အခန်း ၂၉ : ဒုတိယမြောက် ရွေးချယ်ခံလူသား ( ၂ )
ဖြစ်နိုင်တာက ပိုင်ယီက ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မပြသခဲ့ခြင်း ဒါမှမဟုတ် ဟိုလူ (၃) ယောက်က သူတို့ခွန်အားကို သူတို့ ယုံကြည်လွန်းလို့ ဒါမှမဟုတ် ပိုင်ယီက ကျင်းရှင်း နန်းတော်ကို အမွှန်းတင် ပြောနေလို့ပဲ ဖြစ်ပေလိမ့်မည်။
သူတို့ (၃) ယောက်နဲ့ စကားပြောနေတုန်း ပိုင်ယီဟာ သတင်းအချက်အလက် တချို့ ရရှိလိုက်၏။ အများစုကတော့ သူ စိတ်မဝင်စားတဲ့ အရာတွေပင်။
ဒါပေမဲ့ သူတို့ရဲ့ ဂျူနီယာ ညီမလေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ကိုတော့ သူ ရယူနိုင်ခဲ့လေသည်။
သူတို့ ဂျူနီယာ ညီမလေးရဲ့ မျိုးရိုးနာမည်က ချင်း ဖြစ်ပြီး နာမည်က ကျောက် ဖြစ်ပေသည်။
သူမရဲ့ နာမည်က ချင်းကျောက်ပင်။
သူမက ချန်ချန်ရွှယ်ထက် (၂) နှစ် ငယ်ကာ အသက် (၁၇) နှစ်ပဲ ရှိနေသေးလေသည်။
ဒါပေမဲ့ အသက်ငယ်လို့ လျှော့တွက်လို့ မရချေ။
ဘာပဲဖြစ်ဖြစ် သူမက ကျင်းရှင်း နန်းတော်သခင်ကြီးရဲ့ သမီးဖြစ်တာကြောင့် နန်းတော်သခင်ကြီးရဲ့ အရည်အချင်းတွေကို အမွေဆက်ခံထားမှာ သေချာပေသည်။
ဒီလို ငယ်ရွယ်တဲ့ အသက်အရွယ်မှာတင် သူမဟာ ချီစုစည်းမှု အဆင့် (၁၀) ကို ရောက်နေပြီး ဟိုလူ (၃) ယောက် ပြောပြချက်အရ သူတို့ရဲ့ ဂျူနီယာ ညီမလေးက နန်းတော်သခင်ကြီး ပေးထားတဲ့ အထူး မှော်လက်နက်တွေ၊ တန်ဖိုးရှိတဲ့ ဝိညာဉ်အဆောင်တွေရဲ့ အကူအညီနဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေကိုတောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်တဲ့။
ဒါကြောင့်ပဲ သူမက ကျင်းရှင်း နန်းတော်ကနေ ခိုးထွက်ရဲတာဖြစ်ပြီး ဒီအခွင့်အရေးကို သုံးကာ ချန်ချန်ရွှယ်ကို ပြဿနာ လိုက်ရှာချင်နေတာ ဖြစ်လေသည်။
သူမက လက်စားချေချင်နေတာပင်။
သူမရဲ့ နာမည်၊ အဆင့်အတန်း၊ ကျင့်ကြံမှုအဆင့် နဲ့ ဇာတ်လမ်းတိုလေး တချို့ကို သိလိုက်ရတာက ပိုင်ယီ အတွက် သူမကို မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဖိတ်ခေါ်ဖို့ လုံလောက်တဲ့ အခြေခံ အချက်အလက်တွေ ဖြစ်နေပေပြီ။
ဒါပေါ့ ပိုင်ယီ အနေနဲ့ အခုချက်ချင်း သူမကို ခေါ်သွင်းလို့ မရသေးချေ။ အကြောင်းမှာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ အချိန်စောင့်ဆိုင်းရမှုက မကုန်ဆုံးသေးပေ။ ဒုတိယမြောက် ရွေးချယ်ခဲတစ်ယောက်ကို ဖိတ်ခေါ်ချင်ရင်တောင် အချိန်စောင်းဆိုင်းရမှု ပြီးတဲ့အထိ စောင့်ရပေအုံးမည်။
"မိတ်ဆွေ... ခင်ဗျားအတွက်လည်း မလွယ်ကူပါဘူး" အရက်နံ့ နံနေတဲ့ ကျင်းရှင်း နန်းတော်က ကျင့်ကြံသူ တစ်ယောက်က သက်ပြင်းချပြီး ပြောလိုက်၏။ "ဆရာသခင် မရှိဘဲ မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ခုခုကို မဝင်ဘဲနဲ့ မသေမျိုးကျင့်ကြံခြင်း လမ်းစဉ်ပေါ် အတင်းအဓမ္မ တက်လှမ်းတာက ဘယ်လောက်တောင် ဇွဲလုံ့လနဲ့ သန္နိဋ္ဌာန် လိုအပ်မလဲ..."
"အကယ်၍ မိတ်ဆွေအနေနဲ့ အသက် (၃၀) မတိုင်ခင် ချီစုစည်းမှု အဆင့် (၅) ကို ရောက်အောင် ချိုးဖျက်ဝင်ရောက်နိုင်ရင် ကျွန်တော်တို့ ခင်ဗျားကို ကျင်းရှင်း နန်းတော်နဲ့ မိတ်ဆက်ပေးပါ့မယ်"
ပိုင်ယီက ကျေးဇူးတင်တဲ့ မျက်နှာထား လုပ်ပြလိုက်၏။ "ကျေးဇူးတင်ပါတယ်ဗျာ"
သူတို့ (၃) ယောက်က ချင်းကျောက်ရဲ့ အခြေခံ အချက်အလက်တွေ ဖွင့်ပြောလိုက်လို့ ကျေးဇူးတင်တာလား ဒါမှမဟုတ် သူတို့ (၃) ယောက်က သူ့ကို ကျင်းရှင်း နန်းတော်နဲ့ မိတ်ဆက်ပေးဖို့ ကြိုးစားပေးမယ် ဆိုလို့ ကျေးဇူးတင်တာလား ဆိုတာတော့...
ပိုင်ယီ တစ်ယောက်တည်းသာ သိပေမည်။
အချိန်များ ကုန်ဆုံးသွားခဲ့လေသည်။
ကျင်းရှင်း နန်းတော်က ကျင့်ကြံသူ (၃) ယောက်ဟာတည်းခိုခန်းမှာ ကြာကြာ မနေခဲ့ကြပေ။ သူတို့က သာမန်လောကက ဝိုင်အရသာကို ပြန်လည် ခံစားချင်လို့ ခဏလာခဲ့ကြတာဖြစ်ပြီး သူတို့ ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကို မမေ့ချေ။ ထို့ကြောင့် ပိုင်ယီအား နှုတ်ဆက်ပြီးနောက်မှာ သူတို့ (၃) ယောက် ထွက်ခွာသွားခဲ့ကြသည်။
ပိုင်ယီဟာ သူ့အိမ်ကို ပြန်ရောက်ပြီးနောက် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကို အသုံးပြုလိုက်၏။
ချင်းကျောက်က မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ အကွာအဝေးထဲမှာ ရှိမရှိ သူ သိချင်နေပေသည်။
"တွေ့ပြီ..."
မကြာခင်မှာပဲ ပိုင်ယီဟာ သရုပ်ဖော် စနစ်ဆီကနေ တုံ့ပြန်မှုအား ရရှိလိုက်လေသည်။
အဲဒီတုန်းက သူ ချန်ချန်ရွှယ်ကို ဖိတ်ခေါ်တုန်းကလည်း ဒီနည်းလမ်းနဲ့ပဲ ဖိတ်ခေါ်ခဲ့တာပင်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ တခြားသူကို ဖိတ်ခေါ်တဲ့ လုပ်ဆောင်ချက်က ရေဒါတစ်ခုလိုပါပင်။ ကီလိုမီတာ အနည်းငယ် ပတ်လည်အတွင်းရှိ ပိုင်ယီ ရှာချင်တဲ့ လူကို ရှာပေးနိုင်လေသည်။
တစ်ဖက်လူရဲ့ တည်နေရာ အတိအကျကို မပြသပေမယ့် ပိုင်ယီ အနေနဲ့ တစ်ဖက်လူရဲ့ အသိစိတ်နဲ့ ထူးခြားတဲ့ ဆက်သွယ်မှု တစ်ခု ရယူနိုင်ပေသည်။
သို့သော် ဒီထူးခြားတဲ့ ဆက်သွယ်မှုက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ရဲ့ အကူအညီနဲ့မှ ပြုလုပ်လို့ ရပေသည်။
...
တစ်ချိန်တည်းမှာပင်။
ချန်အိမ်တော် အပြင်ဘက်။
လမ်းမကြီး တစ်လျှောက် စားပွဲဝိုင်းတွေနဲ့ ပြည့်နှက်နေခဲ့သည်။ စည်ကားသိုက်မြိုက်နေတဲ့ လူအုပ်ကြီးဟာ ထူးခြားစွာ သက်ဝင်လှုပ်ရှားနေခဲ့ပြီး မျက်စိတစ်ဆုံး ကြည့်လိုက်ပါက လမ်းတစ်လမ်းတည်းမှာတင် လူထောင်ပေါင်းများစွာ ပြည့်နှက်နေပေသည်။ ဘေးပတ်ဝန်းကျင်က လမ်းတွေမှာလည်း စားပွဲဝိုင်းတွေနဲ့ ပြည့်နေတာ ထည့်မပြောရသေးချေ။
လမ်းပေါ်မှာ အသားဟင်း ရနံ့တွေ ဝိုင်ရနံ့တွေ မွှေးပျံ့နေခဲ့ပြီး ဒါကို ကြည့်ရင် ချန်မျိုးနွယ်စုက ဒီပွဲကြီး ခမ်းနားအောင် ဘယ်လောက်တောင် ငွေကုန်ကြေးကျ ခံထားလဲ ဆိုတာ သိသာနေလေသည်။
စားသောက်ပွဲက (၉) ရက်နဲ့ (၉) ည ကြာမည်ဖြစ်ရာ ငွေစ (၁၀,၀၀၀) မက ကုန်နိုင်ပေသည်။
"တကယ် ဆူညံတာပဲ... ဒါပေမဲ့ ခံစားချက်ကတော့ မဆိုးပါဘူး... ဒါက သာမန်လောကလား"
"ခြောက်ကပ်နေတဲ့ ကျင်းရှင်း နန်းတော်ထက် အများကြီး ပိုသက်ဝင်လှုပ်ရှားနေတာပဲ.."
"လူမျိုးစုံ ရှိတာပဲဟေ့"
လူအုပ်ကြီးထဲမှာ မိန်းကလေး တစ်ယောက်ဟာ လည်ပင်းဆန့်ပြီး ဘယ်ကြည့်လိုက် ညာကြည့်လိုက် လုပ်နေခဲ့ပြီး ဒီနေရာက အရာအားလုံးကို စိတ်ဝင်စားနေပုံ ရလေသည်။
ဒါပေမဲ့ အံ့သြစရာ ကောင်းတာက ကောင်မလေးရဲ့ ရုပ်ရည်က သိပ်ကို လှပလွန်းနေပေမယ့် ဘေးပတ်ဝန်းကျင်က လူတွေက သူမကို လျစ်လျူရှုထားကြခြင်းပင်။
ဒါ့အပြင် သူမက လူအုပ်ကြီးထဲ တိုးဝင်သွားတဲ့အခါ ဘေးနားက လူတွေက အလိုအလျောက် လမ်းဖယ်ပေးခဲ့ကြသည်။
သူမ ရှိနေမှန်း သိပေမယ့် မမြင်ရသလို ဖြစ်နေခဲ့ကြလေသည်။
၎င်းက သိပ်ကို ထူးဆန်းလှပေသည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်မလေးက မအံ့သြပဲ သူမဟာ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။ "အစ်ကိုကြီး သန့်စင်ပေးလိုက်တဲ့ ကိုယ်ဖျောက်အဆောင်က တကယ် အံ့သြစရာ ကောင်းတာပဲ... ကံကောင်းလို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ဆီကနေ အဆင့်မြင့် ကိုယ်ဖျောက်အဆောင် အနည်းငယ် ခိုးလာလိုက်မိတာ မဟုတ်ရင် ကျင်းရှင်း နန်းတော်ရဲ့ တံခါးမကြီးကနေတောင် ခိုးထွက်လာနိုင်မှာ မဟုတ်ဘူး"
ကျင်းရှင်း နန်းတော် ဆိုတာ မသေမျိုးကျင့်ကြံခြင်း လောကရဲ့ နာမည်ကြီး ဂိုဏ်းတစ်ခုပင်။ ပုန်းအောင်းနေသော နဂါးများ၊ ဝပ်နေသော ကျားများရှိတဲ့ နေရာလို့ ပြောလို့ရပြီး ကျွမ်းကျင်သူတွေက တိမ်တွေလို များပြားလှပေသည်။
သူမ ဘယ်လောက်ပဲ ပါရမီကောင်းကောင်း သူမရဲ့ မွေးရာပါ ပါရမီက ဘယ်လောက်ပဲ ကောင်းကင်ဘုံကို အံတုနိုင်ပါစေ သူမရဲ့ အသက်အရွယ်ကြောင့် ကန့်သတ်ချက် ရှိနေတုန်းပင်။ သူမရဲ့ ကျင့်ကြံမှုက ချီစုစည်းမှု အဆင့် (၁၀) ပဲ ရှိသေးလေသည်။
ချီစုစည်းမှု အဆင့် (၁၀) ကျင့်ကြံသူ တစ်ယောက် အနေနဲ့ သူမရဲ့ အဆင့်အတန်းက နည်းနည်း ထိရှလွယ်ပြီး ထူးခြားနေခဲ့သည်။
ကျင်းရှင်း နန်းတော်လို နေရာမျိုးကနေ ခိုးထွက်ဖို့ ဆိုတာ တကယ့်ကို ခက်ခဲလေသည်။
ခြွင်းချက် အနေနဲ့... သူမက ပြင်ပ အရာဝတ္ထု တချို့ကို အသုံးပြုနိုင်ရင်တော့ သိပ်ပြီး မခက်ခဲတော့ပေ။
ယခု သူမ လုပ်လိုက်သလိုမျိုးပင်။ တွန့်ဆုတ်မနေဘဲ သူမဟာ အစ်ကိုကြီးရဲ့ ဝိညာဉ်အဆောင် အနည်းငယ်ကို ယူလိုက်လေသည်။
ပြီးတော့ ချင်းဟယ် ခရိုင်ကို လာဖို့ ကျင်းရှင်း နန်းတော်ကနေ ခိုးထွက်ရာမှာ ဒါတွေကို အသုံးပြုခဲ့ပေသည်။
ရည်ရွယ်ချက်က ရိုးရှင်းပေသည်။ ၎င်းက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မကို ပြဿနာ သွားရှာမလို့ပင်။
"သုံးနှစ်... ဒီသုံးနှစ်လုံး ငါ ဘယ်လို သည်းခံခဲ့ရလဲ သူသိရဲ့လား... လွန်ခဲ့တဲ့ သုံးနှစ်က ယှဉ်ပြိုင်ပွဲတုန်းက အဲဒီမိန်းမက ငါ့ဆံပင်တွေကို ဓားတစ်ချက်တည်းနဲ့ ဖြတ်ပစ်လိုက်တာ... "
ကောင်မလေး အံကြိတ်လိုက်၏။ "သူ့ကြောင့် ငါ အရူးလုပ်ခံလိုက်ရတာ... ငါ့ အစ်ကိုကြီးနဲ့ ဒုတိယ အစ်ကိုတို့က အကြာကြီး ဝိုင်းရယ်ကြတာ... ပြီးတော့ အမေကတောင် ငါ့ကို ကောင်းကောင်း မကျင့်ကြံလို့ ဆိုပြီး ဆူပူကြိမ်းမောင်းပြီး တစ်နှစ်လောက် အပြင်မထွက်ရ အမိန့် ပေးလိုက်သေးတယ်"
"သောက်ကျိုးနည်း ... ချန်"
"ဒီတစ်ခါတော့ ငါ အခွင့်အရေး ရပြီ... ငါ... ချင်းကျောက်က မင်းကို သေချာပေါက် သင်ခန်းစာ ပေးရမယ်"
ကောင်မလေးဟာ ကျင်းရှင်း နန်းတော်သခင်ကြီးရဲ့ အငယ်ဆုံးသမီး ချင်းကျောက်ပင်။
ရုတ်တရက် ချင်းကျောက်ရဲ့ မကျေမနပ် ဖြစ်နေတဲ့ မျက်နှာထား အေးခဲသွားခဲ့သည်။ သူမရဲ့ မျက်နှာက အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ပြီး သူမရဲ့ မျက်ဝန်းတွေထဲမှာ မယုံကြည်နိုင်မှုတွေ ပြည့်နှက်သွားခဲ့လေသည်။ တစ်ချိန်တည်းမှာပဲ သူမ သတိထားလိုက်ပြီး ထိတ်လန့်သွားခဲ့သည်။ "ဘာဖြစ်တာလဲ... တစ်ယောက်ယောက် ငါ့အသိစိတ်ထဲ ခိုးဝင်လာတာလား"
သူမဟာ ခြေလှမ်း ရပ်တန့်သွားပြီး တုန်လှုပ်သွားခဲ့သည်။
သူမ ခိုးထွက်လာကာစမှာပဲ ဒီလိုကိစ္စမျိုး ကြုံရလိမ့်မယ်လို့ ထင်မထားခဲ့ပဲ အလစ်အငိုက် မိသွားခဲ့လေသည်။
ထိုအချိန်၌ သူမရဲ့ အသိစိတ်ထဲမှာ စာသားအနည်းငယ် ပေါ်လာတာကို ရှင်းရှင်းလင်းလင်း 'မြင်' နေခဲ့ရသည်။
"ဘဝရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို နားလည်ချင်သလား... တကယ် အသက်ရှင်ချင်သလား"
"နားလည်ချင်ပါတယ်"
"မနားလည်ချင်ပါ"
..............
"ဘာကို ဆိုလိုတာလဲ......."
သူမ အဲဒီစာသားကို လိုက်ရွတ်ရင်း တံတွေး မမျိုချဘဲ မနေနိုင်တော့ပေ။
'ဖြစ်နိုင်တာက သူမအမေ ကိုယ်တိုင် တောင်အောက်ဆင်းပြီး သူမကို လာဖမ်းတာလား..... ဒါပေမဲ့ ပြန်မဖမ်းခင် သင်ခန်းစာ ပေးတဲ့ အနေနဲ့ နောက်ပြောင်နေတာလား....'
ဒါမှမဟုတ် တစ်ယောက်ယောက်က သူမကို ကြံစည်နေတာလားပင်။
'တစ်ယောက်ယောက်က သူမကို ကျင်းရှင်း နန်းတော်ကနေ ထွက်လာအောင် မျှားခေါ်ပြီး အခုမှ လှုပ်ရှားတာလည်း ဖြစ်နိုင်ပေသည်။
"ရှူး.."
ချင်းကျောက် လေအေးတစ်ချက် ရှူရှိုက်လိုက်မိ၏။
သူမ နောင်တရလာခဲ့လေသည်။
အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် သူမ ကိုယ့်ကိုယ်ကိုယ် ဒုက္ခတွင်းထဲ တွန်းပို့လိုက်မိပြီလို့ ခံစားလိုက်ရသည်။ အထူးသဖြင့် သူမကို ကာကွယ်ပေးမယ့် ကျွမ်းကျင်သူ တစ်ယောက်မှ မပါလာခဲ့ပေ။
သူမရဲ့ ချီစုစည်းမှု အဆင့် (၁၀) ကျင့်ကြံမှုက အားကောင်းတယ် ဆိုပေမယ့် ချင်းဟယ် ခရိုင်မှာ သူမကို နိုင်မယ့်သူ သိပ်မရှိပေမယ့် အခု သူမ ကြုံတွေ့နေရတဲ့ ထူးဆန်းတဲ့ အခြေအနေက ချီစုစည်းမှု အဆင့် (၁၀) ထက် သာလွန်နေတာ သေချာပေသည်။
ဒါက ချီစုစည်းမှု အဆင့် ကျင့်ကြံသူ တစ်ယောက် လုပ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ချေ။
'တစ်ဖက်လူက သူမရဲ့ အသိစိတ်ထဲ ဝင်ရောက်နိုင်တယ် ဆိုတော့ အခြေတည်အဆင့်လား...'
'မဖြစ်နိုင်ဘူး....'
'ရွှေအမြုတေအဆင့်လား.... မူလဝိညာဉ်အဆင့်လား....'
"နားမလည်ချင်ပါ" ချင်းကျောက်ဟာ အံကြိတ်ပြီး ရွေးချယ်လိုက်၏။ ဒီအချိန်မှာ သူမ မျှော်လင့်နိုင်တာက တစ်ဖက်လူမှာ သတ်ဖြတ်လိုစိတ် မရှိပါစေနဲ့ ဆိုတာပင်။
သူမဟာ နားမလည်ချင်ပါကို ရွေးချယ်လိုက်လေသည်။
နောက်တစ်ခဏတွင် သူမရဲ့ အသိစိတ်ဟာ ရုတ်တရက် ရပ်တန့်သွားပြီး သူမ ဘာမှ မတွေးနိုင်တော့သလိုပင်။
ထို့နောက် ခဏတာ အတွင်းမှာပဲ သူမဟာ ပျောက်ကွယ်သွားခဲ့လေသည်။
...