အခန်း ၃၆ : သေဆုံးခြင်း၊ ဝိညာဥ် ခန္ဓာ၊ ဆုလာဘ်
[အဘွားအိုနဲ့ ညှိနှိုင်းပြီးနောက်မှာ တစ်ဖက်လူရဲ့ကျင့်ကြံခြင်းတည်နေရာကို ချင်းကျောက် အတည်ပြုလိုက်သည်။ သူမ ပိုသန်မာလာမှ အဲဒီနေရာကို သွားပြီး ရတနာ သန်းပေါင်းများစွာကို ရှာဖွေဖို့ စီစဉ်လိုက်သည်။]
[အဲဒီနေ့မှာပဲ တစ်ခါမှ မမြင်ဖူးသော ချင်းကျောက်ရဲ့ စေ့စပ်ထားသူက သူမအိမ်ကို ရောက်လာပြီး စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ တောင်းဆိုလိုက်သည်။]
[ချင်းမျိုးနွယ်စုက ဂုဏ်သိက္ခာကျဆင်းသလို ခံစားရသော်လည်း သဘောတူရုံမှတပါး ရွေးချယ်စရာ မရှိပေ။]
[ချင်းကျောက်ကတော့ ရှက်ရွံ့မနေပေ။ ထိုအစား သူမက အလွန် ပျော်ရွှင်သွားပြီး လူကိုယ်တိုင် သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်တာကြောင့် တစ်ဖက်လူဟာ ကြောင်အသွားသည်။]
[အသက် ၁၇ နှစ် - ချင်းကျောက်ဟာ ချီစုစည်းမှု အဆင့် (၂) သို့ ပြန်လည် ရောက်ရှိသွားသည်။]
[အသက် ၁၈ နှစ် - ချင်းကျောက်ဟာ ချီစုစည်းမှု အဆင့် (၃) သို့ ပြန်လည် ရောက်ရှိသွားသည်။]
[ချင်းကျောက် သယ်ဆောင်ထားသော အဘွားအိုက ချင်းကျောက်တွင် ထူးကဲသော ပါရမီ ရှိကြောင်းနှင့် ကြမ်းတမ်းသော ဆေးဖော်နည်းများစွာကို သိထားကြောင်း မြင်တွေ့လိုက်ရသဖြင့် သူမဟာ မနေနိုင်တော့ဘဲ အဆင့်မြင့် ဆေးဖော်စပ်နည်း နည်းပညာ အနည်းငယ်ကို သင်ကြားပေးလိုက်သည်။ ချင်းကျောက် အလွန် လျင်မြန်စွာ သင်ယူတတ်မြောက်သွားသဖြင့် အဘွားအို စကားမပြောနိုင် ဖြစ်သွားပြီး သူမကို မွန်းစတားဟု ခေါ်ဆိုလိုက်သည်။]
[အသက် ၂၀ နှစ် - ချင်းကျောက်သည် ချီစုစည်းမှု အဆင့် (၄) သို့ ရောက်ရှိသွားခဲ့သည်]
[မွေးရာပါ ပါရမီအသစ် (၁၀) ခု ထပ်မံ ပေါ်လာသော်လည်း ချင်းကျောက်က အထင်မကြီးသဖြင့် ဘာတစ်ခုမှ အစားမထိုးခဲ့ပေ။]
[ကြည်လင်သော နေမင်း ဂိုဏ်းမှ အကြီးအကဲ တစ်ယောက်ဟာ တောင်ပေါ်မှ ဆင်းလာပြီး ချင်းကျောက်၏ ဖခင်နှင့် ခေတ္တမျှ စကားပြောဆိုခဲ့သည်။ ကြည်လင်သော နေမင်း ဂိုဏ်း အကြီးအကဲဟာ ချင်းမျိုးနွယ်စုမှ ထွက်ခွာသွားပြီးနောက် ချင်းကျောက် ဖခင်၏ မျက်နှာထား အလွန် အရုပ်ဆိုးနေခဲ့သည်။]
"ဘာဖြစ်လို့လဲ" ချင်းကျောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သော်လည်း သူမဖခင်က အတင်းအဓမ္မ ပြုံးပြပြီး ဘာမှ ပြန်မပြောခဲ့ပေ။
[အသက် ၂၁ နှစ် - ချင်းမျိုးနွယ်စု ပြဿနာ တက်ခဲ့သည်။ ချင်းမျိုးနွယ်စုခေါင်းဆောင်ဟာ တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး မသိရသော အကြောင်းရင်းဖြင့် သေဆုံးသွားခဲ့သည်။ ချင်းမိသားစု ဖရိုဖရဲ ဖြစ်သွားခဲ့ပေပြီ]
[ကြည်လင်သော နေမင်း ဂိုဏ်းဟု ခေါ်သော ဂိုဏ်းက တောင်ပေါ်မှ လူလွှတ်ပြီး ချင်းမျိုးနွယ်စု၏ အရာအားလုံးကို လာရောက် သိမ်းပိုက်လိုက်သည်။]
[သူမဖခင်နှင့် ခေါင်းဆောင်ကြီး၏ သေဆုံးမှုက တစ်ခုနှင့် တစ်ခု မသက်ဆိုင်ကြောင်း ချင်းကျောက် သဘောပေါက်လိုက်သည်။]
[ချင်းမျိုးနွယ်စုဝင် အများအပြား အကြောင်းမဲ့ ရုတ်တရက် သေဆုံးကုန်ကြသည်။]
[အဘွားအိုက ချင်းကျောက်ကို ချက်ချင်း ထွက်ပြေးဖို့ ပြောလိုက်သည်။ ချင်းကျောက် သူမအား ယုံကြည်ဖို့ ဆုံးဖြတ်လိုက်သည်။]
[သို့သော်... အချိန်နှောင်းသွားပုံ ရပေသည်။]
[ညဘက်တွင် ချင်းကျောက် တိုက်ခိုက် သတ်ဖြတ်ခံလိုက်ရသည်]
[သူမ၏ အသက်မှာ (၂၁) နှစ်၊ (၂) လ နှင့် (၂၅) ရက် ဖြစ်သည်။]
[...]
"ဘုရားရေ... သူမ ဒီအတိုင်းလေး ပြီးသွားတာလား" ချင်းကျောက် ဒီအတိုင်း ကျရှုံးသွားတာ မြင်တော့ ပိုင်ယီ အံ့သြစွာ ရေရွတ်လိုက်၏။ "မွေးရာပါ ဝိညာဉ်ခန္ဓာလည်း ရှိတယ်.. အရင်က မူလဝိညာဉ် အဆင့် ရောက်ဖူးတဲ့ အဘွားအိုလည်း ရှိရက်နဲ့ နောက်ဆုံးတော့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ဇာတ်ကွက်ရဲ့ သတ်ဖြတ်တာကို မရှောင်နိုင်ခဲ့ဘူးလား"
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ အခက်အခဲက ရွေးချယ်ခံတွေက်ု ပစ်မှတ်ထားတာလား ဒါမှမဟုတ် သူ့လို အခွင့်အာဏာ ရှိသူတွေကို ပစ်မှတ်ထားတာလား ဆိုတာ ပိုင်ယီ မသိပေ။
ဘာပဲဖြစ်ဖြစ်... သရုပ်ဖော် စနစ်ထဲမှာ ရွေးချယ်ခံတွေက ပိုကောင်းကောင်း စွမ်းဆောင်နိုင်လေ ပိုင်ယီ ရရှိတဲ့ ဆုလာဘ်က ပိုရက်ရောလေပင်။
ပြောင်းပြန်အနေနဲ့... ပိုသနားစရာ ကောင်းလေလေတော့ ဖြစ်ပေမည်.....
ဒါပေမဲ့ ကံဆိုးတဲ့ ချန်ချန်ရွှယ်နဲ့ ယှဉ်ရင် ချင်းကျောက်ရဲ့ ကံတရားက အများကြီး ပိုကောင်းပေသည်။
ဒုတိယအကြိမ် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုမှာတင် သူမ အသက် (၂၀) ကျော်တဲ့အထိ နေနိုင်ခဲ့သည်။ ဝမ်းနည်းစရာ ကောင်းတာက သူမ ဇာတ်ညွှန်းအတိုင်း မလိုက်နာခဲ့တာပင်။ အကယ်၍ စေ့စပ်ထားသူ ရှေ့မှာ ဆင်းရဲတဲ့ မိန်းကလေးတွေကို မနိုင်ကျင့်နဲ့လို့ အော်ပြောခဲ့ရင် အခြေအနေ ပြောင်းလဲသွားနိုင်မလားပင်။
ဒီလို ရယ်စရာကောင်းတဲ့ အတွေးတစ်ခုက ပိုင်ယီ ခေါင်းထဲ ဖြတ်သန်းသွားခဲ့သည်။ ဘာလို့လဲဆိုတော့ ဒီတစ်ခါ ချင်းကျောက်ရဲ့ ဇာတ်ညွှန်းက သိပ်ရင်းနှီးနေတယ်လို့ ခံစားရလို့ပင်။
ဒီအခိုက်အတန့်မှာ ပိုင်ယီရဲ့ အာရုံက ဆုလာဘ် တွက်ချက်မှုဆီ အမြန် ပြန်ရောက်ရှိသွားခဲ့သည်။ ဒါက ချင်းကျောက်ရဲ့ ဆုလာဘ် တွက်ချက်မှုပင်။
[ချင်းကျောက်သည် သူမ၏ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် ဘဝကို အဆုံးသတ်လိုက်ပါသည်။ သရုပ်ဖော်နေစဉ် အတွင်း သူမဟာ ပယ်ဖျက်ခြင်း အောင်မြင်မှုကို အောင်မြင်စွာ ရယူနိုင်ခဲ့ပါသည်။ သင်သည် အောက်ပါ ဆုလာဘ်များနှင့် ထပ်ဆောင်း ဆုလာဘ် တစ်ခုကို ရရှိပါမည် - ]
[ဆုလာဘ် ၁ - သွေးပေါက်ကွဲဆေးလုံး ဖော်စပ်နည်း (ဤဆေးလုံးကို သောက်သုံးသော ကျင့်ကြံသူများသည် ရူးသွပ်သော အခြေအနေသို့ ကျရောက်သွားမည်)]
[ဆုလာဘ် ၂ - ချင်းမျိုးနွယ်စု၏ တိမ်တိုက်လိုက် ခြေလှမ်း (ချင်းမျိုးနွယ်စု၏ ဘိုးဘေးပိုင် ကျင့်စဉ်)]
[ဆုလာဘ် ၃ - ချီစုစည်းမှု အဆင့် (၄) ဝိညာဉ်စွမ်းအင် အားလုံး (သန့်စင်သော ဝိညာဉ်စွမ်းအင်)]
[ထပ်ဆောင်း ဆုလာဘ် - မွေးရာပါ ဝိညာဉ်ခန္ဓာ ( (ချင်းကျောက်၏ မူလ ပါရမီ)]
ချင်းကျောက်ရဲ့ ဆုလာဘ် တွက်ချက်မှုကို မြင်လိုက်ရတော့ ပိုင်ယီ မျက်ခုံးပင့်လိုက်မိ၏။
ပထမ ဆုလာဘ် (၃) ခုက သိပ်ရက်ရောတယ်လို့ သူ မထင်ပေ။ ဒါပေမဲ့ ထပ်ဆောင်း ဆုလာဘ်ကိုတော့ လျစ်လျူရှုထားဖို့ မဖြစ်နိုင်ချေ။
ချင်းကျောက် အနေနဲ့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ ချီစုစည်းမှု အဆင့် (၄) ကို အမြန်ဆုံး ရောက်ရှိနိုင်ခဲ့တာက အထူးသဖြင့် ဝိညာဉ်အကြွင်းအကျန်က သူမကို ဒုက္ခပေးနေတဲ့ ကြားကတောင် ရောက်ရှိနိုင်ခဲ့တာရဲ့ အဓိက အကြောင်းရင်းက သူမမှာ မွေးရာပါ ဝိညာဉ်ခန္ဓာဆိုတဲ့ ပါရမီအသစ် ရှိနေလို့ပင်။
ဒီပါရမီက သူမရဲ့ မွေးရာပါ အရည်အချင်းကို အများကြီး တိုးတက်စေခဲ့ပြီး အဆင့်ကျော်ဖြတ်ခြင်း၌ အတားအစီး ပြဿနာ လုံးဝ မရှိတော့ပေ။
သူမ အဆင့်တက်ဖို့ ကြိုးစားလိုက်တာနဲ့ အောင်မြင်မည်ပင်။
ကျင့်ကြံခြင်း လောကမှာ ဒီလို ပါရမီမျိုးက ကျင့်ကြံခြင်း ဂိုဏ်းတွေကို မျက်လုံးနီသွားစေမှာ သေချာပြီး သူတို့က ဒီလို ပါရမီရှင်မျိုးကို သူတို့ဂိုဏ်းထဲ အတင်း ဆွဲခေါ်ချင်ကြမှာ သေချာပေသည်။
ထပ်ဆောင်း ပါရမီကို ပိုင်ယီ သေချာပေါက် ရရှိမှာ ဖြစ်လို့ ဒီကိစ္စအတွက် စိတ်ပူစရာ မလိုချေ။
ဆုလာဘ် (၃) ခု ရွေးချယ်မှု အတွက်တော့ ပိုင်ယီ စဉ်းစားပြီး ရွေးချယ်လိုက်၏။ "ငါ ဆုလာဘ် (၃) ကို ရွေးမယ်"
ဆေးဖော်နည်းက သူ့အတွက် သိပ်အသုံးမဝင်ပေ။ ပြီးတော့ သူ့မှာ ဆေးဖော်စပ်ဖို့ အိုးလည်း မရှိဘူးချေ။
မြေအိုးနဲ့ ဆေးဖော်ရမှာလား...
ကိုယ့်အိမ်ကိုယ် ဖောက်ခွဲပစ်မိနေပါဦးမယ်....
ချင်းမျိုးနွယ်စုရဲ့ကျင့်စဉ် တိမ်တိုက်လိုက် ခြေလှမ်း ကိုတော့ ဓားကျင့်စဉ်နဲ့ ပါလာတဲ့ ကျင့်စဉ်လောက် မစွမ်းဘူးလို့ ပိုင်ယီ ခံစားရပေသည်။
ချီစုစည်းမှု အဆင့် (၄) ဝိညာဉ်စွမ်းအင် အားလုံး သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာတဲ့အခါ ပိုင်ယီဟာ သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝလာတယ်လို့ ခံစားလိုက်ရသည်။
အကယ်၍ သူ တစ်လလောက် ကြိုးစားကျင့်ကြံရင် သူ့ဘာသာ ချီစုစည်းမှု အဆင့် (၆) ကို ရောက်နိုင်လောက်ပေသည်။
အဲဒီအပေါ်မှာမှ သူ့ရဲ့ မွေးရာပါ ဝိညာဉ်ခန္ဓာက အတားအစီးကို လျစ်လျူရှုနိုင်လေသည်။
ဆိုလိုတာက သူ ဒီအတိုင်း အဆင့်တက်သွားလို့ ရပေမည်။
နောက်ခဏ၌ ပိုင်ယီဟာ ကောင်းကင်မြေကြီး ဝိညာဉ်စွမ်းအင်တွေကို ရှူရှိုက် လေ့ကျင့်ကြည့်လိုက်၏။ နော၇်ခဏ၌ ဝိညာဉ်စွမ်းအင် စီးဆင်းမှုနှုန်းက ရယ်စရာကောင်းလောက်အောင် မြန်ဆန်နေတာ တွေ့လိုက်ရပြီး ချက်ချင်းဆိုသလိုပဲ သူက ကျင့်ကြံဖို့ မသင့်တော်တဲ့ လူတစ်ယောက် အဖြစ်ကနေ ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက် အဖြစ် ပြောင်းလဲသွားခဲ့ပေပြီ။
ပိုင်ယီ ခံစားရတာက အကယ်၍ သူသာ အခု ဂိုဏ်းတစ်ခုခု ဝင်မယ် ဆိုရင်...
ချန်ချန်ရွှယ် ရှိတဲ့ ဝိညာဉ်ဓားဂိုဏ်း ဖြစ်ဖြစ်၊ ချင်းကျောက် ရှိတဲ့ ကျင်းရှင်း နန်းတော် ဖြစ်ဖြစ်...
သူတို့အားလုံး သူ့အတွက် တံခါးဖွင့်ပေးကြမှာ သေချာပေသည်။
ဂိုဏ်းရဲ့ အဓိက ကျွမ်းကျင်သူတွေတောင် ကိုယ်တိုင် ထွက်လာပြီး သူ့ကို တပည့်အဖြစ် လက်ခံချင်ကြမည်ပင်။
...
တစ်ချိန်တည်းမှာပင် ချင်းကျောက် ဘက်၌ ..
ဒီအချိန်မှာ ချင်းကျောက်ရဲ့ စိတ်အာရုံက ချန်ချန်ရွှယ်ဆီမှာ မရှိတော့ချေ။ သူမ တောင်အောက်ဆင်းလာတဲ့ ရည်ရွယ်ချက်ကို မေ့သွားပြီ ဖြစ်ပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၌သာ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။
သူမ တည်းခိုခန်း တစ်ခု ရှာပြီး ယာယီ တည်းခိုနေခဲ့သည်။ ဒါက သူမကို လိုက်ရှာနေတဲ့ ကျင်းရှင်း နန်းတော်က စီနီယာ အစ်ကို (၃) ယောက်ကို ပါးနပ်စွာ ရှောင်ရှားလိုက်သလိုပင်။
လက်တွေ့ဘဝကို ပြန်ရောက်လာတဲ့ ချင်းကျောက်က ပါးလေးဖောင်းပြီး မကျေမနပ် ဖြစ်နေခဲ့သည်။
"သောက်ကျိုးနည်း.."
"သောက်ကျိုးနည်း.."
"သောက်ကျိုးနည်း.."
သူမဟာ အံကြိတ်ပြီး (၃) ကြိမ် ဆက်တိုက် ပြောလိုက်၏။ ချင်းကျောက် ဘယ်လောက် မကျေမနပ် ဖြစ်နေခဲ့ပြီး နှာခေါင်းရှုံ့လိုက်သည်။ "ဒီတစ်ခါ အစပြုတာ သိပ်ကောင်းခဲ့တဲ့အပြင် ဆေးဖော်နည်း သင်ပေးချင်တဲ့ မူလဝိညာဉ် အဆင့် စီနီယာတောင် ရှိသေးတယ်... နောက်ဆုံးကျတော့ ငါ ဘာလို့ ကြည်လင်သော နေမင်း ဂိုဏ်းဆိုတာကို စော်ကားမိသွားရတာလဲ"
"အဲဒီ ကြည်လင်သော နေမင်း ဂိုဏ်းက ဖြောင့်မတ်သော ဂိုဏ်း ဆိုတာ သိသာနေတာကို နောက်ဆုံးတော့ သူတို့ လုပ်သမျှ အားလုံးက လိမ်ညာလှည့်ဖြားတာတွေချည်းပဲ... ချင်းမျိုးနွယ်စုဆီက ပစ္စည်းလိုချင်လို့ အနုနည်းနဲ့ မရတော့ အကြမ်းနည်း သုံးတာလေ"
"ငါ ထင်တာတော့... ချင်းမျိုးနွယ်စု ပျက်စီးသွားပြီလား"
"ဒါ့အပြင် ငါသေတဲ့ နေ့အထိ ကြည်လင်သော နေမင်း ဂိုဏ်းက ဘာကို လိုချင်နေတာလဲ ဆိုတာ ငါ မသိလိုက်ရဘူး"
"သောက်ကျိုးနည်း... သောက်ကျိုးနည်း..."
ချင်းကျောက် ဘာလို့ ဒီလောက် ဒေါသထွက်နေလဲ မသိသလို သူမရဲ့ ကံကြမ္မာကို လက်ခံဖို့လည်း ဝန်လေးနေခဲ့မိလေသည်။
သူမ ဘာမှ မလုပ်ခဲ့ပဲ စွမ်းအားကြီးတဲ့ ဂိုဏ်းတစ်ခုကို စော်ကားမိလိုက်ပေသည်။
ချင်းမျိုးနွယ်စုရဲ့ အကြီးဆုံး သမီး အနေနဲ့ သူမ ကောင်းမွန်တဲ့ အစပြုမှု ရခဲ့ပြီး ဒါပေမဲ့... နောက်ဆုံးတော့ ဒီအဆင့်အတန်းကြောင့်ပဲ သူမဟာ ပျက်စီးခဲ့ရလေသည်။
သူမက ချင်းမျိုးနွယ်စုရဲ့ အကြီးဆုံး သမီး၊ ချင်းမျိုးနွယ်စု ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသော သမီး ဖြစ်နေလို့ ကြည်လင်သော နေမင်း ဂိုဏ်းက ချင်းမျိုးနွယ်စုကို ကိုင်တွယ်တဲ့အခါ သူမအား ဘယ်တော့မှ လွှတ်ပေးမည် မဟုတ်ချေ။
[သင်သည် အောက်ပါ ဆုလာဘ်ကို ရရှိလိုက်ပါသည် - ]
ရုတ်တရက် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ ဆုလာဘ် တွက်ချက်မှုက ချင်းကျောက်ကို ခေတ္တမျှ ငြိမ်သက်သွားစေခဲ့ပြီး ဆုလာဘ် ခွဲဝေပေးတာကို စောင့်ဆိုင်းလိုက်ပေသည်။
[ဆုလာဘ် - ဝိညာဉ်ခန္ဓာ တစ်ဝက်]
...