အခန်း ၂၆ : ချီစုစည်းမှု စတုတ္ထအဆင့်၊ သေဆုံးခြင်း
မွေးရာပါ ပါရမီ (၂) ခုကို အစားထိုးပြီးကတည်းက တစ်နှစ်လုံးလုံး ကြာသွားခဲ့ပေမဲ့ ချန်ချန်ရွှယ် အနေနဲ့ သူမခန္ဓာကိုယ်မှာ ဘာပြောင်းလဲမှုမှ မရှိဘူးလို့ ခံစားခဲ့ရသည်။
ဒါကိုလည်း သူမ နားလည်ပေသည်။
ဘာပဲဖြစ်ဖြစ် ပါရမီအသစ် (၂) ခုက သူမရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့ မသက်ဆိုင်ပဲ အချိန် နောက်ပြန်လှည့်ခြင်းဆိုတာက ဖြစ်နိုင်ခြေနဲ့ ဆိုင်တဲ့ ပါရမီအသစ် တစ်ခုပင်။ ဘယ်အချိန်ကျမှ အလုပ်ဖြစ်မလဲ ဘယ်သူမှ မသိနိုင်ချေ။
အသက် ၃၀ တွင် အောင်မြင်ခြင်းကတော့ ပြောနေစရာပင် မလိုပါပေ။
နာမည်အတိုင်းပင် အဲဒီအသက် မရောက်မချင်း ဒီပါရမီက အသုံးဝင်မည်မဟုတ်ပေ။
အခုတော့... ဒီပါရမီကို အလုပ်ဖြစ်ဖို့ အနည်းဆုံး (၉) နှစ်လောက် သူမ ထပ်စောင့်ရပေအုံးမည်။
ဒီအရေးကြီးတဲ့ (၉) နှစ်တာ ကာလကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်ဖို့အတွက် ချန်ချန်ရွှယ်ဟာ ဂိုဏ်းအပြင်ထွက်ပြီး အတွေ့အကြုံ ရှာဖွေရမယ့် အခွင့်အလမ်း အားလုံးကို စွန့်လွှတ်လိုက်၏။ ယှဉ်ပြိုင်တဲ့ သဘောဆောင်တဲ့ ဂိုဏ်းတွင်း ပြိုင်ပွဲတွေမှာလည်း သူမဟာ ဝင်ရောက် မယှဉ်ပြိုင်ခဲ့ပါပေ။
တစ်ချိန်တည်းမှာပဲ သူမ မသိတဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံတာဟာ အလွန် နည်းပါးပြီး သူမ အိမ်တွင်းအောင်း တစ်ယောက်ဖြစ်သွားပြီလို့ ပြောလို့ရပေသည်။
ချန်ချန်ရွှယ်ဟာ ကောင်းကင်ဂိုဏ်းထဲမှာ နေခဲ့တာ တော်တော်ကြာပြီ ဖြစ်ပေမယ့် သူမ သိတာဆိုလို့ (၃) ယောက်ပဲ ရှိလေသည်။
တစ်ယောက်က ထူးဆန်းတဲ့ အကြောင်းပြချက်တွေနဲ့ သူမကို ချဉ်းကပ်ချင်နေတဲ့ ဂျူနီယာ ညီမလေး ဟိုရင်းယွမ်ဖြစ်ကာ ကျန်တဲ့ (၂) ယောက်က အကြီးအကဲ ယွဲ့ နဲ့ ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးပင်။
ဒီ (၃) ယောက်ကိုပဲ သူမ သိပေသည်။
ကျန်တဲ့လူတွေကိုတော့... နာမည် သိရင်တောင် သူမ အထူးတလည် မှတ်မထားပေ။
အဘယ်ကြောင့်ဆိုသော် မလိုအပ်၍ပင်။ ဘာပဲဖြစ်ဖြစ် အဲဒီလူတွေနဲ့ သူမ ဆက်သွယ်စရာ အကြောင်းမှ မရှိတာကြောင့် မှတ်ထားစရာလည်း မလိုဘူးချေ။
ဒါက သူမဟာ နှစ်ပေါင်းများစွာ အေးအေးချမ်းချမ်း နေထိုင်နိုင်ပြီး အန္တရာယ် အမျိုးမျိုးကို နည်းလမ်းပေါင်းစုံနဲ့ ရှောင်ရှားကာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ ပိုအသက်ရှည်ရှည် နေနိုင်အောင် ကြိုးစားနေခြင်းပင်။
[အသက် ၂၁ နှစ် - သင်သည် ဂိုဏ်းတွင်း ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ငြင်းဆန်ခဲ့ပြီး ကျင့်ကြံရာ နေရာတစ်ခုတွင် သီးသန့်ကျင့်ကြံရန် ရွေးချယ်လိုက်ပါသည်။ သင့်ကျင့်ကြံမှု တိုးတက်လာပြီး ဓားကျင့်စဉ် အပေါ် နားလည်သဘောပေါက်မှု ပိုမို နက်ရှိုင်းလာခဲ့သည်။]
[အသက် ၂၂ နှစ် - သင့် ဂျူနီယာ ညီမလေးဟာ အတွေ့အကြုံ သင်ယူဖို့ အပြင်ထွက်စဉ် ပြင်းထန်စွာ ဒဏ်ရာရလာခဲ့သည်။ ကံကောင်းစွာဖြင့် သူမသည် နတ်ဘုရား လွှတ်မြောက်ခြင်းအင်းကို အချိန်မီ အသုံးပြုပြီး လွတ်မြောက်လာနိုင်ခဲ့သည်။ စိုးရိမ်ပူပန်မှုကြောင့် သင်ဟာ သူမအား အချိန်တစ်ခုအထိ ပြုစုစောင့်ရှောက်ပေးခဲ့သည်။]
[အသက် ၂၃ နှစ် - သင့်၏ ချီကြောများ အနည်းငယ် ဖောင်းကားလာသည်ကို ခံစားလိုက်ရသော်လည်း ချီစုစည်းမှု အဆင့် (၄) သို့ ချိုးဖျက်ဝင်ရောက်ရန် အချိန်ကောင်း မဟုတ်သေးဟု သင် ယူဆလိုက်သည်။]
[အသက် ၂၄ နှစ် - မိစ္ဆာဂိုဏ်းထံ အညံ့ခံခဲ့သော မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းဟာ ဖြောင့်မတ်သော မသေမျိုးကျင့်ကြံခြင်း ဂိုဏ်း အများအပြား၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။ သတင်း ကြားလိုက်ရသောအခါ သင့်စိတ်အခြေအနေက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် သင်ဟာ မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းမှာ အချိန်တစ်ခုလောက် နေခဲ့ဖူးတာကြောင့်ပင်။]
[အသက် ၂၅ နှစ် - သင့်ဟာ ဂျူနီယာ ညီမလေး၏ ပါရမီက အံ့သြဖွယ်ကောင်းကြောင်း တွေ့ရှိလိုက်ရသည်။ သူမ၏ ကျင့်ကြံမှုအဆင့်သည် သင့်ကို ကျော်တက်လုနီးပါး ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် သင် အနည်းငယ် စိုးရိမ်လာခဲ့သည်။]
[အသက် ၂၆ နှစ် - သင်သည် ချီစုစည်းမှု အဆင့် (၄) သို့ ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။ အောင်မြင်သည်။ သင်သည် ချီစုစည်းမှု အဆင့် (၄) ကျင့်ကြံသူ တစ်ဦး ဖြစ်သွားပါပြီ]
[မကြာသေးမီက အကြီးအကဲ ယွဲ့ ၏ မျက်နှာအဆင်း သိပ်မကောင်းလှကြောင်း သင် တွေ့ရှိလိုက်ရသည်။]
[အသက် ၂၇ နှစ် - ဂျူနီယာ ညီမလေး ဟိုရင်းယွမ် ပျောက်ကွယ်သွားသည်မှာ တစ်နှစ် ရှိပြီဖြစ်ရာ အကြီးအကဲ ယွဲ့ကို မေးကြည့်သောအခါ သူမ ကောင်းကောင်း ဖြေရှင်းချက် မပေးနိုင်ပေ။ ထို့ကြောင့် တစ်ခုခု မှားယွင်းနေကြောင်း သင် ခံစားလိုက်ရလေသည်။ သင့် ဂျူနီယာ ညီမလေး တစ်ခုခု ဖြစ်သွားပြီ ဖြစ်ဖို့ များပေသည်။ ဒ့ါကြောင့် သင်ဟာ တိတ်တဆိတ် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။]
[သဲလွန်စ အချို့ကို သင် တွေ့ရှိလိုက်ရပါသည်။]
[အသက် ၂၈ နှစ် - ဂျူနီယာ ညီမလေး ပေါ်မလာသေးပေ။ သူမ တစ်ခုခု ဖြစ်သွားပြီ ဆိုတာ သင် သေချာနေခြ့သည်။ အကြီးအကဲ ယွဲ့ ဟာ တစ်ခုခု သိနေရပေမည်။]
[သဲလွန်စ အချို့ကို သင် တွေ့ရှိလိုက်ရသည်။]
[လွန်ခဲ့သော (၂) နှစ်တာ ကာလအတွင်း သင် စုဆောင်းရရှိခဲ့သော သဲလွန်စများ အပေါ် အခြေခံ၍ သင်ဟာ တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက် တစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသည်။ သင့်ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားသော်လည်း တကယ်တမ်း ယုံကြည်ရ ခက်ခဲနေသည်။]
[အသက် ၂၉ နှစ် - အားနည်းပြီး စိတ်ဓာတ်ကျနေသော အကြီးအကဲ ယွဲ့ ကိုယ်တိုင် ရောက်လာခဲ့သည်။ သင် ဘာတွေ စုံစမ်းနေတယ် ဆိုတာ သူမ သိပုံရသလို သင် ဘာတွေ သိပြီးသားလဲ ဆိုတာကိုလည်း သိနေခဲ့သည်။ သူမ အားလုံးအား ဖွင့်ပြောပြခဲ့လေသည်။ ]
[ဟိုရင်းယွမ်ကို တပည့်အဖြစ် လက်ခံရခြင်း အကြောင်းရင်းမှာ အကြီးအကဲ ယွဲ့ဟာ လျှို့ဝှက်နည်းလမ်းတစ်ခုကို ကျင့်ကြံနေပြီး ယဇ်ပူဇော်ရန် အဖြစ် အသုံးပြုရန် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခု လိုအပ်သောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက သူမ၏ ခန္ဓာကိုယ်သည် ကြီးမားသော တန်ပြန်မှုကို ခံစားရမည် ဖြစ်ပြီး ဟိုရင်းယွမ်၌ ထိုခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေပေသည်။]
[သင့်အား တပည့်အဖြစ် လက်ခံရခြင်း အကြောင်းရင်းမှာ ဟိုရင်းယွမ်ကို စိတ်တည်ငြိမ်စေရန် ဖြစ်သည်။ ယခင်က လျှို့ဝှက်နည်းလမ်း ကျင့်ကြံခြင်းမှ တန်ပြန်မှုကို ခံစားလိုက်ရသဖြင့် တန်ပြန်မှုကို ဖြေရှင်းရန်အတွက် ဟိုရင်းယွမ်၏ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံကို အသုံးပြုရုံမှတပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။]
[သင် ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ အမှန်တရားနှင့် အလွန် နီးစပ်နေပြီ ဖြစ်၏။ ထို့ကြောင့် အကြီးအကဲ ယွဲ့ အနေနှင့် သင့်အား ဖုံးကွယ်ထားရန် မလိုအပ်တော့ဟု ခံစားခဲ့ရသည်။]
[ယခု သင် သိသွားပြီ ဖြစ်၍ သင် ဆက်လက် အသက်ရှင်နေရန် မလိုအပ်တော့ဟု အကြီးအကဲ ယွဲ့ ခံစားခဲ့ရသည်။]
[သင် သေဆုံးသွားပါပြီ]
[သင်၏ အသက်မှာ (၂၉) နှစ်၊ (၁၀) လ နှင့် (၂၁) ရက် ဖြစ်သည်။]
"ဘုန်း.."
သတင်းအချက်အလက် အမြောက်အမြား သူမခေါင်းထဲ ပေါက်ကွဲသွားခဲ့သည်။ ဒေါသတွေက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ ကျန်ရစ်ခဲ့ပြီ ဖြစ်ပေမယ့် ချန်ချန်ရွှယ်ရဲ့ ရင်ထဲမှာ ရှိနေဆဲ ဖြစ်တာကြောင့် သူမရဲ့ မျက်နှာထား မည်းမှောင်အုံ့မှိုင်းနေခဲ့လေသည်။
သရုပ်ဖော် စနစ်ထဲက ဇာတ်ကောင်တွေ အားလုံးက တကယ် မရှိဘူးလို့ သူမရဲ့ ယုတ္တိကျတဲ့ တွေးခေါ်မှုက ပြောနေခဲ့ပေသည်။
ဒါပေမဲ့ အဲဒီ အတွေ့အကြုံတွေက သူမကို ပြောပြနေတာကတော့... သရုပ်ဖော် စနစ်ထဲမှာ သူမ သိကျွမ်းခဲ့တဲ့ လူတွေ တစ်ယောက်ချင်းစီမှာ ထင်ရှားတဲ့ ကိုယ်ရည်ကိုယ်သွေး ကိုယ်စီ ရှိကြတယ် ဆိုတာပင်။
သူတို့ တစ်ယောက်ချင်းစီမှာ အသားနဲ့ သွေးနဲ့ ရှိကြလေသည်။
သူတို့က အရုပ်တွေနဲ့ လုံးဝ မတူချေ။
(၂၉) နှစ်ကျော် ကြာပြီးတဲ့နောက် စတုတ္ထအကြိမ် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုမှာ သူမ အတော်လေး အသားကျနေပြီ ဖြစ်သလို ကိုယ်ပိုင် ခံစားချက်တွေ အများကြီး ရောနှောပါဝင်နေခဲ့ပေပြီ။
သူမ သေချာပေါက် သေဆုံးရမယ် ဆိုတာ သူမ သိပေသည်။ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က သူမကို အေးအေးဆေးဆေး ကျင့်ကြံခွင့်ပေးမှာ မဟုတ်သလို ပြီးခဲ့တဲ့ အကြိမ်တွေတုန်းကလည်း ဒီလိုပဲ ဖြစ်ခဲ့တာကြောင့်ပင်။
ဒါပေမဲ့ စတုတ္ထအကြိမ် သရုပ်ဖော်မှုမှာ ဒီလိုပုံစံနဲ့ ပြီးဆုံးသွားလိမ့်မယ်လို့ သူမ ထင်မထားခဲ့ချေ။
ဟိုရင်းယွမ်...
အကြီးအကဲ ယွဲ့...
ဒီလူတွေက စတုတ္ထအကြိမ် သရုပ်ဖော် ဘဝမှာ ချန်ချန်ရွှယ်နဲ့ ရင်းနှီးခဲ့တဲ့ သူတွေပင်။ ဟိုရင်းယွမ် အပေါ်ထားတဲ့ သူမရဲ့ ခံစားချက်က အစ်မတစ်ယောက်က ညီမလေးတစ်ယောက်ကို ဆက်ဆံသလိုပင်။ အကြီးအကဲ ယွဲ့ ကိုလည်း ဆွေမျိုးတစ်ယောက်လို လူကြီးမိဘ တစ်ယောက်လို သဘောထားခဲ့လေသည်။
ဒါပေမဲ့ သူမ ဂရုစိုက်တဲ့ လူနှစ်ယောက်ထဲက တစ်ယောက်က သူမကို သစ္စာဖောက်လိမ့်မယ်လို့ ထင်မထားခဲ့ချေ။
ပိုမှန်အောင် ပြောရရင် တစ်ဖက်လူက သူမကို ဘယ်တုန်းကမှ အလေးအနက် မထားခဲ့ပဲ သူမကသာ တစ်ဖက်လူကို သိပ်ကောင်းတဲ့ လူကြီးမိဘ တစ်ယောက်လို့ ရိုးရိုးသားသား ထင်ခဲ့မိတာ ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပဲ... သူမ ဂရုစိုက်တဲ့ နောက်တစ်ယောက်ကလည်း သူမ အလွန် လေးစားရတဲ့ ဒီအကြီးအကဲရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရသည်။
"ဟူး"
သူမဟာ သက်ပြင်း လေးလေးတစ်ချက် ချလိုက်သည်။ ရင်ထဲက မည်းမှောင်နေတဲ့ ခံစားချက်တို့ကိုတော့ ဘယ်လိုမှ ဖယ်ရှားလို့ မရနိုင်သေးပေ။
သူမရဲ့ ဘဝတစ်ခုချင်းစီက အလောတကြီး ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို ဖြစ်နေပြီး ဇာတ်ကွက် မပြည့်စုံဘူးလို့ ချန်ချန်ရွှယ် ခံစားနေခဲ့ရသည်။
အချိန်တိုင်း သူမ အလစ်အငိုက် မိသွားပြီး အချိန်တိုင်း သူမအတွက် မျက်စိပွင့်စရာ ဖြစ်ခဲ့ရသည်။
ကျင့်ကြံခြင်း လောကရဲ့ အန္တရာယ် အမျိုးမျိုးလိုပါပင်။
ဒီအန္တရာယ်တွေကို သူမဆီ တစ်ခုပြီး တစ်ခု ပို့ဆောင်ပေးနေတာက လက်ခံဖို့ ခက်ခဲပေသည်။
သူမရဲ့ အတွေးတွေဟာ ရှုပ်ထွေးနေခဲ့၏။
"ဝမ်းသာစရာ ကောင်းတဲ့ တစ်ခုတည်းသော အရာကတော့... ဒီတစ်ခါ ငါ အသက် (၂၉) နှစ်အထိ နေခဲ့ရတာပဲ... ပြီးတော့ ငါ့ကျင့်ကြံမှုက ချီစုစည်းမှု အဆင့် (၄) ကို ရောက်ခဲ့တယ်... ဒါပေမဲ့... ငါ ဘာလို့ မပြုံးနိုင်ရတာလဲ.... ငါ ဘာလို့ မပျော်ရတာလဲ"
ချန်ချန်ရွှယ် ရေရွတ်လိုက်၏။ "ဒီလောက် နှစ်တွေအကြာကြီး စောင့်နေတာတောင် အချိန် နောက်ပြန်လှည့်ခြင်းပါရမီက အလုပ်မဖြစ်ခဲ့ဘူးပဲ... အသက် ၃၀ တွင် အောင်မြင်ခြင်း ပါရမီကျတော့လည်း နည်းနည်းလေးပဲ လိုတော့တာကို"
"မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ငါ့ကို သီးသန့် ပစ်မှတ်ထားနေတာလားပဲ"
"ဒါမှမဟုတ်..."
"မသေမျိုးကျင့်ကြံသူ ဘဝကို သရုပ်ဖော်တိုင်း ငါက သရုပ်ဖော် စနစ်ရဲ့ ပစ်မှတ် ဖြစ်နေတာလား"
"..."
အကယ်၍ ချန်ချန်ရွှယ် ရင်ထဲက နာကြည်းမှုတွေသာ အစစ်အမှန် ဖြစ်လာမယ် ဆိုရင် ဒီရေလှိုင်းကြီး အဖြစ် ပြောင်းလဲသွားပြီး ချန်အိမ်တော် တစ်ခုလုံးကို နစ်မြုပ်သွားစေလောက်ပေသည်။
သူမ ဘယ်လောက်ပဲ ဒေါသထွက်ထွက်၊ နာကြည်းနာကြည်း အသုံးမဝင်ဘူး ဆိုတာ သူမ သိပေသည်။
သူမ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက စောင့်ဆိုင်းဖို့ပင်။
(၁၂) နာရီ စောင့်ရမယ်....
သူမရဲ့ ကိုယ်ပိုင်ဘဝကို ပြန်စပြီး မူလ ဘဝလမ်းကြောင်းကို ပြန်လည် ရေးဆွဲရပေမည်။
ဒါက နေ့တိုင်း နောင်တရဆေး တစ်လုံး သောက်ပြီး ပြန်စနေရသလိုပင်။
...