အခန်း ၃ : ဝိညာဥ်ဓားဂိုဏ်း သူတော်စင်မ၏ ငါးနှစ်တာ
သူမ၏ အသိစိတ် ပြန်လည်ဝင်ရောက်လာပြီးနောက်မှာ မွန်းကြပ်မှုတို့အား စတင် ခံစားလိုက်ရ၏။ သူမဟာ ရေနစ်ပြီး သေလုမျောပါး ဖြစ်နေသူတစ်ယောက် ရေမျက်နှာပြင်ပေါ် ပြန်ရောက်လာသကဲ့သို့ ဖြစ်က လေကို အငမ်းမရ ရှူရှိုက်လိုက်မိလေသည်။
သို့သော် သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ အော်ငိုသံတစ်ခု ထွက်ပေါ်လာခဲ့တာကြောင့် ချန်ချန်ရွှယ် တစ်ယောက် ခေတ္တမျှ ကြောင်အသွားခဲ့ရ၏။
'သူမ... ငိုလိုက်တာလား... ဒါ မဖြစ်နိုင်ဘူးလေ
သူမ အသံက ဘယ်တုန်းက ဒီလိုအသံမျိုး ဖြစ်သွားတာလဲ..'
သူမဟာ ရုတ်တရက် သတိဝင်လာခဲ့ပြီး မထိန်းချုပ်နိုင်အောင် အော်ငိုနေခြင်းအား နောက်ဆုံးတွင် ရပ်တန့်လိုက်၏။။
ထိုအချိန်တွင် တစ်စုံတစ်ယောက် စကားပြောနေသကဲ့သို့ ဆူညံသံများအား သူမဟာ ကြားလိုက်ရလေသည်။
"ထွက်လာပြီ... မွေးလာပြီဟေ့... မိန်းကလေးပဲ...."
"မိခင်ရော ကလေးပါ ဘေးကင်းတယ်... နှစ်ယောက်လုံး ကျန်းမာတယ်"
"အင်း... စစ်မှုထမ်းနေတဲ့ သူ့အဖေက ဒါကို မမြင်ရတာ နှမြောစရာ ကောင်းလိုက်တာ..."
"ဒါပေမဲ့ ဒီကောင်မလေးက ဘာလို့ နှစ်ခွန်းပဲ အော်ငိုတာလဲ..."
"..."
မိန်းကလေး ချန်ချန်ရွှယ်ဟာ အလွန် စိတ်ရှုပ်ထွေးသွားခဲ့သည်။
စကားပြောသံကို နားထောင်ခြင်းအားဖြင့် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်၏ အသံမှန်း သူမ သိလိုက်လေသည်။ သို့သော် သူမ ဘာတွေ ပြောနေသည်နည်း။
'မွေးလာပြီဆိုတာကကော ဘာကိုဆိုလိုတာလဲ...
မိခင်ရော ကလေးပါ ဘေးကင်းတယ်ဆိုတာကကော.....'
သူမ တွေးတောနေစဉ်မှာပင် အဆုံးမရှိသော ပင်ပန်းနွမ်းနယ်မှုတို့အား ခံစားလိုက်ရလေသည်။ ဤပင်ပန်းမှုတို့အား သူမ တားဆီး၍ မရနိုင်တော့သလို ဆက်လက် အာရုံစိုက်ထားရန်လည်း မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူမဟာ အများကြီး မစဉ်းစားနိုင်တော့ဘဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
နောက်ခဏ၌ သူမ၏ အသိစိတ်ထဲတွင် ရင်းနှီးနေသော စာကြောင်းများ မှုန်ဝါးဝါး ပေါ်လာသည်အား မြင်လိုက်ရ၏။
[အသက် ၀ နှစ် - သင်ဟာ မသေမျိုးကျင့်ကြံခြင်း ကမ္ဘာတစ်ခုသို့ ဝင်စားခဲ့ပြီး ဆင်းရဲသော မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။]
[သင့်မိခင်သည် သင့်အား ဘိုးဘေးပိုင် ကျောက်စိမ်းဆွဲပြားကို ပေးခဲ့ပါသည်။ သူမက သင့်အား ဘေးကင်းစွာ ကြီးပြင်းလာစေရန် မျှော်လင့်ပေသည်။]
[ကံတရား +၁]
...
"စပြီပဲ..."
ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်မလေးဟာ အနှီးထုပ်ထဲ ရောက်နေသည်ကို မြင်လိုက်ရသောအခါ ပိုင်ယီ တစ်ယောက် သူ၏ လုပ်ပိုင်ခွင့် အာဏာကို ပိုမို ရှင်းလင်းစွာ နားလည်လာခဲ့သည်။
သူဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှ အရာအားလုံးကို ဘုရားသခင် တစ်ပါး၏ ရှုထောင့်မှ မြင်တွေ့နေရသကဲ့သို့ သိရှိနေရပေသည်။
ဤရှုထောင့်က အထူး ထူးဆန်းကာ ရုပ်ရှင်ကားတစ်ခုကို ကြည့်နေရသလိုမျိုး ခံစားရပေသည်။
ဤကမ္ဘာထဲသို့ ဝိညာဉ်ဓားဂိုဏ်း သူတော်စင်မကို ဆွဲသွင်းလိုက်သည်က မှန်ကန်သော ရွေးချယ်မှု ဟုတ်မဟုတ် သူ မသိပေ။ ဤသည်မှာ သူ၏ ကြိုးပမ်းမှု တစ်ခုဖြစ်ပြီး ချန်ချန်ရွှယ် အနေဖြင့် သရုပ်ဖော် စနစ်ထဲတွင် (၅) နှစ် ကြာအောင် အသက်ရှင်နိုင်လိမ့်မည်ဟု မျှော်လင့်မိလေသည်။
(၅) နှစ် အသက်ရှင်ပြီးမှသာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ဆုလာဘ်များကို တွက်ချက်ပေးမည် ဖြစ်၏။
ဥပမာအားဖြင့် ယခင်က သူ အကြိမ် (၃၀) ကျော် ဝင်ရောက်ခဲ့သော်လည်း တစ်ကြိမ်မှ (၅) နှစ် ပြည့်အောင် မနေနိုင်ခဲ့သောကြောင့် ဘာဆုလာဘ်မှ မရရှိခဲ့ပေ။
သူ သရုပ်ဖော်မှု၌ ရလာသည့် ဆုလဒ်ကတော့ သေခြင်းတရားတို့ပင်...
...
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် အတွင်း၌ ....
နောက်တစ်နေ့ မနက်ခင်း။
နွေရာသီ ပုစဉ်းရင်ကွဲ အော်သံများက နားငြီးစရာ ကောင်းလှပေသည်။ ထို့အပြင် အိမ်ထဲတွင် ရှိနေသော်လည်း အလွန် ပူအိုက်နေခဲ့ပြီး ယပ်တောင်ခတ်လိုက်သော လေကလည်း ပူလောင်နေခဲ့ပေသည်။
ထိုအခိုက်တန့်၌ ချန်ချန်ရွှယ်ဟာ စိတ်ပျက်အားငယ်သော မျက်နှာထားဖြင့် နို့စို့နေခဲ့ရ၏။ ဤအပြုအမူအတွက် သူမဟာ အလွန် ရှက်ရွံ့မိလေသည်။
သို့သော် ဗိုက်ဆာလွန်းသဖြင့် သူမဟာ ဘာမှ သိပ်ဂရုမစိုက်နိုင်တော့ပေ။ ကျန်းကျန်းမာမာ ကြီးပြင်းလာစေရန် ဤရှက်ဖွယ်ကောင်းသော အပြုအမူကို သူမ သည်းခံရပေမည်။
ချန်ချန်ရွှယ်ဟာ အစပိုင်းတွင် အခြားကမ္ဘာတစ်ခုသို့ ဝင်စားလာရခြင်းနှင့် မိဘအသစ်တစ်စုံ ရရှိလာခြင်းအပေါ် စိတ်ရှုပ်ထွေးပြီး မယုံကြည်နိုင် ဖြစ်ခဲ့ရ၏။ ယခုတော့ သူမဟာ ဤအချက်ကို တဖြည်းဖြည်း လက်ခံလာခဲ့ပြီ ဖြစ်သည်။
သူမ တတ်နိုင်တာလည်း ဘာမှမရှိပေ။
သူမ လက်မခံလျှင်တောင် အသုံးမဝင်ကြောင်း သူမ သိလေသည်။
'မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ် ပြောတာသာ မှန်မယ်ဆိုရင် ငါ ဒီကမ္ဘာမှာ သေသွားတာနဲ့ မူလကမ္ဘာကို ပြန်ရောက်သွားမှာ မဟုတ်လား... ဒါပေမဲ့ သူပြောတာ မမှန်ရင်ရော.... ဘာပဲဖြစ်ဖြစ် သူက ငါ့ကို အစကတည်းက လိမ်ညာခဲ့တာပဲလေ'
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်နှင့် စတွေ့တုန်းက သူမဟာ မသိလိုပါကို နှိပ်ခဲ့သော်လည်း နောက်ဆုံးတွင် စနစ်ထဲ ဆွဲသွင်းခံလိုက်ရသည်အား တွေးမိပြီး အံကိုကြိတ်လိုက်မိ၏။
ဆောတီး... အံကြိတ်ဖို့ သူမမှာ သွားမှ မရှိသေးပဲ။
၎င်းကြောင့် သူမဟာ ပိုဒေါသထွက်သွားခဲ့သည်။
ဗိုက်ဆာတာ ပျောက်သွားတော့မှ သူမ၏ စိတ်ခံစားချက်များ တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေသည်။
သူမ ပတ်ဝန်းကျင်ရှိ လူများ၏ စကားပြောသံများကို တစ်ရက်လုံး နားထောင်ပြီးနောက် သူမ ဝင်စားလာသည့် ကမ္ဘာကလည်း မသေမျိုးကျင့်ကြံခြင်း ကမ္ဘာတစ်ခု ဖြစ်ကြောင်း သူမ သိလိုက်ရသည်။
မသေမျိုးကျင့်ကြံသူဆိုတဲ့ အသုံးအနှုန်းကို သူမ တစ်ကြိမ်မက ကြားခဲ့ရ၏။
ဒါပေမဲ့...၎င်းက အန္တရာယ် သိပ်များတယ် ဆိုတဲ့ အဓိပ္ပာယ်ပင်။
မသေမျိုးကျင့်ကြံသူများ အချင်းချင်း လှည့်စားခြင်း အကြောင်းကို ချန်ချန်ရွှယ် ကောင်းကောင်း သိထားသလို ပိုမိုကြီးမားသော စွမ်းအားကို ရယူရန်အတွက် ကျင့်ကြံသူများက အစွန်းရောက် နည်းလမ်းများကို အသုံးပြုတတ်ကြကြောင်းလည်း သူမ သိပေသည်။
သူမ မူလနေထိုင်ခဲ့သည့် ကမ္ဘာတွင်လည်း မိစ္ဆာကျင့်ကြံသူများ ပြဿနာရှာသည့် သတင်းများကို မကြာခဏ ကြားနေရတတ်ပေသည်။
မိစ္ဆာလမ်းစဉ် လျှောက်လှမ်းသော ကျင့်ကြံသူများ၏ လက်ချက်ကြောင့် ရွာတစ်ရွာလုံး အသတ်ခံလိုက်ရသည့် ဖြစ်ရပ်မျိုးလည်း ရှိတတ်လေသည်။
ဒီလို အန္တရာယ်များတဲ့ ကမ္ဘာမှာ သာမန်လူတွေက သိပ်အားနည်းလွန်းပေသည်။
ယခု သူမက သာမန်လူတစ်ယောက်သာ ဖြစ်ကာ သူမ၏ လက်ရှိခန္ဓာကိုယ်က သိပ်အားနည်းလွန်းပေသည်။ ထို့ကြောင့် ချန်ချန်ရွှယ်ဟာ ဤအားနည်းသော ခန္ဓာကိုယ်ကို အသုံးပြုပြီး ချီကို လည်ပတ်ကာ ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်တို့အား စုပ်ယူရန် ကြိုးစားကြည့်ချင်လေသည်။
ရလဒ်ကတော့... ငယ်ရွယ်ပြီး အားနည်းလွန်းသော ခန္ဓာကိုယ်ကြောင့် ချီကြောများ ပိတ်ဆို့နေခဲ့သည်။ ထို့ကြောင့် ချီလည်ပတ်ရန် ကြိုးစားခြင်းက အရာမထင်ပေ။
ပိတ်ဆို့နေသော ချီကြောများဆီမှ စူးရှသော နာကျင်မှုကိုပင် သူမ ခံစားလိုက်ရ၏။ ထို့ကြောင့် သူမဟာ လန့်သွားပြီး ဝိညာဉ်ဓားဂိုဏ်း၏ ကျင့်စဉ်ကို ချက်ချင်း ရပ်တန့်လိုက်ရလေသည်။
[သင်သည် ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များကို သန့်စင်ရန် ဝိညာဉ်ဓားဂိုဏ်း၏ ကျင့်စဉ်ကို အသုံးပြုရန် ကြိုးစားခဲ့သည်အား တွေ့ရှိပါသည်။ သင်ဟာ မူလကမ္ဘာမှ ကျင့်စဥ်များအား ဤကမ္ဘာ၌ အသုံးပြုလို့မရပါ။]
စာကြောင်း အနည်းငယ်ဟာ ရုတ်တရက် ထပ်ပေါ်လာခဲ့သည်။
ချန်ချန်ရွှယ်ဟာ နို့စို့နေတာ ရပ်သွားပြီး သူမ၏ မျက်နှာလေးပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့သည်။
'သရုပ်ဖော် စနစ်က မူလကမ္ဘာရဲ့ ကျင့်စဉ်တွေကို အသုံးပြုခွင့် တားမြစ်ထားတယ် ဟုတ်လား.. ဒါ ဘာအဓိပ္ပာယ်လဲ..'
သူမ မှတ်မိနေတဲ့ ဝိညာဉ်ဓားဂိုဏ်းရဲ့ ကျင့်စဉ်တွေကို ဒီကမ္ဘာမှာ သုံးလို့ မရဘူး ဆိုတဲ့ သဘောလား... မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်မှာ ဒီလို ကန့်သတ်ချက်မျိုး ရှိတာလား...'
သူမဟာ ကြောင်အသွားခဲ့ရလေသည်။ ၎င်းအား မမျှော်လင့်ထားမိခဲ့ချေ။
သူမ သိသည့် ကျင့်စဉ်တွေ အကုန်လုံး သုံးမရဘူး ဆိုရင် မသေမျိုးကျင့်ကြံသူလောကထဲ ဝင်ရောက်ဖို့အတွက် သုည ကနေ ပြန်စရတော့မယ် ဆိုတဲ့ သဘောပင်။
ပြဿနာက ဒီကမ္ဘာနဲ့ ကိုက်ညီတဲ့ ကျင့်စဉ်ကို ဘယ်က သွားရှာရမည်နည်း။ ဂိုဏ်းတစ်ခုခုထဲ ဝင်ရောက်နိုင်မယ့် နည်းလမ်းကိုပဲ ရှာရတော့မည်လား။
ဒါပေမဲ့... သူမရဲ့ လက်ရှိ မွေးရာပါ ပါရမီက ဘယ်အဆင့် ရှိလဲ သူမ မသိချေ။
သူမ၏ ဘဝတွင် အကြီးမားဆုံး အတားအဆီးကြီး တစ်ခု သူမ ရှေ့မှာ ဒီလိုပဲ ရုတ်တရက် ပေါ်လာလိမ့်မယ်လို့ ချန်ချန်ရွှယ် ထင်မထားခဲ့ပေ။
'တစ်ဆင့်ချင်းပဲ သွားရတော့မှာပေါ့... တကယ်လို့ အဆင်မပြေရင်လည်း စွန့်စားပြီး ကျင့်စဉ်ကို ပြောင်းလဲပစ်ရမယ်.. ဝိညာဉ်ဓားဂိုဏ်းရဲ့ ကျင့်စဉ်ကို ပြောင်းလဲပစ်လိုက်ရင်တော့ စနစ်က လက်ခံလောက်တယ် မဟုတ်လား'
ဤကဲ့သို့သော အတွေးမျိုး သူမ ခေါင်းထဲ ဖြတ်သန်းသွားခဲ့၏။
နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာခဲ့သော ကျင့်စဉ်တစ်ခုကို မဆင်မခြင် ပြောင်းလဲပစ်ခြင်းက အလွန် အန္တရာယ် များလှပေသည်။
ချီဖောက်ပြန်မှုဖြစ်ပြီး ရုတ်တရက် သေဆုံးသွားနိုင်လေသည်။
သို့သော် ဒီလိုကမ္ဘာမျိုးမှာ မသေမျိုးကျင့်ကြံသူ မဖြစ်လာနိုင်ရင်လည်း အန္တရာယ်ရှိတာချင်းက အတူတူပါပင်။
အချိန်မရွေး ရုတ်တရက် သေဆုံးသွားနိုင်လေသည်။
လောလောဆယ် အရေးအကြီးဆုံးက မြန်မြန် ကြီးပြင်းလာဖို့ပဲင်။ အခု သူမ၏ လက်ရှိခန္ဓာကိုယ်က အားနည်းလွန်းသည်။
ဒါကို တွေးမိပြီး ချန်ချန်ရွှယ်ဟာ နို့စို့အားကို ပို၍ တင်လိုက်လေတော့သည်။
ဒီလိုနဲ့...
အချိန်တွေ ကုန်ဆုံးသွားခဲ့၏။
...
ချန်ချန်ရွှယ်ဟာ ဤစိမ်းသက်သော ကျင့်ကြံခြင်းကမ္ဘာတွင် ရာသီအနည်းငယ်ကို ဖြတ်သန်းခဲ့ရသည်။ သူမဟာ တဖြည်းဖြည်း အသက်ကြီးလာခဲ့ပြီး ခန္ဓာကိုယ်ကလည်း မွေးခါစကထက် အနည်းငယ် ပိုသန်မာလာခဲ့သည်။
သူမ အသိစိတ်ထဲမှ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်တွင် စာကြောင်းများ တစ်ကြောင်းပြီး တစ်ကြောင်း ပေါ်လာခဲ့၏။
လွန်ခဲ့သော (၅) နှစ်တာ ကာလအတွင်း သူမ၏ အတွေ့အကြုံ အားလုံးကို မှတ်တမ်းတင်ထားခဲ့သည်။
[အသက် လဝက်သားအရွယ် - သင် စကားကို တော်တော်လေး ကျွမ်းကျင်စွာ ပြောတတ်နေတာကြောင့် သင့်မိခင်က အံ့သြသွားခဲ့သည်။ သင်ဟာ ပါရမီရှင်လေး ဖြစ်သည်ဟု သူမက ထင်မှတ်နေခဲ့သည်။]
[အသက် ၁ နှစ်ခွဲ - သတင်းဆိုးတစ်ခု ရောက်လာခဲ့သည်။ သင့်ဖခင်ဟာ စစ်မြေပြင်တွင် ကျဆုံးသွားပြီး သူ၏ ပင်စင်လစာများ အခိုးခံလိုက်ရသည်။]
[မိသားစု နောက်ခံ -၁]
[အသက် ၂ နှစ် - ရွာထဲက ပန်းပဲဆရာက အသက်ရှူနည်းစနစ်တစ်ခုအား တတ်ကျွမ်းကြောင်း သင် တွေ့ရှိခဲ့သည်။ သင့်၏ ထူးကဲသော ဉာဏ်ရည်ဖြင့် ခိုးယူသင်ကြားခဲ့ပြီး သာမန် သိုင်းပညာရှင်များသာ ပိုင်ဆိုင်သော အတွင်းအား တစ်မျှင်ကို အောင်မြင်စွာ သန့်စင်ရယူနိုင်ခဲ့သည်။]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ +၁]
[သင့်တွင် သိုင်းပညာ ပါရမီ ပါလာခဲ့သည်။ အသက်ရှူနည်းစနစ်ကို သင် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားပါပြီ။]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ +၃]
[အသက် ၃ နှစ် - ရွာသားတစ်ယောက်ဟာ သင့်မိခင်ကို စနောက်ကျီစယ်နေခဲ့သည်။ သင့်ခြေကန်ချက်ကြောင့် သူဟာ မသန်စွမ်း ဖြစ်သွားခဲ့ပြီး သင့်၏ ထူးဆန်းသော ခွန်အားကြောင့် သင်ဟာ နာမည်ကြီးလာခဲ့သည်။ သို့သော် အနာဂတ်တွင် သင် မည်သို့ အိမ်ထောင်ပြုမည်ကို သင့်မိခင်က စိတ်ပူနေရပြန်သည်။]
[ဂုဏ်သတင်း +၁]
[အသက် ၄ နှစ် - သင့်အကြောင်းများကို မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ခုက ကြားသိသွားခဲ့သည်။ သင့်၏ မွေးရာပါ ပါရမီကို စစ်ဆေးရန် လူလွှတ်လိုက်သည်။ သို့သော် သင့်၏ မသေမျိုးကျင့်ကြံခြင်း ပါရမီမှာ သာမန်သာ ရှိလေသည်။ ထို့ကြောင့် သူတို့ဟာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်သွားခဲ့ကြသည်။ သင်ဟာလည်း အလွန် စိတ်ဓာတ်ကျသွားခဲ့သည်။]
[စိတ်စွမ်းအား -၁]
[သင်ဟာ စိတ်ကိုပြန်စုစည်း၍ ယခင်ဘဝက ကျင့်စဉ်ကို ပြုပြင်ပြောင်းလဲကာ အသက်ရှူနည်းစနစ်နှင့် ပေါင်းစပ်ရန် ကြိုးစားခဲ့သည်။ သင်က ဉာဏ်ကောင်းသည်ဟု ထင်ပြီး သရုပ်ဖော် စနစ်၏ ဟာကွက်ကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သို့သော် သင်ဟာ ကျရှုံးခဲ့ပြီး တန်ပြန်မှုအား ခံစားလိုက်ရသည်။ ထို့ကြောင့် သင့်မိခင်က သင့်အသက်အား ကယ်တင်ရန် ပိုင်ဆိုင်သမျှ အရာအားလုံးကို ရောင်းချခဲ့ရသည်။ သင်ဟာ အိပ်ရာထဲတွင် တစ်လတိတိ လဲနေခဲ့ရသည်။]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ -၁]
[စိတ်စွမ်းအား -၁]
[မိသားစု နောက်ခံ -၁]
[အသက် ၅ နှစ် - သင့်မိသားစု အခြေအနေ အလွန် ဆိုးရွားလာသဖြင့် သင်ဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် စိတ်ဓာတ်မြှင့်တင်ပြီး တောင်ပေါ်သို့ တက်ကာ အမဲလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သင့်ကံတရား မဆိုးလှပေ၊ နေ့တိုင်း သားကောင်များရရှိသည်။]
[စိတ်စွမ်းအား +၂]
[မိသားစု နောက်ခံ +၁]