အခန်း ၄၇ : ဝိညာဥ်ဓားဂိုဏ်းမှ စီနီယာများ တုန်လှုပ်သွားကြခြင်း
နောက်တစ်နေ့....
ချန်ချန်ရွှယ်ရဲ့ ဓားစီးပြီး ပျံသန်းတဲ့ အရှိန်က သိပ်မမြန်ရာ ဝိညာဉ်ဓားဂိုဏ်းကို ပြန်ရောက်ဖို့ တစ်ရက်လုံးလုံး ပျံသန်းခဲ့ရလေသည်။
ဝိညာဉ်စွမ်းအင်တွေ ပြည့်နက်နေတဲ့ ဝိညာဉ်ဓားဂိုဏ်းရဲ့ ဌာနချုပ်ကို ကြည့်ပြီး သူမ အနေနဲ့ တစ်ဘဝလုံး ကုန်ဆုံးသွားသလို ခံစားလိုက်ရပေသည်။
သူမ ဝိညာဉ်ဓားဂိုဏ်းကနေ ထွက်ခွာခဲ့တာ လဝက်လောက်ပဲ ရှိသေးပေမဲ့ သူမ အနေနဲ့ ရာစုနှစ်ပေါင်းများစွာ ထွက်ခွာသွားသလို ခံစားနေရ၏။
"နည်းနည်းတော့ ထူးဆန်းတယ်..." ချန်ချန်ရွှယ် ဝိညာဉ်ဓားပေါ်မှာ ရပ်ပြီး လေထဲမှာ ဝဲပျံနေခဲ့သည်။ သူမရှေ့က ဂိုဏ်းဌာနချုပ်ကို ကြည့်ပြီး ကိုယ့်ဘာသာ ရေရွတ်လိုက်၏။ "ဖြစ်နိုင်တာက ငါ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ အကြာကြီး နေခဲ့လို့ ဖြစ်မယ်... ငါ သရုပ်ဖော် ဘဝတွေ အများကြီး နေခဲ့ရတာကိုး.... အားလုံးပေါင်းလိုက်ရင် နှစ်ရာပေါင်းများစွာ ကြာလောက်ပြီ"
သူမ ဝိညာဉ်ဓားဂိုဏ်းထဲ ပျံသန်းဝင်ရောက်ဖို့ ပြင်လိုက်ချိန်မှာပဲ စွမ်းအားကြီးတဲ့ အရှိန်ဝါ အနည်းငယ်က တမဟုတ်ချင်း သူမကို ချိန်ရွယ်ထားလိုက်တာကို ခံစားလိုက်ရလေသည်။
ပြီးတော့ အော်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ရပ်လိုက်"
"ဘယ်သူလဲ... ဟမ်... သူတော်စင်မ ပါလား"
ဝိညာဉ်ဓားဂိုဏ်းထဲ အတင်းဝင်ရောက်ဖို့ ကြိုးစားနေတဲ့သူက ဘယ်ကမှန်းမသိတဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက်လို့ တစ်ဖက်လူက ထင်ထားခဲ့လေသည်။
ဒါပေမဲ့ ချန်ချန်ရွှယ်ရဲ့ အရှိန်ဝါက အလွန် ရင်းနှီးနေတယ်လို့ သူ ခံစားလိုက်ရပြီး သေချာကြည့်လိုက်တဲ့အခါ တုန်လှုပ်သွားခဲ့သည်။
'ဒါ သူတော်စင်မ မဟုတ်လား....'
'သူတော်စင်မ ပြန်လာပြီ....'
ချန်ချန်ရွှယ်ရဲ့ အဆင့်အတန်းကို မှတ်မိပြီးနောက်မှာ စွမ်းအားကြီးတဲ့ အရှိန်ဝါတွေဟာ ပြန်လည် ရုပ်သိမ်းသွားခဲ့ကြသည်။
"စီနီယာတို့... ပင်ပန်းသွားကြပြီ" ချန်ချန်ရွှယ် ပြန်ပြောလိုက်၏။
သူမ ဒီလူတွေကို မှတ်မိပေသည်။ သူတို့ အားလုံးက ဝိညာဉ်ဓားဂိုဏ်းရဲ့ အစောင့်အရှောက်တွေဖြစ်ပြီး သူတို့ တစ်ယောက်ချင်းစီက ရွှေအမြုတေ အဆင့်ကျင့်ကြံသူတွေ ဖြစ်ကာ သူတို့ရဲ့ ခွန်အားက အလွန် သန်မာလှပေသည်။
သူစိမ်းတစ်ယောက်က ဝိညာဉ်ဓားဂိုဏ်းထဲ အတင်းဝင်ရောက်ဖို့ ကြိုးစားတာနဲ့ သူတို့က ပထမဆုံး ကြားဖြတ်ဟန့်တားမယ့် သူတွေ ဖြစ်၏။
ဘာပဲဖြစ်ဖြစ် ဒါက မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းဖြစ်ရာ လူတွေကို ပေါ့ပေါ့ဆဆ ဝင်ခွင့်ပေးလို့ ဘယ်ဖြစ်မည်နည်ူ။
ဂိုဏ်းထဲ ဝင်ရောက်ပြီးနောက်မှာ သူမကို ကြည့်နေတဲ့ အကြည့်တွေ အများကြီး ရှိနေတာကို ချန်ချန်ရွှယ် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။ တချို့က ဗြောင်ကျကျ ကြည့်ကြသလို တချို့က တိတ်တဆိတ် ကြည့်နေခဲ့ကြသည်။
သူတို့ထဲမှာ ဂိုဏ်းက စီနီယာတွေ ပါသလို စီနီယာ အစ်ကို၊ အစ်မနှင့် ဂျူနီယာ ညီလေး၊ ညီမလေးတွေ ပါပေသည်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ချန်ချန်ရွှယ် တကယ်တမ်း နည်းနည်း အသားမကျ ဖြစ်နေခဲ့သည်။ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက မရေမတွက်နိုင်တဲ့ ဘဝတွေမှာ သူမဟာ နှစ်ပေါင်း ဘယ်လောက်ကြာကြာ နှိမ့်ချစွာ နေခဲ့ရမှန်း မသိတော့ချေ။ သူမရဲ့ တည်ရှိမှု အာရုံခံစားမှုက သနားစရာကောင်းလောက်အောင် နိမ့်ကျခဲ့လေသည်။
အခု သူမ ဝိညာဉ်ဓားဂိုဏ်းကို ပြန်ရောက်လာပြီး နောက်တစ်ကြိမ် လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရတဲ့ ဗဟိုချက် ဖြစ်လာတော့ ခံစားချက်က သိပ်ထူးဆန်းနေခဲ့သည်။
"ရှူး... အဲဒါ သူတော်စင်မ မဟုတ်လား... အရင်က သူမရဲ့ ပုံတူပန်းချီကား အနည်းငယ်ပဲ မြင်ဖူးခဲ့တာ... အခု ကိုယ်တိုင် မျက်မြင်တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... ကောလဟာလတွေအတိုင်း တကယ် မှန်တာပဲ... သူတော်စင်မရဲ့ အလှက စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်ခဲလွန်းပြီး နတ်သမီးလေး လူ့ပြည်ဆင်းလာသလိုပဲ"
ဝိညာဉ်ဓားဂိုဏ်းရဲ့ တပည့်တချို့ဟာ တခြားသူတွေကို တီးတိုးပြောနေခဲ့ကြသည်။ သူတို့လေသံထဲမှာ အံ့သြတုန်လှုပ်မှုနဲ့ အားကျမှုတွေ ပြည့်နှက်နေခဲ့ကြပေသည်။
"ကြားတာတော့ သူတော်စင်မက ဒီလို ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့ အခြေတည်အဆင့် ရောက်နေပြီတဲ့... အခြေတည်အဆင့် နော်....ဒါက အတွင်းစည်း ဂိုဏ်းထောက်တစ်ယောက် ဖြစ်ဖို့ လုံလောက်တယ်ကွ ပြီးတော့ သူမက ဒီနှစ်မှ (၁၉) နှစ်ပဲ ရှိသေးတာ"
"သူတော်စင်မရဲ့ စိတ်နေသဘောထားက သိပ်ကောင်းတာပဲ... ဒါပေမဲ့ သူမကို ကြည့်လိုက်ရင် ငါ ဘာလို့ ထူးဆန်းတဲ့ ခံစားချက် ခံစားနေရတာလဲ... အကြီးအကဲ တစ်ယောက်ကို ရင်ဆိုင်နေရသလိုပဲ"
"ဂိုဏ်းချုပ်ကြီးက သူတော်စင်မကို ဝိညာဉ်ဓားဂိုဏ်းရဲ့ နောက်ထပ် ဂိုဏ်းချုပ် ဖြစ်လာအောင် ပျိုးထောင်ချင်နေတယ်လို့ ပြောကြတယ်"
"..."
ဝိညာဉ်ဓားဂိုဏ်းက တပည့်တွေ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြတာနဲ့ ယှဉ်ရင် အကြီးအကဲတွေနဲ့ ဂိုဏ်းထောက်တွေကတော့ အံ့သြမှုတွေ ပြည့်နှက်နေကြပြီး သူတို့လေသံထဲမှာ မယုံကြည်နိုင်မှုတွေ ပါဝင်နေခဲ့သည်။
ဘာလို့လဲဆိုတော့ သူတို့က ပိုနက်ရှိုင်းတဲ့ အရာတွေကို မြင်နိုင်လို့ပင်။
"သူမက အခြေတည်အဆင့် (၂) ရောက်နေပြီလား... ဂိုဏ်းကနေ ထွက်သွားတုန်းက အခြေတည်အဆင့် (၁) ပဲ ရှိသေးတာ မဟုတ်ဘူးလား... ဖြစ်နိုင်တာက သူမ အပြင်မှာ အခွင့်အရေးတစ်ခုခု ရခဲ့တာလား"
"(၁၉) နှစ်နဲ့ အခြေတည်အဆင့် (၂) ဒါ ဘယ်လို ယုတ္တိမရှိတဲ့ အခြေခံအုတ်မြစ်မျိုးလဲ... ဒါ ဘယ်လို အံ့သြစရာကောင်းတဲ့ အရည်အချင်းမျိုးလဲကွာ"
"ဒီမျိုးဆက်ရဲ့ သူတော်စင်မ ဆိုတာနဲ့ တကယ် ထိုက်တန်တာပဲ"
"..."
ထင်ထားတဲ့ အတိုင်းပင်။ ချန်ချန်ရွှယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို ဝိညာဉ်ဓားဂိုဏ်းက စီနီယာတွေ မသိအောင် ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ချေ။
ချန်ချန်ရွှယ် အခု ဘယ်လို ကျင့်ကြံမှုအဆင့် ရှိနေလဲ ဆိုတာ သူတို့ တစ်ချက်ကြည့်လိုက်ရုံနဲ့ သိနိုင်ကြလေသည်။
အဲဒါကြောင့်ပဲ သူတို့ ဒီလောက် တုန်လှုပ်သွားကြတာ ဖြစ်ပြီး ချန်ချန်ရွှယ်ရဲ့ ကျင့်ကြံမှု အဆင့်တက်နှုန်းက သူတို့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေလောက်ပေသည်။
သူတို့ စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော ရှင်းပြချက်ကတော့ ချန်ချန်ရွှယ်ဟာ အပြင်မှာ အခွင့်အရေးတစ်ခုခု ရရှိခဲ့တယ် ဆိုတာပင်။။
ဒီအရာမှလွှဲ၍ အခြားအရာမဖြစ်နိုင်ချေ။
ဒီလို စိုက်ကြည့်တာတွေနဲ့ ဆွေးနွေးသံတွေကို ရင်ဆိုင်ရင်း ချန်ချန်ရွှယ်ဟာ သူမရဲ့ အတွေးတွေကို ခဏလောက် တည်ငြိမ်အောင် လုပ်ပြီး လျစ်လျူရှုလိုက်၏။
ထို့နောက် သူမဟာ ချက်ချင်းပဲ သူမရဲ့ ဆရာသခင်ဖြစ်တဲ့ ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးကို သွားတွေ့လိုက်လေသည်။
သို့ပေမဲ့ ဝိညာဉ်ဓားဂိုဏ်း ဂိုဏ်းချုပ်ကြီးက ချန်ချန်ရွှယ်ကို မြင်လိုက်တဲ့အခါ သူဟာလည်း တုန်လှုပ်သွားခဲ့ရလေသည်။
"မင်း အဆင့်ချိုးဖျက်နိုင်ခဲ့ပြီလား" သူ အံ့သြစွာ မေးလိုက်၏။
"ဟုတ်ပါတယ်" ချန်ချန်ရွှယ် ပြန်ဖြေသည်။ "တပည့် ဆရာသခင်ရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်အောင် မလုပ်ဘဲ အသက် (၁၉) နှစ်မှာ အခြေတည်အဆင့် (၂) ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပါပြီ"
"ကောင်းတယ်"
ဝိညာဉ်ဓားဂိုဏ်း ဂိုဏ်းချုပ်ကြီးက လေတစ်ချက် ရှူသွင်းလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "မင်းရဲ့ ကျင့်ကြံခြင်း အလားအလာက ငါမျှော်လင့်ထားတာထက် ပိုကောင်းနေတာပဲ... ငါ မင်းအရွယ်တုန်းကဆိုရင် ချီစုစည်းမှု အဆင့်မှာပဲ ရှိသေးတာ"
"ဝိညာဉ်ဓားဂိုဏ်းရဲ့ အနာဂတ်က မင်းလက်ထဲမှာ ရှိနေပြီ ဒါကြောင့် ငါ စိတ်ချလက်ချ အနားယူပြီး တံခါးပိတ်ကျင့်ကြံလို့ ရပြီပေါ့"
မူလဝိညာဉ် အဆင့် မသေမျိုးကျင့်ကြံသူ တစ်ယောက် အနေနဲ့ ဝိညာဉ်ဓားဂိုဏ်း ဂိုဏ်းချုပ်ကြီးက အာဏာမက်မောခြင်း မရှိတော့ပေ။
ဂိုဏ်းချုပ် ရာထူးဆိုတာ သူ့အတွက် ရှိရှိမရှိရှိ အတူတူပင်။။
သူ့မှာ စွမ်းအားရှိရာ ၎င်းတို့က မလိုအပ်တော့ချေ။ ထို့အပြင် သူဟာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပြတ်လပ်မနေပဲ ဝိညာဉ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာပြီးနောက်မှာ ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေ အတွက် အရင်းအမြစ်တွေ ရရှိဖို့ နည်းလမ်းတွေ သူ စဉ်းစားရပြီး ဝိညာဉ်ဓားဂိုဏ်းရဲ့ အနာဂတ်ကို ဘယ်လို ဆက်လက် တည်တံ့အောင် လုပ်မလဲ.... ဂိုဏ်းကို ဘယ်လို တိုးတက်အောင် လုပ်မလဲ ဆိုတာကိုသာ အချိန်ပြည့် စဥ်းစားနေရရာ သူ ကျင့်ကြံဖို့ အချိန်က နည်းသထက် နည်းလာခဲ့လေသည်။
ထို့ကြောင့် အကယ်၍ သူ စိတ်ချရတဲ့ ဆက်ခံသူ တစ်ယောက်၏ လက်ထဲသို့ ဂိုဏ်းကို လွှဲပြောင်းပေးနိုင်ရင် သူဟာ စိတ်အေးချမ်းသာစွာနဲ့ ကျင့်ကြံနိုင်ပြီး ပိုမြင့်မားတဲ့ ကျင့်ကြံမှုအဆင့် ရောက်အောင် ကြိုးစားနိုင်ပေမည်။
နောက်ဆုံးတော့ ချန်ချန်ရွှယ်ဟာ သူမဆရာသခင်ကို မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် အကြောင်း မပြောပြခဲ့သလို ဒီရက်ပိုင်းအတွင်း သူမ ကြုံတွေ့ခဲ့ရတာတွေကိုလည်း ဆရာသခင်ကို မပြောပြခဲ့ချေ။
လူတိုင်းမှာ လျှို့ဝှက်ချက် ရှိကြရာ ဝိညာဉ်ဓားဂိုဏ်း ဂိုဏ်းချုပ်ကြီးကလည်း ဆက်လက် စူးစမ်းခဲ့ပေ။
ဒါ့အပြင် ချန်ချန်ရွှယ် အနေနဲ့ အခြေတည်အဆင့် (၂) ကို ပိုမြန်မြန် တည်ငြိမ်အောင် လုပ်နိုင်ဖို့အတွက် ဂိုဏ်းချုပ်ကြီးက သူမကို တန်ဖိုးရှိတဲ့ ဆေးလုံးတချို့ အထူးတလည် ပေးလိုက်သေးပေသည်။
ချန်ချန်ရွှယ် လက်ခံလိုက်ပြီး သူမဆရာသခင်ကို ဂါရဝပြုကာ ချန်ချန်ရွှယ် ဂိုဏ်းထဲမှာ သူမ နေထိုင်တဲ့ နေရာကို ပြန်လာခဲ့လေသည်။
ဂိုဏ်းထဲမှ ပေါကြွယ်ဝတဲ့ ဝိညာဉ်စွမ်းအင်တွေကို ခံစားလိုက်ရတာကြောင့် သူမဟာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
"ဟူး" သူမ လေမှုတ်ထုတ်လိုက်ပြီး ရေရွတ်လိုက်၏။ "အခြေတည်အဆင့် (၂) ကို အမြန်ဆုံး တည်ငြိမ်အောင် လုပ်ကြတာပေါ့!"
ပြောပြီးတာနဲ့ သူမ ဆေးလုံး တစ်လုံးအား စားလိုက်သည်။
ထို့နောက် သူမဟာ တရားထိုင်ပြီး ကျင့်ကြံလိုက်ပေသည်။
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
...
မွန်းတည့်ချိန် ရောက်တဲ့အခါ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ အချိန်စောင့်ဆိုင်းရမှု ကုန်ဆုံးသွားတာကြောင့် ချန်ချန်ရွှယ် မျက်လုံး ဖွင့်လိုက်၏။
ထို့နောက် သူမဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ အသိစိတ်နဲ့ ချိတ်ဆက်ဖို့ ကြိုးစားလိုက်လေသည်။
ရိုးရိုးသားသား ပြောရရင် ချန်ချန်ရွှယ် နည်းနည်း စိုးရိမ်နေခဲ့ပေသည်။ သူမ ဝိညာဉ်ဓားဂိုဏ်းမှာ ရောက်နေချိန် သရုပ်ဖော် စနစ်နဲ့ ချိတ်ဆက်လို့ ရပါ့မည်လား။
အကယ်၍ မရပါက သူမဟာ ချင်းဟယ် ခရိုင်ကို ပြန်သွားပြီး ကြိုးစားရုံပဲ ရှိပေတော့မည်။
ကံကောင်းတာက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ကိုယ်စားလှယ်လောင်းကို အတည်ပြုပြီးတာနဲ့ ကိုယ်စားလှယ်လောင်းက ဘယ်လောက်ပဲ ဝေးနေပါစေ သရုပ်ဖော် စနစ်နဲ့ ချိတ်ဆက်နိုင်လေသည်။
ချင်းဟယ် ခရိုင် အဝေးမှာ ရှိနေတဲ့ ပိုင်ယီက သူမအား ခွင့်ပြုချက် ပေးလိုက်၏။
သူမ မျက်စိရှေ့မှာ ရင်းနှီးနေတဲ့ စာသား သတိပေးချက် ပေါ်လာတဲ့အခါ ချန်ချန်ရွှယ်ဟာ သက်ပြင်းချလိုက်လေသည်။
"ဆက်သွားမယ်"
သူမဟာ ယခင်ဘဝကိုပဲ ဆက်လက် ရှင်သန်ဖို့ ရွေးချယ်လိုက်သည်။ သူမကို စူးစိုက်ကြည့်ရုံနဲ့ သတ်ပစ်လိုက်တဲ့ မိစ္ဆာကိုလည်း သူမ ရှောင်ရှားချင်ပေသည်။
အဲဒီမိစ္ဆာရဲ့ ခွန်အားက ယုတ္တိမရှိလောက်အောင် သန်မာလွန်းပြီး သရုပ်ဖော် မသေမျိုးကျင့်ကြံခြင်း ဘဝထဲမှာ သူမက အခြေတည်အဆင့်တောင် မရောက်သေးရာ မိစ္ဆာကို နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။
[အသက် ၀ နှစ် - သင်သည် ဆင်းရဲသော မိသားစုတွင် မွေးဖွားခဲ့သည်...]
သူတော်စင်မရဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝသစ်.....
စတင်ပေပြီ...........
...