အခန်း ၄ : သူတော်စင်မ၏ ကံဆိုးမှု
"ဟူး...သူမက ငါ့ထက် အကြာကြီး အသက်ရှင်နေနိုင်တာပဲ... ကြည့်ရတာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်ဖို့ သူမကို ဖိတ်ခေါ်လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ"
ပိုင်ယီဟာ ဤအရာအားလုံးကို ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ချန်ချန်ရွှယ်ဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် (၅) နှစ်တိုင်တိုင် နေထိုင်ခဲ့ပြီးပြီ ဖြစ်၏။
သို့သော် လက်တွေ့တွင်မူ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားသလိုပင်။
ချန်ချန်ရွှယ်၏ အတွေ့အကြုံက အနည်းငယ် ရှက်စရာကောင်းသလို လမ်းတစ်ဝက်တွင် သေလုနီးပါး ဖြစ်ခဲ့ရသည်။
ကံကောင်းစွာဖြင့် သူမဟာ အသက်ရှင် နေနိုင်ခဲ့၏။
သူမဟာ (၅) နှစ်ကျော်ကြာ အသက်ရှင်ခဲ့ပြီးပေပြီ။
ဒါက သူ့ထက် ပိုကောင်းနေပြီပင်။
ပိုင်ယီဟာ သရုပ်ဖော် စနစ်ထဲမှ ချန်ချန်ရွှယ်၏ အတွေ့အကြုံများ၊ သူမ၏ လှုပ်ရှားမှုတိုင်း၊ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်းကို သူ့အမြင်အာရုံမှ မလွတ်စေဘဲ သတိထား ကြည့်မိနေခဲ့သည်။
ပြောရမယ်ဆိုရင် ချန်ချန်ရွှယ်ကလည်း တော်တော် ကံဆိုးရှာပါလေသည်။ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်နေစဉ် အတွင်း... အရင်က သူကြုံတွေ့ခဲ့ရသလို သူမလည်း ကံဆိုးမိုးမှောင်ကျခြင်း နတ်ဘုရားရဲ့ ပူးကပ်မှုကို ခံစားခဲ့ရလေသည်။
ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ကတော့... ချန်ချန်ရွှယ်က သူ့ထက် အန္တရာယ်ကို ရှောင်တိမ်းနိုင်စွမ်း ပိုရှိနေတာပင်။
သူမ ပိုအသက်ရှင်နိုင်တာက သက်သေပင်။
...
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် အတွင်း၌ ..
ချန်ချန်ရွှယ်ဟာ သူမကို စနစ်ထဲ လှည့်စားခေါ်ဆောင်ခဲ့သည့် တရားခံက သူမ၏ အတွေ့အကြုံ အားလုံးကို စောင့်ကြည့်နေပြီး တစ်ကိုယ်တည်း စကားပြောသလိုမျိုး မှတ်ချက်ပေးနေသည်အား မသိရှာပေ။
လက်ရှိအချိန်တွင် သူမဟာ အလွန် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။ သူမ ဝတ်ထားသော အဝတ်အစားများမှာ လျှော်အဝတ်စနှင့် တိရစ္ဆာန် သားရေတို့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။
တခြားနည်းလမ်းမှ မရှိပေ။ ဘာပဲဖြစ်ဖြစ် သူမက ဆင်းရဲလေသည်။
သူမ၏ ယခင်ဘဝတွင် သူမဟာ ဇိမ်ကျကျ နေထိုင်ခဲ့ရသူ ဖြစ်သည်။
သို့သော် ယခုဘဝမှာတော့ သူမ၏ နေထိုင်မှုဘဝအတွက် တောင်ပေါ်တက်ပြီး သားရဲတိရစ္ဆာန်များကို အမဲလိုက်နေခဲ့ရသည်။
(၅) နှစ်သမီး အရွယ်လေးက အမဲလိုက်တယ် ဆိုတာ ရယ်စရာကောင်းနေပေသည်။
သို့သော် ဤကာလအတွင်း ချန်ချန်ရွှယ်ဟာ သားရဲကောင် အများအပြားကို အမဲလိုက်နိုင်ခဲ့၏။ ထို့ကြောင့် ရွာထဲတွင် မည်သူကမျှ သူမအား သာမန် ကလေးတစ်ယောက်ကဲ့သို့ မဆက်ဆံကြတော့ပေ။
အမဲလိုက်ရာတွင် အနှောင့်အယှက် မဖြစ်စေရန်အတွက် ချန်ချန်ရွှယ်ဟာ ဆံပင်ကိုပင် တိုတိုညှပ်ထားခဲ့သည်။ သူမပုံစံက အလွန် စုတ်ပြတ်သတ်နေပေသည်။
ပြောရမည်ဆိုပါက သူမဟာ ယောက်ျားလျာလေး တစ်ယောက်လို ဖြစ်နေခဲ့လေသည်။
[အမည် - ချန်ချန်ရွှယ်]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - ၆]
[စိတ်စွမ်းအား - ၃]
[မိသားစု နောက်ခံ - ၀]
[ကံတရား - ၃]
[ဂုဏ်သတင်း - ၂]
[ပါရမီ - ဉာဏ်အလင်းပွင့်သော ဆရာသခင်၏ လက်ဆောင်၊ ဘိုးဘေးပိုင် ကျောက်စိမ်းဆွဲပြား၊ ဓား]
"ငါ့မိသားစု နောက်ခံက သုည ဖြစ်သွားပြီ... အဲဒါကြောင့် ငါ အမဲလိုက်ထွက်တိုင်း တောင်ပေါ်မှာ သားရဲကောင်တွေနဲ့ တွေ့နေရတာကိုး... အပြင်ထွက်တိုင်း အန္တရာယ်တွေ ဝိုင်းရံနေရတာကလည်း ဒါကြောင့်ပဲ..."
ချန်ချန်ရွှယ် မှတ်မိတာကတော့ မည်သည့် ဂုဏ်သတ္တိမဆို သုည ဖြစ်သွားပါက သေဆုံးနိုင်ခြေ မြင့်တက်လာမည် ဆိုတာပါပင်။
အကယ်၍သာ သူမက ပန်းပဲဆရာ၏ အသက်ရှူနည်းစနစ်ကို ခိုးသင်ပြီး အတွင်းအားကို မသန့်စင်ထားခဲ့လျှင် ပထမဆုံး အမဲလိုက်ထွက်တုန်းက သားရဲကောင်တွေ လက်ချက်နဲ့ သေဆုံးသွားလောက်ပေပြီ။
နောက်ဆုံးတော့... သူမက ဆရာကြီးလုပ်လွန်းအားကြီးပြီး သူမ၏ မိသားစု နောက်ခံကို သုည ဖြစ်သွားအောင် လုပ်လိုက်မိ၏။
သူမက မောက်မာလွန်းပြီး စနစ်ကို အာခံခဲ့မိသည်။ ဝိညာဉ်ဓားဂိုဏ်း၏ ကျင့်စဉ်ကို ခွင့်ပြုချက်မရဘဲ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့လေသည်။
ရလဒ်ကတော့... တန်ပြန်မှုဒဏ်ခံလိုက်ရခြင်းပင်။
"အမေ... သမီး တောင်ပေါ် သွားလိုက်ဦးမယ်"
ချန်ချန်ရွှယ်ဟာ ကျောပေါ်တွင် ဓားတိုတစ်ချောင်း လွယ်ထားခဲ့သည်။ လူကြီးတစ်ယောက်အတွက် ဆိုလျှင် ဒီဓားတိုက သာမန် ဓားမြှောင် အရှည်စားလောက်သာ ရှိပေမယ့် သူမအတွက်တော့ အလွန် သင့်တော်ပေသည်။
သူမ၏ ယခင်ဘဝက နည်းစနစ်များကို အသုံးပြု၍ မရသော်လည်း သူမ၏ စိတ်ထဲတွင် အခြေခံ ဓားသိုင်းစွမ်းရည်များ ရှိနေပြီး မွေးရာပါ ပါရမီ [ဓား] လည်း ပါလာလေသည်။ ထို့ကြောင့် သူမဟာ ဓားကဲ့သို့ လက်နက်ကို အသုံးပြုရာတွင် အလွန် သက်သောင့်သက်သာ ရှိနေခဲ့သည်။ ၎င်းက ကိုယ့်လက်မောင်း ကိုယ် ဝှေ့ယမ်းနေရသလိုပါပင်။
(၅) နှစ်တာ အတူနေထိုင်ပြီးနောက် သူမဟာ အမေ ဟု ခေါ်ဆိုရာတွင် အခက်အခဲ မရှိတော့ပေ။
သူမ၏ အားနည်းပြီး ဖျားနာနေသည့် မိခင်က အဝတ်ချုပ်နေခဲ့ပြီး ချန်ချန်ရွှယ်၏ စကားကို ကြားသောအခါ သူမဟာအလျင်အမြန် မော့ကြည့်လိုက်သော်လည်း သမီးဖြစ်သူမှာ အဝေးသို့ ရောက်နေပြီ ဖြစ်၏။
သူမ အံကိုကြိတ်ပြီး သက်ပြင်းထပ်ချလိုက်မိပြန်၏။
သူမက (၅) နှစ်သမီးလေး အပေါ် မှီခိုနေရတာကြောင့် သူမအား ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်စေခဲ့သည်။
ထွက်ခွာသွားသော သမီးဖြစ်သူ၏ ကျောပြင်အား သူမဟာ ငေးကြည့်နေမိခဲ့သည်။
သူမဟာ စိတ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
...
"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မိစ္ဆာဖြစ်ခါနီး ကျားတစ်ကောင် စားတာ ခံရလုနီးပါး ဖြစ်ခဲ့တယ်... ဒီတစ်ခါလည်း ပြန်တွေ့နိုင်ခြေ များတယ်... ဒီတစ်ခါ ငါသာ ထိပ်တိုက် မရင်ဆိုင်နိုင်ရင်... ငါ့ရဲ့ သေးငယ်တဲ့ ခန္ဓာကိုယ်လေးက ဒီလို သားရဲကောင်မျိုးကို နိုင်မှာ မဟုတ်တာ သေချာတယ်... ထိပ်တိုက် ရင်ဆိုင်ရင်လည်း အလကားသက်သက် သေရုံပဲ ရှိအုံးမယ်"
တောင်ပေါ်တွင်...
ချန်ချန်ရွှယ်ဟာ ဓားတိုကို ကိုင်ထားခဲ့ပြီး သူမ၏ သေးငယ်သော ပုံရိပ်လေးဟာ ထူထပ်သော တောအုပ်ထဲတွင် မြေပြန့်ပေါ် လမ်းလျှောက်နေသကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားလာနေခဲ့၏။
ဤဓားတိုကို ရွာထဲက ပန်းပဲဆရာဆီမှာ တောဝက်ကြီး တစ်ကောင်နဲ့ လဲလှယ်ထားခဲ့ခြင်းပင်။
သနားစရာ ကောင်းသော ပန်းပဲဆရာဟာ ချန်ချန်ရွှယ်က သူ၏ ဘိုးဘေးပိုင် အတွင်းအား အသက်ရှူနည်းစနစ်ကို ခိုးသင်ထားကြောင်း မသိရှာပေ။
ခိုးသင်ထားသော အသက်ရှူနည်းစနစ်ကို အူတိုင်အဖြစ် ထားပြီး ချန်ချန်ရွှယ်ဟာ သာမန် သိုင်းပညာရှင်များ အသုံးပြုသော ဓားသိုင်းတစ်ခုကို သူမနှင့် ကိုက်ညီအောင် ကိုယ်တိုင် ဖန်တီးထားခဲ့သည်။ ထိုဓားသိုင်းကို ကိုယ်ဖော့ပညာနှင့် တွဲဖက်ထားခဲ့သေးလေသည်။
ကိုယ်တိုင် ဖန်တီးထားသော ဓားသိုင်းပဲ ဖြစ်ဖြစ် ကိုယ်ဖော့ပညာပဲ ဖြစ်ဖြစ် သူမ၏ ခန္ဓာကိုယ်ထဲက အတွင်းအားတွေကို အသုံးပြုနိုင်စေသည်။
ဒါက သူမ၏ ခွန်အားကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်ပေးလိုက်ခြင်းပင်။
သူမ၏ ယခင်ဘဝက ဝိညာဉ်စွမ်းအင်နှင့် နှိုင်းယှဉ်လျှင် သူမ၏ အတွင်းအားက ရေကန်ထဲက ရေတစ်စက်လောက်သာ ရှိပြီး မပြောပလောက်ပေ။
ဒါပေမဲ့ ဘာမှ မရှိတာထက်တော့ ပိုကောင်းပေသည်။
အနည်းဆုံးတော့ ဒီလို အန္တရာယ်များတဲ့ ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အနည်းငယ်တော့ ရှိစေသည်။
ထူထပ်သော တောအုပ်ထဲ လျင်မြန်စွာ ဖြတ်သန်းသွားလာနေစဉ် ရုတ်တရက် သူမ ရပ်တန့်လိုက်၏။ ထို့နောက် သူမ လက်ထဲက ဓားတိုအား ဝှေ့ယမ်းလိုက်ရာ သွေးစက်များ လွင့်ပျံသွားခဲ့လေသည်။
အရောင်စုံ အဆိပ်ပြင်း မြွေတစ်ကောင်ဟာ နှစ်ပိုင်းပြတ်သွားပြီး မြေကြီးပေါ် ပြုတ်ကျကာ တွန့်လိမ်နေခဲ့သည်။
၎င်းကြောင့် ချန်ချန်ရွှယ်ဟာ မျက်မှောင်ကြုတ်လိုက်၏။
သူမဟာ မရေမတွက်နိုင်သော အဆိပ်ပြင်း မြွေများနှင့် ကြုံတွေ့ခဲ့ရလေသည်။ သူမမှာ ဘာများ ထူးခြားနေလို့လဲ သူမ မသိပေ။ ပတ်ဝန်းကျင်က အန္တရာယ်တွေ အားလုံးကို ဆွဲဆောင်နေသလိုပါပင်။ ဒီသားရဲကောင်တွေက သူမကို ဦးဆုံး စတင်တိုက်ခိုက်ဖို့တောင် ဝန်မလေးကြပေ။
အကယ်၍သာ ချန်ချန်ရွှယ်၏ လျင်မြန်သော တုံ့ပြန်မှုသာ မရှိခဲ့ပါက သူမဟာ ယခုနေရာတွင် သေဆုံးသွားမည်မှာ သေချာပေသည်။
ရွာထဲမှာ တခြား မုဆိုးတွေလည်း ရှိကြပြီး အဲဒီမုဆိုးတွေလည်း ဒီလို အဆိပ်ပြင်း မြွေတွေ၊ အင်းဆက်တွေနဲ့ တွေ့ကြသည်ပင်။ ဒါပေမဲ့ သူတို့က တစ်လမှာ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ တွေ့ကြလေသည်။
သူမကျတော့ရော....
တောင်ပေါ်တက်တိုင်း အကြိမ်ကြိမ် တွေ့နေရပြီး ၎င်းတို့က သူမကိုပဲ သီးသန့် ပစ်မှတ်ထားနေသလိုပင်။
"မိသားစု နောက်ခံ သုည ဖြစ်သွားလို့များလား... ကြည့်ရတာ ငါ့ရဲ့ မိသားစု နောက်ခံကို မြှင့်တင်မှ ဖြစ်မယ်.... မဟုတ်ရင် ကြာလာတာနဲ့အမျှ ဒီ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ သတ်ဖြတ်တာ ခံလိုက်ရလိမ့်မယ်.." ချန်ချန်ရွှယ်ဟာ စိတ်ပူပန်နေခဲ့ပြီး ဒီလို ထိန်းချုပ်ခံနေရတဲ့ ခံစားချက်က သူမကို နေရခက်နေစေခဲ့၏။
သူမဟာ ဓားကို အဆိပ်ပြင်း မြွေ၏ ခေါင်းထဲ တိကျစွာ ထိုးစိုက်လိုက်ပြီး ခေါင်းအား ကြေမွသွားအောင် မွှေနှောက်လိုက်သည်။
ထို့နောက် ထိုင်ချလိုက်ပြီး မြွေသည်းခြေကို ခွဲထုတ်ကာ ယူလိုက်၏။
ဒီအဆိပ်ပြင်း မြွေရဲ့ သည်းခြေကို ဆေးအဖြစ် အသုံးပြုလို့ ရကာ သည်းခြေ တစ်ခုအား ဆေးဆိုင်မှာ ကြေးပြား ဒါဇင်နဲ့ချီပြီး ရောင်းလို့ ရလေသည်။
ထို့ကြောင့် သူမဟာ ရသမျှ အကုန်ယူရပေမည်။
ထိုအခိုက်တန်မှာပဲ သူမဟာ ရုတ်တရက် ကျောချမ်းသွားသလို ခံစားလိုက်ရလေသည်။ ကျယ်လောင်သည့် သစ်ရွက်တိုးသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူမအား မကောင်းသော နိမိတ်တစ်ခုအား ခံစားရစေခဲ့သည်။
သူမ အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသည့် ကြီးမားသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ တောတောင်တစ်ခုလုံး တုန်ဟီးသွားစေသော ကျားဟိန်းသံနှင့်အတူ ၎င်းက ရက်စက်စွာ ခုန်အုပ်လိုက်လေသည်။
၎င်းဆီမှ ထူးခြားသော ညှီစော်နံတစ်ခုဟာ လေထဲသို့ ပျံ့နှံ့သွားခဲ့သည်။
"ကံဆိုးလိုက်တာ..."
ချန်ချန်ရွှယ်၏ မျက်နှာထားက ဆိုးရွားသွားခဲ့၏။ ဒီကျားကြီးကို သူမ မှတ်မိပေသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမနောက် လိုက်ခဲ့ပြီး သူမကို စားလုနီးပါး ဖြစ်ခဲ့တဲ့ ကျားကြီးပင်။
သူမဟာ ချက်ချင်း ခြေဖျားထောက်ပြီး နောက်သို့ အမြန်ဆုတ်လိုက်ကာ ဓားအား ဝှေ့ယမ်းလိုက်လေသည်။
သူမကို ကြိုဆိုလိုက်သည်မှာ ကြီးမားသော ကျားလက်သည်းကြီး နှစ်ဖက်ပင်။
အကယ်၍ ကျားလက်သည်း တစ်ဖက်ဖက်သာ သူမအား ထိမိခဲ့ပါက အပိုင်းပိုင်း ဖြစ်သွားလိမ့်မည်ဟု ချန်ချန်ရွှယ် ခံစားလိုက်ရသည်။
"ရွှပ်.."
ထက်မြက်သော ဓားသွားက ကျားလက်သည်း၏ အသားအိအိ နေရာကို ဖြတ်တောက်သွားသော်လည်း ကျားကြီးဆီမှ လာသည့် ကြီးမားသော အားအင်ကြောင့် ချန်ချန်ရွှယ်၏ ဓားဟာ လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွားခဲ့လေသည်။
အရောင်စုံ ကျားကြီးဟာ ခုန်အုပ်ရာမှ မြေပေါ်ကျလာပြီး သွေးထွက်နေသည့် ရှေ့ခြေထောက်တစ်ဖက်ကို လျှာဖြင့် လျက်လိုက်သည်။
၎င်းက ချန်ချန်ရွှယ်ကို အလွန် ရက်စက်ကြမ်းကြုတ်သော သားရဲမျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့လေသည်။
သေချာ ကြည့်လိုက်လျှင် ၎င်း၏ မျက်လုံးတစ်ဖက်က ပိတ်နေသည်ကို တွေ့ရပေမည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မကျက်သေးသော ဒဏ်ရာ အများအပြား ရှိနေခဲ့၏။
ဒီလူသားမလေးကို သူလည်း မှတ်မိနေခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေရရှိခဲ့တာက ဒီကောင်မလေးကြောင့်ပင်...
ယခုအချိန်၌ ရန်သူဟောင်းချင်း ပြန်တွေ့ကြလေပြီ။