အခန်း ၄၂ : ကောင်းကင် မိုးကြိုးထိန်းချုပ်ခြင်း နည်းစနစ်
ဒီနေ့ မသိရသော အကြောင်းရင်းတို့ကြောင့် လီမျိုးနွယ်စုရဲ့ ကောင်းကင်ထက်မှာ မည်းမှောင်နေတဲ့ တိမ်တိုက်တွေ ဖုံးလွှမ်းနေခဲ့သည်။ ဒါ့အပြင် လီမျိုးနွယ်စုဝင်တွေ အားလုံး၏ စိတ်နှလုံးတို့က လေးလံနေခဲ့ကြပြီး ပတ်ဝန်းကျင် လေထုက အလွန် တင်းမာနေခဲ့လေသည်။ ထိုအခိုက်အတန့်၌ ဘယ်သူမှ ပေါ့ပေါ့ဆဆ စကားတစ်ခွန်း မဟရဲကြပေ။
(၂) နာရီဆိုတဲ့ အချိန်တိုလေး အတွင်းမှာပဲ အပြင်ရောက်နေတဲ့ လီမျိုးနွယ်စုဝင်တွေ အကုန်လုံးနီးပါး ရောက်ရှိလာခဲ့ကြသည်။ သူတို့ရောက်ရှိလာသည်နှင့် မျိုးနွယ်စု ခေါင်းဆောင်ဆီကနေ မယုံကြည်နိုင်စရာ သတင်းတစ်ခု ကြားလိုက်ရပေသည်။
၎င်းက အဘိုးအို သေဆုံးသွားခြင်းပင်။
ဒါက လီမျိုးနွယ်စုဝင်တွေ အားလုံးကို ဖရိုဖရဲ ဖြစ်သွားစေခဲ့၏။
သူတို့ ချင်းဟယ် ခရိုင်မှာ ရာစုနှစ်နဲ့ချီ ရပ်တည်နိုင်ခဲ့တာက ဝိညာဉ်ဓားဂိုဏ်းနဲ့ ပတ်သက်မှု ရှိနေလို့ပင်။
လီမျိုးနွယ်စုက မသေမျိုးကျင့်ကြံသူတွေဟာ ဝိညာဉ်ဓားဂိုဏ်းမှာ အလုပ်လုပ်ပေးခဲ့ကြပြီး သူတို့အားလုံးကို လီမျိုးနွယ်စုကို ကာကွယ်ပေးခဲ့ကြလေသည်။
ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ကိစ္စက သူတို့ မျိုးဆက် သူတို့ရဲ့ ကျောထောက်နောက်ခံ ပြိုလဲသွားတာခြင်း မမျှော်လင့်ထားတဲ့ ကိစ္စပင်။
အခု လီမျိုးနွယ်စုရဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ အားလုံး လီမျိုးနွယ်စု ဘိုးဘေးခန်းမဆောင်မှာ စုဝေးနေခဲ့ကြသည်။
အားလုံးရဲ့ မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြပြီး လူငယ်တွေရဲ့ မျက်လုံးတွေထဲမှာတော့ ထိတ်လန့်မှုတို့ ပြည့်နှက်နေခဲ့ကြပြီး လီဟယ်ရှန်းအား ကြည့်လိုက်ကြလေသည်။
လီဟယ်ရှန်းရဲ့ မျက်နှာကလည်း အတော်လေး ပိန်လှီနွမ်းနယ်နေခဲ့ပေသည်။ ရှိနေတဲ့ လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး သူ့စိတ်ခံစားချက်တွေက အလွန် ရှုပ်ထွေးနေခဲ့သည်။ ထို့နောက် သူဟာ လေးနက်သော အသံဖြင့် ပြောလိုက်၏။ "လီမျိုးနွယ်စုက ချင်းဟယ် ခရိုင်မှာ ဆက်နေလို့ မဖြစ်တော့ဘူး... ချင်းဟယ် ခရိုင်မှာ မင်းတို့ ကိုယ်ပိုင် စီးပွားရေးတွေ ရှိကြတယ် ဆိုတာ ငါ သိတယ် ဒါပေမဲ့ အခု ဆုံးဖြတ်ချက် ချရတော့မယ်"
"ပိုက်ဆံလိုချင်ရင် ချင်းဟယ် ခရိုင်မှာ ဆက်နေပြီး တစ်ယောက်ယောက် မင်းတို့အသက် လာယူမယ့် အချိန်ကို စောင့်နေလိုက်... အသက်ရှင်ချင်ရင် ပစ္စည်းသိမ်းပြီး ချင်းဟယ် ခရိုင်ကနေ ချက်ချင်း ထွက်သွားကြ... လီမျိုးနွယ်စုရဲ့ နောက်ခံနဲ့ ဆိုရင် ချင်းဟယ် ခရိုင်ကနေ ထွက်သွားရင်တောင် ငါတို့ ပြန်လာနိုင်မယ့် အခွင့်အရေး ရှိသေးတယ်"
"တခြား နေရာတွေမှာလည်း လီမျိုးနွယ်စုရဲ့ စီးပွားရေးတွေ အစီအစဉ်တွေ ရှိတယ်"
"အတိုချုပ်ပြောရရင်... အကယ်၍ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်တဲ့ ငါနဲ့အတူ လိုက်ချင်ရင် ပြန်ပြီး ပစ္စည်းသိမ်းကြ... ပြီးရင် ငါတို့ ညဘက်ကျရင် ထွက်ခွာကြမယ်"
"အကယ်၍ မလိုက်ချင်ရင်လည်း ငါ မတားပါဘူး... ဒါက မင်းတို့ ရွေးချယ်မှုပါပဲ"
လီမျိုးနွယ်စုဝင်တွေ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရင်ထဲမှာ တော်တော်လေး ဗျာများနေခဲ့ကြပေသည်။
ချင်းဟယ် ခရိုင်မှာ သူတို့က သူဌေးသူကြွယ်တွေလို့ သတ်မှတ်ခံထားရပြီး အပြင်ထွက်ရင် လူတော်တော်များများက သူတို့အား လေးလေးစားစား ဆက်ဆံကြလေသည်
ချင်းဟယ် ခရိုင်ကနေ ထွက်ခွာသွားပါက ဒီလို ဆက်ဆံမှုမျိုး ရနိုင်အုံးမည်လား....
ဒါပေမဲ့... မျိုးနွယ်စု ခေါင်းဆောင် ပြောသလိုပင်။ အကယ်၍ ချင်းဟယ် ခရိုင်မှာ ဆက်နေရင် သူတို့ သေချာပေါက် သေရမည်ပင်။
အဘိုးအိုကို သတ်ခဲ့တဲ့ လူသတ်သမားက မလှုပ်ရှားရင်တောင် လီမျိုးနွယ်စုရဲ့ တခြား ရန်သူတွေက ဒီသတင်း ကြားတာနဲ့ လီမျိုးနွယ်စုကို သေချာပေါက် ဒုက္ခပေးကြပေမည်။
လီမျိုးနွယ်စုမှာ ပိုင်ဆိုင်မှုတွေ အများကြီး ရှိရာ အခြားလူတွေက အဲဒါတွေကို မျက်စိကျနေကြလေသည်။
"အစ်ကိုကြီး... အစ်ကိုကြီး ပြောသလိုပဲ လုပ်ကြတာပေါ့" လီဟယ်ရှန်းရဲ့ ညီတစ်ယောက်က ထောက်ခံလိုက်၏။ "အဆိုးဆုံး အခြေအနေ ဆိုရင်တောင် တခြားနေရာ သွားပြီး ပြန်စလို့ ရတာပဲ... အသက်ရှင်နေသရွေ့ ဘာမဆို ဖြစ်နိုင်ပါတယ်"
တခြားလူတွေလည်း ဝင်ထောက်ခံကြလေသည်။
လီဟယ်ရှန်း ဒါကို အလွန် ကျေနပ်သွားခဲ့သည်။ ကြည့်ရတာ လီမျိုးနွယ်စု ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဒီလို အရေးကြီးတဲ့ အချိန်မှာ သူ့သြဇာအာဏာ သက်ရောက်နေတုန်းပင်။
သူ စကားတစ်ခွန်း ပြောဖို့ ပြင်လိုက်ချိန်မှာပဲ ရုတ်တရက် နားကွဲမတတ် မိုးကြိုးသံတွေညာ လီမျိုးနွယ်စုရဲ့ ကောင်းကင်ထက်မှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ထို့ကြောင့် သူဟာ လန့်ဖျပ်သွားခဲ့လေသည်။
"ဟူး..."
'ကြည့်ရတာ ဒီနေ့ ဖြစ်ပျက်နေတာတွေ များလွန်းလို့ ငါ နည်းနည်း စိတ်ခြောက်ခြားနေပြီ ထင်တယ်'
အတွေးတစ်ခု လီဟယ်ရှန်း ခေါင်းထဲ ဖြတ်သန်းသွားပေမယ့် ဒီမိုးကြိုးသံကို သိပ်အလေးမထားလိုက်ပေ။
မိုးကြိုးပစ်တာက ပုံမှန်ပင်။
သို့သော် နောက်တစ်ခဏ၌ ကြောက်မက်ဖွယ် ကောင်းတဲ့ လျှပ်စီးကြောင်းကြီး တစ်ခု ကောင်းကင်ပေါ်ကနေ ကျဆင်းလာခဲ့လေသည်။ မျက်စိကျိန်းလောက်အောင် လင်းလက်သွားတဲ့ လျှပ်စီးကြောင့် လီအိမ်တော်က အစေခံတွေဟာ မျက်လုံး အမြန် မှိတ်လိုက်ကြရသည်။ ဂြုန်းဂြုန်းဒိုင်းဒိုင်း မြည်ဟီးသွားတဲ့ မိုးကြိုးသံကြောင့် နားစည်တွေ တုန်ခါသွားခဲ့ပြီး နာကျင်သလိုတောင် ခံစားလိုက်ရပေသည်။
ဒီအစေခံတွေ ကြောက်လန့်တကြား မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ သူတို့ တသက်လုံး မေ့မရနိုင်မယ့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။
သူတို့ မြင်လိုက်ရတာက.......
လီမျိုးနွယ်စု ဘိုးဘေးခန်းမဆောင်၏ ခေါင်မိုး အပျက်အစီးတွေဟာ မြေကြီးပေါ် ပြုတ်ကျနေခဲ့ပြီး အဲဒီအပေါ်မှာ သိသာထင်ရှားတဲ့ မီးလောင်ရာ တစ်ခု ရှိနေခဲ့သည်။ ကောင်းကင်ပေါ်က ကျလာတဲ့ မိုးကြိုးက ခေါင်မိုးကို ထိုးဖောက်သွားခြင်း ဖြစ်၏။
သူတို့ တုန်လှုပ်မှုကနေ ပြန်မသက်သာခင်မှာပဲ နောက်ထပ် လျှပ်စီးကြောင်း တစ်ခု ထပ်ကျလာခဲ့ပြန်လေသည်။
ဒီတစ်ခါတော့ အစေခံတွေဟာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေသည်။
တဖျပ်ဖျပ် လက်နေတဲ့ လျှပ်စီးကြောင်းတွေက ဘိုးဘေးခန်းမဆောင်ကို ပစ်ချလိုက်တာဖြစ်ပြီး ၎င်းက ဘုရားသခင်ရဲ့ အပြစ်ပေးမှု ကျရောက်လာသလိုပင်။
အစေခံတွေဟာ ကြောက်လန့်တကြား တုန်ရီနေခဲ့ကြလေသည်။
ဒုတိယ လျှပ်စီးကြောင်း ပျောက်ကွယ်သွားတဲ့အခါ (၁၀) စက္ကန့်ကျော်လောက် စောင့်ကြည့်ပြီး မိုးကြိုးထပ်မပစ်တော့မှန်း သိလိုက်ရလေသည်။ အဲဒီတော့မှသာဘ အစေခံတွေဟာ သတ္တိမွေးပြီး ဖြည်းဖြည်းချင်း တိုးကပ်သွားခဲ့ကြသည်။
"ရှူး.."
လီမျိုးနွယ်စု အစေခံ တစ်ယောက်ဟာ ဘိုးဘေးခန်းမဆောင် တံခါးကြားကနေ အထဲက မြင်ကွင်းကို ချောင်းကြည့်လိုက်ပြီး လန့်ကာ မြေကြီးပေါ် ဖင်ထိုင်ကျသွားခဲ့သည်။ "သေ... သေကုန်ပြီ... အကုန်... အကုန် သေကုန်ပြီ... လူကြီးတွေ၊ လူငယ်တွေ၊ အကုန်လုံး သေကုန်ပြီ.."
သူ့စကားက ရေကန်ထဲ ကျောက်ခဲ ပစ်ချလိုက်သလိုပင်။
အစေခံတွေ၊ အိမ်တော်ထိန်းတွေ၊ အပျိုတော်တွေ၊ အစောင့်တွေ အကုန်လုံး အံ့သြတုန်လှုပ်စွာ မျက်လုံး ပြူးကျယ်သွားခဲ့ကြလေသည်။
'သေကုန်ပြီ....'
"ဒါက..."
အိမ်တော်ထိန်း တစ်ယောက်ဟာ စည်းမျဉ်းတွေကို ဂရုမစိုက်နိုင်တော့ဘဲ ကြောက်လန့်နေတဲ့ အစေခံကို ကျော်ပြီး ဝင်သွားလိုက်ပေသည်။ သူ ဘိုးဘေးခန်းမဆောင် တံခါးကို ဖွင့်လိုက်ရာ အတွင်းမှာ မီးကျွမ်းနေတဲ့ အလောင်းတွေကို တွေ့လိုက်ရပြီး အသားလောင်ကျွမ်းတဲ့အနံ့တွေတောင် ရနေခဲ့သည်။
"မဟုတ်ဘူး... အကုန်လုံး မသေကြသေးဘူး... အသက်ရှင်တဲ့ လူတွေ ရှိသေးတယ်... မြန်မြန် သွားပြီး ဆရာဝန် သွားခေါ်ချေ"
မီးကျွမ်းနေတဲ့ လူခန္ဓာကိုယ် တစ်ခု လှုပ်ရှားနေတာကို သူ သတိထားမိလိုက်ပြီး အမြန် အော်ပြောလိုက်၏။
လီအိမ်တော် တစ်ခုလုံးဟာ ချက်ချင်း ဖရိုဖရဲ ဖြစ်သွားခဲ့လေသည်။
တချို့လူတွေက ဘယ်သူ အသက်ရှင်သေးလဲ စစ်ဆေးဖို့ ဝင်သွားကြပြီး တချို့လူတွေက တွေဝေငေးမောပြီး ထွက်ခွာသွားခဲ့ကြ၏။ တချို့လူတွေကတော့ မိုးပြိုကျသလို ဘာလုပ်ရမှန်း မသိ ဖြစ်နေခဲ့ကြသည်။
နောက်ဆုံးတော့ လီမျိုးနွယ်စု အစေခံတွေ သိလိုက်ရတာက သူတို့ သခင် သေဆုံးသွားပြီ ဆိုတာပင်။
လီမျိုးနွယ်စုရဲ့ အဓိက အဖွဲ့ဝင် (၂၀) ကျော်ထဲမှာ (၉) ယောက်ပဲ အသက်ရှူနေပြီး သူတို့၏ အခြေအနေကလည်း သိပ်မကောင်းလှပေ။ သူတို့ အသက်ရှင်နိုင်မလား ဆိုတာ ကံတရား အပေါ်ပဲ မူတည်နေလေသည်။
...
တစ်ချိန်တည်းမှာပင် ပိုင်ယီကတော့ သူ ဘာမှ မလုပ်ခဲ့သလိုပါပဲ အိမ်ပြန်လမ်းအတိုင်း အေးအေးဆေးဆေး လျှောက်လာနေခဲ့သည်။
တကယ်တော့ ကောင်းကင်ပေါ်က ကျလာတဲ့ မိုးကြိုး (၂) ချက်လုံးက...သူ ဆွဲခေါ်လိုက်ခြင်းပင်။
စောစောက သူ လီမျိုးနွယ်စု အစေခံ တစ်ယောက်ဆီကနေ လီဟယ်ရှန်း ရှိတဲ့ နေရာကို သိရအောင် လှည့်ကွက်တချို့ သုံးခဲ့လေသည်။
ထို့နောက် သူဟာ ကောင်းကင် မိုးကြိုးထိန်းချုပ်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်ပေသည်။
သူ့ရည်ရွယ်ချက်က လီမျိုးနွယ်စု ခေါင်းဆောင်ကို ပြန်လည် တိုက်ခိုက်နိုင်မယ့် အခွင့်အရေး လုံးဝ မပေးဖို့ဖြစ်ပြီး သေစေနိုင်တဲ့ အဆုံးသတ် တိုက်ကွက်ကို တန်းသုံးလိုက်ပေသည်။
ပြိုင်ဘက်က သာမန်လူ ဖြစ်နေရင်တောင် သူ့ခွန်အား အကုန်ထုတ်သုံးတာက မမှားချေ။ ခြင်္သေ့တစ်ကောင်ကဲ့သို့ ကျင့်သုံးရပေမည်။
ဒါပေမဲ့ အခြေအနေက သူ မျှော်လင့်ထားတာထက် နည်းနည်း ကျော်လွန်သွားပြီး မိုးကြိုး (၂) ချက်ရဲ့ စွမ်းအားက သူ ထင်ထားတာထက် နည်းနည်း ပိုပြင်းထန်သွားခဲ့သည်။
"ကြည့်ရတာ အသိုက်တစ်ခုလုံး ရှင်းထုတ်ခံလိုက်ရပြီ ထင်တယ်" လီမျိုးနွယ်စု အတွင်းက ဖရိုဖရဲ အခြေအနေ တချို့ကို သူ ကြားလိုက်ရပြီး ရေရွတ်လိုက်၏။ "သူတို့ အကုန်လုံး တစ်နေရာတည်းမှာ စုနေကြမယ်လို့ ငါ ထင်မထားခဲ့ဘူး... လူဘယ်နှယောက် သေမလဲ မသိပေမဲ့ အကုန်လုံးတော့ အသက်မရှင်နိုင်လောက်ဘူး"
"အကယ်၍ လူနည်းနည်း အသက်ရှင်ကျန်နေရင်တောင် တန်ဖိုးရှိတဲ့ ဆေးလုံးတွေ မစားနိုင်ရင် အမွှေးတိုင် တစ်တိုင်စာလောက်တောင် ခံမှာ မဟုတ်ဘူး"
"မူလက လီဟယ်ရှန်း တစ်ယောက်တည်းကိုပဲ သတ်ချင်ခဲ့တာ... သူတို့ သိပ်ကံဆိုးတယ်လို့ပဲ ပြောရမှာပေါ့"
ချီစုစည်းမှု အဆင့် (၇) ကျင့်ကြံမှုနဲ့ ဆိုရင် ကောင်းကင် မိုးကြိုးထိန်းချုပ်ခြင်း နည်းစနစ်ကို (၂) ကြိမ် သုံးရတာက ပိုင်ယီရဲ့ စွမ်းအင် သိပ်မကုန်ပေ။
မတော်တဆ လီမျိုးနွယ်စုရဲ့ အဓိက အဖွဲ့ဝင် အားလုံးကို တစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်နိုင်တာနဲ့ ပတ်သက်ပြီး ပိုင်ယီဟာ သိပ်ထူးထူးခြားခြား မခံစားရပေ။
လီမျိုးနွယ်စုလို မျိုးနွယ်စုမျိုးရဲ့ အဓိက အဖွဲ့ဝင်တွေ ဆိုတာ မွေးကင်းစ ကလေးတွေကလွဲရင် ဘယ်သူမှ အပြစ်ကင်းစင်ကြတာ မဟုတ်ချေ။
ထို့ကြောင့် သူတို့ အားလုံး သတ်လိုက်ရရင်တောင် ပိုင်ယီမှာ ဘာစိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ ခံစားရမည် မဟုတ်ပေ။ အကယ်၍ သူ့မှာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် မရှိခဲ့ရင် ပြီးတော့ သူသာ ကျင့်ကြံသူ မဖြစ်လာခဲ့ရင်...
ဒါဆိုရင်... သေရမယ့်သူက သူပဲ ဖြစ်မှာ သေချာပေသည်
...