အခန်း ၅၃ : မိစ္ဆာကျင့်ကြံသူတွေရဲ့ လက်ချက်မဖြစ်နိုင်ဘူးလား
'သာမန်လူ တစ်ယောက် သေသွားတဲ့အတွက်နဲ့ ကျင့်ကြံသူ တစ်ယောက်ကို စစ်ဆေးမေးမြန်းနေတာလား....'
ခရိုင်ရုံးက တခြား အမှုထမ်းတွေရဲ့ မျက်လုံးထဲမှာ အမှုနှိမ်နင်းရေးမှူး ဟယ် ရဲ့ အပြုအမူက ရူးသွပ်နေခဲ့သည်။
သူတို့ဟာ ကျင့်ကြံသူ တစ်ယောက်ကို ပြဿနာသွားရှာဖို့ မတက်နိုင်ပေ။
'ပြီးတော့ သာမန်လူ တစ်ယောက် အတွက်နဲ့ ဒီလောက်ထိ လုပ်ဖို့ လိုလို့လား....'
အာ့ချိုင် လို့ ခေါ်တဲ့ ဆေးဆိုင် လက်ထောက်က တောနယ်ဘက်က လာတဲ့လူဖြစ်ပြီး သူ့မှာ ဘာအဆင့်အတန်းမှ နောက်ခံမှ မရှိသလို သူ့မိသားစုမှာလည်း ပိုက်ဆံ သိပ်မရှိပေ။
ဒီလိုလူမျိုး အတွက်နဲ့... ကျင့်ကြံသူ တစ်ယောက်ကို စော်ကားရတာက မတန်ပေ။
ဒါပေမဲ့... ခရိုင်ရုံးမှာ နေလာတာ ကြာပြီဖြစ်သလို အမှုနှိမ်နင်းရေးမှူး ဟယ် နဲ့ တွဲလုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ ဆိုတော့ သူ့စရိုက်ကို သူတို့ သိကြလေသည်။
ဒါ့အပြင် အမှုနှိမ်နင်းရေးမှူးဟယ် ကိုယ်တိုင်လည်း ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ခရိုင်ရုံးမှာ သူ့အာဏာက မြင့်မားပေသည်။
အမှုနှိမ်နင်းရေးမှူး ဟယ် ဆက်ပြောနေတာကို နားထောင်ရင်း သူတို့ စိုးရိမ်ပူပန်တဲ့ မျက်နှာတွေနဲ့ ကြည့်နေရုံကလွဲပြီး ဘာမှ မတတ်နိုင်ကြပေ။
"ကျင့်ကြံသူပိုင်... ခင်ဗျားကို မေးပါရစေ... မနေ့ညက ခင်ဗျား ဘာလုပ်နေလဲ" အမှုနှိမ်နင်းရေးမှူးဟယ် လေးနက်တဲ့ လေသံနဲ့ မေးလိုက်၏။
"စားတယ်...အိပ်တယ်" ခရိုင်ရုံး အမှုထမ်းတွေကို လျစ်လျူရှုရင်း ပိုင်ယီ ပြန်ဖြေလိုက်ပြီး ဆေးဆိုင်ထဲ ဝင်သွားလိုက်သည်။
အမှုနှိမ်နင်းရေးမှူးဟယ်ဟာလည်း သူ့နောက်ကနေ လိုက်ဝင်လာခဲ့သည်။
အထဲမှာတော့ ပြင်းထန်တဲ့ သွေးနံ့က သူ့နှာခေါင်းထဲ အတင်းတိုးဝင်လာပြီး အပုပ်နံ့ တစ်ခုလည်း ပါလာခဲ့သည်။
ဒါက သူ့ကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
ပြီးတော့... ဦးလေးလျူ ပြောပြတဲ့ မြင်ကွင်းကို ပိုင်ယီ မြင်လိုက်ရသည်။
သွေးတွေတွေက ကြမ်းပြင်ကို အရောင်တစ်မျိုး ပြောင်းသွားစေပြီး ယင်ကောင်တွေ အများကြီး ဝဲပျံနေတာလည်း တွေ့လိုက်ရသည်။ ခရိုင်ရုံးက မှုခင်းဆေးဆရာဝန် တစ်ယောက်လည်း ဆေးဆိုင်ထဲ ရောက်နေခဲ့၏။
မှုခင်းဆေးဆရာဝန် ရှေ့မှာတော့ ကောက်ရိုးဖျာ အထူကြီး တစ်ချပ် ရှိပြီး ၎င်းကောက်ရိုးဖျာပေါ်မှာ အလောင်း အပိုင်းအစတွေ ဖုံးလွှမ်းနေခဲ့သည်။
မှုခင်းဆေးဆရာဝန်က အလောင်း အပိုင်းအစတွေကို တစ်ခုချင်းစီ ပြန်ချုပ်ပေးနေခဲ့လေသည်။
ပြီးတော့ သူ့ဘာသာ ရေရွတ်လိုက်၏ - "ငါ မင်းကို ချုပ်ပေးလို့ ပြီးတော့မယ်... ရင်ထဲက နာကြည်းချက်တွေကို ဖက်တွယ်မထားပဲ အကုန် လွှတ်ထုတ်လိုက်... ပြီးတော့ ကောင်းမွန်တဲ့ ခရီးစဉ်လေး ဖြစ်ပါစေ"
ချုပ်ပြီးသား အလောင်းပေါ်မှာ အဝါရောင်၊ အနီရောင် စာလုံးတွေ ပါတဲ့ ဝိညာဉ်အဆောင်တွေ ကပ်ထားတာ ပိုင်ယီ မြင်နေခဲ့ရသည်။
ဝိညာဉ်အဆောင်တွေပေါ်မှာ အားနည်းတဲ့ ဝိညာဉ်စွမ်းအင်တွေ စီးဆင်းနေခဲ့လေသည်။
ဒီမှုခင်းဆေးဆရာဝန်ရဲ့ ကိုယ်ပေါ်မှာလည်း ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုတွေ ရှိနေခဲ့ပြီး သူ့ရဲ့ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုတွေက အမှုနှိမ်နင်းရေးမှူး ဟယ် ထက်တောင် ပိုအားနည်းနေသေးပေသည်။ သူက ချီစုစည်းမှု အဆင့် (၁) ရောက်ဖို့ ခြေတစ်လှမ်း လိုနေသေးတဲ့ပုံပင်။
အလောင်းက သူသိတဲ့ ဆေးဆိုင်ဝန်ထမ်း အာ့ချိုင် ဆိုတာ ပိုင်ယီ မှတ်မိလိုက်၏။
အမှုနှိမ်နင်းရေးမှူးဟယ်လည်း အလောင်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည် "လူတချို့ သေပြီးတဲ့နောက်မှာ သူတို့ ရင်ထဲမှာ နာကြည်းချက်တွေ ရှိနေတတ်တယ်... ဒီနာကြည်းချက်တွေက သူတို့ကို လက်စားချေလိုတဲ့ ဝိညာဉ်ဆိုးတွေ၊ မကောင်းဆိုးဝါး တစ္ဆေတွေ အဖြစ် ပြောင်းလဲသွားစေပြီး အိမ်နီးနားချင်းတွေကို ဒုက္ခပေးတတ်တယ်"
"အလောင်းကို ပြန်ချုပ်ပေးပြီး အဝါရောင် စာရွက်တွေနဲ့ ဖိနှိပ်ထားတာက ဒီလိုကိစ္စမျိုး မဖြစ်အောင် ကာကွယ်ပေးတာပါ"
ပြောပြီးတာနဲ့ သူ ရုတ်တရက် သတိဝင်လာပြီး ကိုယ့်ဘာသာ ရယ်မောလိုက်၏။ "ကျွန်တော် ပေါ့ဆသွားပြီး မေ့နေလိုက်တာ... ကျင့်ကြံသူပိုင်က ကျွန်တော့်ထက် အများကြီး ပိုစွမ်းအားကြီးတာပဲ"
ပိုင်ယီရဲ့ ကျင့်ကြံမှုကို သူ အကဲခတ်လို့ မရမှန်း ပြန်သတိရသွားခဲ့သည်။ ဆိုလိုတာက ပိုင်ယီက သူ့ထက် ပိုသန်မာတယ် ဆိုတာပင်။
ချီစုစည်းမှု အဆင့် (၂) ဖြစ်နိုင်သလို ဒီထက်လည်း မြင့်နေနိုင်ပေသည်။
ဒီလို ကျင့်ကြံသူ တစ်ယောက်က မှုခင်းဆေးဆရာဝန် ဘာလုပ်နေလဲ ဆိုတာ မမြင်နိုင်ဘဲ နေပါ့မည်နည်း။
ပိုင်ယီ ဆေးဆိုင်ထဲက အရာအားလုံးကို စူးရှစွာ အာရုံခံလိုက်ရာ အလောင်းပေါ်မှာ ဝဲပျံနေတဲ့ ထူးဆန်းတဲ့ အရှိန်ဝါတစ်ခုကို သူ ရုတ်တရက် အာရုံခံမိလိုက်သည်။
ဒီအရှိန်ဝါက လူတွေကို တစ်မျိုးကြီး မသက်မသာ ခံစားရစေပြီး သူက မသေမျိုးကျင့်ကြံသူ ဖြစ်နေတာတောင်မှပေါ့။
ဘယ်လို ပြောရမလဲ...
သူ ဆုလာဘ် အဖြစ် ရရှိထားတဲ့ သွေးပုလဲက ထုတ်လွှတ်တဲ့ အရှိန်ဝါနဲ့ တစ်နည်းနည်း ဆင်တူနေပေသည်။
ထို့ကြောင့် ဒီအရှိန်ဝါရဲ့ အဓိပ္ပာယ်က ရှင်းနေပေပြီ။
ပိုင်ယီ ဦးဆောင်ပြီး ပြောလိုက်၏။ "ဒါက ကျွန်တော့် လက်ချက် မဟုတ်သလို ဦးလေးလျူရဲ့ လက်ချက်လည်း မဟုတ်ဘဲ... မနေ့ညနေက အမှုနှိမ်နင်းရေးမှူး ဟယ် ကျွန်တော့်ကို ပြောပြခဲ့တဲ့ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူရဲ့ လက်ချက် ဖြစ်နိုင်မလား"
ပြောပြီးတာနဲ့ အမှုနှိမ်နင်းရေးမှူးဟယ်ဟာ ခဏလောက် ကြောင်အသွားပြီး ချက်ချင်း သူ့မျက်နှာက ပြောင်းလဲသွားခဲ့သည်။ အလောင်းချုပ်နေတဲ့ ခရိုင် မှုခင်းဆေးဆရာဝန်လည်း သူ့အလုပ်ကို ရပ်လိုက်လေသည်။
ထို့နောက် အကြည့်နှစ်ခုစလုံး ပိုင်ယီကို ကြည့်နေခဲ့ကြသည်။
"ကျင့်ကြံသူပိုင်... ခင်ဗျား တစ်ခုခု မြင်လိုက်လို့လား" အမှုနှိမ်နင်းရေးမှူးဟယ် ရဲ့ လေသံထဲမှာ စိုးရိမ်ပူပန်မှု အရိပ်အယောင်နဲ့ အဆုံးအစမဲ့ သတိထားမှုတွေ ပါဝင်နေခဲ့သည်။ "မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေလား.... ခင်ဗျား သူတို့ရဲ့ ခြေရာလက်ရာကို ရှာတွေ့လိုက်လို့လား"
ပိုင်ယီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည် ။ "ပုံမှန်မဟုတ်တဲ့ အရှိန်ဝါတစ်ခု ကျွန်တော် အာရုံခံမိတယ်... ဆေးဆိုင်ထဲမှာ ကျန်ရစ်နေခဲ့တာ"
အမှုနှိမ်နင်းရေးမှူးဟယ်ဟာ ပိုင်ယီကို အမြင်တစ်မျိုးနဲ့ ကြည့်လိုက်၏။ သူဟာ တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီလောက် အများကြီး မြင်နိုင်ပြီး ဒီအရာတွေကို အမှုထမ်းတွေ လုံးဝ မမြင်ခဲ့ရချေ။
ဆိုလိုတာက ဒီကျင့်ကြံသူပိုင်က သူ ထင်ထားတာထက် ပိုသန်မာနေသလားဆိုတာပင်။
'သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်ရောက်နေလဲ...'
အမှုနှိမ်နင်းရေးမှူးဟယ် မေးလိုက်သည် - "ကျင့်ကြံသူပိုင်... အဲဒီ အရှိန်ဝါကို ခြေရာခံလို့ ရမလား"
"မရဘူး"
ပိုင်ယီ ခေါင်းခါလိုက်၏။ "အရှိန်ဝါက တံခါးဝမှာ ရပ်တန့်သွားတယ်... တစ်ဖက်လူက သူတို့ရဲ့ အရှိန်ဝါကို ဖုံးကွယ်တဲ့နေရာမှာ ကျွမ်းကျင်ပုံ ရတယ်.... ဘာလို့ ခြေရာလက်ရာ တချို့ ချန်ထားခဲ့လဲ ဆိုတာကတော့..."
"ဖြစ်နိုင်တာက တစ်ဖက်လူ ဒဏ်ရာရထားလို့လား ဒါမှမဟုတ် တခြား အကြောင်းရင်းကြောင့်လား မသိဘူး"
အမှုနှိမ်နင်းရေးမှူးဟယ် လေအေးတစ်ချက် ရှူသွင်းလိုက်၏။
အကယ်၍ ပိုင်ယီ ပြောသလို မိစ္ဆာကျင့်ကြံသူတွေ ပြဿနာ ရှာတာသာ မှန်ရင် ပြဿနာက ကြီးလေးနေပေပြီ။
ဖြောင့်မတ်သောလမ်းစဉ်က ကျင့်ကြံသူတွေက တခြားသူတွေနဲ့ ပုံမှန်အားဖြင့် အကျိုးအကြောင်း ဆွေးနွေးလေ့ ရှိကြသည်။ ဒါပေမဲ့ မိစ္ဆာလမ်းစဉ်မှ ကျင့်ကြံသူတွေဟာ ပုံမှန်အားဖြင့် ဘာအကျိုးအကြောင်းမှ မရှိကြပဲ သူတို့ အများစုက သွေးဆာနေပြီး အစွန်းရောက်တဲ့ စရိုက်တွေ ရှိကြလေသည်။
အကယ်၍ မိစ္ဆာကျင့်ကြံသူရဲ့ လက်ချက် တကယ် ဖြစ်ခဲ့ရင် ဆိုလိုတာက... ချင်းဟယ် ခရိုင်ထဲမှာ မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူ တစ်ယောက် ပုန်းခိုနေတယ် ဆိုတာ အမှန်ပင်။
"တကယ် မိစ္ဆာကျင့်ကြံသူ ဆိုရင် သူ့ရည်ရွယ်ချက်က ဘာလဲ" အမှုနှိမ်နင်းရေးမှူးဟယ် မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်၏။ "ဆေးဆိုင် တစ်ဆိုင်ကို သူတို့ မက်မောစရာ ဘာရှိလို့လဲ ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းပဲ သူ လူသတ်ချင်လို့လား... ဒီ အာ့ချိုင် ဆိုတဲ့ ဆေးဆိုင် လက်ထောက် ကံဆိုးသွားလို့လား"
သူ ပိုင်ယီကို ကြည့်လိုက်၏။ သူ့မျက်လုံးထဲမှာ နက်ရှိုင်းပြီး ခန့်မှန်းလို့ မရနိုင်တဲ့ ကျင့်ကြံသူ ပိုင်ယီက သူ့အား အဖြေပေးနိုင်မလား ဆိုပြီး မျှော်လင့်နေသလိုပင်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုင်ယီ ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်သည် "ဒါက ခင်ဗျားတို့ နန်းတော်နဲ့ ခရိုင်ရုံး စုံစမ်းစစ်ဆေးရမယ့် ကိစ္စပါ"
တစ်ဖက်လူကို သဲလွန်စနည်းနည်း ပေးလိုက်နိုင်တာကို ကြည့်ရင် ပိုင်ယီ အနေနဲ့ အမှုနှိမ်နင်းရေးမှူးဟယ် ကို အတော်လေး သဘောကျတယ်လို့ ပြောလို့ရပေသည်။
သာမန်လူ တစ်ယောက်ရဲ့ သေဆုံးမှု အတွက်နဲ့ တစ်ဖက်လူက ကျင့်ကြံသူ တစ်ယောက်ကို စစ်ဆေးမေးမြန်းရဲရာ သူ့ကို တုံးအတယ်လို့ ပြောလို့ရပေမယ့် စိတ်ထားမကောင်းဘူးလို့တော့ ပြောလို့ မရပေ။
အကယ်၍ ပိုင်ယီသာ စိတ်တိုတတ်တဲ့ တခြား ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့ရင် နောက်တစ်နေ့ ခရိုင်ရုံးရှေ့မှာ အမှုနှိမ်နင်းရေးမှူးဟယ် ရဲ့ အလောင်း ရောက်နေလောက်ပေပြီ။
"ဘာလို့ ကျွန်တော့်ကို သံသယ မဝင်တော့တာလဲ" ပိုင်ယီ ရုတ်တရက် မေးလိုက်၏။
အမှုနှိမ်နင်းရေးမှူး ဟယ် ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည် - "ကျွန်တော် စောစောကတည်းက ကျင့်ကြံသူပိုင်ရဲ့ မျက်နှာအမူရာကို စောင့်ကြည့်နေတာပါ... ခင်ဗျား ဒီစကားတွေ ပြောနေတုန်း ဟန်ဆောင်တဲ့ အရိပ်အယောင်နည်းနည်းလေးမှ မတွေ့ရဘူး... အကယ်၍ ကျင့်ကြံသူပိုင်သာ မိစ္ဆာလမ်းစဉ်က ကျွမ်းကျင်တဲ့သူ တစ်ယောက် မဟုတ်ရင် ဒီကိစ္စက ခင်ဗျားနဲ့ ဘာမှ မဆိုင်ပါဘူး"
တော်လိုက်တဲ့ လူ....
သူက အသေးစား မျက်နှာရိပ်မျက်နှာကဲ ကျွမ်းကျင်တဲ့ ဆရာတစ်ဆူများလား။
အမှုနှိမ်နင်းရေးမှူးဟယ် သက်ပြင်းလေးလေး တစ်ချက်ချပြီး ပိုင်ယီကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုလိုက်၏။ ထို့နောက် သူ ပြောလိုက်သည် - "ဒီကို လာပေးပြီး မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေရဲ့ ခြေရာလက်ရာကို ထောက်ပြပေးတဲ့ အတွက် ကျင့်ကြံသူပိုင်ကို ကျေးဇူးအများကြီး တင်ပါတယ်... အကယ်၍ နန်းတော်က မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူတွေရဲ့ ခြေရာကို ရှာတွေ့ပြီး သုတ်သင်နိုင်ခဲ့ရင် ခရိုင်ရုံးက ကျင့်ကြံသူပိုင်ရဲ့ အကူအညီကို အမှတ်ရနေမှာပါ"
"ကျင့်ကြံသူပိုင် အနေနဲ့ ဒီအောင်မြင်မှုကို အသုံးပြုပြီး ခရိုင်ရုံးကို လာကာ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်တချို့ကို ငှားရမ်းနိုင်ပါတယ် ဒါမှမဟုတ် ကျင့်ကြံရာမှာ အထောက်အကူ ဖြစ်စေမယ့် ဆေးလုံးတချို့နဲ့ လဲလှယ်နိုင်ပါတယ်"
"..."
ပိုင်ယီနဲ့ အမှုနှိမ်နင်းရေးမှူးဟယ် အပြင်ထွက်လာတဲ့အခါ ဦးလေးလျူက မစောင့်နိုင်တော့ဘဲ လျှောက်လာခဲ့သည်။ သူ့မျက်နှာမှာတော့ စိတ်အားထက်သန်မှုတွေ ပြည့်နေခဲ့သည်။
"သခင်လေးပိုင်... ဘယ်လိုလဲ... အခြေအနေ ဘယ်လိုရှိလဲ"
ပိုင်ယီ ပြောလိုက်သည် - "ကိစ္စမရှိပါဘူး"
"ဟူး-"
ဦးလေးလျူ ချက်ချင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ခရိုင်ရုံးက အမှုထမ်းတွေနဲ့ ပတ်သက်တဲ့ မကောင်းသတင်းတွေ သူ အများကြီး ကြားဖူးပြီး ဥပမာ - ဝန်ခံတဲ့အထိ နှိပ်စက် ရိုက်နှက်တာမျိုးပင်။
ကံကောင်းတာက... သူဟာ သခင်လေးပိုင်ကို သိနေလို့ပင်။
"ဦးလေး ဆေးဆိုင်ကို အချိန်ကာလ တစ်ခုလောက် ပိတ်ထားတာ အကောင်းဆုံးပဲ... ဆေးဆိုင်ကို ပြန်လာစရာ မလိုပါဘူး.... ပါဝင်ပတ်သက်နေတဲ့ ကိစ္စတွေက ဦးလေး ဝင်ပါလို့ ရတဲ့ ကိစ္စတွေ မဟုတ်ဘူး"
ပိုင်ယီ ဦးလေးလျူကို သတိပေးလိုက်သည် "အကယ်၍ သတိမထားရင် ဦးလေးလည်း အာ့ချိုင်လို ဖြစ်သွားလိမ့်မယ်"
"ဒါနဲ့ အာ့ချိုင်က ဦးလေး ငှားထားတဲ့ ဝန်ထမ်းဆိုတော့ သူ့မိသားစုကို ပိုက်ဆံတစ်ချို့ ပေးလိုက်ပါ"
ဦးလေးလျူ အမြန် ခေါင်းငြိမ့်လိုက်၏။
ပိုင်ယီဟာ ဆေးဆိုင်မှာ ကြာကြာမနေခဲ့ပဲ ဦးလေးလျူ ဘေးကင်းတာ မြင်တော့ သူ ထွက်ခွာလာခဲ့သည်။
ပိုင်ယီက သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုပဲ ဝင်ပါမှာဖြစ်ပြီး မသက်ဆိုင်တဲ့ ကိစ္စတွေ အတွက်တော့ ခရိုင်ရုံးကိုပဲ လွှဲထားလိုက်ပေသည်။
...