်းရဲမည်နည်း။ သူမက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မဖြစ်ပေသည်။
ချန်ချန်ရွှယ်က စကားပြောလိုက်ခြင်းကတောင် သူမအတွက် ဂုဏ်ယူစရာ ဖြစ်နေပေပြီ။
"ဟင့်အင်း... မ... မလိုပါဘူးရှင်.. ကျွန်မ... ကျွန်မဘာသာ လုပ်နိုင်ပါတယ်" အစေခံမလေးဟာ စိတ်လှုပ်ရှားလွန်းလို့ စကားတောင် ထစ်နေခဲ့သည်။
ချန်ချန်ရွှယ်ဟာ ၎င်းမြင်ကွင်းကြောင့် စကားမပြောနိုင်တော့ပေ။
အစေခံမလေး ပြေးထွက်သွားသည့် ကျောပြင်ကို ကြည့်ရင်း ချန်ချန်ရွှယ်ဟာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေမိခဲ့၏။
"ငါ ပြောင်းလဲသွားပြီလို့ ခံစားရတယ်"
သိထားရမှာက သူမဟာ ဝိညာဉ်ဓားဂိုဏ်းမှာ ရှိတုန်းက လူတွေနဲ့ စကားပြောခဲလေသည်။ အခုလို ကိုယ့်သဘောနဲ့ကိုယ် စကားစပြောဖို့ ဆိုတာ ဝေးရော။
ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ သူမ အံ့သြစရာ မလိုပါပေ။ ဘာပဲဖြစ်ဖြစ် သူမဟာ သရုပ်ဖော် စနစ်ထဲမှာ (၅) နှစ်တောင် နေခဲ့ရတာကြောင့် သူမရဲ့ စရိုက်က မပြောင်းလည်းသွားဘူးဆိုပါက မဖြစ်နိုင်ပေ။
...
ချန်ချန်ရွှယ်သည် ချန်အိမ်တော်မှ ထွက်ခွာလာခဲ့၏။
အပြင်ရောက်တော့ ချင်းဟယ် ခရိုင်ရဲ့ စည်ကားတဲ့ မြို့ပြကြီးဟာ လူတွေနဲ့ ပြည့်နှက်နေတာမို့ သူမဟာ သိပ်ပြီး နေသားမကျ ဖြစ်သွားလေသည်။
သရုပ်ဖော် စနစ်ထဲမှာတုန်းက ရွာငယ်လေး တစ်ရွာမှာပဲ အနေများခဲ့တာကြောင့်ပင်။
ပုံမှန်အားဖြင့် နေထွက်ရင် အလုပ်လုပ်၊ နေဝင်ရင် အနားယူတတ်တဲ့ ရွာသားတွေကိုပဲ မြင်တွေ့ခဲ့ရပြီး ဝေးလံခေါင်ဖျားတဲ့ ရွာလေးရဲ့ လေထုက အလွန် တိတ်ဆိတ်အေးချမ်းလေသည်။
အခု အလွန် သက်ဝင်လှုပ်ရှားနေတဲ့ ခရိုင်မြို့ထဲ လမ်းလျှောက်နေရတော့ သူမဟာ နည်းနည်း ထူးဆန်းနေသလို ခံစားရကာ မသက်မသာ ဖြစ်နေခဲ့သည်။
လမ်းတစ်လျှောက်လုံး သူမအား ကြည့်နေတဲ့ အကြည့်တွေ အများကြီး ခံစားနေခဲ့ရသည်။ သူမကို သိတဲ့လူက သိပ်မများတာတော့ သေချာပေသည်။
အများစုက သူမရဲ့ ရုပ်ရည် သို့မဟုတ် ကိုယ်ရောင်ကိုယ်ဝါကြောင့် ဆွဲဆောင်ခံလိုက်ရတာ ဖြစ်ပေမည်။
ချန်ချန်ရွှယ်က သူမအပေါ် ကျရောက်လာတဲ့ အကြည့်တွေကို လျစ်လျူရှုထားရတာ ကျင့်သားရနေခဲ့လေသည်။
သို့သော် ဆေးဆိုင်တစ်ဆိုင်ရှေ့ ဖြတ်သွားတဲ့အခါ သူမ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ဆေးဆိုင်ထဲကို လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် ဖုံးကွယ်မရနိုင်သော အံ့သြမှုများ ပြည့်နှက်သွားခဲ့သည်။
သူမ အကြည့်က လူတစ်ယောက်ဆီမှာ ရပ်နေခဲ့၏။
'ဒီလူရဲ့ အတွင်းအား လှုပ်ရှားမှုတွေက... ဘာလို့ အသက်ရှူနည်းစနစ်ရဲ့ အတွင်းအားနဲ့ ဆင်တူနေသလို ခံစားရတာလဲ'
ဒါက ချန်ချန်ရွှယ် ခေါင်းထဲ ပထမဆုံး ပေါ်လာတဲ့ အတွေးပင်။
သူမ ကြည့်နေတာကတော့ ဒီဆိုင်မှာ ဆေးလာဝယ်နေတဲ့ ပိုင်ယီ ဖြစ်ပေသည်။
...