အခန်း ၂၂ : ပိုင်သခင်လေးက တကယ်ရက်စက်တဲ့ လူတစ်ယောက်ပဲ
"မင်း ကြားပြီးပြီလား... လီမျိုးနွယ်စုရဲ့ ခြောက်ယောက်မြောက် သခင်လေးက တမြန်နေ့က မတော်တဆမှု တစ်ခုနဲ့ သေဆုံးသွားတယ် ဆိုပဲ... မနေ့က အသုဘ အခမ်းအနား ကျင်းပပြီး ဒီနေ့ လီမျိုးနွယ်စု အိမ်တော်ရှေ့မှာ ပန်းခွေ တချို့တောင် ထားထားသေးတယ်... ကျွတ်... သူက (၁၉) နှစ်ပဲ ရှိသေးတာ အခုတော့ ဆုံးသွားတယ်ဆိုတော့ နှမြောစရာပဲ"
"ရှူး.... တကယ်လားဟ... မတော်တဆမှုနဲ့ သေတာက သေချာလို့လား"
"ငါ့ ဝမ်းကွဲအစ်ကိုက လီမျိုးနွယ်စုရဲ့ အစေခံလေ... သူပြောတာတော့ မတော်တဆမှုနဲ့ သေတာတဲ့ ဒါပေမဲ့ ဘာဖြစ်တာလဲ ဆိုတာတော့ အတိအကျ မသိဘူး.... လီမျိုးနွယ်စု ဘက်ကလည်း သေဆုံးရတဲ့ အကြောင်းရင်းကို ထုတ်မပြောချင်ကြဘူး"
"မနက်ဖြန်က ချန်မျိုးနွယ် သခင်ကြီးရဲ့ အသက် (၉၀) ပြည့် မွေးနေ့လေ.... ဒီအချိန်မှာ အသုဘ အခမ်းအနား ကျင်းပတာ လီမျိုးနွယ်စု အတွက် မကောင်းဘူး မဟုတ်လား"
"ဘာမကောင်းစရာ ရှိလို့လဲ... လူသေသွားတာပဲလေ"
"..."
ချင်းဟယ် ခရိုင်က တည်းခိုခန်း တစ်ခုထဲမှာ စားပွဲဝိုင်းတိုင်းက ဧည့်သည်တွေဟာ တီးတိုး ဆွေးနွေးနေခဲ့ကြသည်။
ပိုင်ယီ အဲဒီမှာ ထိုင်နေတာ ခဏပဲ ရှိသေးပေမဲ့ ဒီလူတွေရဲ့ ဆွေးနွေးသံတွေကို ကြားနေခဲ့ရသည်။
ဒီကိစ္စ ဖြစ်ပျက်ပြီး မကြာခင်မှာပဲ လူအများကြီး သိနေကြပြီလို့ သူ ထင်မထားခဲ့ချေ။
ထင်ထားတဲ့အတိုင်းပင် ဒီကမ္ဘာကြီးမှာ လေလုံတဲ့ နံရံ ဆိုတာ မရှိပါပေ
ဒီအချိန်မှာ လီမျိုးနွယ်စုက သတင်းဖုံးချင်ရင်တောင် တားဆီးလို့ မရတဲ့ သတင်းတချို့ ရှိနေတုန်းပင်။ လူတိုင်းရဲ့ ပါးစပ်ကို သူတို့ ပိတ်လို့ မရရာ နောက်ဆုံးတော့ သတင်းက လူတချို့ရဲ့ နားထဲ ရောက်သွားမည်ပင်။
ဒါပေမဲ့ လောလောဆယ်တော့ လီကျင်းဖူ ဘယ်လိုသေသွားလဲ ဆိုတာ ဒီလူတွေ မသိကြသေးပဲ အများစုက ကောလာဟလတွေပင်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုင်ယီ ဘာမှ ပြောစရာ မရှိပါချေ။ သူ့အတွက်ကတော့ လီကျင်းဖူကို သူသတ်လိုက်တယ် ဆိုတာ လူတွေ သိသွားရင်တောင် ကိစ္စမရှိပါပေ။
ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာဖြစ်ပြီး သဘာဝကျလေသည်။
ဒါပေမဲ့ လီမျိုးနွယ်စု ဘက်က ကြီးမားတဲ့ လှုပ်ရှားမှု မရှိသေးတာက ပိုင်ယီကို နည်းနည်း အံ့သြစေခဲ့သည်။ လီမျိုးနွယ်စုက ဒီအတိုင်း လွှတ်ထားလိမ့်မယ်လို့ သူ မယုံကြည်ပေ။
သို့သော် ပိုင်ယီ သိပ်မစိုးရိမ်ပါသလို စိုးရိမ်စရာလည်း မလိုပါပေ။
နောက်ဆုံးတော့ ဒီမသေမျိုးကျင့်ကြံခြင်း လောကမှာ ခွန်အား ဆိုတာ ယုံကြည်မှု အားလုံးရဲ့ အခြေခံအုတ်မြစ်ပင်။
"သခင်လေးပိုင်... သခင်လေးပိုင်..."
ပိုင်ယီ စားပွဲထိုး လာချပေးမယ့် ဟင်းပွဲတွေကို စောင့်နေတုန်း ရင်းနှီးနေတဲ့ အသံတစ်ခုအား ကြားလိုက်ရ၏။
ကြည့်လိုက်တော့ ဆေးဆိုင်ပိုင်ရှင် လျူအိုကြီး ဖြစ်လေသည်။ သူ ဒီနေရာကို ရှာတွေ့သွားတာပြီး ပိုင်ယီဆီ ပြေးလာရင်း အကြီးအကျယ် မောဟိုက်နေခဲ့သည်။ သူ့ရဲ့ မြန်ဆန်နေတဲ့ အသက်ရှူနှုန်းကို လျှော့ချဖို့ အသက်ပြင်းပြင်း ရှူလိုက်ရလေသည်။
ပြီးတော့ စိုးရိမ်တကြီး ပြောလိုက်၏။ "သခင်လေးပိုင်... နောက်ဆုံးတော့ ခင်ဗျားကို တွေ့ပြီ... လီမျိုးနွယ်စု... လီမျိုးနွယ်စုက လီကျင်းဖူ သေသွားပြီတဲ့... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ကို ခင်ဗျားဆိုင်ခန်း မငှားဖို့ လာခြိမ်းခြောက်သွားတဲ့ ကောင်လေ.."
"လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက လီကျင်းဖူက ကျွန်တော်တို့ ကုန်သည်တွေကို လိုက်ခြိမ်းခြောက်နေခဲ့တာ"
"ဒါ ကောင်းကင်ဘုံက ပေးတဲ့ ကောင်းချီးပဲ...ကျေနပ်စရာ ကောင်းလိုက်တာ..."
"အဲ..."
လျူအိုကြီးက ပိုင်ယီ့မျက်နှာပေါ်မှာ ဘာတုံ့ပြန်မှုမှ မရှိတာကို သတိထားမိသွားခဲ့သည်။ သူက ဒီကိစ္စကို သိပြီးသား ဖြစ်နေသလိုပင်။
"သခင်လေးပိုင်... ခင်ဗျား မအံ့သြဘူးလား"
သူ မနေနိုင်ဘဲ ခေါင်းကုတ်ကာ နည်းနည်း နားမလည် ဖြစ်သွားခဲ့သည်။
ပိုင်ယီ ခေါင်းခါလိုက်၏။ "ဒီကိစ္စက ပျံ့နေတာ ကြာပြီ... ဘေးစားပွဲက လူတွေ ဆွေးနွေးနေတာကို ကျွန်တော် နားထောင်နေတာ ဘာအံ့သြစရာ ရှိလို့လဲ... လီမျိုးနွယ်စုက လူတွေက မသေမျိုးတွေမှ မဟုတ်တာ.. လူတစ်ယောက် သေတာ ဘာထူးဆန်းလို့လဲ... ကျွန်တော်က ခင်ဗျား ကျွန်တော့်ကို ဘယ်လို ရှာတွေ့လဲ ဆိုတာ ပိုအံ့သြနေတာ"
လျူအိုကြီးဟာ ရှက်ကိုးရှက်ကန်း ရယ်လိုက်၏။ "သခင်လေးပိုင်က နေ့တိုင်း ဒီတည်းခိုခန်းမှာ လာပြီး ပိုက်ဆံသုံးနေတာလေ... အိမ်နီးချင်းတွေက ဒီကိစ္စကို ကောင်းကောင်း သိကြတယ်"
'ဟုတ်လား..'
ပိုင်ယီ ကြောင်သွားခဲ့သည်။
သူ ချက်ပြုတ်ရမှာ ပျင်းလို့ နေ့တိုင်း တည်းခိုခန်းမှာ လာစားတာက အိမ်နီးချင်းတွေရဲ့ အတင်းပြောစရာ ခေါင်းစဉ် ဖြစ်လာမယ်လို့ သူ ထင်မထားခဲ့ပေ။
"သခင်လေးပိုင်... ကျွန်တော်တို့ကို ခြိမ်းခြောက်ခဲ့တဲ့ လီကျင်းဖူ သေသွားပြီ အဲဒါ ဘာကို ဆိုလိုတာလဲ သိလား..." လျူအိုကြီး အသံနှိမ့်ပြီး မေးလိုက်၏။ "နောက်ပိုင်း လီမျိုးနွယ်စုက ကျွန်တော်တို့ကို ပစ်မှတ်မထားတော့ဘူးထင်တယ်"
"အဲဒါ မသေချာဘူး" ပိုင်ယီရဲ့ အပြုံးက နည်းနည်း ထူးဆန်းနေခဲ့သည်။ "အကယ်၍ လီကျင်းဖူက မတော်တဆ သေသွားတာ ဆိုရင်တော့ လီမျိုးနွယ်စုက နောက်ရက်အနည်းငယ်လောက် ကျွန်တော်တို့ကို ဂရုစိုက်မှာ မဟုတ်ဘူး"
"ဒါပေမဲ့..."
သူ့လေသံ ပြောင်းသွားခဲ့သည်။ "အကယ်၍ လီကျင်းဖူ သေဆုံးမှုမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်နေတယ် ဆိုရင်ရော လီမျိုးနွယ်စု ဘာလုပ်မယ် ထင်လဲ"
"ဘယ်လို...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သခင်လေးပိုင်... ဒီလိုစကားမျိုး မပြောပါနဲ့... ဟမ်"
လျူအိုကြီး ရုတ်တရက် မျက်လုံးပြုးသွားခဲ့ပြီး ပိုင်ယီအား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
"ပိုင်..."
"သခင်လေးပိုင်... ခင်ဗျား... ခင်ဗျား..."
"ကျုပ်..."
"ကျုပ် ဘာမှ မကြားလိုက်ဘူး.. ကျုပ် ဘာမှ မပြောလိုက်ဘူး"
လျူအိုကြီး ချွေးစေးတွေ ပြန်နေခဲ့သည်။ ပိုင်ယီရဲ့ စကားကြောင့် သူ လန့်သွားတာ သိသာပေသည်။ အထူးသဖြင့် သခင်လေးပိုင်က အဲဒီစကား ပြောတုန်းက နောက်ပြောင်နေပုံ မရဘူး ဆိုတာ သူ သတိထားမိလိုက်တဲ့ အချိန်မှာပင်။
ဘာလို့လဲဆိုတော့ သူ နောက်ပြောင်နေတာ မဟုတ်မှန်း သိသာနေပြီး ဒါဆို ဆိုလိုတာက လီမျိုးနွယ်စုက လီကျင်းဖူ သေဆုံးမှုက သခင်လေးပိုင်နဲ့ သက်ဆိုင်နေတယ်ဆိုတာပင်။
လီမျိုးနွယ်စုရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရတဲ့အခါ သခင်လေးပိုင်က လက်ပိုက်ပြီး သေမယ့်နေ့ကို ထိုင်စောင့်မနေခဲ့ပဲ သူက လီမျိုးနွယ်စုကို စတင် တိုက်ခိုက်ခဲ့ပေမည်။
ဒါ့အပြင် သူက ချက်ချင်း သေစေနိုင်တဲ့ တိုက်ကွက်ကို သုံးခဲ့ပြီး ချက်ချင်း သတ်လိုက်ခြင်းပင်။
"ရှူး.."
'သခင်လေးပိုင်က တကယ့်ကို ရက်စက်တဲ့ လူတစ်ယောက်ပဲ..'
လျူအိုကြီး တံတွေး တစ်လုပ် တိတ်တဆိတ် မျိုချလိုက်မိ၏။ သူ့ခြေထောက်တွေ ပျော့ခွေနေသလို ခံစားရပြီး မတ်တပ်မရပ်နိုင်တော့ပေ။ သူဟာ ပိုင်ယီ့ရှေ့မှာ တုန်တုန်ယင်ယင်နဲ့ ထိုင်ချလိုက်ပြီး သူ့ရဲ့စိတ်တွေက ရှုပ်ထွေးနေခဲ့လေသည်။
"စိတ်မပူပါနဲ့.. ဒါက ကျွန်တော်နဲ့ လီမျိုးနွယ်စုကြားက အငြိုးအတေးပါ... ခင်ဗျားတို့ ကုန်သည်တွေနဲ့ မဆိုင်ပါဘူး"
ပိုင်ယီ ပြောလိုက်၏။ "ဒါ့အပြင် မနက်ဖြန်က သခင်ကြီး ချန်ရဲ့ မွေးနေ့လေ"
"ဒီလို အထူးအချိန်အခါမှာ လီမျိုးနွယ်စုက တစ်ခုခု လုပ်ရဲမယ် ထင်လို့လား"
ဒီစကားလုံး အနည်းငယ်က လျူအိုကြီးအ စိတ်နည်းနည်း သက်သာသွားစေခဲ့သည်။
ခုနတုန်းက သူ တကယ် ကြောက်သွားခဲ့ခြင်း ဖြစ်လေသည်။
ဒါပေမဲ့ အဲဒီလို ဆိုရင်တောင် သူ နည်းနည်း ကြောက်နေတုန်းပါပင်။ ချင်းဟယ် ခရိုင်မှာ နှစ်ပေါင်း ရာနဲ့ချီ ရပ်တည်လာတဲ့ မိသားစုကြီး တစ်ခုကို ရင်ဆိုင်ရတာက သူလို ဆိုင်ရှင်လေး တစ်ယောက် အတွက် မဖြစ်နိုင်ပေ။
တခြားသူတွေက သူ့ကို ချေမှုန်းချင်ရင် ပုရွက်ဆိတ် တစ်ကောင်ကို ချေမှုန်းတာထက် ပိုလွယ်ကူနေလောက်ပေသည်။
"ပိုင်... သခင်လေးပိုင်... သခင်ကြီး ချန်ရဲ့ မွေးနေ့ ပြီးသွားရင်ရော ဘာဖြစ်မလဲ"
လျူအိုကြီးဟာ အဓိက အချက်ကို ရုတ်တရက် စဉ်းစားမိသွားခဲ့သည်။ "ကြားတာတော့ သခင်ကြီး ချန်ရဲ့ အသက် (၉၀) ပြည့် မွေးနေ့ပွဲက (၉) ရက်နဲ့ (၉) ညတိုင်တိုင် ကျွေးမွေးဧည့်ခံမယ်တဲ့... ဒါပေမဲ့ (၉) ရက် ပြည့်ပြီးရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
သူ့အသံက နည်းနည်း တုန်နေခဲ့သည်။ သူ့အပြစ် မဟုတ်ပဲ သူက သာမန်လူ တစ်ယောက်ဖြစ်နေခဲ့တာကြောင့်ပင်။
လီကျင်းဖူ သေဆုံးမှုက ပိုင်ယီနဲ့ ပတ်သက်နေမှန်း သိလိုက်ရတဲ့အခါ လျူအိုကြီးဟာ ချက်ချင်း လှည့်ထွက်မပြေးသွားခဲ့ချေ။ ဒါက တော်တော် သစ္စာရှိရာ ရောက်နေပြီး ပိုင်ယီဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရဲတဲ့ သတ္တိ ရှိနေလေသည်။
အကယ်၍ တခြားလူသာ ဆိုရင် ပြဿနာ မတက်အောင် ပိုင်ယီနဲ့ အဆက်အသွယ် ဖြတ်ဖို့ အလောတကြီး ကြိုးစားကြမည်ပင်။
"(၉) ရက် နေရင် ဘယ်သူက ဘယ်သူ့ကို ကိုင်တွယ်မလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်"
ပိုင်ယီ ရယ်လိုက်လေသည်။
ပိုင်ယီ၏ ရယ်သံကြောင့် လျူအိုကြီးဟာ နည်းနည်း ရှုပ်ထွေးသွားခဲ့သည်။ သခင်လေးပိုင်က လီကျင်းဖူကို ကိုင်တွယ်ရုံမကပဲ လီမျိုးနွယ်စု တစ်ခုလုံးကိုပါ ကိုင်တွယ်ချင်နေသည်လား....
'အာ... ဒါက...မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား..'
ပြဿနာက သခင်လေးပိုင်က နောက်ပြောင်နေပုံ မရတာပင်။
ပိုင်ယီက တည်ငြိမ်တဲ့ လေသံနဲ့ ပြောလိုက်၏။ "စိတ်မပူပါနဲ့ လီမျိုးနွယ်စုက ခင်ဗျားကို မထိပါဘူး... ကျွန်တော် ကတိပေးတယ်"
"... ဒါဆိုရင်၊ ကောင်းပါပြီ...ကျွန်တော် သခင်လေးပိုင်ကို ယုံပါတယ်"
လျူအိုကြီး အံကြိတ်ပြီး သတ္တိမွေးလိုက်လေသည်။
"ဒါနဲ့..." လျူအိုကြီး သူ့အတွေးတွေကို တည်ငြိမ်အောင် လုပ်ပြီး လေးနက်စွာ ပြောလိုက်သည်။ "သခင်လေးပိုင်... ခုနက ခင်ဗျား ချန်မျိုးနွယ်စု အကြောင်း ပြောလိုက်တော့ ချန်မျိုးနွယ်စုရဲ့ မြေးမလေးကို သတိရသွားတယ်... သူက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မ လို့ ပြောကြတယ်...နတ်သမီးလေးလို လှတယ်တဲ့"
"ဝမ်းနည်းစရာ ကောင်းတာက တခြားလူတွေ ပြောတာပဲ ကြားဖူးတာ၊ မျက်မြင်ကိုယ်တွေ့ မမြင်ဖူးဘူး.... အဲဒီလူတွေ ပုံကြီးချဲ့ ပြောနေတာလား မသိဘူး"
ပိုင်ယီ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ခင်ဗျား သူ့ကို မြင်ဖူးပါတယ်"
"ဟင်" လျူအိုကြီး ကြောင်သွားခဲ့သည်။ "ကျွန်တော် မြင်ဖူးတယ်... ဘာလို့ ကျွန်တော့် မသိရတာလဲ"
'ဟေ..နေဦး..'
လျူအိုကြီး မျက်လုံး ထပ်ပြုးသွားခဲ့ပြန်သည်။
"အဲဒါ သူလား"
...