အခန်း ၅၂ : ဆေးဆိုင်အတွင်းမှ လူသတ်မှု
နောက်တစ်နေ့ မနက်စောစော...
ပိုင်ယီဟာ မနက်စောစောစီးစီး အနီးအနားက တည်းခိုခန်း တစ်ခုကို ရောက်နေခဲ့သည်။ သူဟာ ချီစုစည်းမှု အဆင့် (၉) ကျင့်ကြံသူ တစ်ယောက်ဖြစ်ရာ အချိန်အတိုင်းအတာ တစ်ခုအထိ အစာမစားဘဲ နေနိုင်နေပေပြီ။ သို့သော် သူ့၏ စားချင်စိတ်ကိုတော့ အလွယ်တကူ ရှောင်ကြဉ်လို့ မရနိုင်ပေ။
ဒါ့အပြင် အင်တာနက် မရှိတဲ့ ဒီကမ္ဘာမှာ အကယ်၍ သူ၏ စားချင်စိတ်ကိုတောင် ရှောင်ကြဉ်လိုက်မယ် ဆိုရင် ဘဝကြီးက သိပ်ပျင်းစရာ ကောင်းနေပေမည်။
၎င်းအား ပိုင်ယီက သည်းမခံနိုင်ချေ။
ထို့အပြင် သူ့မှာ အဲဒီလောက် မြင့်မားတဲ့ စိတ်အခြေအနေမျိုးလည်း မရှိပေ။
စားပွဲထိုးက မနက်စာ လာချပေးမယ့် အချိန်ကို ပိုင်ယီ စောင့်နေတုန်းမှာ ရင်းနှီးနေတဲ့ လူတစ်ယောက် သူ့မြင်ကွင်းထဲ ဝင်လာခဲ့သည်။
အနည်းငယ် တည်ကြည်လေးနက်နေတဲ့ အဲဒီမျက်နှာကို ပိုင်ယီ ချက်ချင်း မှတ်မိလိုက်၏။
"အမှုနှိမ်နင်းရေးမှူး ဟယ်..."
ပိုင်ယီ အနည်းငယ် အံ့သြတဲ့ မျက်နှာ ဖြစ်သွားပြီး အမှုနှိမ်နင်းရေးမှူးဟယ် ရဲ့ နောက်မှာ ပါလာတဲ့ အဆင့်နိမ့် အမှုထမ်းအနည်းငယ်ကို တစ်ချက် ကြည့်လိုက်သည်။
တစ်ဖက်လူ တည်းခိုခန်းထဲ ဝင်လာတာနဲ့ သူတို့က သူ့ဆီ တန်းတန်းမတ်မတ် လျှောက်လာကြသည်။ သူတို့က သေချာပေါက် သူ့ကို လာရှာကြတာပင်။။
အမှုနှိမ်နင်းရေးမှူးဟယ်က ဝေ့မနေပဲ လိုရင်းကို တန်းပြောလိုက်၏။ "ကျင့်ကြံသူပိုင်... ခင်ဗျားကို နောက်တစ်ကြိမ် လာနှောင့်ယှက်ရပြန်ပြီ... မနေ့ညက ချင်းဟယ် ခရိုင်မှာ လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့တယ်... သေဆုံးသူက ခင်ဗျားနဲ့ ပတ်သက်မှု တစ်ခု ရှိနေတယ်.... ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးဖို့ လိုပါတယ်.... ကျွန်တော်တို့မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး စုံစမ်းစစ်ဆေးချင်ရုံ သက်သက်ပါ"
အမှုနှိမ်နင်းရေးမှူးဟယ် ရဲ့ သဘောထားက အတော်လေး ယဉ်ကျေးနေခဲ့သည်။ ဖြစ်နိုင်တာက ပိုင်ယီကကျင့်ကြံသူ ဖြစ်နေလို့ ဖြစ်ပေမည်။
သာမန်လူတွေကို ဆက်ဆံတာနဲ့ မတူဘူးဆိုတာ သူ ခန့်မှန်းလို့ ရလေသည်။
အကယ်၍ သာမန်လူတွေသာ လူသတ်မှုနဲ့ ဆက်စပ်နေရင် ခရိုင်ရုံးက ဒီအမှုထမ်းတွေက ဒီလောက် ယဉ်ကျေးနေမှာ မဟုတ်ပဲ သူတို့ဟာ ထိုလူအား ကြမ်းပြင်ပေါ် ဖိချပြီး တရွတ်တိုက် ဆွဲခေါ်သွားလောက်ပေသည်။
"ဘာလူသတ်မှုလဲ" ပိုင်ယီ မေးလိုက်၏။
"ဆေးဆိုင် ပိုင်ရှင်ပါ" အမှုနှိမ်နင်းရေးမှူး ဟယ် ပြန်ဖြေလိုက်သည်။
...
အမွှေးတိုင် တစ်တိုင်စာအချိန် ကြာပြီးနောက်...
ချင်းဟယ်ခရိုင်ရဲ့ စည်ကားတဲ့ လမ်းမပေါ်က ဈေးတစ်ခုမှာ ချင်းဟယ်ခရိုင် အမှုထမ်း တစ်စုက ဆေးဆိုင် တစ်ဆိုင်ကို ချိတ်ပိတ်ထားခဲ့ကြသည်။ စပ်စုချင်တဲ့ သာမန်ပြည်သူ တစ်စုက သူတို့ကို ဝိုင်းထားကြပြီး သူတို့ အားလုံးဟာ လည်ပင်းတွေ ဆန့်ထုတ်ပြီး အထဲမှာ ဘာဖြစ်နေလဲ ဆိုတာ စပ်စုနေခဲ့ကြလေသည်။
ဆေးဆိုင်နဲ့ ပိုနီးတဲ့ အနံ့ခံအာရုံ ပိုကောင်းတဲ့ လူတွေက သွေးနံ့သင်းသင်းလေး ရနေခဲ့ကြသည်။
ဆေးဆိုင် ပိုင်ရှင် ဦးလေးလျူက ခါးသီးတဲ့ မျက်နှာထားနဲ့ အမှုထမ်း တစ်ယောက်ကို ရှင်းပြနေခဲ့သည်။ "ဆရာရယ်... ဒီကိစ္စက ကျွန်တော်နဲ့ တကယ် ဘာမှ မဆိုင်ပါဘူး... ကျွန်တော်က အာ့ချိုင်ကိုပဲ ဆေးဆိုင်မှာ အမြဲတမ်း စောင့်ခိုင်းထားတာ... သူ စောင့်နေတာ နှစ်အနည်းငယ် ရှိပြီ ဘာပြဿနာမှ မဖြစ်ခဲ့ဘူးလေ"
"မနေ့ညက ဘာလို့ ဖြစ်သွားလဲ ဆိုတာ ကျွန်တော် ဘယ်လို သိမှာလဲ.... အာ့ချိုင်က သိပ်ရိုးသားတဲ့ လူတစ်ယောက် ပြီးတော့ ကျွန်တော် သူ့ကို သိပ်ယုံကြည်တယ် ဒါကြောင့် သူ့ကို စောင့်ခိုင်းထားတာ"
"ကျွန်တော်နဲ့ သူက ဆက်ဆံရေး ကောင်းပါတယ်... ကျွန်တော်က သူ့ကို သတ်တဲ့ လူသတ်သမား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ကျွန်တော်... ကျွန်တော့်မှာ လူသတ်ရမယ့် အကြောင်းပြချက် မရှိပါဘူး... "
ဦးလေးလျူရဲ့ လက်တွေမှာ အနက်ရောင် သံခြေချင်းအကြီးကြီး တစ်ခု ခတ်ထားပြီး အဲဒါက အနည်းဆုံး ပေါင်အနည်းငယ် လေးပေသည်။
သူ့လက်ကောက်ဝတ်တွေက ပွန်းပဲ့ကာ နာကျင်နေခဲ့ပြီး သူ့မျက်နှာပေါ်မှာ စိုးရိမ်မှုတို့ ပြည့်နှက်နေခဲ့သည်။
"အကယ်၍ ကျွန်တော်သာ တကယ်လုပ်ခဲ့ရင် ဘာလို့ ရဲကို သွားတိုင်ရမှာလဲ... ဒါက အဓိပ္ပာယ်မှ မရှိတာ"
သူဟာ မတရား စွပ်စွဲခံရကြောင်း ညည်းတွားနေတုန်းမှာပဲ ဆူညံသံ တစ်ခုက လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်သွာခဲ့းသည်။
သူတို့ မြင်လိုက်ရသည်က အမှုနှိမ်နင်းရေးမှူး ဟယ် က ခရိုင်ရုံးက အမှုထမ်း တစ်စုကို ဦးဆောင်ပြီး ဝိုင်းကြည့်နေတဲ့ လူအုပ်ကြီးကြားကနေ တိုးဝှေ့ပြီး လျှောက်လာကြခြင်းပင်။
မျက်စိအဖမ်းစားဆုံး လူကတော့ အမှုနှိမ်နင်းရေးမှူး ဟယ်ရဲ့ ဘေးမှာ ရပ်နေတဲ့ ပိုင်ယီဖြစ်၏။
ပိုင်ယီမှာ ကျင့်ကြံသူတွေမှာသာ ရှိတဲ့ ထူးခြားတဲ့ အရှိန်ဝါတစ်ခု ရှိနေခဲ့သည်။
၎င်းက တကယ်ကို မျက်စိပသာဒ ဖြစ်လွန်းပေသည်။
ဒါ့အပြင် ပိုင်ယီက လတိုင်း ဒီနေရာကို အိမ်ငှားခ လာကောက်နေကျဖြစ်ရာ ဈေးထဲက လူတော်တော်များများက သူ့ကို မှတ်မိကြပြီး ပိုင်ယီက ဆိုင်ခန်းပေါင်း တစ်ဒါဇင်ကျော်ကို အမွေဆက်ခံထားတဲ့ ဒုတိယ မျိုးဆကသူဌေးလေး ဆိုတာ သိကြ၏။
ပိုင်ယီကို မြင်လိုက်ရလို့ အပျော်ရဆုံး လူကတော့ သံသယ ဝင်စရာ မလိုအောင် ဆေးဆိုင် ပိုင်ရှင် ဦးလေးလျူ ဖြစ်လေသည်။
ဦးလေးလျူ အမြန် ပြောလိုက်၏။ "သခင်လေး... သခင်လေးပိုင်... ကျွန်တော့်အတွက် တရားမျှတမှု ရအောင် လုပ်ပေးပါဦး... ကျွန်တော် တကယ် မလုပ်ပါဘူး... ကျွန်တော်နဲ့ အာ့ချိုင် ဆက်ဆံရေး သိပ်ကောင်းတာ သခင်လေးလည်း သိသားနဲ့ ကျွန်တော် အာ့ချိုင်ကို ဘယ်တော့မှ သတ်မှာ မဟုတ်ပါဘူး"
"ပါးစပ်ပိတ်ထားစမ်း" စောစောက ဦးလေးလျူကို စစ်ဆေးမေးမြန်းနေတဲ့ အမှုထမ်းက မကျေနပ်တဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်၏။
ထို့နောက် အမှုနှိမ်နင်းရေးမှူး ဟယ် နဲ့ ပိုင်ယီကို ကြည့်ပြီး မြှောက်ပင့်တဲ့ မျက်နှာအမူရာကို ထုတ်ဖော်ပြသလိုက်သည်။
"အစ်ကိုကြီးဟယ်... ကျင့်ကြံသူပိုင်"
သူက အမှုနှိမ်နင်းရေးမှူးဟယ် လိုပဲ ခရိုင်ရုံး အမှုထမ်းတစ်ယောက် ဖြစ်ပေမယ့် သူက ကျင့်ကြံသူ မဟုတ်လို့ သူ့ရာထူးက အမှုနှိမ်နင်းရေးမှူးဟယ် လောက် သေချာပေါက် မမြင့်မားပေ။
သူခေါ်ဝေါ်ပုံကို ကြည့်ရင် ပိုင်ယီက ကျင့်ကြံသူ ဆိုတဲ့ သတင်းက ခရိုင်ရုံးမှာ လျှို့ဝှက်ချက် မဟုတ်တော့ကြောင်း သိသာလေသည်။
အဲဒါ အမှန်ပင် ဖုံးကွယ်ထားဖို့ နည်းလမ်းမှ မရှိချေ။
အရှိန်ဝါလို အရာမျိုးကို ဖုံးကွယ်ထားဖို့က အလွန် ခက်ခဲပေသည်။
ပိုင်ယီ တုံ့ပြန်တဲ့ အနေနဲ့ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်၏။
တခြားတစ်ဖက်မှာ အမှုနှိမ်နင်းရေးမှူးဟယ် က မျက်မှောင်ကြုတ်လိုက်၏။ ဦးလေးလျူ လက်ထဲက သံခြေချင်းကို ကြည့်ပြီး မေးလိုက်သည်။ "သူက လူသတ်သမားလို့ ငါတို့ အတည်မပြုရသေးဘူး... ဘာလို့ သူ့ကို လက်ထိပ်ခတ်ထားတာလဲ"
ဒီစကားတစ်ခွန်းက အမှုထမ်းကို ချွေးအေးတွေ ပြန်သွားစေခဲ့သည်။ သူက သံခြေချင်းကို ဖြုတ်ပေးဖို့ တစ်ယောက်ယောက်ကို အမြန် ခိုင်းလိုက်၏။
အခု လွတ်လပ်သွားပြီ ဖြစ်တဲ့ ဦးလေးလျူက အမြန် လျှောက်လာခဲ့ပြီး ပိုင်ယီဘေးမှာ လာရပ်လိုက်သည်။
ပိုင်ယီ သူ့အား တစ်ချက် ကြည့်လိုက်၏။
ရိုးရိုးသားသား ပြောရရင် ဆေးဆိုင်မှာ လူသတ်မှု ဖြစ်တယ်လို့ တည်းခိုခန်းမှာ အမှုနှိမ်နင်းရေးမှူးဟယ် ပြောတုန်းက ပိုင်ယီရဲ့ ပထမဆုံး တုံ့ပြန်မှုက ဦးလေးလျူ တစ်ခုခု ဖြစ်သွားပြီလို့ ထင်လိုက်တာပင်။ အဲဒီတုန်းက သူ့ရင်ထဲမှာ မှိုင်းညို့တဲ့ ခံစားချက်တွေ ပြည့်နှက်သွားခဲ့သည်။
လီမျိုးနွယ်စု ကိစ္စတုန်းက သူဟာ သိပ်အားနည်းနေသေးပြီး လီမျိုးနွယ်စုရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်မှာ ဦးလေးလျူက မတွန့်ဆုတ်ဘဲ သူ့ဘက်မှာ ရပ်တည်ပေးခဲ့ရာ ပိုင်ယီ ဒါကို အမြဲတမ်း မှတ်မိနေပေသည်။
အကယ်၍ ဦးလေးလျူသာ တစ်ခုခု ဖြစ်သွားရင် လူသတ်သမားကို ဘာပဲပေးဆပ်ရပါစေ သွေးကြွေး ပြန်ဆပ်ခိုင်းမယ်လို့ ပိုင်ယီ ဆုံးဖြတ်ထားခဲ့သည်။
မသေမျိုးကျင့်ကြံတာက သူ့ဟာ ပိုပြီး လွတ်လပ်ပေါ့ပါးတဲ့ဘဝမှာ နေထိုင်နိုင်ဖို့ ရည်ရွယ်တာပင်။
အကယ်၍ ဒီလိုကိစ္စမျိုးကို သည်းခံနေရရင် ဘာလို့ကျင့်ကြံခြင်းကို သူ လုပ်နေတော့မည်နည်း။
သရုပ်ဖော် စနစ်ထဲက ချန်ချန်ရွှယ်ရဲ့ အတွေ့အကြုံအရ သည်းခံနေတာက မဖြစ်နိုင်ဘူး ဆိုတာ ပြသနေခဲ့သည်။
ဒါပေမဲ့ အခြေအနေက အဆင်ပြေနေပြီး ဦးလေးလျူက အသက်ရှင်ပြီး လန်းလန်းဆန်းဆန်း ရှိနေသေး၏။
သေသွားတဲ့သူက ဦးလေးလျူ ငှားထားတဲ့ ဝန်ထမ်းဖြစ်ကာ သူ့နာမည်က အာ့ချိုင်ပင်။
ဆေးဆိုင် ဝန်ထမ်း အာ့ချိုင်က သူ့ထက်ငယ်ပြီး သိပ်ထက်မြက်တဲ့ လူငယ်လေး တစ်ယောက် ဆိုတာ ပိုင်ယီ သိပေသည်။ ဒီနှစ်မှ အသက် (၁၀) နှစ် ဝန်းကျင်လောက်ပဲ ရှိသေးပြီး သူ့ရဲ့ အရင်ဘဝမှာဆိုရင် ဆယ်ကျော်သက်လေးလို့ပဲ ခေါ်လို့ရဦးပေမည်။
ဒီအချိန်မှာ ဦးလေးလျူရဲ့ နစ်နာတဲ့ အသံ ထပ်ထွက်လာခဲ့သည်။
"သခင်လေးပိုင်... ကျွန်တော် ဘုရားစူးကျိန်ရဲပါတယ်... ကျွန်တော် အာ့ချိုင်ကို သေချာပေါက် မသတ်ပါဘူး... ဒီနေ့ ကျွန်တော် စောစောထပြီး ဆေးဆိုင်ကို သွားလိုက်တော့ ကြမ်းပြင်ပေါ်မှာ သွေးတွေ ဖုံးလွှမ်းနေတာ တွေ့လိုက်ရတယ်... ပြတ်နေတဲ့ ခြေလက်အင်္ဂါတွေ၊ ကျိုးနေတဲ့ ခြေလက်တွေ ပြီးတော့ အသားစတွေ အများကြီးပဲ"
"ကျွန်တော် တစ်ခုခု မှားနေပြီလို့ ထင်လိုက်ပေမယ့်... ဆေးဆိုင်ရဲ့ အတွင်းဆုံး အပိုင်းမှာ အာ့ချိုင်ရဲ့ ခေါင်းကို တွေ့လိုက်ရတဲ့ အချိန်အထိပါပဲ... အာ့ချိုင်ရဲ့ ခေါင်းက အပေါ်ကနေ အောက်ကို ထက်ခြမ်းကွဲနေတယ်... ဒါက အပိုင်းပိုင်း ခုတ်ထစ်ထားတာသလိုပဲ"
ဦးလေးလျူရဲ့ လေသံက အနည်းငယ် ကြောက်ရွံ့ပြီး စိုးရိမ်ပူပန်နေခဲ့သည်။ မနက်စောစောစီးစီး ဒီလို မြင်ကွင်းမျိုး မြင်လိုက်ရတော့ မေ့ပျောက်ဖို့ ခက်ခဲပြီး သူ့ရင်ထဲ တုန်လှုပ်နေခဲ့သည်။
သူ့ရဲ့ နှပ်တွေ မျက်ရည်တွေကို ကြည့်ပြီး ပိုင်ယီ ဘေးကို မရွှေ့ဘဲ မနေနိုင်တော့ပေ။
သူအား နှပ်တွေ စင်လာမှာ စိုးရိမ်နေလေသည်။
ပိုင်ယီဟာ အမှုနှိမ်နင်းရေးမှူးဟယ် ကို ကြည့်ပြီး မေးလိုက်၏။ "အမှုနှိမ်နင်းရေးမှူး ဟယ် က ကျွန်တော့်ကို ဒီခေါ်လာတာ လူသတ်မှုနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ဆက်နွှယ်မှု တစ်ခုခု ရှိတယ်လို့ သံသယ ဝင်နေလို့လား"
"အမှန်ပါပဲ"
အမှုနှိမ်နင်းရေးမှူးဟယ် က သိပ်ပွင့်လင်းလွန်းနေပုံ ရသည်။
သူ ဆက်ပြောလိုက်သည် "ဒါဆိုရင် ကျင့်ကြံသူပိုင်ကို စော်ကားသလို ဖြစ်သွားနိုင်ပါတယ်... ခရိုင် မှုခင်းဆေးဆရာဝန်ရဲ့ စစ်ဆေးချက်အရ အပိုင်းပိုင်း ခုတ်ထစ်ခံထားရတဲ့ ဆေးဆိုင် လက်ထောက် အာ့ချိုင်က မသေခင်မှာ ရုန်းကန်တဲ့ လက္ခဏာ လုံးဝ မပြခဲ့ဘူး... သူ့မျက်လုံးတွေနဲ့ မျက်နှာက သိပ်ဝေဝါးနေတယ်... တစ်ယောက်ယောက်က လျှို့ဝှက်နည်းစနစ်သုံးပြီး သူ့စိတ်ကို ထိန်းချုပ်ခဲ့သလိုမျိုးပဲ"
"ထူးခြားတဲ့ ဆေးဝါးတချို့ကလွဲရင် ကျင့်ကြံသူတွေပဲ ဒီလိုမျိုး လုပ်နိုင်တာ... ပြီးတော့ အာ့ချိုင် သိတဲ့ လူတွေထဲမှာ ခင်ဗျားတစ်ယောက်ပဲ ကျင့်ကြံသူ ဖြစ်နေတာ ကျွန်တော်တို့ တွေ့ရှိခဲ့ရတယ်"
"ဒါ့အပြင် ကျွန်တော်တို့ လူတွေ အာ့ချိုင်ရဲ့ မိသားစုနဲ့ ဆက်သွယ်ပြီးပြီ... သူ့မိသားစု ပြောတာက အာ့ချိုင် အိမ်မှာ ညည်းညူဖူးတယ်တဲ့... ကျင့်ကြံသူပိုင်က ချမ်းသာတဲ့ မိသားစုက လာတယ်ပေါ့... သူက ဆင်းရဲပြီး ချို့တဲ့နေတော့ မနာလို ဖြစ်မိတယ်ပေါ့.... ဒါက တိုက်ရိုက် သက်သေမဟုတ်ပေမယ့် ခင်ဗျားက သံသယရှိသူတစ်ယောက် ဆိုတာ သက်သေပြနေတုန်းပါပဲ ကျင့်ကြံသူပိုင်"
အမှုနှိမ်နင်းရေးမှူးဟယ် က အမြဲတမ်းလိုပဲ ပွင့်လင်းလွန်းပြီး သူ စိတ်ထဲရှိတာ အကုန်ပြောလိုက်လေသည်။
...