အခန်း ၅၈ : ညသန်းခေါင်၊ သတ်ဖြတ်လိုစိတ်
အခြေတည်အဆင့်ရဲ့ ကွဲပြားခြားနားမှုကို ခံစားပြီးနောက် ပိုင်ယီဟာ သူ့ရဲ့ အာရုံစိုက်မှုကို ထပ်ဆောင်း ဆုလာဘ်ပေါ် ထားလိုက်၏။
ဒီတစ်ခါ ထပ်ဆောင်း ဆုလာဘ်က ထူးခြားကာ ၎င်းက ဝိညာဉ်လက်နက်တစ်ခုဖြစ်လေသည်။
ပြီးတော့... သူ့ရဲ့ အဆင့်အတန်းကလည်း မြင့်မားပေသည်။
ပိုင်ယီရဲ့ စိတ်အာရုံ အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ အချင်း (၁၀) စင်တီမီတာကျော် ရှိတဲ့ ရွှေရောင် ကွင်းတစ်ကွင်းဟာ သူ့လက်ဖဝါးပေါ်မှာ လေထဲကနေ ပေါ်လာပြီး တိတ်ဆိတ်စွာ ဝဲပျံနေခဲ့သည်။
ရွှေရောင် ကွင်းပေါ်၌ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှု သဲ့သဲ့လေး ရှိနေပြီး သိပ်ထူးဆန်းပုံ မရချေ။
ဒါပေမဲ့ အကယ်၍ သေချာ စိုက်ကြည့်မယ် ဆိုရင် အတွင်းထဲမှာ ရှိနေတဲ့ အန္တရာယ်ရှိတဲ့ အရှိန်ဝါကို အာရုံခံမိပေလိမ့်မည်။
မသဲကွဲတဲ့ သတ်ဖြတ်လိုစိတ်တစ်ခု စိမ့်ထွက်နေခဲ့သည်။ ဒါက သတ်ဖြတ်ခြင်းကို အဓိကထားတဲ့ ဝိညာဉ်လက်နက် တစ်ခုပင်။
ဒီဝိညာဉ်လက်နက် အကြောင်း ပိုင်ယီ သိ၏။
အရင်တုန်းက ချန်ချန်ရွှယ် မသေမျိုးကျင့်ကြံသူ ဘဝကို သရုပ်ဖော်နေတုန်း မိစ္ဆာချုပ်လှောင် မျှော်စင်ရဲ့ တံဆိပ် လျော့ရဲနေကြောင်း သူမဆရာသခင် အကြီးအကဲဟိုကို ပြောပြခဲ့၏။ တံဆိပ် တကယ် လျော့ရဲနေတာ တွေ့ရှိပြီးနောက်မှာ အကြီးအကဲဟိုက ဒီဝိညာဉ်လက်နက်ကို ချန်ချန်ရွှယ်ဆီ ပေးခဲ့ပြီး မိစ္ဆာချုပ်လှောင် မျှော်စင်နား ကပ်လာတဲ့ ဘယ်သူ့ကိုမဆို တားဆီးဖို့ ဒီဝိညာဉ်လက်နက်ကို သုံးခိုင်းခဲ့တာပင်။
ဒါကို ကြည့်ရင် ဒီဝိညာဉ်လက်နက်က သာမန် မဟုတ်ဘူး ဆိုတာ မြင်နိုင်ပြီး အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်က ဒါကို အသုံးပြုလို့ ရတယ်ဆိုတာပင်။
ဒီရွှေရောင် ကွင်းကို အသုံးပြုပြီး အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက်က ရွှေအမြုတေ အဆင့်ကျင့်ကြံသူ တစ်ယောက်ကိုတောင် ယှဉ်ဖိုက်နိုင်ပေသည်။
"ဝမ်းနည်းစရာ ကောင်းတာက ဒါက တစ်ခါသုံးပစ္စည်း ဖြစ်နေတာပဲ"
ဒီလောက် စွမ်းအားကြီးတဲ့ ဝိညာဉ်လက်နက် တစ်ခုက ကန့်သတ်ချက်မရှိဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ချေ။
သူ့ကို တစ်ကြိမ်ပဲ သုံးလို့ ရပေမည်။
အကယ်၍ ဒီလိုပစ္စည်းမျိုးကို ကန့်သတ်ချက် မရှိဘဲ သုံးလို့ရမယ် ဆိုရင် အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက် လက်ထဲ ပေါ့ပေါ့ပါးပါး ထည့်ပေးလိုက်တာက သူဟာ အခြေတည်အဆင့်မှာ အလွယ်တကူ ပြိုင်ဘက်ကင်း ဖြစ်သွားနိုင်တယ် ဆိုတဲ့ သဘောသက်ရောက်လေသည်။
ဘယ်လို ကောင်းကင်ဘုံရဲ့ ဂုဏ်ယူစရာ ပါရမီရှင်မှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်တော့ပေ။ ဒီရွှေရောင် ကွင်းနဲ့ ဆိုရင် သူက တူညီတဲ့ ကျင့်ကြံမှု အဆင့်မှာ ပြိုင်ဘက်ကင်း ဖြစ်နေမည်ပင်။
အဲဒါက သိပ်လွန်လွန်းအားကြီးပေသည်။
ပိုင်ယီဟာ ရွှေရောင် ကွင်းကို သူ့သိုလှောင်အိတ်ထဲ ဂရုတစိုက် ပြန်ထည့်လိုက်၏။ ဒီဝိညာဉ်လက်နက်က အခုချိန်ထိ သူရရှိထားသမျှ ဝိညာဉ်လက်နက်တွေထဲမှာ အဆင့်အမြင့်ဆုံးလို့ သတ်မှတ်လို့ ရ၏။
သူ့ရဲ့ အဆင့်အတန်းက ပိုင်ဖျင်ဓား နဲ့ သွေးပုလဲထက် ပိုမြင့်မားတာကြောင့် သဘာဝကျကျပဲ သူဟာ ကောင်းကောင်း ဂရုစိုက်ရပေမည်။
...
ပိုင်ယီဟာ ရွေးချယ်ခံ နှစ်ယောက်ဆီကနေ ဆုလာဘ် တွက်ချက်မှု ရရှိခဲ့ပြီး ရွေးချယ်ခံနှစ်ယောက်ဟာလည်း သူတို့ရဲ့ ဆုလာဘ်တွေကို ရရှိခဲ့ကြသည်။
ချင်းကျောက်အနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတစ်ဒါဇင်ကျော်လောက်သာ ရရှိခဲ့သည်။
ဒါက သူမအတွက် လက်ခံဖို့ ခက်ခဲလေသည်။
သူမက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ နှစ် (၂၀) ကျော် မနားမနေ ကြိုးစားခဲ့ရတာတောင် စနစ်က ဒီလောက်ပဲ ပေးခဲ့၏။
သူမရဲ့ ဒီတစ်ခါ သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝက စိတ်လှုပ်ရှားစရာ အတွေ့အကြုံတစ်ခုလို့ မသတ်မှတ်နိုင်ဘူး ဆိုရင်တောင်မှပေါ့။
"အဟွတ် အဟွတ်.."
ပြီးခဲ့တဲ့ သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝနဲ့ ထပ်တူနီးပါး တူနေခဲ့ပြီး သရုပ်ဖော် ဘဝ နှစ်ခုကြားမှာ သိပ်ကွာခြားမှု မရှိခဲ့ပေ။
ဒါပေမဲ့ ဒီလောက်ထိ ကပ်စေးနည်းရလောက်အောင်တော့ မဆိုးနေပေ.......
လွန်ခဲ့တဲ့ ရက်ပိုင်းက သူမရဲ့ နောက်ဆုံး ဆုလာဘ် တွက်ချက်မှုကို ပြန်တွေးမိပြီး ချင်းကျောက် အံကြိတ်လိုက်၏။
အရင်တုန်းက ဆုလာဘ်တွေ အကုန် ကောင်းခဲ့ပြီး ဒီတစ်ခါကျတော့ ကပ်စေးနည်းလွန်းလှပေသည်။
"သောက်ကျိုးနည်း..."
သူမဟာ ခံစားရပေမယ့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ဒါဇင်ကျော်ကို သူမ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။
ခြင်က ဘယ်လောက်ပဲ သေးပါစေ... အသားက အသားပင်။
ဒါက သူမရဲ့ ပင်ပင်ပန်းပန်း လုပ်အားခဖြစ်ရာ သူမ ဘယ်လိုလုပ် ပေါ့ပေါ့ပါးပါး လွှင့်ပစ်နိုင်မည်နည်း။
...
ဝိညာဉ်ဓားဂိုဏ်း.....
ချန်ချန်ရွှယ်ဘက်တွင်....
[သင်သည် နှစ်သန်းပေါင်းများစွာ အတွင်းဘက်၌ နေထိုင်ခြင်း အောင်မြင်မှုကို အသက်သွင်းနိုင်ခဲ့ပြီး ထပ်ဆောင်း ဆုလာဘ် တစ်ခု ရရှိလိုက်ပါသည်။ သင်သည် အောက်ပါ ဆုလာဘ်များကို ရရှိလိုက်ပါသည်]
[ဆုလာဘ် - အခြေတည်အဆင့် (၁) ၏ ဝိညာဉ်စွမ်းအင် အားလုံး (အလွန် သန့်စင်သော ဝိညာဉ်စွမ်းအင်)]
[ထပ်ဆောင်း ဆုလာဘ် - မိစ္ဆာချုပ်လှောင် မျှော်စင်၏ အုတ်တစ်ဝက် (အုတ်တစ်ဝက်သာ ရှိသော်လည်း အလွန် မာကျောနေဆဲ ဖြစ်သည်)]
သူမရဲ့ ကိုယ်ပိုင် ဆုလာဘ်ကို ကြည့်ပြီး ချန်ချန်ရွှယ် မျက်ခုံးပင့်လိုက်၏။ သူမ အဲဒီ သရုပ်ဖော် ဘဝကို အဆုံးသတ်လိုက်မိတာကို နှမြောစိတ် ဝင်သွားခဲ့၏။
ဒီအတွေးက သူမခေါင်းထဲ ခဏလေး ဖြတ်သန်းသွားပေမယ့် သူမ ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။
သူမကို အဲဒီလို ခက်ခဲတဲ့ ဘဝမျိုး နောက်ထပ် နှစ်ပေါင်း (၁၀၀) လောက် ထပ်နေခိုင်းပါက သူမဟာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်မှာကို ချန်ချန်ရွှယ် စိုးရိမ်မိပေသည်။
သူမက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရတာ ကြိုက်တဲ့သူ မဟုတ်ပေ။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး သူမမှာ ဘာတိမ်းညွတ်မှုမှ မရှိတာ သေချာပေသည်......
မကြာမီ အတော်လေး များပြားတဲ့ ဝိညာဉ်စွမ်းအင် ပမာဏက သူမ ခန္ဓာကိုယ်ထဲ ချက်ချင်း စီးဝင်လာခဲ့သည်။ ချန်ချန်ရွှယ် ဘာမသက်မသာ ခံစားချက်မှ မခံစားရပဲ ဒီဝိညာဉ်စွမ်းအင်တွေ သူမရဲ့ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်နဲ့ ပေါင်းစပ်သွားမယ့် အချိန်ကို သူမ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်၏။
သူမဟာ ဝိညာဉ်စွမ်းအင် ဆုလာဘ် ရရှိတာကို ကျင့်သားရနေတာကြောင့် သူမ မအံ့သြတော့ပေ။
လက်ရှိ ချန်ချန်ရွှယ်က အခြေတည်အဆင့် (၂) မှာပဲ ရှိပါသေးပြီး သူမရဲ့ ကျင့်ကြံမှုအဆင့်က မသေမျိုးကျင့်ကြံခြင်း လောကက ကျင့်ကြံမှုအဆင့်ထက် တစ်ဆင့် နိမ့်နေခဲ့သည်။
ထို့ကြောင့် သူမအတွက် အခြေတည်အဆင့် (၁) က ဝိညာဉ်စွမ်းအင် အားလုံး ဆိုတာ ကြီးမားတဲ့ ဝိညာဉ်စွမ်းအင် ပမာဏပင်။
၎င်းက သူမရဲ့ ချီကြောတွေနဲ့ ဒန်ထျန်ကို ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်သွားစေခဲ့သည်။
"ဒီဆုလာဘ်မျိုး နောက်ထပ် တစ်ကြိမ် နှစ်ကြိမ်လောက် ရရင်..."
သူမ ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲတွေကို ခံစားရင်း ချန်ချန်ရွှယ်ရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အလင်းရောင် တစ်ချက် လက်သွားခဲ့သည်။ "ငါ အခြေတည်အဆင့် (၃) ကို ချိုးဖျက်ဝင်ရောက်နိုင်လောက်တယ်"
"မဖြစ်ဘူး... ငါ ပိုတည်ငြိမ်ဖို့လိုတယ်"
"ဒီဆုလာဘ်မျိုး နောက်ထပ် သုံးလေးကြိမ်လောက် ရရင် ငါ အခြေတည်အဆင့် (၃) ကို ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မယ်"
သူမက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက တည်ငြိမ်မှုအား လက်တွေ့ဘဝထဲသို့ ပြီးပြည့်စုံစွာ ယူဆောင်လာခဲ့လေသည်။
အခြေတည်အဆင့် (၁) ကနေ အခြေတည်အဆင့် (၃) အထိ.....
'ဘယ်လောက် ကြာသွားပြီလဲ...'
'လဝက်တောင် မပြည့်သေးဘူး...'
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က တကယ့်ကို နတ်ဘုရားပေးတဲ့ ပစ္စည်းပင်။ မသေမျိုးတွေနဲ့ နတ်ဘုရားတွေရဲ့ နည်းလမ်းတွေကသာ ဒီလိုအရာမျိုး ဖန်တီးနိုင်ပေမည်။
ချန်ချန်ရွှယ် စဉ်းစားလိုက်၏။
အကယ်၍ သူမ တစ်ရက်ကို တစ်ကြိမ် မသေမျိုးကျင့်ကြံခြင်းကို ဆက်လက် သရုပ်ဖော်နေမယ် ဆိုရင် သူမဟာ တစ်နှစ်အတွင်း ရွှေအမြုတေ အဆင့် ကို ရောက်နိုင်မလား.... သို့မဟုတ် (၁၀) နှစ်အတွင်း မူလဝိညာဉ် အဆင့်ကို ရောက်နိုင်မလား...ဆိုသာပင်။
"ရှူး.."
ချန်ချန်ရွှယ် ဒီအတွေးကို အမြန် ခါထုတ်လိုက်၏။ လောလောဆယ်တော့ ဒီအတွေးက သိပ်စိတ်ကူးယဉ်ဆန်လွန်းနေခဲ့သည်။ သူမ ဘယ်လို ပြေးရမလဲ ဆိုတာတောင် မသင်ရသေးခင်မှာပဲ ဘယ်လို ပျံသန်းရမလဲ ဆိုတာ စဉ်းစားနေခဲ့ပေပြီ။ ဒီလို စိတ်အခြေအနေမျိုးက သူမအတွက် မကောင်းချေ။
(တည်ငြိမ်ရမယ်... သတိကြီးရမယ်...)
ချန်ချန်ရွှယ်ဟာ သူမရဲ့ အတွေးတွေကို တည်ငြိမ်အောင် လုပ်လိုက်ပြီး သူမရဲ့ ထပ်ဆောင်း ဆုလာဘ်ကို ကြည့်လိုက်၏။ ဒါက ကျောက်စိမ်းလို ကြေးနီလို အသား ရှိတဲ့ အုတ်တစ်ဝက်ပင်။ အပေါ်မှာ ဝေဝါးပြီး နားမလည်နိုင်တဲ့ စာလုံးတချို့ ထွင်းထုထားပြီး ဒါက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက ကမ္ဘာရဲ့ ရှေးဟောင်း စာလုံးတွေ ဖြစ်ပေသည်။
ဒီရှေးဟောင်း စာလုံးတွေထဲမှာ ထူးခြားတဲ့ ဝိညာဉ် လှုပ်ရှားမှုတွေ ပါဝင်နေသလို ချန်ချန်ရွှယ် ခံစားလိုက်ရသည်။
ဒီအုတ်တစ်ဝက်က ဝိညာဉ်လက်နက်တစ်ခုနဲ့ ပိုတူနေခဲ့သည်။
ဟုတ်ပေသည်။ မိစ္ဆာချုပ်လှောင် မျှော်စင်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ဖို့ အရည်အချင်း ပြည့်မီတဲ့ အုပ်ချပ်က မထူးဆန်းပဲ မနေချေ။
"မေးခွန်းက ငါ ဒါကို ဘာလုပ်ရမှာလဲ..."
"အရည်ဖျော်ပြီး လက်နက်ကိရိယာတွေ သွန်းလုပ်ဖို့ သုံးရမလား"
ချန်ချန်ရွှယ် အတွေးနက်သွားခဲ့သည်။
ဒီပစ္စည်းက တော်တော် မာကျောရာ ဖြစ်နိုင်တာက သူမ တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အခါ အုတ်တစ်ဝက်ကို ထုတ်ပြီး သူတို့ ခေါင်းတွေကို ရိုက်ခွဲကာ ခေါင်းကွဲသွားအောင် လုပ်ရမည်လော.......
အဲဒီ ထူးဆန်းတဲ့ မြင်ကွင်းကို စိတ်ကူးကြည့်ပြီး ချန်ချန်ရွှယ် တုန်လှုပ်သွားခဲ့သည်။
ဒါဆို အနာဂတ်မှာ တခြားသူတွေ သူမကို ဘယ်လိုမြင်ကြမည်နည်း။
ပြီးတော့ သူမကို ဘယ်လို ခေါ်ကြမည်နည်း။
အုတ်ခဲ သူတော်စင်မ............
...
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
ဒီတစ်ခါ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဆုလာဘ်ကို သိပ်မကျေနပ်တဲ့သူက ချင်းကျောက်တစ်ယောက်တည်း ဖြစ်လောက်ပေသည်။
နေမင်းက အနောက်ဘက်မှာ တဖြည်းဖြည်း ဝင်သွားပြီး ညအချိန်က မြေပြင်ကို ဖုံးလွှမ်းလာတဲ့အခါ စည်ကားတဲ့ ချင်းဟယ် ခရိုင်က တိတ်ဆိတ်သွားခဲ့သည်။
ဒီမသေမျိုးကျင့်ကြံခြင်း လောကမှာ ညအချိန်က သာမန်လူတွေ အတွက် သိပ်အန္တရာယ် များပေသည်။
သရဲတစ္ဆေတွေရဲ့ ထူးခြားတဲ့ တည်ရှိမှုကလည်း ဒီမှာ မရှားပါချေ။
ခွန်အားကြီးတဲ့ သိုင်းပညာရှင် တချို့၊ လေလွင့်နေတဲ့ သရဲတစ္ဆေတွေကို လုံးဝ မကြောက်တဲ့ မသေမျိုးကျင့်ကြံသူတွေ သို့မဟုတ် နန်းတော်ရဲ့ ကာကွယ်မှု ရထားတဲ့ ခရိုင်အစိုးရက လူတွေလောက်ပဲ ညသန်းခေါင်မှာ လျှောက်သွားရဲကြ၏။
ပိုင်ယီက သူတို့ထဲက တစ်ယောက်ပင်။
ပိုင်ယီ အပြင်မှာ ညစာ စားခဲ့သည်။ အခြေတည်အဆင့် (၃) ကို ရောက်နေပြီ ဖြစ်လို့ တစ်နှစ်ပတ်လုံး အစာမစားပဲနေလည်း သူ့အတွက် ပြဿနာ မရှိချေ။
ဒါပေမဲ့ သူ့ဘဝကြီးအား ပျင်းစရာကောင်းအောင် ပြစ်မထားနိုင်ပေ။
သူ ခြံဝင်းထဲ ပြန်လာပြီး တံခါးဖွင့်လိုက်၏။
တံခါး ပြန်ပိတ်တော့မယ့် အချိန်မှာပဲမှာ ပိုင်ယီ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထူးဆန်းတာ တစ်ခုခု ခံစားလိုက်ရသလိုမျိုး သူ့မျက်ခုံးတွေ ဖြည်းဖြည်းချင်း တွန့်သွားခဲ့သည်။ အနည်းငယ် ရွံရှာဖွယ်ကောင်းတဲ့ အရှိန်ဝါတစ်ခုကို သူ အာရုံခံမိလိုက်သည်။ ဒီအရှိန်ဝါမှာ မှိန်ဖျဖျ ရန်လိုမှုနဲ့ သတ်ဖြတ်လိုစိတ်တွေ ပါဝင်နေခဲ့သည်။
၎င်းအရှိန်ဝါက ဆေးဆိုင်ထဲက အရှိန်ဝါနဲ့ ဆင်နေခဲ့၏။
မြင့်မြတ်သောနှလုံးသား နန်းတော်........
...