အခန်း ၄၀ : ခင်ဗျားအတွက် အသုဘဝန်ဆောင်မှုတွေ ပေးနေကြပြီ
ညဘက်တွင်....
လီမျိုးနွယ်စုရဲ့ အဘိုးအိုက တခြားအဝတ်အစား တစ်စုံ လဲဝတ်ထားခဲ့ပြီး သူ့မျက်နှာအား ရုပ်ဖျက်ထားခဲ့လေသည်။ ၎င်းက သူ့ရဲ့ မူလရုပ်ရည်နဲ့ အသက်အရွယ်ကို ဘယ်သူမှ မသိစေချင်တာကြောင့်ပင်။
ရည်ရွယ်ချက်ကတော့ သူ့ရဲ့ အဆင့်အတန်းကို ဖုံးကွယ်ဖို့ဖြစ်ပြီး ချန်မျိုးနွယ်စု သခင်ကြီးရဲ့ မွေးနေ့မှာ သူ ဒီလိုကိစ္စမျိုး လုပ်နေတာ မသိစေချင်တာကြောင့်ပင်။
သူ့အမြင်မှာတော့ ချန်မျိုးနွယ်စု သခင်ကြီး ဆိုတာ ကလေးလေး တစ်ယောက်သာ ဖြစ်ပေမဲ့ အဲဒီကောင်မှာ စွမ်းအားကြီးတဲ့ မြေးမလေးရှိနေပေသည်။
လီမျိုးနွယ်စုရဲ့ ဘိုးဘေးက ချန်ချန်ရွှယ်အား လုံးဝ မစော်ကားရဲတာကြောင့် ဒီလောက် ဒုက္ခခံပြီး အလုပ်ရှုပ်နေရခြင်း ဖြစ်လေသည်။
သူ့ပုံသဏ္ဌာန်က ညဘက်မှာ သွားလာနေတဲ့ သရဲတစ္ဆေ တစ်ကောင်လိုပင်။
မျက်စိတစ်မှိတ်အတွင်း သူဟာ ပျံသန်းထွက်ခွာလိုက်ပြီး သူ့အမြန်နှုန်းက သိပ်မြန်လွန်းလို့ လူတွေ သေချာ မမြင်နိုင်လောက်ပေ။
ချီစုစည်းမှု အဆင့် (၉) ကျင့်ကြံမှုက မပျံသန်းနိုင်ကျပေမဲ့ လေထဲမှာ အချိန်တိုတိုလေး ပျံဝဲဖို့တော့ တက်နိုင်လေသည်။
မကြာခင်မှာပဲ သူဟာ လိုရာခရီးကို ရောက်ရှိသွားခဲ့သည်။
ထို့နောက် အိမ်ခေါင်မိုးစွန်း တစ်ခုပေါ်မှာ ရပ်ပြီး သူ့ရှေ့က အိမ်ကို ငုံ့ကြည့်လိုက်၏။
"ဟမ်"
သူဟာ အိမ်ထဲမှာ ကိုယ်ရောင်ကိုယ်ဝါ တစ်ခုမက ရှိနေပုံရတာ ရုတ်တရက် သတိပြုမိလိုက်လေသည်။
'တခြားလူတွေ ရှိနေတယ်...'
'ဟွန်း... လီမျိုးနွယ်စုက ကောင်တွေ အကုန်လုံး အသုံးမကျတဲ့ ကောင်တွေ ဖြစ်ကုန်ပြီလား.. ပိုင်ယီ ဆိုတဲ့ လေလွင့်ကျင့်ကြံသူက တစ်ကိုယ်တော်သမား ဖြစ်ပြီး ဘာအဖော်မှ မရှိဘူးလို့ ပြောထားကြတယ် မဟုတ်လား'
လီမျိုးနွယ်စုရဲ့ အဘိုးအိုက သူ့စိတ်ထဲမှာ သူ့သားသမီး မြေးမြစ်တွေကို မဆဲဘဲ မနေနိုင်တော့ပေ။ သူ မျှော်လင့်ထားသလို ဖြစ်မလာဘူးလို့ ခံစားနေရပေသည်။
အကယ်၍ လီမျိုးနွယ်စုကို ဒီလို အသုံးမကျတဲ့ ကောင်တွေ ဆက်ပြီး ထိန်းချုပ်နေမယ် ဆိုရင် မကြာခင်မှာပဲ လီမျိုးနွယ်စုက သူတို့လက်ထဲမှာ လုံးဝ ပျက်စီးသွားလိမ့်မယ်လို့ သူ ခံစားမိလေသည်။
ဒါပေမဲ့... သူဟာ လုံးဝ စိတ်မပူပေ။
အဘယ်ကြောင့်ဆိုသော် အဲဒီ ကိုယ်ရောင်ကိုယ်ဝါ အနည်းငယ်ထဲမှာ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှု ရှိတဲ့ တစ်ခုကလွဲရင် ကျန်တဲ့ဟာတွေဆီမှာ ဘာဝိညာဉ်စွမ်းအင် လှုပ်ရှားမှုမှ သူ အာရုံမခံနိုင်တာကြောင့်ပင်။
ဆိုလိုတာက ဝိညာဉ်စွမ်းအင် လှုပ်ရှားမှု ရှိတဲ့သူက ပိုင်ယီ ဖြစ်ပြီး မရှိတဲ့သူတွေက သာမန်လူ (၃) ယောက် ဖြစ်ပေမည်။
ပိုင်ယီက တကယ်ပဲ ချီစုစည်းမှု အဆင့် (၅) ဟုတ်မဟုတ်ကတော့ လီမျိုးနွယ်စု အဘိုးအို မသေချာချေ။
ဒါပေမဲ့ ပိုင်ယီက သူ့ထက် အားနည်းတယ် ဆိုတာတော့ သူ သေချာပေါက် သိလေသည်။
ဘာပဲဖြစ်ဖြစ် သူက တစ်ဖက်လူရဲ့ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုကို အာရုံခံနိုင်လေရာ ဒါက သူတို့နှစ်ယောက် ကြားက ကွာခြားချက်ကို ရှင်းပြနေခြင်းပင်။
"အမြန် ရှင်းလိုက်မယ်" လီမျိုးနွယ်စု အဘိုးအိုဟာ သူတော်စင်မဟာ ချင်းဟယ် ခရိုင်မှာ ရှိနေသေးတယ် ဆိုတာ သိတာကြောင့် ပိုင်ယီနဲ့ အချိန်မဖြုန်းချင်တော့ပေ။ ထို့ကြောင့် သူရဲ့ လက်ချောင်းတွေကို ဖျစ်ညှစ်လိုက်ရာ ဝိညာဉ်စွမ်းအင်တွေ လှိုင်းထလာခဲ့သည်။
ထို့နောက် ဓားပျံတစ်ချောင်းဟာ ဓားအိမ်ထဲကနေ အလိုအလျောက် ပျံထွက်လာခဲ့ပြီး တည်ငြိမ်စွာ လေပေါ်မှာ ဝဲပျံနေခဲ့လေသည်။
ဓားပျံပေါ်မှာ ဝိညာဉ်စွမ်းအင် ဖျော့ဖျော့လေး လည်ပတ်နေပြီး ကြည့်လိုက်ရုံနဲ့တင် ကြက်သီးထစေလောက်သည့် သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေခဲ့ပေသည်။
"သွားစမ်း" ဓားပျံဖြင့် ခြံဝင်းထဲက ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုဆီကို အမြန် ချိန်ရွယ်လိုက်ပြီ ချက်ချင်း လေထုကို ခွဲပြီး ပျံသန်းသွားခဲ့သည်။
ဒီဓားက... သေချာပေါက် သေစေနိုင်တဲ့ တိုက်ကွက်ပင်။
ဒီအချက်ကို လီမျိုးနွယ်စု အဘိုးအို အပြည့်အဝ ယုံကြည်မှု ရှိနေပေသည်။ သူ့ထက် အားနည်းတဲ့ မသေမျိုးကျင့်ကြံသူ တစ်ယောက်က သူ သေချာပြင်ဆင်ထားတဲ့ တိတ်တဆိတ် တိုက်ခိုက်လိုက်တဲ့ ဒီဓားချက်ကို ကာကွယ်နိုင်လိမ့်မယ်လို့ သူ မထင်ပေ။
ဓားပျံဟာ ခေါင်မိုးကြွပ်တွေကို ထိုးဖောက်တော့မယ့် ဆဲဆဲ...
နောက်တစ်ခဏတွင်...
ကျယ်လောင်တဲ့ ဒင် ဆိုတဲ့ အသံ ထွက်ပေါ်လာခဲ့ပြီး လီမျိုးနွယ်စု အဘိုးအိုအား မျက်လုံး ပြူးကျယ်သွားစေခဲ့လေသည်။ ပိတ်ဆို့ ဟန့်တားခံလိုက်ရတဲ့ သူ့ဓားပျံအား မယုံကြည်နိုင်စွာ ကြည့်လိုက်ပေသည်။
ရင်းနှီးမနေတဲ့ ဓားပျံတစ်ချောင်းဟာ ခြံဝင်းထဲကနေ ပျံတက်လာခဲ့ပြီး သူ့ဓားပျံအား အတင်းအဓမ္မ ပိတ်ဆို့လိုက်တာကို သူဟာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
ထို့နောက် ဓားပျံ နှစ်ချောင်းဟာ ထိပ်တိုက် တွေ့ပြီးနောက် ပြန်ကန်ထွက်သွားခဲ့ကြသည်။
လီမျိုးနွယ်စု အဘိုးအိုဟာ သူ့ဓားကို အမြန် ထိန်းချုပ်ပြီး တည်ငြိမ်အောင် လုပ်လိုက်ပေမယ့် သူ့ဓားပျံရဲ့ ကိုယ်ထည်ပေါ်မှာ သိသာထင်ရှားတဲ့ အက်ရာကြီး တစ်ခု ဖြစ်သွားတာ တွေ့လိုက်ရလို့ တုန်လှုပ်သွားခဲ့လေသည်။
ဒါ့အပြင် အက်ရာသေးသေးလေးတွေ အများကြီး ပေါ်လာခဲ့ပေသည်။
"အဲ...အဲ့ဒါက... ဝိညာဉ်လက်နက်..."
လီမျိုးနွယ်စု အဘိုးအို လေအေးတစ်ချက် ရှူရှိုက်လိုက်မိ၏။ ဝိညာဉ်လက်နက် မဟုတ်ပါက တခြား ဘယ်အရာက သူ့ဓားပျံကို ချက်ချင်း ပျက်စီးသွားအောင် လုပ်နိုင်မည်နည်း။
ဒါ့အပြင်... တစ်ဖက်လူက သူ့ကို ဘယ်လို ရှာတွေ့သွားခဲ့သည်နည်း။
သူဟာ သေချာပေါက် ကောင်းကောင်း ဖုံးကွယ်ထားခဲ့သလို ဒါက ရှင်းရှင်းလင်းလင်း တိတ်တဆိတ် တိုက်ခိုက်လိုက်ခြင်းပင်။
"သောက်ကျိုးနည်း အဲဒီ အသုံးမကျတဲ့ ကောင်တွေ ပေးတဲ့ သတင်းအချက်အလက်တွေ အကုန် မှားနေတာပဲ" သူဟာ အခြေအနေ မကောင်းမှန်း ချက်ချင်း ခံစားလိုက်ရပြီး အခြေအနေက သူ မျှော်လင့်ထားတာထက် ကျော်လွန်သွားပေပြီ။ ပိုင်ယီအား သတ်ဖြတ်နိုင်မယ့် ယုံကြည်ချက် အပြည့်အဝတောင် မရှိတော့ပေ။
'မဖြစ်ဘူး သူ ဆုတ်ခွာမှ ဖြစ်မယ်..'
ဝိညာဉ်လက်နက် ပိုင်ဆိုင်ထားတဲ့ လေလွင့်ကျင့်ကြံသူ တစ်ယောက် ပြီးတော့ တစ်ဖက်လူက ချီစုစည်းမှု အဆင့် (၅) ဖြစ်ဖို့ လုံးဝ မဖြစ်နိုင်ပေ။ ဖြစ်နိုင်တာက တစ်ဖက်လူက သူ့ထက် နည်းနည်းလေးပဲ အားနည်းတာ ဖြစ်လောက်ပေသည်။
ဒီလို အခြေအနေမျိုးမှာ... တစ်ဖက်လူကို သတ်နိုင်ဖို့ ၁၀၀% အာမ မခံရဲတော့သလို သူဟာ ၁၀၀% ယုံကြည်ချက် မရှိဘဲ ဘယ်တော့မှ မလှုပ်ရှားချေ။
ဒါက မသေမျိုးကျင့်ကြံသူ တစ်ယောက် အနေနဲ့ သူ့ရဲ့ မူဝါဒဖြစ်ပြီး ဒီအချက်ကြောင့်ပဲ သူဟာ ဒီနေ့အထိ အသက်ရှင်နိုင်ခဲ့တာပင်။
ဒါပေမဲ့ သူ လှည့်ထွက်ပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်ပေမဲ့ စွမ်းအားကြီးတဲ့ အရှိန်ဝါ (၃) ခုကို တွေ့ရှိလိုက်ရလို့ သူဟာ တုန်လှုပ်သွားခဲ့ရလေသည်။ သူ့အား စိတ်ပျက်အားငယ်သွားစေတဲ့ အရှိန်ဝါတွေက သူ့ကို တပြိုင်နက်တည်း ချိန်ရွယ်ထားလိုက်တာကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေက ရပ်တန့်သွားခဲ့ပြီး သူ့နဖူးပေါ်ကနေ ချွေးစေးတွေ အဆက်မပြတ် စီးကျလာခဲ့သည်။
'အခြေတည်အဆင့်...
သေချာပေါက် အခြေတည်အဆင့်ပဲ.....'
'အခြေတည်အဆင့် (၃) ယောက်... ချီစုစည်းမှု အဆင့် (၁) ယောက်'
ခြံဝင်းထဲမှာ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှု မရှိလို့ သူ အာရုံမခံနိုင်ခဲ့တဲ့ လူ (၃) ယောက်က တကယ်တော့ သာမန်လူတွေ မဟုတ်ကြချေ။ သူတို့က သူ့ထက် ပိုသန်မာတာကြောင့် သူတို့အား အာရုံမခံနိုင်ခဲ့တာ ဖြစ်ပေသည်။
"ရှူး.."
လီမျိုးနွယ်စု အဘိုးအိုဟာ ယခုအချိန်၌ ခေါင်းနားပန်းကြီးသွားသလို ခံစားလိုက်ရပြီး ကျောရိုးထဲကနေ ဦးခေါင်းအထိ အေးစိမ့်သွားခဲ့လေသည်။
သူဟာ တံတွေးအား ခက်ခဲစွာ မျိုချလိုက်ရ၏။
"ဒါ ဝိညာဉ်ဓားဂိုဏ်းရဲ့ ဓားထိန်းချုပ်ခြင်း နည်းစနစ်မဟုတ်လား"
ခြံဝင်းထဲမှာ ကျင်းရှင်း နန်းတော်က ကျင့်ကြံသူ တစ်ယောက်ဟာ ဝိညာဉ်ဝိုင်ခွက်ကို ကိုင်ထားရင်း အနည်းငယ် မူးနေတဲ့ ပုံစံနဲ့ အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။
သူ့မျက်လုံးတွေက နံရံကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ အဝေးက အိမ်ခေါင်မိုးစွန်းပေါ်မှာ မလှုပ်ရဲဘဲ ရပ်နေတဲ့ လီမျိုးနွယ်စု အဘိုးအိုကို လှမ်းမြင်နေရပေသည်။
ထို့နောက် သူဟာ နားမလည်စွာ မေးလိုက်သည်။ "ညီကိုပိုင်... ခင်ဗျား ဘာလို့ ဝိညာဉ်ဓားဂိုဏ်းက လူတွေကို စော်ကားမိတာလဲ"
ဟုတ်ပေသည်။
ဒီ အခြေတည်အဆင့် ကျင့်ကြံသူ (၃) ယောက်က ချင်းဟယ် ခရိုင်ကို ချင်းကျောက်အား လိုက်ရှာဖို့ ရောက်လာတဲ့ ကံဆိုးတဲ့ ကောင် (၃) ကောင်ပင်။
မူလက သူတို့ ချင်းကျောက်ကို ရှာတွေ့မယ်လို့ ယုံကြည်ချက် အပြည့် ရှိခဲ့ကြပြီး နောက်ဆုံးတော့ သူမရဲ့ ဆံပင်တစ်မျှင်တောင် ရှာမတွေ့ခဲ့ကြချေ။ ချင်းကျောက်က ချန်အိမ်တော် နားမှာ အရိပ်အယောင်တောင် မပြခဲ့ပေ။
သူတို့ ရက်အနည်းငယ်လောက် ရှာဖွေခဲ့ပေမယ့် ဘာမှ မတွေ့ခဲ့ရပဲ သူတို့ စိတ်ပျက်လက်ပျက် ဖြစ်နေတုန်း ညနေဘက်မှာ ပိုင်ယီနဲ့ မမျှော်လင့်ဘဲ ပြန်တွေ့ခဲ့ကြခြင်း ဖြစ်လေသည်။
ထို့ကြောင့် နှစ်ဖက်စလုံး စုပြီး ဝိုင်သောက်ခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် ချင်းဟယ် ခရိုင်မှာ သူတို့ဟာ ပိုင်ယီကိုပဲ သိနေတာကြောင့်ပင်။
ပိုင်ယီဟာ သူ့ရဲ့ ဓားလက်ချောင်းကို ပြန်ရုပ်သိမ်းလိုက်ရာ ပိုင်ဖျင်ဓားဟာ ချက်ချင်း ပြန်ရောက်လာပြီး ဓားအိမ်ထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် သူ ပြောလိုက်၏။ "လီမျိုးနွယ်စု ဖြစ်လောက်တယ်"
ဒီကမ္ဘာမှာ သူ စော်ကားမိထားတာ ဆိုလို့ ချင်းဟယ် ခရိုင်က လီမျိုးနွယ်စုပဲ ရှိပေသည်။
ထို့ကြောင့် တိတ်တဆိတ် တိုက်ခိုက်သူရဲ့ အဆင့်အတန်းကို သူ တစ်ခါတည်းနဲ့ ခန့်မှန်းလို့ ရပေသည်။
သို့ပေမဲ့ လီမျိုးနွယ်စုမှာ ဝိညာဉ်ဓားဂိုဏ်းနဲ့ ပတ်သက်ဆက်နွယ်မှု တချို့ ရှိနေလိမ့်မယ်လို့ သူ ထင်မထားခဲ့တာကြောင့် သူ့မျက်နှာက နည်းနည်း ထူးဆန်းနေခဲ့သည်။
"လီမျိုးနွယ်စု.."
ကျင်းရှင်း နန်းတော်က မသေမျိုးကျင့်ကြံသူတွေ အံ့သြသွားခဲ့ကြသည်။
ပိုင်ယီက ဘာဖြစ်ခဲ့လဲ ဆိုတာ အကျဉ်းချုံး ပြောပြလိုက်ပြီး မပြောသင့်တာ တချို့ကိုတော့ ချန်လှပ်ထားခဲ့သည်။ ဒါက သူတို့အား ရုတ်တရက် နားလည်သွားစေခဲ့သည်။
တစ်ယောက်က နှုတ်ခမ်းမဲ့ပြီး မထီမဲ့မြင် ပြောလိုက်၏။ "ဝိညာဉ်ဓားဂိုဏ်းက ဝိညာဉ်ဓားဂိုဏ်းပါပဲ... ဒီကောင်တွေက ငါတို့ ဖြောင့်မတ်တဲ့ ဂိုဏ်းတွေရဲ့ အရှက်ရစရာတွေပဲ"
နောက်တစ်ယောက်ရဲ့ မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်တွေ တောက်ပလာခဲ့သည်။ "ဒီကောင်က... ခုနက ငါတို့ (၃) ယောက်ကိုပါ သတ်ချင်နေတာ... သေရမှာ မကြောက်ဘူးပဲ"
နောက်ဆုံးလူက တင်းမာစွာ ပြောလိုက်၏။ "သူ့ကို သတ်လိုက်ရင် ကျင်းရှင်း နန်းတော် အတွက် ပြဿနာ ဖြစ်လာမလား"
သူတို့ (၃) ယောက်စလုံးဟာ သတ်ဖြတ်လိုစိတ်တွေ ထုတ်ဖော်နေခဲ့ကြလေသည်။
သိသာတာက လီမျိုးနွယ်စု အဘိုးအိုဟာ သူတို့အား စော်ကားမိလိုက်ပေပြီ။
မသေမျိုးကျင့်ကြံသူတွေ ဆိုတာ ဘယ်တုန်းကမှ လူကောင်းတွေ မဟုတ်ကြပေ။ သူတို့က ပုံမှန်ဆို စကားပြောတာ၊ ပြုမူတာတွေကို ထိန်းချုပ်ထားတတ်ကြပေမယ့် တစ်ယောက်ယောက်က စတင် လှုပ်ရှားလာပြီ ဆိုရင် ဘာမှထိန်းချုပ်နေမည် မဟုတ်ပေ။
ဒါပေမဲ့ တစ်ဖက်လူရဲ့ အဆင့်အတန်းက နည်းနည်း ထိရှလွယ်ပြီး ဝိညာဉ်ဓားဂိုဏ်းရဲ့ ဓားထိန်းချုပ်ခြင်း နည်းစနစ်ကို တတ်မြောက်ထားလေသည်။
ထို့အပြင် ဝိညာဉ်ဓားဂိုဏ်းက ကျင့်ကြံသူကို သတ်ဖြတ်တာက တော်တော် ပြဿနာများပေသည်။
"စီနီယာတို့... သူက ကျွန်တော့်ကြောင့် ရောက်လာတာ.. ဒါကြောင့် သူ့ခေါင်းကို ကျွန်တော်ပဲ ယူလိုက်ပါမယ်" ပိုင်ယီရဲ့ လေသံက အလွန် တည်ငြိမ်နေတာကြောင့် သူတို့ဟာ သူအား ကြည့်လိုက်ကြလေသည်။
"ညီအကိုပိုင်... ခင်ဗျား ဝိညာဉ်ဓားဂိုဏ်းရဲ့ လက်စားချေတာကို မကြောက်ဘူးလား" တစ်ယောက်က အံ့သြစွာ မေးလိုက်၏။
"ဘာကြောက်စရာ ရှိလို့လဲ" ပိုင်ယီ ပြုံးပြီး ပြောလိုက်သည်။ "သူက ငါ့ကို လာသတ်တာလေ... သူ့အဆင့်အတန်းကြောင့် ငါက သူ့ကို လွှတ်ပေးလိုက်ရမှာလား... ဒါဆို ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံသူလို့ ဘယ်လို ခေါ်နိုင်တော့မလဲ... အိမ်ပြန်ပြီး ဝက်ပဲ မွေးလိုက်ကြပါတော့"
"ကောင်းပြီ" တစ်ယောက်က စားပွဲကို ရိုက်ပြီး ပြောလိုက်၏။ "ခင်ဗျားရဲ့ စိတ်ဓာတ်ကြောင့် ခင်ဗျားကို ကျွန်တော် မိတ်ဆွေဖွဲ့လိုက်ပြီ"
ထို့နောက် အဲဒီလူက လေးလေးနက်နက် ပြောလိုက်သည်။ "ညီအကို... လွတ်လွတ်လပ်လပ်သာ လှုပ်ရှားလိုက်ပါ... အလောင်းဖျောက်ဖို့ သုံးတဲ့ ဆေးမှုန့် ပုလင်းကို ကျွန်တော် ဒီမှာ ကျကျန်ထားခဲ့နိုင်တယ်....."
နောက်တစ်ယောက်က ပြောလိုက်ပြန်၏။ "ငါ့ဆီမှာ ဝိညာဉ်ကို သတ်ဖြတ်နိုင်တဲ့ ဝိညာဉ်အဆောင် တစ်ခု ရှိတယ်....ဒါပေမဲ့ ဘယ်နားရောက်နေလဲ မသိဘူး ဒီမှာများ ကျကျန်နေခဲ့သလားပဲဟ.."
နောက်ဆုံးလူက ချောင်းဟန့်လိုက်၏။ "အဟမ်း.. ငါ့ဆီမှာ ကိုယ်ရောင်ကိုယ်ဝါ အစအနတွေကို ဖျောက်ဖျက်ပေးနိုင်တဲ့ ကျိန်စာတစ်ခု ရှိတယ်.. ညီအကို... ခင်ဗျား..."
"စီနီယာ အစ်ကို... သိပ်သိသာအောင် မလုပ်ပါနဲ့"
"အဟွတ်... ငါ မူးနေပြီ... ငါ မူးနေပြီ"
ပိုင်ယီ စကားမပြောနိုင်တော့ပေ။
'ဘာကြီးလဲဟ.. အသုဘ ဝန်ဆောင်မှုအတွက်များ စီစဥ်ပေးနေကြတာလား....'
မသိတဲ့လူတွေဆိုပါက သူတို့ (၃) ယောက်ဟာ ဝိညာဉ်ဓားဂိုဏ်းနဲ့ ကြီးမားတဲ့ အငြိုးအတေး ရှိနေတယ်လို့ ထင်သွားကြမည်ပင်။
...