အခန်း ၅၄ : ကြေးဝါရောင်တံခါးကြီး၏ အတွင်းပိုင်း
မကြာမီ မွန်းတည့်ချိန် ရောက်လာခဲ့သည်။
ရွေးချယ်ခံနှစ်ယောက်ဟာ သိပ်အချိန်တိကျကြပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲသို့ ဝင်ရောက်ကာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝသစ် တစ်ခုကို စတင်လိုက်ကြ၏။
ဒီတစ်ခါ ပိုင်ယီ အများဆုံး အာရုံစိုက်ထားတဲ့ ရွေးချယ်ခံက ချင်းကျောက်ပင်။
ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝတုန်းက ချင်းကျောက်ဟာ လူသူကင်းမဲ့သည့် ကျွန်းပေါ်မှာ ရှေးဟောင်း လျှို့ဝှက်ချက် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အဲဒီ လျှို့ဝှက်ချက်က ဘာလဲ ဆိုတာ သူမ သေချာ စုံစမ်းဖို့ အခွင့်အရေး မရခင်မှာပဲ သူမဟာ သေဆုံးသွားခဲ့ရလေသည်။
ဒါပေမဲ့ အခု အခွင့်အရေးသစ် တစ်ခု ရလာပြီ ဆိုတော့ ချင်းကျောက် တချို့ အရာတွေကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ပိုင်ယီ ယုံကြည်၏။
[အသက် ၀ နှစ် - ချင်းကျောက်သည် မသေမျိုးကျင့်ကြံသူမိသားစုတွင် မွေးဖွားခဲ့သည်။ သူမသည် အံ့သြစရာကောင်းသော မသေမျိုးကျင့်ကြံခြင်း အရိုးအခြေခံအုတ်မြစ်ကို ပြသခဲ့ပြီး ချင်းမိသားစု တစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့သည်။ အနာဂတ်တွင် ချင်းမိသားစု၌ ဆက်ခံသူ ရှိလာတော့မည် ဖြစ်ကြောင်းနှင့် သူမသည် ချင်းမိသားစုကို ပိုမိုမြင့်မားသော အဆင့်သို့ ဦးဆောင်နိုင်မည် ဖြစ်ကြောင်း သူမ ပြောကြားခဲ့သည်။]
[အသက် ၁၀ နှစ် - ချင်းကျောက် သူမဖခင်၊ ဘိုးဘေးခေါင်းဆောင်တို့နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့သည်။ ချင်းမိသားစု အနေနဲ့ ဒီနေရာကနေ ထွက်သွားတာ အကောင်းဆုံး ဖြစ်ကြောင်း မဟုတ်လျှင် ကြီးမားသော ကပ်ဘေးတစ်ခု ကျရောက်လာလိမ့်မည် ဖြစ်ကြောင်း သူမ တိုက်ရိုက် ပြောကြားလိုက်သည်။]
[အသက် ၂၀ နှစ် - ချင်းမိသားစုသည် ပင်လယ်ရပ်ခြားရှိ လူသူကင်းမဲ့သော ကျွန်း တစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဒီနေရာကို ချင်းမိသားစု၏ အနာဂတ် အခြေစိုက်စခန်း အဖြစ် အသုံးပြုရန် စီစဉ်ထားကြသည်။]
[ကြေးဝါရောင် တံခါးကြီး၏ သက်ရောက်မှုကို ရှောင်ရှားနိုင်ရန် ချင်းကျောက်သည် သူမ၏ စိတ်ဝိညာဉ်ကို တည်ငြိမ်စေမည့် နည်းစနစ် တစ်ခုကို အဘွားအိုထံမှ သင်ယူခဲ့ပြီး ကျွမ်းကျင်အဆင့်အထိ လေ့ကျင့်ခဲ့သည်။]
[အသက် ၂၅ နှစ် - ချင်းကျောက် အခြေတည်အဆင့် (၁) ကို ချိုးဖျက်ဝင်ရောက်ရာတွင် ကူညီရန် ချင်းမိသားစုသည် ကျင့်ကြံခြင်း အရင်းအမြစ် အမြောက်အမြား အသုံးပြုခဲ့ကြသည်။]
[ချင်းကျောက် ကြေးဝါရောင် တံခါးကြီးကို စူးစမ်းလေ့လာရန် အဆင်သင့် ဖြစ်နေပေပြီ]
[...]
ဒီလိုနဲ့ (၂၅) မိနစ် ကုန်ဆုံးသွားခဲ့လေသည်။ ဒီစာသား သတိပေးချက်ကို မြင်လိုက်ရတော့ ပိုင်ယီ ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့သည်။
ချင်းကျောက်ရဲ့ စရိုက်က မတည်ငြိမ်ဘူး ဆိုပေမယ့် ဒီလို စရိုက်ကြောင့်ပဲ နှစ် (၂၀) ကျော် ကာလတိုလေး အတွင်းမှာ အများကြီး ကြုံတွေ့နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ရွေးချယ်ခံတစ်ယောက်က များများ ကြုံတွေ့ရလေ အောင်မြင်နိုင်ချေ ပိုများလေပင်။
ဒီအချက်နဲ့ ပတ်သက်ပြီး ပိုင်ယီ သိပ်ကျေနပ်ပေသည်။
...
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်....
ပင်လယ်နက်ထဲ၌....
ပင်လယ်နက်ထဲက မြင်ကွင်းက သိပ်မရှင်းလင်းပေ။ အကယ်၍ ချင်းကျောက်သာ အခြေတည်အဆင့် (၁) ကျင့်ကြံသူ မဟုတ်ခဲ့ရင် ဒီလို နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာ ငုပ်လျှိုးတာက လမရှိတဲ့ ညသန်းခေါင်မှာ လမ်းလျောက်နေရသလို ဖြစ်နေပေမည်။
သို့ပေမဲ့ အခြေတည်အဆင့် (၁) ကျင့်ကြံသူ တစ်ယောက် အနေနဲ့ သူမရဲ့ မျက်လုံးတွေက မှောင်မိုက်တဲ့ ပတ်ဝန်းကျင်ထဲမှာ မြင်နိုင်စွမ်း ရှိနေခဲ့သည်။
သူမရှေ့က ကြီးမားလှတဲ့ ကြေးဝါရောင် တံခါးကြီးကို ကြည့်ပြီး သူမ သေးငယ်သွားသလို ခံစားလိုက်ရ၏။
တံခါးကြီးပေါ်မှာ ဝေဝါးနေတဲ့ ကမ္ပည်းစာလုံးတွေ ဟိုတစ်စ ဒီတစ်စ ရှိနေပြီး တံခါးကြီးက သူမခန္ဓာကိုယ် တစ်ခုလုံးထက် အဆပေါင်းများစွာ ပိုကြီးမားလေသည်။
ကြီးမားလှတဲ့ ကြေးဝါရောင် တံခါးကြီးက တောင်ကြီးတစ်လုံးလို ကြီးမားလှပြီး လူတွေကို ခြိမ်းခြောက်နေသလို ခံစားရစေပေသည်။
ချင်းကျောက် သူမ ဦးရေပြား ထုံကျင်သွားတာသလို ခံစားလိုက်ရသည်။
ဒီတစ်ခါ သူမ စိတ်ကို တည်ငြိမ်စေမည့် နည်းစနစ်ကို အထူးတလည် ကျင့်ကြံထားလို့လား မသေချာပေမဲ့ချင်းကျောက် ဖြားယောင်းသွေးဆောင်ခံရသလို မခံစားရပေ။ ဘယ်လောက်ထိလဲ ဆိုရင် သူမ ကြေးဝါရောင် တံခါးကြီးကို ကြည့်လိုက်တဲ့အခါ အရင်က မမြင်ဖူးတဲ့ အရာတွေကို မြင်လိုက်ရ၏။
သူမ ထူထဲတဲ့ အမုန်းတရားတွေကို တွေ့လိုက်ရပြီး အဲဒီ အမုန်းတရားတွေက ရုပ်လုံးပေါ်လာသလိုပင်။
ပတ်ဝန်းကျင်က ပင်လယ်ရေတွေဟာ အနီရောင် သွေးတွေ အဖြစ် ပြောင်းလဲသွားသလို ခံစားရပြီး သူမရဲ့ အသက်ရှူနှုန်းကလည်း လေးလံသွားခဲ့လေသည်။
"ကလေးမလေး... အကြာကြီး စိုက်မကြည့်နဲ့.. မင်းစိတ်ကို ကာကွယ်ဖို့ နတ်ဘုရား စောင့်ရှောက်ခြင်း နည်းစနစ်ရဲ့ အကာအကွယ် ရှိတယ် ဆိုပေမယ့် ဒါက ရှေးခေတ်က ကျန်ရစ်ခဲ့တဲ့ အရာတစ်ခုပဲ... သာမန် မဟုတ်ဘူး.... အကယ်၍ မင်း ရွှေအမြုတေ အဆင့်ရောက်နေရင်တော့ ပြဿနာ မရှိဘူး ဒါပေမဲ့ အခု မင်းက အခြေတည်အဆင့် (၁) ပဲ ရှိသေးတာ"
သူမနဲ့ အတူပါလာတဲ့ အဘွားအိုရဲ့ သတိပေးသံဟာ သူမခေါင်းထဲ ထွက်ပေါ်လာပြီး ချင်းကျောက် မျက်လုံးတွေကို ချက်ချင်း မှိတ်လိုက်စေ၏။
သူမ ဘာမှ မတတ်နိုင်ပေ။ ကြေးဝါရောင် တံခါးကြီးက သိပ်ကြီးမားလွန်းရာ သူမ အကြည့်လွှဲထားရင်တောင် မြင်နေရတုန်းပင်။
အကယ်၍ သူမ ကျောခိုင်းလိုက်ရင် နောက်ကျောကနေ ချုံခိုတိုက်ခိုက်ခံရမလားဆိုတာ ဘယ်သူသိနိုင်မည်နည်း။
အဘယ်ကြောင့်ဆိုသော် သူမဟာ ကြေးဝါရောင် တံခါးကြီးရဲ့ လက်ချက်နဲ့ တစ်ခါ သေခဲ့ဖူးပေသည်။
ထို့ကြောင့် သူမဟာ နေရာဟောင်းမှာပဲ နောက်တစ်ကြိမ် ထပ်အရှုံးပေးလိုက်ရမှာမျိုး မလိုချင်တော့ပေ။
"စီနီယာ... တံခါးကြီးပေါ်က သတ်ဖြတ်ခြင်း အစီအရင်ကို ဘယ်လို ဖျက်ဆီးပြီး ဒီကြေးဝါရောင် တံခါးကြီးကို ဖွင့်ရမလဲ" ချင်းကျောက် တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်၏။
"မင်း ဝင်ချင်လို့လား"
အဘွားအို နည်းနည်း အံ့သြသွားခဲ့သည်။ ချင်းကျောက်ရဲ့ ရဲရင့်မှုက သူမကို စကားမပြောနိုင် ဖြစ်သွားစေခဲ့သည်။ "ငါ့တောင် လက်ကျန်ဝိညာဉ်အခြေအနေမျိုး မဟုတ်ပဲ ပုံမှန်အခြေနေဆိုရင်တောင် ရှေးဟောင်း အမွေအနှစ်နေရာလို့ သံသယရှိတဲ့ နေရာမျိုးကို မဝင်ရဲဘူး... မင်းက အခြေတည်အဆင့် (၁) ပဲ ရှိသေးတာကို ဒီကြေးဝါရောင် တံခါးကြီးကို ဖွင့်ချင်တယ်.... မင်း သေမှာ မကြောက်ဘူးလား"
"မကြောက်ဘူး..." ချင်းကျောက်ရဲ့ အဖြေက တည်ငြိမ်နေခဲ့သည်။
ထို့ကြောင့် အဘွားအို တိတ်ဆိတ်သွားခဲ့၏။
ချင်းကျောက် အမှန်အတိုင်း ပြောနေမှန်း သူမ သိလိုက်သည်။
'ဒီအရုပ်မလေး....သူမက တကယ် သေမှာ မကြောက်ဘူးပဲ...
သူမကို ဒီလို သတ္တိမျိုး ဘယ်သူ ပေးလိုက်တာလဲ ဒါမှမဟုတ် ဒီအရုပ်မလေးက ကြောက်ရွံ့ခြင်း မရှိဘဲ မွေးဖွားလာတာကြောင့် သေမှာ မကြောက်တာလား...'
"ငါ မင်းကို မကူညီနိုင်ဘူး... ဒါက မင်းကို ဒုက္ခပေးရုံတင် မကဘူး ငါ့ကိုပါ ဒုက္ခပေးလိမ့်မယ်" အဘွားအို ငြင်းပယ်လိုက်၏။
ချင်းကျောက် ဒါကို မျှော်လင့်ထားပုံ ရလေသည်။ သူမ လေးလေးနက်နက် ပြောလိုက်၏ ။ "အကယ်၍ စီနီယာ မကူညီရင် ကျွန်မ ဆွဲပြားကို တံခါးဆီ ပစ်ပေါက်လိုက်မယ်.... စီနီယာ ကျွန်မကို ဒီလိုလုပ်စေချင်မယ် မထင်ဘူး"
ထိုစကားတို့ကြောင့် အဘွားအိုဟာ ခဏလောက် တိတ်ဆိတ်သွားခဲ့လေသည်။
'လခွမ်း...ဒီကလေးမလေးကို ဘယ်သူ သင်ပေးလိုက်တာလဲ.... သူမက မူလဝိညာဉ် အဆင့် လက်ကျန်ဝိညာဉ် ဖြစ်တဲ့ ငါ့ကိုတောင် ခြိမ်းခြောက်လာပါလား....
ဒါ ဘယ်လို မိစ္ဆာလဲ...'
ဒါ့အပြင် အဘွားအိုဟာ သူမမှာ ရွေးချယ်စရာ မရှိတော့တာ တွေ့လိုက်ရ၏။ ချင်းကျောက်က သူမရဲ့ အသက်သွေးကြောကို ဆုပ်ကိုင်ထားပြီဖြစ်ရာ သူမ ကူညီရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။
"... ကောင်းပြီလေ" အဘွားအို ခဏလောက် တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "ဒါပေမဲ့ အကယ်၍ အန္တရာယ် တစ်ခုခု ကြုံရင် ငါ မင်းကို ချက်ချင်း သတိပေးမယ်.... မင်း အမြန်ဆုံး ထွက်ပြေးရမယ်...နားလည်လား"
"ဟုတ်ကဲ့...ဟုတ်ကဲ့..."
ချင်းကျောက် ပျော်ရွှင်စွာ ပြုံးလိုက်ပြီး သူမ ခေါင်းကို ပြင်းပြင်းထန်ထန် ငြိမ့်ပြလိုက်လေသည်။
[အဘွားအို၏ အကူအညီကြောင့် ဖြစ်စေ ကံတရား နတ်သမီး၏ ကောင်းချီးပေးမှုကြောင့် ဖြစ်စေ သင်သည် ကြီးမားသော ကြေးဝါရောင် တံခါးကြီးကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့သည်။ တံခါးကြီး အတွင်းဘက်က ကျယ်ပြန့်လှသော ကမ္ဘာကြီးကို ကြည့်ရင်း သင့်ရင်ထဲမှာ စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများ ထကြွလာခဲ့သည်။ ၎င်းက စကားလုံးများနှင့် ဖော်ပြရန် တကယ် ခက်ခဲလွန်းလှသည်။]
[ကြေးဝါရောင် တံခါးကြီး အတွင်းဘက်တွင် အခြားကမ္ဘာတစ်ခု ရှိနေကြောင်း သင် တွေ့ရှိလိုက်ရသည်။ အဘွားအို ပြောသည်မှာ တံခါးကြီး အတွင်းဘက်တွင် ပြင်ပကမ္ဘာနှင့် မတူညီသော သီးခြား လွတ်လပ်သည့် နယ်မြေတစ်ခု ရှိနေသည်ဟု ဆိုသည်။ လူတွေကို နေထိုင်ခွင့် ပေးထားတဲ့ သိုလှောင်အိတ်တစ်လုံးနဲ့ နည်းနည်း ဆင်တူသည်။]
[ဘာကြောင့်မှန်း သင် မသိသော်လည်း အန္တရာယ် အငွေ့အသက် တစ်ခု နီးကပ်လာနေကြောင်း သင် ဆက်လက် ခံစားနေခဲ့ရသည်။]
"... ငါ ဘာလို့ နည်းနည်း ဂနာမငြိမ် ဖြစ်နေရတာလဲ"
ကြေးဝါရောင် တံခါးကြီး အတွင်းဘက်က ကမ္ဘာထဲ ခြေချလိုက်တာနဲ့ အထဲက အရာအားလုံးကို သေချာ လေ့လာဖို့ ချင်းကျောက် အချိန်မရလိုက်ပဲ သူမ ပထမဆုံး ခံစားလိုက်ရတာက မကောင်းတဲ့ နိမိတ်ပါပဲ။
"စီနီယာ... တစ်ခုခု အာရုံခံမိလား"
"စီနီယာ..."
"စီနီယာ..."
"ဒါက..."
သူမ အဘွားအိုနဲ့ အဆက်အသွယ် ပြတ်တောက်သွားကြောင်း ချင်းကျောက် ရုတ်တရက် သဘောပေါက်လိုက်သည်။
သူမ တံတွေး တိတ်တဆိတ် မျိုချလိုက်မိ၏။
'ထားလိုက်တော့...'
သူမ ဒီလို အန္တရာယ်များတဲ့ နေရာကို ခြေချမိပြီ ဆိုမှတော့ အထဲမှာ ဘာရှိလဲ သေချာ ကြည့်ရပေမည်။ ကြေးဝါရောင် တံခါးကြီး အတွင်းဘက်မှာ သေသွားရင်တောင် ကိစ္စမရှိပဲ အများဆုံး နောက်တစ်ခေါက် ပြန်လုပ်လိုက်ရုံပင်။
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကြေးဝါရောင် တံခါးကြီး မဖွင့်ရသေးခင် သူမ သေဆုံးသွားခဲ့ပြီး ဒီတစ်ခါ ဝင်ပြီးတာတောင် မသေသေးရာ တိုးတက်မှု ရှိတယ်လို့ သတ်မှတ်လို့ ရပေသည်။
ဒါကြောင့် ဘာကြောက်စရာ လိုမည်နည်း။
ချင်းကျောက် အတွင်းဘက်က လေကို အဝရှူရှိုက်လိုက်၏။ ပင်လယ်ကြမ်းပြင်က ရေတွေဟာ ကြေးဝါရောင် တံခါးကြီး အတွင်းဘက်ကို စီးမဝင်ကြောင်း သူမ တွေ့လိုက်ရပြီး ၎င်းက မမြင်ရတဲ့ အမြှေးပါး တစ်ခုက ပင်လယ်ရေတွေကို တားဆီးထားသလိုပင်။
ဒါ့အပြင် ကြေးဝါရောင် တံခါးကြီး အတွင်းဘက်က ဝိညာဉ်စွမ်းအင်တွေက မယုံကြည်နိုင်လောက်အောင် သိပ်သည်းလွန်းနေခဲ့သည်။
"ကျင်းရှင်း နန်းတော်က ဝိညာဉ်စွမ်းအင်ထက်တောင် ပိုသိပ်သည်းနေပါလား..."
ချင်းကျောက် လေအေးတစ်ချက် ရှူသွင်းလိုက်မိပြီး သူမမျက်နှာမှာ တုန်လှုပ်မှုတွေ ပြည့်နှက်နေခဲ့သည်။
သူမမှာ မွေးရာပါ ဝိညာဉ်ခန္ဓာဆိုတဲ့ ပါရမီ ရှိပြီး သူမရဲ့ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကလည်း အလွန် ကောင်းမွန်ပေသည်။ ဒါပေမဲ့ အဘွားအိုကို ပြန်လည် အားဖြည့်ပေးဖို့ ဝိညာဉ်စွမ်းအင် အသုံးပြုပေးရပြီး တစ်ချိန်တည်းမှာပဲ သူမ ကျင့်ကြံတဲ့ နေရာက ဝိညာဉ်စွမ်းအင်က သိပ်မပေါကြွယ်ဝပေ။ ၎င်းတို့ကြောင့် သူမရဲ့ ကျင့်ကြံမှုဟာ နှောင့်နှေးနေခဲ့ပြီး အခုထိ အခြေတည်အဆင့် (၁) မှာပဲ ရှိနေသေးခြင်းပင်။
အကယ်၍သူမသာအစကတည်းကဒီကြေးဝါရောင်တံခါးကြီးအတွင်းဘက်မှာစတင်ကျင့်ကြံခဲ့မယ်ဆိုရင်သူမအသက် (၂၀) မပြည့်ခင်မှာပဲအခြေတည်အဆင့်ကိုရောက်နိုင်လောက်ပေသည်။