အခန်း ၂၈ : ကျင်းရှင်းနန်းတော်၊ ဒုတိယမြောက် ရွေးချယ်ခံလူသား ( ၁ )
"စားပွဲထိုး... ဒီနေ့ ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲ" ပိုင်ယီဟာ ဒီနေ့လည်း ချက်ပြုတ်ရမှာ ပျင်းလို့ တည်းခိုခန်းက ခုံပေါ်မှာ ထိုင်ပြီး ဘေးက စားပွဲထိုးကို မေးလိုက်၏။ "ပုံမှန်ဆို တည်းခိုခန်းက စီးပွားရေး တော်တော် ကောင်းတယ် မဟုတ်ဘူးလား"
စားပွဲထိုးက သစ်သားစားပွဲပေါ် လက်ဖက်ရည်အိုး ချပေးပြီး ပြန်ဖြေလိုက်လေသည်။ "သခင်လေးပိုင် ခင်ဗျား မေ့သွားပြီလား... ဒီနေ့က ချန်မျိုးနွယ် သခင်ကြီးရဲ့ မွေးနေ့လေဗျာ.."
စားပွဲထိုး ခဏ ရပ်ပြီး ဆက်ပြောလိုက်သည်။ "စားသောက်ပွဲကို ပိုစည်ကားအောင်လို့ ချန်မျိုးနွယ်စုက စားသောက်ပွဲ အကြီးကြီး စီစဉ်ထားခဲ့တယ်လေ"
"ချန်အိမ်တော် အတွင်းပိုင်းမှာတော့ အရာရှိမင်းတွေ သူဌေးသူကြွယ်တွေ ဧည့်သည်တွေပေါ့"
"ချန်အိမ်တော် အပြင်ဘက်မှာတော့ ချင်းဟယ် ခရိုင်က ပြည်သူတွေကို ကျွေးမွေးတယ်... ဗိုက်ဆာတဲ့ ဘယ်သူမဆို စားသောက်ပွဲမှာ ဝင်စားလို့ရတယ်လေ"
"ပြီးတော့ စားသောက်ပွဲက (၉) ရက်နဲ့ (၉) ည ကြာမှာတဲ့"
နားထောင်ပြီးတော့ ပိုက်ဆံ သိပ်မရှားလှတဲ့ ပိုင်ယီတောင် ချန်မျိုးနွယ်စုရဲ့ ကြွယ်ဝမှုကို အံ့သြမသွားဘဲ မနေနိုင်တော့ချေ။ သူ့ရဲ့ ရွေးချယ်ခံလူသားရဲ့ မိသားစု နောက်ခံက သာမန်ကာလျှံကာမျှ မဟုတ်ပေ။
ခရိုင်တစ်ခုလုံးက ပြည်သူတွေကို အလကား ကျွေးမွေးဖို့ စားသောက်ပွဲကြီး လုပ်တယ် ဆိုတော့... ပိုက်ဆံ ဘယ်လောက်တောင် ကုန်လိုက်မည်နည်း။
ချင်းဟယ် ခရိုင်က လူတိုင်း သွားစားကြလိမ့်မယ်လို့ မဆိုလိုပေမယ့် အနည်းဆုံးတော့ လူသောင်းနဲ့ချီ သွားစားကြမှာ သေချာလေသည်။
ပိုင်ယီတောင် အလကား သွားစားရ ကောင်းမလားဟု စဉ်းစားနေမိခဲ့သည်။
ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သရုပ်ဖော် စနစ်ကနေ ရရှိခဲ့တဲ့ အတွင်းအားတွေကြောင့် ချန်ချန်ရွှယ် သူ့အား သံသယ ဝင်သွားမှာ စိုးလို့ ဒီအတွေးကို ခဏ ဖယ်ရှားလိုက်၏။
အထူးသဖြင့် အခု သူက ဓားကျင့်စဉ်ကို သိရုံသာမက ဓားဆိုတဲ့ မွေးရာပါ ပါရမီကိုပါ ပိုင်ဆိုင်ထားပြီလေ။
ပိုင်ဖျင် ဝိညာဉ်ဓားတောင် ရှိနေသေးပေသည်။
ထို့ကြောင့် သူတော်စင်မ ရှေ့မှာဆိုရင် အလွယ်တကူ ပေါ်သွားနိုင်လေသည်။
ရုတ်တရက် ထူးခြားတဲ့ လူအနည်းငယ် တည်းခိုခန်းထဲ ဝင်ရောက်လာခဲ့သည်။ သူတို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါကို ကြည့်ခြင်းအားဖြင့် သာမန်လူတွေနဲ့ မတူမှန်း သိသာပေသည်။
သူတို့အားလုံးက မသေမျိုးကျင့်ကြံသူတွေဖြစ်ကာ မသေမျိုးကျင့်ကြံသူ (၃) ယောက်ပင်။
"ဂျူနီယာ ညီမလေးက ဘာလို့ ဒီလောက် ခေါင်းမာနေလဲ မသိဘူး... နန်းတော်သခင်ကြီးက ဝိညာဉ်ဓားဂိုဏ်းက ချန်ချန်ရွှယ်ကို သွားမစဖို့ ပြောထားပြီးသားကို... နောက်ဆုံးတော့ သူ ဘယ်က သတင်းရလာလဲ မသိဘူး... ချန်ချန်ရွှယ် အဘိုးရဲ့ အသက် (၉၀) ပြည့် မွေးနေ့မှာ ချန်ချန်ရွှယ်လည်း ပေါ်လာမယ် ဆိုတာ သိသွားတယ်"
"ဒါနဲ့ သူ တိတ်တဆိတ် ထွက်ပြေးသွားရော... အဲဒီ ချန်ချန်ရွှယ်ကို သွားပြီး ပြဿနာရှာချင်နေတာ သေချာတယ်... ဘာပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျင်းရှင်း နန်းတော်နဲ့ ဝိညာဉ်ဓားဂိုဏ်း အပြန်အလှန် ယှဉ်ပြိုင်ကြတုန်းက ဝိညာဉ်ဓားဂိုဏ်းက ချန်ချန်ရွှယ်က ဂျူနီယာ ညီမလေးကို သင်ခန်းစာ ပေးလိုက်တာကိုး"
မသေမျိုးကျင့်ကြံသူ တစ်ယောက်က ဝမ်းနည်းပက်လက် မျက်နှာထားနဲ့ သက်ပြင်းချလိုက်၏။ "နန်းတော်သခင်ကြီးက ငါတို့ (၃) ယောက်ကို သူ့ကို ပြန်လာဖို့ သွားဖျောင်းဖျခိုင်းလိုက်တယ်... အကယ်၍ ဖျောင်းဖျမရရင် ကြိုးတုပ်ပြီး ပြန်ခေါ်လာခဲ့တဲ့"
"သူ့ကို ရှာရတာ လွယ်မလားကွ... နန်းတော်သခင်ကြီးလည်း ဂျူနီယာ ညီမလေးရဲ့ စရိုက်ကို မသိတာမှ မဟုတ်တာ... ငါတို့ (၃) ယောက်တော့ ဒုက္ခရောက်ပြီပဲ"
နောက်တစ်ယောက်က သူ့ပခုံးကို ပုတ်ပြီး ပြောလိုက်၏။ "ဂျူနီယာ ညီမလေးက နန်းတော်သခင်ကြီးရဲ့ အငယ်ဆုံးသမီးပဲလေ... သူ့ရဲ့ ကိုယ်ကိုကိုယ် အထင်ကြီးစိတ်က သိပ်ပြင်းထန်တာ.... အဲဒီတုန်းက ရှုံးနိမ့်ခဲ့တာကို သူက ခုထိ မကျေမနပ် ဖြစ်နေတုန်းပဲ"
"အခု ချန်ချန်ရွှယ် တောင်ပေါ်က ဆင်းလာပြီမှန်းလည်း သိရော သူက ချန်ချန်ရွှယ်ကို လက်စားချေဖို့ အခွင့်အရေး ရှာနေမှာ သေချာတယ်... ပြီးတော့ သူ့ကို ရှာရတာ သိပ်မခက်ပါဘူး... ညရောက်တဲ့အထိ စောင့်ပြီး ချန်အိမ်တော်ကို သွားကြည့်လိုက်ရင် တွေ့မှာပဲ"
"ခက်တာက သူ့ကို ကျင်းရှင်း နန်းတော်ဆီ ဘယ်လို ပြန်ခေါ်သွားမလဲ ဆိုတာပဲ..."
နောက်ဆုံးလူက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်... ဂျူနီယာ ညီမလေး ငယ်ငယ်တုန်းကလည်း တစ်ခါ ထွက်ပြေးဖူးသေးတယ်.. အဲ့ဒီတုန်းကလည်း ငါတို့ (၃) ယောက်ပဲ လိုက်ရှာခဲ့ရတာ... ချီး.. သူ့ကို ပြန်ခေါ်လာဖို့ (၂) လကျော် ကြာသွားတယ်ကွာ..."
ဒီအထိ ရောက်တော့ သူတို့ (၃) ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး သက်ပြင်းချလိုက်ကြလေသည်။
သူတို့ တော်တော် ကံဆိုးတာပဲလို့ ညည်းညူလိုက်ကြပေသည်။ ဒီလို နှိပ်စက်တဲ့ တာဝန်မျိုး (၂) ခါတောင် ရခဲ့တာကြောင့်ပင်။
မကြာခင် သူတို့ဟာ တည်းခိုခန်းထဲက စားပွဲဝိုင်း တစ်ခုမှာ ဝင်ထိုင်လိုက်ကြသည်။
"စားပွဲထိုး... ငါတို့ကို ဝိုင်ပုလင်း အနည်းငယ်လောက် ပေးစမ်း... ကျွတ်... သာမန်လောကက ဝိုင်ကို မသောက်ရတာ ကြာပြီ... အရင်တုန်းက အရသာကို အရင် ပြန်ခံစားကြည့်ရအောင်"
"..."
သူတို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတဲ့ ပိုင်ယီဟာ သူတို့ (၃) ယောက်ရဲ့ စကားပြောသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရပေသည်။ သူ ကံဆိုးတဲ့ ကောင် (၃) ကောင်နဲ့ တွေ့နေတယ် ဆိုတာ အကြမ်းဖျင်း သိလိုက်ရသည်။
သူတို့က ကျင်းရှင်း နန်းတော်က မသေမျိုးကျင့်ကြံသူတွေ ဖြစ်ပြီး ပိုင်ယီက သူတို့ရဲ့ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုကို အာရုံမခံနိုင်ဘူး။
ဖြစ်နိုင်တာ တစ်ခုတည်း ရှိကာ အဲဒါက သူတို့အားလုံး ပိုင်ယီထက် ပိုသန်မာကြလေသည်။
သူတို့ရဲ့ ကျင့်ကြံမှုအဆင့် မနိမ့်ခြင်းအား သူ မအံ့သြမိပေ....
ဘာပဲဖြစ်ဖြစ် ကျင်းရှင်း နန်းတော်သခင်ကြီးရဲ့ အငယ်ဆုံးသမီး ထွက်ပြေးသွားတာကြောင့် သူ့ကို လိုက်ရှာခိုင်းတဲ့ လူတွေက သေချာပေါက် သန်မာရပေမည်။ မသန်မာရင် သူ့ကို ပြန်ခေါ်လာနိုင်မှာ မဟုတ်ချေ။
ပိုင်ယီဟာ ကျင်းရှင်း နန်းတော် အကြောင်း အနည်းငယ် သိထားလေသည်။ သူတို့က နာမည်ကျော်ကြားတဲ့ ဖြောင့်မတ်သော မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ဖြစ်၏။
ဝိညာဉ်ဓားဂိုဏ်းနဲ့ အဆင့်တူ ဂိုဏ်းတစ်ခုလို့ သတ်မှတ်လို့ ရပြီး ကြားဖူးတာတော့ ဝိညာဉ်ဓားဂိုဏ်းထက် သမိုင်းကြောင်း ပိုရှည်လျားပြီး နှစ်သောင်းချီ သက်တမ်းရှိတယ်လို့ ကောလာဟလတွေ ရှိလေသည်။
ထို့အပြင် ကျင်းရှင်း နန်းတော်သခင်ကြီးရဲ့ သမီးက ချန်ချန်ရွှယ်နဲ့ ယှဉ်ပြိုင်ခဲ့ဖူးတယ်တဲ့...
ပိုင်ယီ အတွေးနက်သွားခဲ့သည်။
သူက ချီစုစည်းမှု အဆင့် မသေမျိုးကျင့်ကြံသူ ဖြစ်နေပြီ ဆိုတာ မမေ့ချေ။ ထို့ကြောင့် လူ (၂) ယောက်အာူ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဖိတ်ခေါ်ခွင့် ရှိနေပေပြီ။
သင့်တော်တဲ့ ကိုယ်စားလှယ်လောင်း ရှာမတွေ့သေးလို့တာ ဒုတိယလူအား ဖိတ်ခေါ်ဖို့ သူ အလောမကြီးခဲ့တာ ဖြစ်ပေသည်။
ချင်းဟယ် ခရိုင်မှာ မသေမျိုးကျင့်ကြံသူ တချို့ ရှိပေမယ့် အားလုံးက ပါရမီ သာမန်လောက်ပဲ ရှိတဲ့ လေလွင့်ကျင့်ကြံသူတွေ ဖြစ်နေခဲ့လေသည်။
ဂိုဏ်းသား တချို့ ရှိပေမယ့် သူတို့ရဲ့ ပါရမီလည်း သိပ်မကောင်းလှပေ။
ချန်ချန်ရွှယ်က ခြွင်းချက်ပင်။
သူ့ရဲ့ ရွေးချယ်ခံလူသား ဖြစ်ဖို့ အရည်အချင်း ပြည့်မီတဲ့ ကိုယ်စားလှယ်လောင်းက အနည်းဆုံးတော့ ချန်ချန်ရွှယ်နဲ့ အဆင့်တူ ဖြစ်ရပေမည်။ ဘာပဲဖြစ်ဖြစ် ချန်ချန်ရွှယ်ထက် နည်းနည်း နိမ့်နေရင်တောင် လက်ခံနိုင်သေးပေသည်။
ဝမ်းနည်းစရာ ကောင်းတာက ဒီလို တောင်းဆိုချက်မျိုးက ဖြည့်ဆည်းဖို့ နည်းနည်း ခက်ခဲလွန်းနေခြင်းပင်။ ချင်းဟယ် ခရိုင်မှာ အဲဒီလိုလူမျိုး သိပ်ပြီး မရှိလှပေ။
ဒါပေမဲ့ အခုအခြေအနေ နည်းနည်း ပြောင်းလဲသွားပေပြီ။
ကျင်းရှင်း နန်းတော်သခင်ကြီးရဲ့ သမီးက ချန်ချန်ရွှယ်နဲ့ ယှဉ်ပြိုင်ခဲ့ဖူးပြီး အခု သူမက သိက္ခာပြန်ဆယ်ဖို့ ချန်ချန်ရွှယ်ကို လိုက်ရှာနေခဲ့သည်။
ဒီအချက်တွေက တစ်ဖက်လူမှာ ရွေးချယ်ခံလူသား ဖြစ်ဖို့ ပိုင်ယီရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီသည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတာ တစ်ခုက ကျင်းရှင်း နန်းတော်သခင်ကြီးရဲ့ သမီးအကြောင်း သူ သိပ်မသိတာပင်။
အကယ်၍ တစ်စုံတစ်ယောက်ကို မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲ ဖိတ်ခေါ်ချင်ရင် တစ်ဖက်လူနဲ့ အကွာအဝေး တစ်ခုအတွင်းရှိနေဖို့ လိုအပ်သည်။
ဒါ့အပြင် တစ်ဖက်လူရဲ့ အခြေခံ အချက်အလက် တချို့ကိုလည်း သိထားဖို့ လိုပေသည်။
ပထမအချက်က ပြဿနာ သိပ်မရှိပဲ ဆိုးဆုံး အခြေအနေ ဆိုရင်တောင် ချင်းဟယ် ခရိုင် တစ်ခုလုံး ပတ်ရှာလိုက်ရင် တစ်ချိန်ချိန်တော့ တွေ့ရမည်ပင်......
ဒါပေမဲ့ ဒုတိယအချက်...
ပိုင်ယီ တစ်ဖက်လူရဲ့ အခြေခံ အချက်အလက်ကို မသိပဲ သူမက ချင်းဟယ် ခရိုင်မှာ သိပ်နာမည်မကြီးတာပင်။
ချန်ချန်ရွှယ်လောက် နာမည်မကြီးတော့ ပိုင်ယီဟာအခြေခံ အချက်အလက်တွေ စုဆောင်းလို့ မရပေ။
သူ့ဦးနှောက် အလုပ်လုပ်သွားပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်၏။
ယဉ်ကျေးတဲ့ အပြုံးလေးနဲ့ ကျင်းရှင်း နန်းတော်က မသေမျိုးကျင့်ကြံသူ (၃) ယောက်ဆီ လျှောက်သွားလိုက်လေသည်။
"မိတ်ဆွေတို့ ... ခင်ဗျားတို့က ကျင်းရှင်း နန်းတော်က ကျင့်ကြံသူတွေလား... ကျွန်တော်က ချင်းဟယ် ခရိုင်က လေလွင့်ကျင့်ကြံသူပါ....နာမည်က ပိုင်ယီပါ.... ကျင်းရှင်း နန်းတော် အကြောင်း ငယ်ငယ်ကတည်းက ကြားဖူးနေတာ"
"မသေမျိုးကျင့်ကြံခြင်း လမ်းစဉ်ပေါ် မရောက်ခင်တုန်းက ကြားဖူးတာ... ကျင်းရှင်း နန်းတော်ရဲ့ အင်အားက ဝိညာဉ်ဓားဂိုဏ်းထက်တောင် သာလွန်တယ်ဆို ဒါကြောင့် ကျင်းရှင်း နန်းတော်ထဲ ဝင်ချင်တဲ့ စိတ်ကူး ရှိခဲ့ဖူးတယ်ဗျ"
"ဝမ်းနည်းစရာ ကောင်းတာက ကျွန်တော့်ရဲ့ မွေးရာပါ ပါရမီက မလုံလောက်ခဲ့ဘူးဗျာ... ဟူး"
ဟိုလူ (၃) ယောက်ရဲ့ အံ့သြသံသယဖြစ်နေတဲ့ အကြည့်တွေအောက်မှာ ပိုင်ယီဟာ သဘာဝကျတဲ့ မိတ်ဆွေဟောင်း တစ်ယောက်လို ပြုမူနေခဲ့သည်။
ထို့နောက် သူဟာ လွတ်နေတဲ့ ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်၏။
"ဒီနေ့ ကျင်းရှင်း နန်းတော်က မိတ်ဆွေတွေနဲ့ တွေ့ရတာက တကယ့်ကို ကံကောင်းတဲ့ နေ့ပါပဲ"
သူက လိုက်လျောညီထွေ ရှိရမည်ဖြစ်ပြီး ဒီကျင့်ကြံသူတွေ သဘောကျမယ့် စကားမျိုး ပြောရပေမည်။
သူတို့နဲ့ စကားပြောချင်ပါက အရင်ဆုံး သူတို့ သဘောကျအောင် လုပ်ရမယ်ဆိုတာ ပိုင်ယီ သိလေသည်။
မျှော်လင့်ထားတဲ့ အတိုင်းပါပင်။ ကျင်းရှင်း နန်းတော်က ဝိညာဉ်ဓားဂိုဏ်းထက် ပိုသန်မာတယ် ဆိုတာ ပြောလိုက်တော့ သူတို့ (၃) ယောက်ရဲ့ မျက်နှာပေါ်မှာ စိတ်သက်သာရာရတဲ့ အရိပ်အယောင်တွေ ပေါ်လာခဲ့သည်။
"ကျွန်တော်တို့က ကျင်းရှင်း နန်းတော်ကပါပဲ... မိတ်ဆွေ ... ခင်ဗျား ကျင်းရှင်း နန်းတော်ထဲ မဝင်ရလို့ စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး... အဲဒီတုန်းက ကျွန်တော်လည်း ကျင်းရှင်း နန်းတော်ထဲ ဝင်ခွင့်ရဖို့ နှစ်အနည်းငယ်လောက် စောင့်ခဲ့ရတာပဲ"
အနည်းငယ် ငယ်ရွယ်ပုံရတဲ့ ကျင်းရှင်း နန်းတော် ကျင့်ကြံသူ တစ်ယောက်က ယဉ်ကျေးစွာ ပြုံးပြီး ပြန်ဖြေလိုက်သည်။ "မိတ်ဆွေ... ခင်ဗျားကြားဖူးတဲ့ ကောလာဟလတွေက ဘက်လိုက်လွန်းနေပါတယ်ဗျာ... ကျင်းရှင်း နန်းတော်က ဝိညာဉ်ဓားဂိုဏ်းထက် အများကြီး ပိုမသန်မာပါဘူးဗျ"
"ဝိညာဉ်ဓားဂိုဏ်းထက် နည်းနည်းလေး ပိုပြီး နက်ရှိုင်းတယ်ဆိုရုံပါပဲ"
"ရန်မတိုက်ပေးပါနဲ့ဗျာ"
...