အခန်း ၅ : သူတော်စင်မ၏ သေဆုံးခြင်း၊ ၃နှစ်တာ အတွင်းအားနှင့် အတွေ့အကြုံ ဆုလာဘ်
လွန်ခဲ့သော ရက်အနည်းငယ်က ချန်ချန်ရွှယ်ဟာ တောင်ပေါ်တွင် အမဲလိုက်နေတုန်း ဤအရောင်စုံ ကျားကြီးနှင့် တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၎င်း၏ အစာအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ၏။
အတန်ကြာ တိုက်ခိုက်ပြီးနောက်မှာပဲ သူမဟာကျားပါးစပ်ထဲမှ မနည်း လွတ်မြောက်နိုင်ခဲ့လေသည်။
နောက်ဆုံးတွင်မူ...
ဒီနေ့ ထပ်တွေ့လိမ့်မယ်လို့ သူမဟာ ထင်မထားခဲ့ပေ။
ချန်ချန်ရွှယ်ဟာ တဖြည်းဖြည်း တည်ငြိမ်လာသည်။ ဒီတစ်ခါတော့ သူမဟာ မထွက်ပြေးချင်တော့ပေ။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ မဝင်ခင်တုန်းက သူမဟာ ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မ ဖြစ်ပြီး ငယ်စဉ်ကတည်းက ကောင်းကင်ဘုံရဲ့ အချစ်တော်လေး တစ်ယောက် ဖြစ်ခဲ့ပေသည်။
ဒီကမ္ဘာမှာ (၅) နှစ်ကြာ နေထိုင်ပြီးနောက် မကောင်းတဲ့ အရာတွေ ကြုံတွေ့ခဲ့ရပေမယ့်၊ မသေမျိုးကျင့်ကြံဖို့ အလွန် ခက်ခဲလာပေမယ့်...
သူမရဲ့ မာနတရားကတော့ လျော့မသွားခဲ့ပေ။ ပြီးခဲ့တဲ့ တစ်ခေါက်က ထွက်ပြေးခဲ့ရခြင်းကပင် ကြီးမားတဲ့ အရှက်ကွဲမှု တစ်ခု ဖြစ်နေပေပြီ။
ဘာပဲဖြစ်ဖြစ် သူမက တစ်ချိန်က အခြေတည်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့ဖူးတာကြောင့် ကျားတစ်ကောင်လေးကြောင့် ထွက်ပြေးမည်ဆိုပါက သိက္ခာကျစရာပင်။
"ရွှပ်"
ချန်ချန်ရွှယ်ဟာ ဓားတိုလေးအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး နောက်တစ်ခဏတွင် သူမ၏ ပုံရိပ်ဟာ ရုတ်တရက် ပျောက်ကွယ်သွားသလို ဖြစ်သွားခဲ့၏။ သူမ၏ အမြန်နှုန်းက မြန်ဆန်လွန်းသောကြောင့် အရောင်စုံ ကျားကြီးဟာ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် သူမဟာ ၎င်းရှေ့သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ထို့နောက် သူမဟာ ခွန်အားအကုန်သုံးပြီး ကျားကြီးကို ထိုးစိုက်လိုက်၏။ ဓားတို၏ ထက်မြက်သော ထိပ်ဖျားအား ကျားကြီး၏ လည်ချောင်းဆီသို့ တည့်တည့် ချိန်ရွယ်ထားခဲ့သည်။
သားရဲကြီးဟာ နောက်ဆုံးမှာ တုံ့ပြန်လာခဲ့ပြီး ကမန်းကတန်း ရှောင်တိမ်းလိုက်လေသည်။
ချန်ချန်ရွှယ်၏ လက်ထဲက ဓားတိုဟာ ၎င်း၏ အရေပြားကို အလွယ်တကူ ဖြတ်တောက်နိုင်ရုံမက ခန္ဓာကိုယ်ထဲကိုလည်း အလွယ်တကူ ထိုးဖောက်နိုင်ကြောင်း ရှင်းလင်းစွာ သိနေပေသည်။
ထိုကျားကြီးဟာ သူ့၏ မျက်လုံးတစ်ဖက်က ထိုလက်နက်ကြောင့် ကန်းခဲ့ရသည်အား မမေ့သေးချေ။
(၅) နှစ်သမီး အရွယ် ကောင်မလေးတစ်ယောက်က ကြီးမားသော အရောင်စုံ ကျားကြီးတစ်ကောင်နှင့် တိုက်ခိုက်နေခဲ့ပြီး ၎င်းအား ရှောင်တိမ်းသွားအောင် ဖိအားပေးနိုင်ခဲ့ပေသည်။ ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်မ ဖြစ်ရခြင်းနှင့် ထိုက်တန်သည်ဟု ဆိုရပေမည်။
ပြန်ဝင်စားထားတာ ဖြစ်နေရင်တောင် သူမရဲ့ ခွန်အားက သာမန် မဟုတ်ပေ။
သူမဟာ ရွယ်တူတွေထက် အများကြီး သာလွန်နေခဲ့လေသည်။
သူတို့ နှစ်ဦးသားဟာ ထူထပ်သော တောအုပ်ထဲတွင် ဆက်လက် တိုက်ခိုက်နေခဲ့ကြ၏။ ချန်ချန်ရွှယ်၏ ဓားတိုက ကျားကြီး၏ ခန္ဓာကိုယ်ပေါ်တွင် မကြာခဏ ဒဏ်ရာများ ကျန်ရစ်စေခဲ့သည်။
တိမ်သော ဒဏ်ရာများက အရေပြားကိုသာ ကွဲစေသော်လည်း နက်သော ဒဏ်ရာများကတော့ အရိုးကိုပင် လှမ်းမြင်နေခဲ့ရသည်။
ဒဏ်ရာများမှ သွေးများဟာ မရပ်မနား စီးကျနေခဲ့ပြီး ကျားကြီးအား အနီရောင် ဆိုးပေးထားသလို ဖြစ်နေစေခဲ့၏။
ချန်ချန်ရွှယ်ဟာလည်း အခြေအနေ ကောင်းလှသည်မဟုတ်ပဲ သူမ၏ နဖူးပေါ်တွင် ဒဏ်ရာတစ်ခု ရထားခဲ့သည်။
၎င်းဒဏ်ရာက အချိန်မီ မရှောင်တိမ်းနိုင်ဘဲ လွင့်စဉ်သွားပြီး ကျောက်တုံးနှင့် ဝင်ဆောင့်မိသောကြောင့် ဖြစ်၏။
သူမ၏ အားနည်းသော ခန္ဓာကိုယ်အား အတွင်းအား ဖြင့် ကာကွယ်မထားခဲ့ပါက သူမဟာ ထိုနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားလောက်ပေပြီ။
ဒါတောင်မှ... သူမ ဦးနှောက်က တုန်ခါနေသလို ခံစားနေခဲ့ရပြီး တစ်ကိုယ်လုံးကလည်း နာကျင်နေခဲ့သည်။
"စိတ်အေးအေးထား... ဘာပဲဖြစ်ဖြစ် သူက ဉာဏ်ရည်မမြင့်တဲ့ တိရစ္ဆာန် တစ်ကောင်ပဲ... ငါ့မှာ နိုင်နိုင်ခြေ ပိုများတယ်... အချိန်ဆွဲထားနိုင်သရွေ့ ငါ ရှုံးမှာ မဟုတ်ဘူး.."
သူမဟာ မူးဝေနေသော ခေါင်းကို အားကုန်ခါလိုက်ပြီး နဖူးရှိ ဒဏ်ရာမှ သွေးများ မျက်နှာပေါ် စီးကျလာသည်အား လွှတ်ထားလိုက်၏။
ချန်ချန်ရွှယ်ဟာ ရှေ့က အရောင်စုံ ကျားကြီးကို စိုက်ကြည့်နေခဲ့ပြီး တစ်စုံတစ်ခုကို သေချာ အကဲခတ်နေခဲ့လေသည်။
သူမဟာ ကျားကြီးကို တစ်ချက်တည်းနှင့် မသတ်နိုင်သောကြောင့် ပိုပြီး ကောင်းမွန်သည့် နည်းလမ်းအား အသုံးပြုလိုက်၏။
၎င်းက သူမ၏ သေးငယ်သော ခန္ဓာကိုယ်နှင့် လျင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုကို အားကိုးပြီး ကျားကြီးအား သွေးထွက်အောင် လုပ်နေခြင်း ဖြစ်သည်။
သူမ၏ ဓားချက်တိုင်းကို သေချာ စဉ်းစားပြီးမှ ထုတ်သုံးခဲ့သည်။ သွေးအမြောက်အမြားက မြေပြင်ကို ရဲရဲနီစေခဲ့လေသည်။
တစ်ဖက်ရန်သူက အရင်ကလောက် အားအင်မပြည့်ဝတော့ကြောင်း ချန်ချန်ရွှယ်ဟာ မြင်နေခဲ့ရသည်။ ၎င်းက အရင်ကထက် ပိုပြီး ဒေါသထွက်နေပုံ ရပေမဲ့ သန်မာသော ခြေလက်များကတော့ အရင်ကထက်အများကြီး အားနည်းသွားပုံ ရလေသည်။
'ကျားကြီး သွေးထွက်လွန်နေပြီ... ဒါက အခွင့်အရေးပဲ...'
ချန်ချန်ရွှယ်ဟာ ဒီအခွင့်အရေးအား အသုံးချပြီး ရှေ့သို့ တိုးဝင်လိုက်၏။ ထက်မြက်သော ဓားတိုက ကျားကြီး၏ ဘယ်ဘက် ရှေ့ခြေထောက်ကို ရက်ရက်စက်စက် ပိုင်းဖြတ်လိုက်ရာ အရိုးကို မြင်ရလောက်အောင် နက်ရှိုင်းသော ဒဏ်ရာကြီး ဖြစ်ပေါ်လာခဲ့သည်။ ဓားသွားက အရိုးကို ဖြတ်တောက်သွားသော အထိအတွေ့ကိုပင် သူမ ခံစားလိုက်ရလေသည်။
ဓားတိုက ကျားကြီး၏ ခန္ဓာကိုယ်မှ ပြန်ထွက်လာသောအခါ သွေးများနှင့် အရိုးစများ လွင့်စဉ်ထွက်လာခဲ့သည်။
ကျားကြီးဟာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ယိုင်နဲ့နဲ့ဖြင့် မြေကြီးပေါ် လဲကျသွားခဲ့လေသည်။
ဒီဓားချက်က ၎င်း၏ ခြေထောက်တစ်ဖက်ကို ပြတ်လုနီးပါး ဖြစ်စေခဲ့ပေသည်။
ချန်ချန်ရွှယ်ကတော့ လုံးဝ တွန့်ဆုတ်မနေခဲ့ပဲ ဖျတ်လတ်သော ကြောင်ကတိုး တစ်ကောင်ကဲ့သို့ ကျားကြီး၏ ခန္ဓာကိုယ်ထဲသို့ ဓားအား နောက်တစ်ကြိမ် ထိုးစိုက်လိုက်၏။
ဒီတစ်ခါတော့ သူမ တစ်ကိုယ်လုံးရှိ အားအင်အားလုံးကို ထုတ်သုံးလိုက်ခြင်းပင်။
ကျန်ရှိနေသေးသော နောက်ဆုံး အတွင်းအား အနည်းငယ်ကိုလည်း စုစည်းပြီး ဓားသွားပေါ် ပေါင်းထည့်လိုက်လေသည်။။
'ဖောက်..'
သို့သော် ဓားထိပ်ဖျား ကျားကြီး၏ ခေါင်းထဲသို့ ဝင်ရောက်သွားသောအခါ သူမ တစ်ခါမှ မကြုံဖူးသော ခုခံမှုတစ်ခုကို ခံစားလိုက်ရပြီး သူမ၏ လက်ဝါးဟာ ထုံကျင်သွားခဲ့သည်။
'မကောင်းတော့ဘူး' ချန်ချန်ရွှယ်၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။
ယုတ္တိဗေဒအရ ဆိုလျှင် သူမ၏ ဓားက ကျောက်တုံးကိုတောင် ထိုးဖောက်နိုင်ပေသည်။
ဓားသွားက ကျောက်တုံးထဲ လက်မအနည်းငယ် ဝင်ရောက်သွားလောက်အောင် ထက်မြက်ပေသည်။
သို့သော်... ကျားကြီး၏ အရိုးများက သူမ ထင်ထားသည်ထက် ပိုမို မာကျောနေခဲ့သည်။
၎င်းက ထူထဲသော သတ္တုပြားကြီး တစ်ခုအား ထိုးစိုက်လိုက်ရသလိုပင်။
ထိုအချိန်၌ မကောင်းသော နိမိတ်တစ်ခုဟာ သူမ၏ စိတ်ထဲ၌ ပေါ်လာခဲ့လေသည်။
'သွားပြီ'
ဒီစကားလုံး နှစ်လုံး သူမ စိတ်ထဲ ပေါ်လာသည်နှင့် တပြိုင်နက် ကျားလက်သည်းကြီး တစ်ခုဟာ သူမဆီ ရောက်လာသည်အား ချန်ချန်ရွှယ် တွေ့လိုက်ရ၏။
'ဘန်း'
[သင်ဟာ မိစ္ဆာအဖြစ် အသွင်ပြောင်းလုနီးပါး ဖြစ်နေသော မျိုးဗီဇပြောင်း ကျားကြီးတစ်ကောင်နှင့် တွေ့ဆုံခဲ့သည်။ ကျားနှစ်ကောင် အားကို အသုံးပြုခဲ့သော်လည်း သင်ဟာ ၎င်းကို မသတ်နိုင်ခဲ့ပဲ ၎င်း၏ ရိုက်ချက်ကြောင့် သစ်ပင်ပေါ်သို့ လွင့်စဉ်သွားကာ သွေးသံရဲရဲဖြင့် အသားအနှစ် ဘဝသို့ ရောက်ရှိသွားခဲ့သည်။]
[သင်ဟာ သေဆုံးသွားပါပြီ]
[အသက် - ၅ နှစ်၊ ၄ လ၊ ၁၃ ရက်]
ချန်ချန်ရွှယ် ကြောင်အသွားခဲ့သည်။
သူမ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပဲ သူမ၏ အသိစိတ်ဟာ ချက်ချင်း အေးခဲသွားခဲ့တာကြောင့် စဉ်းတောင် မစဉ်းစားနိုင်တော့ပေ။
သူမ၏ မျက်စိရှေ့မှ မြင်ကွင်းများ အားလုံးဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ပထမဆုံးအကြိမ် ဝင်ရောက်စဉ်ကလို မီးခိုးရောင် ပြန်ပြောင်းသွားခဲ့သည်။
အရာအားလုံး ရပ်တန့်သွားခဲ့သည်။
...
"သူတော်စင်မလေးလည်း သွားရှာပြီပဲ... သူက ခေါင်းမာလွန်းတယ်... အန္တရာယ်ကို ရှောင်ရှားဖို့ ရွေးချယ်လို့ ရသားနဲ့... နည်းနည်း ပိုသန်မာလာမှ ဒီကျားကို ရင်ဆိုင်ရင် ပိုမကောင်းဘူးလား"
"နောက်ဆုံးတော့... သူ့ရဲ့ မာနက ကြီးမားလွန်းလို့ ဖြစ်ရတာပါပဲ"
ပိုင်ယီဟာ ခေါင်းခါလိုက်လေသည်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က လက်တွေ့ဘဝနှင့် မတူပေ။ စနစ်ထဲတွင် (၅) နှစ်ကျော် ကုန်ဆုံးသွားသော်လည်း လက်တွေ့တွင် (၅) မိနစ်ထက် မပိုသေးကြောင်း ပိုင်ယီ ခံစားလိုက်ရ၏။
ပြဇာတ်တိုလေး တစ်ပုဒ် ကြည့်လိုက်ရသလိုပါပင်။ (၅) မိနစ်အတွင်းမှာ (၅) နှစ် ကုန်ဆုံးသွားခဲ့သည်။
ဇာတ်လိုက်မင်းသမီး ချန်ချန်ရွှယ် သိပ်မပျော်ရွှင်ရတာလေး တစ်ခုပါပင်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ ခက်ခဲမှုအဆင့်ကို သူ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ရယ်ချင်စရာကောင်းလောက်အောင် မြင့်မားလွန်းပေသည်။
ထိုအချိန်တွင် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ သတိပေးချက် ပေါ်လာပြီး ပိုင်ယီ ရှေ့တွင် စာတန်းများ ပေါ်လာခဲ့သည်။ သူမြင်ရသော သတိပေးချက်က ချန်ချန်ရွှယ် မြင်ရသော သတိပေးချက်နှင့် လုံးဝ ကွာခြားလေသည်။
[သင် ဖိတ်ကြားထားသော ကိုယ်စားလှယ်လောင်း ချန်ချန်ရွှယ်ဟာ သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝတွင် (၅) နှစ်၊ (၄) လ နှင့် (၁၃) ရက်တိုင်တိုင် အသက်ရှင် နေထိုင်ခဲ့ပါသည်။ နောက်တစ်ကြိမ် သရုပ်ဖော်မှု မပြုလုပ်မီ (၂၄) နာရီ အချိန်စောင့်ဆိုင်းရပါဦးမည်။]
[သင်ဟာ အောက်ပါ ဆုလာဘ်များကို ရရှိလိုက်ပါသည် - ]
[ဆုလာဘ် ၁ - အသက်ရှူနည်းစနစ် (လူလောကတွင် အတော်အတန် ကောင်းမွန်သော အသက်ရှူနည်းစနစ် တစ်ခု ဖြစ်ပါသည်။ ကန့်သတ်ချက်များကို ဖယ်ရှားပြီး ဖြစ်ကာ အဓိကကမ္ဘာတွင်လည်း ကျင့်ကြံနိုင်ပါသည်။)]
[ဆုလာဘ် ၂ - သုံးနှစ်တာ ပြင်းထန်သော ကျင့်ကြံမှု (ချန်ချန်ရွှယ်၏ သုံးနှစ်တာ ပြင်းထန်စွာ ကျင့်ကြံထားသော အတွင်းအားနှင့် အတွေ့အကြုံများ)]
[ဆုလာဘ် ၃ - ဘိုးဘေးပိုင် ကျောက်စိမ်းဆွဲပြား (ကံကောင်းခြင်း အနည်းငယ် ယူဆောင်လာပေးမည်)]
[ကျေးဇူးပြု၍ ဆုလာဘ် တစ်ခုခုကို ရွေးချယ်ပါ!]
"ဒါက ချန်ချန်ရွှယ် သရုပ်ဖော် စနစ်ထဲမှာ ခိုးသင်ခဲ့တဲ့ အသက်ရှူနည်းစနစ် မဟုတ်လား... ပြီးတော့ သုံးနှစ်တာ ပြင်းထန်သော ကျင့်ကြံမှု ဆိုတာက သူမ အသက် (၂) နှစ်ကနေ (၅) နှစ်အထိ အသက်ရှူနည်းစနစ်ကို ကျင့်ကြံရင်း စုဆောင်းမိခဲ့တဲ့ အတွင်းအားနဲ့ အတွေ့အကြုံတွေလား... နောက်ဆုံး တတိယဆုလာဘ်က သူမရဲ့ မွေးရာပါ ပါရမီတွေထဲက တစ်ခုပေါ့...."
'သောက်ကျိုးနည်း..
ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မက သာမန်လူတွေနဲ့ တကယ်မတူဘူးပဲ..'
ပိုင်ယီ ကိုယ်တိုင် သရုပ်ဖော် စနစ်ထဲ ဝင်တုန်းက အများဆုံး တစ်လလောက်ပဲ ခံပေမယ့် ဒီကောင်မလေးက (၅) နှစ်ကျော်တောင် အသက်ရှင်နိုင်ခဲ့ပေသည်။
ယခုအချိန်၌ ပိုင်ယီဟာ ဆုလာဘ် တစ်ခုပဲ ရွေးလို့ရခြင်းက သူ့အတွက် တော်တော် ခက်ခဲတဲ့ ရွေးချယ်မှု ဖြစ်နေခဲ့သည်။
အသက်ရှူနည်းစနစ်။
သုံးနှစ်တာ အတွင်းအားနှင့် အတွေ့အကြုံ။
ကျောက်စိမ်းဆွဲပြား။
နောက်ဆုံးတော့ သေချာ စဉ်းစားပြီးနောက် ပိုင်ယီဟာ သုံးနှစ်တာ အတွင်းအားနှင့် အတွေ့အကြုံကိုပဲ ရွေးချယ်လိုက်လေသည်။
အသက်ရှူနည်းစနစ်က သာမန်လောကက သိုင်းပညာ တစ်ခု ဖြစ်ပြီး မသေမျိုးကျင့်ကြံသူတွေရဲ့ သာမန် အသက်ရှူနည်းစနစ်လောက်တောင် မကောင်းပေ။
ကျောက်စိမ်းဆွဲပြားကတော့ ခန့်မှန်းရခက်ပြီး ဒီကံကောင်းခြင်းက ဘယ်တော့မှ အကျိုးပေးမလဲ ဘယ်သူသိမည်နည်း။
ဒါဆို သူ ရွေးချယ်နိုင်တာက အတွင်းအားနှင့် အတွေ့အကြုံပဲ ရှိပေတော့သည်။
ဒါက သူ့အား တိုက်ခိုက်နိုင်စွမ်း အတိုင်းအတာ တစ်ခုအထိ ချက်ချင်း ပိုင်ဆိုင်စေပေလိမ့်မည်။
"ငါ ဆုလာဘ် ၂ ကို ရွေးမယ်"
ပိုင်ယီဟာ ရွေးချယ်ပြီးနောက်မှာ ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲက ချီကြောတွေထဲ၌ (၃) နှစ်စာ အတွင်းအားများ ရုတ်တရက် တိုးပွားလာခဲ့သည်။ ဒီလို အတွင်းအားမျိုးက အလွန် သန့်စင်ပြီး ဝိညာဉ်စွမ်းအားနဲ့တောင် နှိုင်းယှဥ်နိုင်ပေသည်။။
ထို့ကြောင့် ဒါက သာမန် အတွင်းအား မဟုတ်ဘဲ စနစ်က သန့်စင်ပေးထားတာ ဖြစ်ကြောင်း ပိုင်ယီဟာ ရုတ်တရက် သဘောပေါက်လိုက်၏။
သူဟာ အတွင်းအား အမြောက်အမြား ချီကြောတွေထဲ စီးဝင်လာပေမယ့် မသက်မသာဖြစ်သည့် ခံစားချက်တို့ မဖြစ်ခဲ့ပေ။
၎င်းအစား ဝိညာဉ်စမ်းရေပူစမ်းထဲ စိမ်နေရသလို ခံစားရပြီး တစ်ကိုယ်လုံးအား သက်သောင့်သက်သာ ဖြစ်သွားစေခဲ့သည်။
သူ့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ အားလုံးကလည်း ပျောက်ကွယ်သွားခဲ့ပေသည်။
တစ်ချိန်တည်းမှာပဲ ချန်ချန်ရွှယ်ရဲ့ သိုင်းပညာ အတွေ့အကြုံတွေဟာ သူ့ခေါင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး အတွေ့ကြုံအများအပြားကို သင်ယူနိုင်စေခဲ့သည်။
ဥပမာအားဖြင့် အသက်ရှူနည်းစနစ်နဲ့ ကိုက်ညီအောင် ချန်ချန်ရွှယ် ကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဓားသိုင်း ပြီးတော့ ကိုယ်ဖော့ပညာ။
ပိုင်ယီဟာ အကုန်လုံး သင်ယူနိုင်ခဲ့လေသည်။
သို့သော်... စနစ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ဖြစ်နိုင်ကာ အသက်ရှူနည်းစနစ် အကြောင်း ဘာမှ မပါလာပေ။
ချန်ချန်ရွှယ်အနေနဲ့ သရုပ်ဖော် စနစ်ထဲကနေ ဘယ်လို ဆုလာဘ်မျိုး ရမလဲ ဆိုတာကိုတော့ ပိုင်ယီဟာ စိတ်ပူစရာ မလိုပေ။
အဘယ်ကြောင့်ဆိုသော် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ချန်ချန်ရွှယ်အား သူ့ဘာသာ သီးသန့် ဆုချမည် ဖြစ်သောကြောင်ပင်။
သူဟာခန္ဓာကိုယ် အပြောင်းအလဲတွေကို ခံစားပြီးနောက် အတွင်းအားကို လက်ဝါးပေါ် စုစည်းဖို့ ကြိုးစားလိုက်၏။
ချက်ချင်းပင် လက်ဝါး ပတ်ဝန်းကျင်က လေထုဟာ သိသိသာသာ တွန့်လိမ်သွားခဲ့ပြီး မမြင်ရတဲ့ စွမ်းအားတစ်ခု ဖုံးလွှမ်းသွားသလို ဖြစ်သွားခဲ့သည်။
ထို့နောက် သူ့လက်ဝါးအား ရိုက်ချလိုက်လေသည်။
'ရွှပ်..'
မာကျောသော သစ်သားစားပွဲ၏ ထောင့်စွန်းတစ်ခုဟာ ပြတ်ထွက်သွားခဲ့သည်။ သူ့လက်ဝါးက ဓားတစ်ချောင်းလို ဖြစ်နေခဲ့ပြီး ဖြတ်ရာကလည်း အတော်လေး ချောမွေ့နေခဲ့ပေသည်။
သို့သော် နောက်ခဏ၌ သူ၏ မျက်နှာက ပြောင်းလည်းသွားခဲ့၏။
"အား..."
"နာလိုက်တာ"
...