အခန်း ၅၉ : မြင့်မြတ်သော နှလုံးသားနန်းတော်မှ မိစ္ဆာကျင့်ကြံသူများ၊ မင်းက လူလိမ်ပဲ
အမှောင်ထဲမှာ ပုန်းခိုနေတဲ့ မြင့်မြတ်သော နှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေက သူ့ဆီ လာနေတာ ဆိုတာ ပိုင်ယီသိလိုက်ပေသည်။
ဒီအနီးအနားမှာ နေတဲ့ ကျင့်ကြံသူ ဆိုလို့ သူတစ်ယောက်တည်း ရှိပြီး ဒါ့အပြင်... အဲဒီ မလိုမုန်းထားမှုနဲ့ သတ်ဖြတ်လိုစိတ်တို့က သူ့အား ပစ်မှတ်ထားနေမှန်း ထင်ရှားနေခဲ့၏။
အကယ်၍ ဒါလေးတောင် ပိုင်ယီ ရှာမတွေ့ဘူး ဆိုရင် သူ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာက ပိုကောင်းပေလိမ့်မည်။ ဒါလေးတောင် မသိပါက အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် သိက္ခာကျစရာပင်။
တစ်ဖက်လူက တော်တော်လေး ကောင်းကောင်း ပုန်းခိုနိုင်ပြီး ဝမ်းနည်းစရာ ကောင်းတာက အမှောင်ထဲမှာ ပုန်းခိုနေတဲ့ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူဟာ ပိုင်ယီ အခြေတည်အဆင့် (၃) ရောက်နေပြီ ဆိုတာ မသိရှာပေ။
ကျင့်ကြံမှုအဆင့်နိမ့်တယ်ဆိုရင်တော့ ဒီလို ပုန်းခိုနေတဲ့ ကျင့်ကြံသူတွေရဲ့ ခြေရာလက်ရာကို ရှာတွေ့ဖို့က ခက်ခဲကောင်း ခက်ခဲနိုင်ပေသည်။
"အယ်..."
သူ့ရဲ့ နတ်ဘုရားအာရုံက မီတာရာပေါင်းများစွာ အချင်းဝက်ကို ချက်ချင်း လွှမ်းခြုံလိုက်တဲ့အခါ အမှောင်ထဲမှာ ပုန်းခိုနေတဲ့ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူက တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ ပိုင်ယီ အံ့သြစွာ တွေ့ရှိလိုက်ရ၏။
ထို့အပြင် တစ်ဖက်လူက ဘာလို့ သူ့ကို ချုံခိုတိုက်ခိုက်ချင်တာလဲ သူ မသိချေ။ ယုတ္တိနည်းကျကျ ပြောရရင် သူဟာ မြင့်မြတ်သောနှလုံးသား နန်းတော်ကို ဘယ်တုန်းကမှ သွားပြဿနာ မရှာခဲ့ဖူးချေ။
ဒါပေမဲ့ပြန်စဉ်းစားကြည့်လိုက်တော့ ပိုင်ယီ ခေါင်းခါလိုက်၏။ သူ ဒီမေးခွန်းကို ဂရုမစိုက်တော့ပေ......
......
ဘာပဲဖြစ်ဖြစ် ဆင်ခြင်တုံတရား ရှိတဲ့ ကျင့်ကြံသူတစ်ယောက် အနေနဲ့ မိစ္ဆာကျင့်ကြံသူ တစ်စုနဲ့ အကျိုးအကြောင်း ဆွေးနွေးဖို့ နည်းလမ်း မရှိပေ။
အဲဒီ ကောင်တွေရဲ့ ခေါင်းထဲမှာ နေ့တိုင်း ဘာတွေ ရှိနေလဲ ဘယ်သူ သိနိုင်မည်နည်း။
ဒီအချိန်မှာ ပိုင်ယီ ရုတ်တရက် ရပ်တန့်သွားတာကို မိစ္ဆာကျင့်ကြံသူတွေ မြင်လိုက်ကြရာ သူတို့ ရှာဖွေတွေ့ရှိခံလိုက်ရပြီ ဆိုတာ သိလိုက်ကြသည်။
ဒီလိုဆိုမှတော့ ပုန်းနေစရာ မလိုတော့ချေ။
"ရွှီး.."
ညကောင်းကင်ယံ အောက်မှာ လေထုကို ထိုးခွဲသွားတဲ့ နားကွဲမတတ် အသံအချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ပျံသန်းနေသည့် ဓားစုစုပေါင်း (၆) လက်ဟာ လေထုကို ထိုးဖောက် ဝင်ရောက်လာခဲပြီး ပိုင်ယီဆီသို့ လျှပ်စီးလို အရှိန်နဲ့ ပစ်ဝင်လာခဲ့သည်။
မိစ္ဆာကျင့်ကြံသူတွေဟာ စကားတစ်ခွန်းမှ မပြောခဲ့ကြပဲ တိုက်ရိုက် တိုက်ခိုက်လိုက်ကြသည်။
ပျံသန်းနေသော ဓား (၆) လက်က ကွဲပြားတဲ့ နေရာတွေဆီကနေ ဝင်ရောက်လာခဲ့ကြသည်။ သူတို့က ချုံခိုတိုက်ခိုက်ဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြပြီး ပိုင်ယီကို ဘယ်နေရာ ဘယ်ထောင့်ကနေ တိုက်ခိုက်မလဲ ဆိုတာ ကြိုတင် ဆွေးနွေးထားပုံ ရလေသည်။
ဆုတ်ခွာစရာ လမ်းမရှိပေ။
ဘယ်ဘက်ကိုပဲ ရှောင်ရှောင် အနည်းဆုံး ပျံသန်းနေသည့် ဓား တစ်လက် နှစ်လက်လောက်က သူ့ခန္ဓာကိုယ်အား ထိုးစိုက်လာပေလိမ့်မည်။
အကယ်၍ ပိုင်ယီသာ ချီစုစည်းမှု အဆင့်မှာ ရှိနေခဲ့ရင် မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်၏။
နှမြောစရာပင်..........
အဆုံးအစမဲ့ ဝိညာဉ်စွမ်းအင်တွေဟာ အတွင်းထဲကနေ ပေါက်ကွဲထွက်လာပြီး အခြေတည်အဆင့်ရဲ့ အရဇိန်ဝါကို ထုတ်ဖော်ပြသလိုက်သည်။
အဲဒီ အခိုက်အတန့်မှာ အမှောင်ထဲမှာ ပုန်းခိုနေတဲ့ မိစ္ဆာကျင့်ကြံသူ (၆) ယောက်ရဲ့ မျက်နှာတွေဟာ တပြိုင်နက်တည်း ပြောင်းလဲသွားခဲ့ကြ၏။
'အခြေတည်အဆင့်....
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....'
သာမန် မျက်စိနဲ့ မြင်နိုင်တဲ့ ဝိညာဉ်စွမ်းအင် ဒိုင်းကာတစ်ခုဟာ လေထဲမှာ ဖြစ်ပေါ်လာခဲ့သည်။ ပိုင်ယီက ဘာကျင့်စဉ်မှ မသုံးခဲ့ချေ။ ဒါက ဝိညာဉ်စွမ်းအင်ရဲ့ အခြေခံ အသုံးပြုမှုတစ်ခုပင်။
ပျံသန်းနေသည့် ဓားတွေရဲ့ ထက်မြက်တဲ့ ထိပ်ဖျားတွေက ဝိညာဉ်စွမ်းအင် ဒိုင်းကာကို ထိမှန်သွားပေမဲ့ ဒိုင်းကာပေါ်မှာ ဂယက်အနည်းငယ်လောက်ပဲ ထသွားစေပြီး ပျက်စီးသွားတဲ့ လက္ခဏာ လုံးဝ မရှိခဲ့ပေ။
ပျံသန်းနေသော ဓား (၆) လက်ဟာ ပိုင်ယီရဲ့ ပတ်ဝန်းကျင်မှာ အေးခဲသွားသလိုမျိုး ရပ်တန့်သွားခဲ့ကြသည်။
"ငါးယောက်က ချီစုစည်းမှု အဆင့် (၇)... တစ်ယောက်က ချီစုစည်းမှု အဆင့် (၉).... ခြောက်ယောက်ထဲမှာ နှစ်ယောက်က သူတို့ရဲ့ အရှိန်ဝါ နည်းနည်း ရှုပ်ထွေးနေပုံ ရတယ်... သူတို့ ဒဏ်ရာကနေ ပြန်မသက်သာသေးတဲ့ပုံပဲ... အမှုနှိမ်နင်းရေးမှူး ဟယ် ပြောတာအရ ဆိုရင် နန်းတော်က မြင့်မြတ်သောနှလုံးသား နန်းတော်ကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့တယ်.... ဆိုလိုတာက သူတို့က အဲဒီ မိစ္ဆာကျင့်ကြံသူ အုပ်စုပေါ့"
မိစ္ဆာကျင့်ကြံသူတွေရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ပြီးနောက် ပိုင်ယီဟာ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်တွေကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာလိုက်သည်။
သူ့ရဲ့ တွန့်နေတဲ့ မျက်ခုံးတွေ တဖြည်းဖြည်း ပြေလျော့သွားခဲ့ပြီး သူ့မျက်နှာက တည်ငြိမ်မှုဆီ ပြန်ရောက်သွားခဲ့လေသည်။
ချက်ချင်းပင် တိုက်ခိုက်နေတဲ့ ဓား (၆) လက်ဟာ ရုတ်တရက် တုန်ခါသွားပြီး ပိုင်ယီကို ချိန်ရွယ်ထားတဲ့ ဓားသွားတွေက နောက်ပြန် လှည့်သွားခဲ့သည်။ ထို့နောက် ဓားသွားတွေဟာ မူလ တိုက်ခိုက်လာတဲ့ မတူညီတဲ့ အရပ်မျက်နှာ (၆) ခုဆီ ပြန်လည် ချိန်ရွယ်လိုက်၏။
တစ်ခဏအတွင်းမှာပင် မိစ္ဆာကျင့်ကြံသူတွေရဲ့ ခေါင်းပေါ်က ဆံပင်တွေ ထောင်မတ်သွားပြီး သူတို့ဟာ ကျောရိုးတလျှောက် အေးစိမ့်သွားသလို ခံစားလိုက်ကြရလေသည်။
သူတို့ သံပြားကို ကန်မိလိုက်ပြီဆိုတာ သိလိုက်ကြသည်။ ထို့ကြောင့် ဘာမှမပြောဘဲအမြန် ထွက်ပြေးဖို့ ကြိုးစားလိုက်ကြ၏။
ဒါပေမဲ့ သူတို့ သိပ်နှေးလွန်းပေသည်။
ဓားတွေက မမြင်နိုင်လောက်သည့် အရှိန်နဲ့ ပျံသန်းသွားရာ သိပ်မြန်လွန်းလို့ ဓားတွေ လေထုကို ခွဲသွားတဲ့ အသံကိုတောင် သူတို့ မကြားလိုက်ရခင်မှာပဲ အခုမှ ကိုယ်ယောင်ဖျောက်ပြီး ထွက်ပြေးဖို့ ပြင်နေတဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက်ဟာ ရုတ်တရက် တောင့်တင်းသွားခဲ့သည်။
သူပိုင်ဆိုင်တဲ့ ဓားဟာ သူ့နောက်စေ့ကို ဖောက်ဝင်သွားပြီးပြီ ဖြစ်ကာ သူ့ရဲ့ အသက်စွမ်းအားကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်၏။
ကျန်တဲ့ (၅) ယောက်လည်း တူညီတဲ့ ကံကြမ္မာနဲ့ ကြုံတွေ့လိုက်ရသည်။ သူတို့ရဲ့ လည်ပင်းကို ဓားဖောက်ဝင်သွားတာ သို့မဟုတ် နှလုံးကို ဓားဖောက်ဝင်သွားတာ ခံလိုက်ကြရသည်။
တချို့ဆိုရင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားပြီး အပေါ်ပိုင်းက အသက်ရှင်နေသေးသော်လည်း အောက်ပိုင်းက မလှုပ်ရှားနိုင်တော့တာမျိုးတောင် ရှိပေသည်။
အသက်ရှူချိန် (၃) ချက်တောင် မကြာလိုက်ပဲ အားလုံး ပြီးဆုံးသွားခဲ့သည်။
ပိုင်ယီ ကြမ်းပြင်ပေါ်က အလောင်းတွေကို မရှင်းလင်းသေးချေ။ သူဟာ အသက်ရှင်လျက် တစ်ယောက် ချန်ထားခဲ့ပြီး ၎င်းက သူ နှစ်ပိုင်း ခုတ်ပိုင်းလိုက်တဲ့ မိစ္ဆာကျင့်ကြံသူပင်။ တစ်ဖက်လူက တော်တော် သနားစရာ ကောင်းနေပေမယ့် လောလောဆယ် မသေနိုင်သေးချေ။
ပိုင်ယီ လျှောက်သွားလိုက်တဲ့အခါ သွေးတွေပေနေတဲ့ ခန္ဓာကိုယ် တစ်ဝက်ပိုင်ရှင်က ကုသရေး ဆေးလုံး တစ်လုံးကို ပါးစပ်ထဲ စိုးရိမ်တကြီး ထိုးထည့်နေတာ တွေ့လိုက်ရ၏။ ဒါက ဒဏ်ရာ ပြန်လည် သက်သာစေဖို့နဲ့ အကိုက်အခဲ ပျောက်ဖို့ သုံးတဲ့ သာမန် ဆေးလုံး တစ်မျိုးပင်။
'ဒါဆို မိစ္ဆာကျင့်ကြံသူတွေလည်း သေမှာ ကြောက်ကြတာပဲလား.... နာမှာ ကြောက်ကြတာပဲလား....'
သူတို့ဟာ သေမှာ မကြောက်တဲ့ အရူးတစ်စုလို့ ပိုင်ယီ ထင်ခဲ့ခြင်းပင်။
နည်းနည်း ရင်းနှီးနေတဲ့ မျက်နှာကို ပိုင်ယီ တည်ငြိမ်စွာ ငုံ့ကြည့်လိုက်ပြီး ပိုင်ယီ ပြောလိုက်သည်။ "အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံး နေရာပဲတဲ့... ရှေးလူကြီးတွေ ငါ့ကို မလိမ်ခဲ့ကြဘူးပဲ.... ကြည့်ရတာ ချင်းဟယ် ခရိုင်ကို ထွက်ပြေးလာတဲ့ ခင်ဗျားတို့ ကောင်တွေက ခရိုင်ရုံးထဲကိုတောင် စိမ့်ဝင်နေကြပြီပဲ"
"ကျွန်တော် မှတ်မိတာ မမှားဘူး ဆိုရင် ကျွန်တော်တို့ ဒီမနက်တင် တွေ့ခဲ့ကြတယ် မဟုတ်လား... ခင်ဗျားက ဆေးဆိုင်မှာ အလောင်းချုပ်နေတဲ့ မှုခင်းဆေးဆရာဝန်မဟုတ်လား"
ပိုင်ယီ သူ့ရဲ့ နတ်ဘုရား အာရုံကို အသုံးပြုပြီး အာရုံခံကြည့်တုန်းက ဒီမိစ္ဆာကျင့်ကြံသူတွေထဲက တစ်ယောက်က သူ့ကို ရင်းနှီးတဲ့ ခံစားချက် ပေးနေတာ တွေ့ရှိခဲ့ရသည်။
အခု တွေ့လိုက်ရတော့ တကယ် ဟုတ်နေသည်ပင်။
မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေက ခရိုင်ရုံးထဲ ဝင်ရောက်နေကြပြီး တကယ့် မှုခင်းဆေးဆရာဝန် အစစ်က သေသွားလောက်ပေပြီ။ ယခုလူက အယောင်ဆောင်ပင်။
"အဟွတ်... အဟွတ် အဟွတ် အဟွတ်..." ခန္ဓာကိုယ် တစ်ဝက်ပဲ ကျန်တော့တဲ့ မှုခင်းဆေးဆရာဝန်က ကုသရေး ဆေးလုံး စားထားပေမယ့် သွေးတွေ အများကြီး အန်ထုတ်နေတာကို မရပ်တန့်နိုင်သေးချေ။ သူဟာ ပိုင်ယီအား ရက်စက်တဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်၏။
သူ့မျက်လုံးထဲမှာ အာရုံကြောရောဂါသည် တစ်ယောက်ရဲ့ ရူးသွပ်မှုနဲ့ ကြောက်ရွံ့မှု အရိပ်အယောင် တချို့လည်း ပါဝင်နေခဲ့သည်။
"မင်း... မင်းက ချီစုစည်းမှု အဆင့် ကျင့်ကြံသူ တစ်ယောက် လုံးဝ မဟုတ်ဘူး..."
"မင်းက အခြေတည်အဆင့် ရောက်နေတာ.... မင်း ငါ့ကို လိမ်ခဲ့တာ.... ယုတ်မာတဲ့ ကောင်"
ပါးစပ်အပြည့် သွေးတွေ ထွက်နေတဲ့ သူက စကားကို ဘယ်လို ရှင်းရှင်းလင်းလင်း ပြောနိုင်လဲ ဆိုတာ ဘယ်သူမှ မသိချေ........
ပိုင်ယီ စူးစမ်းလိုစိတ်နဲ့ မေးလိုက်၏ "ဘာလို့ ငါ့ကို တိုက်ခိုက်တာလဲ"
မှုခင်းဆေးဆရာဝန်က မထီမဲ့မြင် ပြုံးလိုက်ကာ "မင်းက သူများ ကိစ္စ ဝင်ပါတာကိုး"
ပိုင်ယီ ရုတ်တရက် နားလည်သွားခဲ့သည်။
နေ့ခင်းတုန်းက သူ အမှုနှိမ်နင်းရေးမှူး ဟယ် ကို သတိပေးလိုက်တုန်းက မှုခင်းဆေးဆရာဝန်လည်း ကြားသွားတာ ဖြစ်ရပေမည်။ တစ်ဖက်လူက သူ့ကို ပြဿနာရှာနေတဲ့ ကျင့်ကြံသူ တစ်ယောက်လို့ သတ်မှတ်လိုက်ပြီး ဒါက သူတို့ မိစ္ဆာတွေအတွက် သေချာပေါက် အဆင်မပြေဘူးလို့ တွေးလိုက်သည်ပင်။
ထို့ကြောင့် သူတို့ညာ ဦးအောင် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြပြီး နောက်ဆုံးတော့ သူတို့ ရှုံးနိမ့်သွားခဲ့ရလေသည်။
ကြည့်ရတာ သူမှာ အတွေ့အကြုံ မရှိသေးပဲ အကယ်၍ သူသာ ရွေးချယ်ခံတစ်ယောက်ရဲ့ မသေမျိုးကျင့်ကြံခြင်း အတွေ့အကြုံကို ရရှိထားမယ် ဆိုရင် ဒီလိုကိစ္စမျိုးကို လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်လောက်ပေသည်။
အနည်းဆုံးတော့ သူက ပြဿနာရှာနေတဲ့ မိစ္ဆာကျင့်ကြံသူကို ထောက်ပြချင်ရင်တောင် လူအများကြီး ရှေ့မှာ ပြောမှာ မဟုတ်တော့ချေ။
"ဆေးဆိုင်က အာ့ချိုင်ကို ဘာလို့ သတ်လိုက်တာလဲ... ချင်းဟယ် ခရိုင်ထဲမှာ မင်းတို့လူ ဘယ်နှယောက် ပုန်းခိုနေလဲ"
ချင်းဟယ်ခရိုင်ထဲမှာ မိစ္ဆာကျင့်ကြံသူ နှစ်ယောက် သုံးယောက်လောက်ပဲ ပုန်းခိုနေတယ် ဆိုတာ ပိုင်ယီ မယုံပေ။
ထို့အပြင် သူက တစ်ဖက်လူတွေရဲ့ မျက်စိထဲက ဆူး တစ်ချောင်း ဖြစ်နေပြီ ဆိုတော့ သူဟာ ထိုင်ပြီး သေမယ့်ရက်ကို စောင့်နေလို့ မဖြစ်တော့ချေ။
"ဟွန့်... သေမျိုးတစ်ယောက်ကို သတ်ဖို့ ဘာအကြောင်းပြချက် လိုလို့လဲ"
မှုခင်းဆေးဆရာဝန်က ဒုတိယ မေးခွန်းကို မဖြေပဲ ထိုအစား သူက ရက်စက်စွာ ပြောလိုက်၏။ "မြင့်မြတ်သောနှလုံးသား နန်းတော်က မင်းကို မျက်စိကျနေပြီ.... မင်း ဒီနေ့ လွတ်ကောင်း လွတ်နိုင်လိမ့်မယ် ဒါပေမဲ့ တစ်သက်လုံး လွတ်မှာ မဟုတ်ဘူး... မနက်ဖြန်... သဘက်ခါ... မင်း ငါနဲ့အတူ တမလွန်ကို လိုက်လာရမယ့် နေ့တစ်နေ့ ရှိလာလိမ့်မယ်"
သိသာတာက ပိုင်ယီဟာ ဒီကောင်ဆီကနေ ဘာအသုံးဝင်တဲ့ သတင်းအချက်အလက်မှ မရနိုင်တော့ဘူးဆိုတာပင်။
သူက မိစ္ဆာကျင့်ကြံသူဆီကနေ သတင်းရဖို့ ကြိုးစားနေခြင်းက နည်းနည်း လက်တွေ့မကျပေ။
ဒါပေမဲ့ ချင်းဟယ်ခရိုင်ထဲမှာ တခြား မိစ္ဆာကျင့်ကြံသူတွေ သေချာပေါက် ရှိနေသေးတယ် ဆိုတာ သူ အကြမ်းဖျင်း ခန့်မှန်းလို့ ရလေသည်။
ဒါ့အပြင်... တစ်ဖက်လူတွေရဲ့ ခွန်အားက မနည်းလောက်ပေ။
မဟုတ်ပါက ဒီကောင် ဒီလို အာချောင်ရဲမည်မဟုတ်ချေ။
ပိုင်ယီ မှုခင်းဆေးဆရာဝန်ကို အဆုံးမစီရင်ခင် တစ်ချက် ကြည့်လိုက်၏။
ထို့နောက် ဓားတစ်ချက်ဖြင့် ခေါင်းဖြတ်ကာ ဇီဝိန်ခြွေပေးလိုက်လေသည်။
...