အခန်း ၂၁ : လီမျိုးနွယ်စု၏ နောက်ခံ
ဆုလာဘ် တစ်ခုနဲ့ ထပ်ဆောင်း ဆုလာဘ် တစ်ခုက ချန်ချန်ရွှယ်ကအား အံ့အားသင့်သွားစေခဲ့သည်။ မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ခုထဲ ဒီအတိုင်း ဝင်ရောက်လိုက်ရုံနဲ့ အောင်မြင်မှုတစ်ခု အဖြစ် သတ်မှတ်ခံရမယ်လို့ သူမ ထင်မထားခဲ့ပေ။
ဒါပေမဲ့ ဒီထပ်ဆောင်း ဆုလာဘ်က နည်းနည်း များလွန်းနေသလားလို့ပင်။ ၎င်းက သူမ အသုံးမပြုလိုက်ရတဲ့ ပြန်လည်နုပျိုဆေးလုံး (၂) လုံးတဲ့လား....
ဆိုလိုတာက သူမ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေပေါ် မူတည်ပြီး ထပ်ဆောင်း ဆုလာဘ် ရနိုင်တယ် ဆိုတဲ့ သဘောပင်။
ချန်ချန်ရွှယ်ဟာ ခဏလောက် ဘာပြန်ပြောရမှန်း မသိတော့ချေ။
တစ်ဖက်မှာကျတော့ သူမက ဆုလာဘ်ထဲက ဝိညာဉ်စွမ်းအင်တွေကို တွက်ချက်ဖို့ စိတ်ဝင်စားနေခဲ့သည်။
လက်တွေ့မှာ သူမရဲ့ ကျင့်ကြံမှုက အတားအစီး ဖြစ်နေခဲ့ပြီး ကောင်းကင်မြေကြီး ဝိညာဉ်စွမ်းအင်တွေကို သန့်စင်ဖို့ ခက်ခဲနေခဲ့သည်။ အကယ်၍ ချီစုစည်းမှု အဆင့် (၂) ဝိညာဉ်စွမ်းအင် အားလုံးကို သူမရဲ့ ချီကြောတွေထဲ လောင်းထည့်လိုက်ရင် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲပင်။
ချန်ချန်ရွှယ်ဟာ အရမ်း မျှော်လင့်နေမိခဲ့သည်။
မကြာမီ...
ဘယ်ကမှန်းမသိတဲ့ သန့်စင်သော ဝိညာဉ်စွမ်းအင် စမ်းချောင်းတစ်ခုဟာ သူမရဲ့ ချီကြောတွေနဲ့ ဒန်ထျန်းထဲ စီးဝင်လာတာကို ခံစားလိုက်ရတာကြောင့် သူမဟာ လန်းဆန်းတက်ကြွသွားသလို မခံစားဘဲ မနေနိုင်တော့ပေ။
သူမ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်တွေ သိသိသာသာ တိုးပွားလာခဲ့သည်။ ချီစုစည်းမှု အဆင့် (၂) ဆိုတာ အခြေတည်အဆင့် (၁) နဲ့ ယှဉ်လို့ မရဘူး ဆိုပေ။ ဒီအဆင့်နှစ်ခုရဲ့ စွမ်းအားက အများကြီး ကွာခြားနေခြင်းကြောင့်ပင်။
ဒါပေမဲ့ ချီစုစည်းမှု အဆင့် (၂) ဝိညာဉ်စွမ်းအင် အားလုံး သူမ ခန္ဓာကိုယ်ထဲ စီးဝင်လာတဲ့အခါ လှိုင်းဂယက်ကြီး တစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ဒါက ချန်ချန်ရွှယ်ရဲ့ အတားအစီးကို ထပ်မံ လျော့ရဲသွားစေခဲ့ပြီး သူမရဲ့ ချီကြောတွေ အနည်းငယ် ဖောင်းကားလာသလိုတောင် ခံစားလိုက်ရပေသည်။
ဒီလို ခံစားချက်မျိုး ရပြီ ဆိုရင် ပုံမှန်အားဖြင့် အဆင့်တက်ဖို့ အခွင့်အရေး ရောက်လာပြီလို့ ဆိုလိုတာပင်။
'ရောက်လာပြီ..'
ချန်ချန်ရွှယ်ဟာ သူမ စိတ်ထဲက စိတ်လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်တော့ဘဲ မျက်နှာပေါ်မှာ ဝမ်းသာမှုတွေ ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပဲ သူမ လက်ဝါးပေါ်မှာ လုံးဝန်းတဲ့ အရာဝတ္ထု နှစ်ခု ပေါ်လာခဲ့သည်။
သေချာ ကြည့်လိုက်တော့ဆေးရနံ့သင်းသင်းလေး ထွက်နေတဲ့ ဆေးလုံး (၂) လုံး ဖြစ်ကာ ၎င်းက ပြန်လည်နုပျိုဆေးလုံးတွေပင်။။
အတားအစီး လျော့ရဲသွားတာနဲ့ ယှဉ်ရင် သူမဟာ ဒီဆေးလုံးတွေကို လုံးဝ ဂရုမစိုက်တော့ချေ။
"မဖြစ်သေးဘူး ငါ နည်းနည်း ထပ်စောင့်ရမယ်"
ချန်ချန်ရွှယ်ဟာ အခြေတည်အဆင့် (၂) ကို တက်လှမ်းဖို့ အလောတကြီး မလုပ်ခဲ့ချေ။ ဘာလို့လဲဆိုတော့ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲက အတွေ့အကြုံတွေက သူမကို သင်ပေးထားပြီးတစ်ခါတစ်ရံ ကိစ္စတွေကို အလောတကြီး လုပ်လို့ မရဘူး ဆိုတာပင်။။
တည်ငြိမ်လေ ပိုကောင်းလေပင်။
အကယ်၍ အတားအစီးကို ချိုးဖျက်ဖို့ ကြိုးစားရင်း ကျရှုံးကာ တန်ပြန်မှု ဖြစ်သွားပါက ဆုံးရှုံးမှုက ပိုများနေပေလိမ့်မည်။
"သရုပ်ဖော် စနစ်ထဲမှာ ဆက်ပြီး ကျင့်ကြံဦးမယ်... နောက်ထပ် ရက်အနည်းငယ်လောက် သရုပ်ဖော်ပြီးရင် အခြေတည်အဆင့် (၂) ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားလို့ ရပြီ...တကယ်လို့ စတုတ္ထအကြိမ် သရုပ်ဖော်မှု အောင်မြင်ခဲ့ရင် ဆုလာဘ်တွေ တွက်ချက်ပြီးတာနဲ့ အခြေတည်အဆင့် (၂) ကို တန်းရောက်သွားနိုင်တယ်"
သူမရဲ့ လေသံထဲမှာ မျှော်လင့်ချက်တွေ ပြည့်နှက်နေခဲ့သည်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲမှာ (၃) ကြိမ်တိုင်တိုင် ကြုံတွေ့ပြီးနောက် သူမ ယုံကြည်တာက တစ်ကြိမ်ထက် တစ်ကြိမ် ပိုကောင်းလာလိမ့်မယ် ဆိုတာပါပင်။
ဒီတစ်ခါတော့ သူမ ပေါ့ဆလို့ မဟုတ်ပေ။ နောက်တစ်ကြိမ်၌ သူမဟာ သေချာပေါက် ပိုအသက်ရှည်ရှည် နေနိုင်မည်ပင်။
ဒါကို တွေးလိုက်တော့...
နောက်ဆုံးမှ တက်လာတဲ့ ပျော်ရွှင်မှုတွေက မကျေနပ်မှုတွေကြောင့် ပျောက်ကွယ်သွားခဲ့သည်။
သူမ အမြဲလိုလို အဆင့်နိမ့် အမှားလေးတွေ လုပ်မိတတ်ပြီး ရလဒ်ကတော့ သူမ အသတ်ခံလိုက်ရတာပင်။
သူမ တကယ် အဲဒီလို မလုပ်ခဲ့သင့်ချေ။။
"(၃) ကြိမ်ဆက်တိုက် သရုပ်ဖော် ပြီးတာတောင် နောက်ဆုံးကျတော့ ဂျူနီယာ ညီမလေးလောက်တောင် အသုံးမကျဘူးပဲ" ချန်ချန်ရွှယ် ခါးသက်သက် ပြုံးလိုက်၏။ "စောစောကသာ သိခဲ့ရင် ဂျူနီယာ ညီမလေးနဲ့အတူ မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းက ထွက်ပြီး တခြားဂိုဏ်းကို ပြောင်းလိုက်မိမှာပဲ"
...
တစ်ချိန်တည်းမှာပင်။
ချင်းဟယ် ခရိုင်။
လီမျိုးနွယ်စု အိမ်တော်။
ချန်မျိုးနွယ်စုရဲ့ သက်ဝင်လှုပ်ရှားနေတဲ့ လေထုနဲ့ ယှဉ်ရင် လီမျိုးနွယ်စုရဲ့ လေထုကတော့ အစွမ်းကုန် ဖိနှိပ်ခံထားရသလို ဖြစ်နေခဲ့သည်။
အိမ်တံခါးဝနဲ့ ခေါင်မိုးတွေမှာ အဖြူရောင် ပိုးသားတွေ ချိတ်ဆွဲထားခဲ့သည်။ အောက်မေ့ဖွယ် ခန်းမဆောင်ထဲမှာ ခေါင်းတလား တစ်လုံး ထားရှိပြီး ကြီးမားသော အုတ်ဂူစာလုံးက အလွန် ထင်ရှားနေခဲ့လေသည်။
အမျိုးသမီးတွေရဲ့ တိုးတိုးလေး ရှိုက်ငိုသံနဲ့ ဆွေမျိုးသားချင်းတွေရဲ့ တီးတိုးပြောသံတွေကို မကြားတကြား ကြားနေခဲ့ရ၏။
လီမျိုးနွယ်စု ခေါင်းဆောင် အနေနဲ့ လီဟယ်ရှန်းရဲ့ မျက်နှာထားက မည်းမှောင်နေခဲ့ပေသည်။
သူ ခေါင်းတလားကို စိုက်ကြည့်နေခဲ့သည်။ ဝမ်းမနည်းပါဘူးလို့ ပြောရင် လိမ်ရာကျနေမည်ပင်။
လီကျင်းဖူက သူ့ရဲ့ အငယ်ဆုံးသားဖြစ်ကာ ထူးချွန်ပြီး သူ့အကြိုက်ဆုံး သားတွေထဲက တစ်ယောက်လည်း ဖြစ်ပေသည်။
တခြား သားတွေနဲ့ ယှဉ်ရင် လီကျင်းဖူက ဦးနှောက်သုံးတတ်ပြီး မျိုးနွယ်စုရဲ့ စီးပွားရေးကို ဘယ်လို ထိန်းချုပ်ရမလဲ သိလေသည်။
သူ့မှာ မသေမျိုးကျင့်ကြံဖို့ ပါရမီ မရှိပေမယ့် သေချာ ပြုစုပျိုးထောင်ပေးရင် မျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှု အများအပြားကို လွှဲပြောင်းယူနိုင်မှာ ဖြစ်သလို တစ်နေ့ကျရင် သူ့နေရာကိုတောင် ဆက်ခံနိုင်ပေမည်။။
ဒါပေမဲ့ အရာအားလုံး ပျက်စီးသွားခဲ့ပြီး လီကျင်းဖူ သေဆုံးသွားခဲ့ပြီ။
"ပိုင်ယီ... ဓားထိန်းချုပ်နိုင်တဲ့ မသေမျိုးကျင့်ကြံသူ..."
လီဟယ်ရှန်းဟာ ဒီစကားလုံးတွေကို တိုးတိုးလေး ရေရွတ်လိုက်၏။
မနေ့က သူ့သားကို သတ်တဲ့ တရားခံ ဘယ်သူလဲ ဆိုတာ သိခဲ့ရသည်။ တစ်ဖက်လူက ထူးခြားတဲ့ စွမ်းအား ရှိတဲ့ မသေမျိုးကျင့်ကြံသူ တစ်ယောက်ဖြစ်လေသည်။
"လွန်ခဲ့တဲ့ တစ်နှစ်က လီမျိုးနွယ်စု လက်ချက်နဲ့ သူ မသေခဲ့တာ မဆန်းပါဘူး... သူက မူလကတည်းက သာမန် မဟုတ်ခဲ့တာကိုး"
'သူ ဘာလို့ တစ်နှစ်လုံး ပုန်းနေပြီးမှ အခုမှ ထွက်လာတာလဲ'
'ဘာလို့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက လီမျိုးနွယ်စုကို လက်စားမချေခဲ့တာလဲ'
'ဘာလို့ လီမျိုးနွယ်စုက သူ့ကို ထပ်တိုက်ခိုက်မှ လှုပ်ရှားတာလဲ... ဘာလို့ ဆက်မဟန်ဆောင်တော့တာလဲ'
'ဒါက မသေမျိုးကျင့်ကြံသူတွေရဲ့ ယုတ်မာတဲ့ စိတ်ကြောင့်လား ဒါမှမဟုတ် တခြား အကြောင်းပြချက် ရှိသေးလား'
မေးခွန်းတွေ တစ်ခုပြီး တစ်ခု လီဟယ်ရှန်း ခေါင်းထဲ ဖြတ်သန်းသွားခဲ့သည်။
ပိုင်ယီ လို့ ခေါ်တဲ့ အဲဒီ မသေမျိုးကျင့်ကြံသူရဲ့ အတွေးတွေကို သူ ခန့်မှန်းလို့ မရမှန်း တွေ့ရှိလိုက်ရ၏။
သူ ဘာလို့ တစ်နှစ်လုံး ပုန်းနေခဲ့လဲ ဆိုတာလည်း မသိချေ။
သူ မသေမျိုးကျင့်ကြံသူ တချို့နဲ့ ထိတွေ့ဆက်ဆံဖူးပေမယ့် သူ ကိုယ်တိုင်က မသေမျိုးကျင့်ကြံသူ မဟုတ်ပေ။
ထို့ကြောင့် အကြောင်းရင်းအားသူ နားမလည်နိုင် ဖြစ်နေခဲ့သည်။
"အဖေ"
ဒီအချိန်မှာ လီဟယ်ရှန်းနဲ့ ရုပ်ချင်း တော်တော်ဆင်ပြီး မုတ်ဆိတ်မွေး သေသေသပ်သပ် ထားထားတဲ့ အမျိုးသား တစ်ယောက် ရှေ့တိုးလာခဲ့သည်။
သူဟာ အသံနှိမ့်ပြီး ပြောလိုက်၏။ "ဒီကိစ္စကို သိတဲ့ အစေခံတွေနဲ့ ချောင်ဂိုဏ်းသားတွေကို ရှင်းပြီးပါပြီ။ ဒီလိုကိစ္စမျိုး အပြင်ကို ပျံ့နှံ့မှာ မဟုတ်ပါဘူး"
"ကောင်းပြီ" လီဟယ်ရှန်း ခေါင်းညိတ်ပြီး လေးနက်တဲ့ အသံနဲ့ ပြောလိုက်၏။ "ကျန်တဲ့ ကိစ္စ နှစ်ခုကရော ဘယ်လိုလဲ"
အဲဒီလူက ပြန်ဖြေလိုက်သည်။ "ဘိုးဘေးကြီးဆီ ဆက်သွယ်ရေး အင်း သုံးပြီး အကြောင်းကြားဖို့ လူလွှတ်လိုက်ပါပြီ... ဘိုးဘေးကြီးက ဒီကိစ္စ သိသွားတော့ မပူနဲ့လို့ ပြောလိုက်တယ်... သူ တောင်ပေါ်က ဆင်းလာဖို့ ဆုံးဖြတ်လိုက်ပြီတဲ့"
"ပြီးတော့ အဲဒီ ပိုင်ယီ အကြောင်းလည်း အကြမ်းဖျင်း စုံစမ်းပြီးပါပြီ... သူက ချင်းဟယ် ခရိုင်မှာပဲ နေတာ ကြာပြီ ဒါကြောင့် မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ခုခုက တပည့် ဖြစ်ဖို့ မလွယ်ပါဘူး.... လေလွင့်ကျင့်ကြံသူ ဖြစ်ဖို့ များပါတယ်"
လီဟယ်ရှန်းဟာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ပြောလိုက်၏။ "ငါတို့ လီမျိုးနွယ်စုက ချင်းဟယ် ခရိုင်မှာ နှစ်ပေါင်း ရာနဲ့ချီ ရပ်တည်လာနိုင်တာ ငွေကြောင့် မဟုတ်သလို ချောင်ဂိုဏ်းကြောင့်လည်း မဟုတ်ဘူး... လီမျိုးနွယ်စုမှာလည်း မသေမျိုးကျင့်ကြံသူ ရှိလို့ပဲ... ဒါက ဘယ်သူမှ လီမျိုးနွယ်စုကို မစော်ကားရဲတဲ့ အဓိက အကြောင်းရင်းပဲ"
"လီမျိုးနွယ်စုက အမြဲတမ်း အဖွဲ့အစည်း အမျိုးမျိုးနဲ့ လက်ထပ် မဟာမိတ်ပြုဖို့ ကြိုးစားခဲ့တယ်.... မွေးလာတဲ့ ကလေးတွေကို မွေးရာပါ ပါရမီ စစ်ဆေးတယ်...ပြီးတော့ မသေမျိုးကျင့်ကြံဖို့ ပါရမီ ရှိတဲ့ ကလေးတွေကို ဝိညာဉ်ဓားဂိုဏ်းဆီ ပို့တယ်"
"ဒါကြောင့် လီမျိုးနွယ်စုက အပေါ်ယံမှာ သာမန် မျိုးနွယ်စု တစ်ခုလို ထင်ရပေမယ့် တကယ်တော့ မသေမျိုးကျင့်ကြံသူ မျိုးနွယ်စု တစ်ခုပဲ"
သူ ခဏ ရပ်လိုက်၏။
ပြီးမှ ဆက်ပြောလိုက်လေသည်။ "မင်းရဲ့ ဘိုးဘေးကြီးက အတော်ဆုံးတွေထဲက တစ်ယောက်ပဲ... ဝိညာဉ်ဓားဂိုဏ်း ဝင်တုန်းက အတွင်းစည်း တပည့် ဖြစ်ခဲ့တယ်.... နှစ်ပေါင်း တစ်ရာကျော် ကြာပြီးတဲ့နောက်မှာ မင်းရဲ့ ဘိုးဘေးကြီးက ဝိညာဉ်ဓားဂိုဏ်းရဲ့ မှုခင်းထိန်းသိမ်းရေးမှူး ဖြစ်လာခဲ့ပြီ"
"မင်းက ငါ့ရဲ့ သားကြီးပဲ... မှတ်ထား အနာဂတ်မှာ မင်း လီမျိုးနွယ်စု ခေါင်းဆောင် ဖြစ်လာရင် မသေမျိုးကျင့်ကြံသူ တစ်ယောက်က လီမျိုးနွယ်စုကို ပစ်မှတ်ထားရင်တောင် ထိတ်လန့်စရာ မလိုဘူး"
"လီမျိုးနွယ်စုမှာ သူတို့ကို ကိုင်တွယ်ဖို့ အခြေခံအုတ်မြစ် ရှိတယ်... သူတို့ကို ကိုင်တွယ်ဖို့ အတွေ့အကြုံလည်း ရှိတယ်"
နားထောင်ပြီးတဲ့နောက် နှုတ်ခမ်းမွေး စစ နဲ့ လီဟယ်ရှန်းရဲ့ သားကြီးက ကမန်းကတန်း ခေါင်းညိတ်လိုက်၏။။ "နားလည်ပါပြီ"
"ဒါနဲ့... နောက် (၂) ရက်နေရင် ချန်မျိုးနွယ် သခင်ကြီးရဲ့ မွေးနေ့ ရောက်ပြီ... မူလက မင်းရဲ့ ညီ (၆) ယောက်မြောက်ကို ခေါ်သွားမလို့ စီစဉ်ထားတာ ဒါပေမဲ့ သူ ဆုံးသွားပြီ ဆိုတော့ မင်းပဲ လိုက်ခဲ့တော့"
"ဟိုရောက်ရင် ပေါက်ကရတွေ မပြောနဲ့... အထူးသဖြင့် အဲဒီ သူတော်စင်မကို တွေ့ရင် ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့... သူ့ကို စကားသွားမပြောနဲ့"
"ဝိညာဉ်ဓားဂိုဏ်းမှာ လီမျိုးနွယ်စုဝင်တွေ အများကြီး ရှိပေမယ့် အဲဒီ သူတော်စင်မက စကားတစ်ခွန်း ပြောလိုက်တာနဲ့ လီမျိုးနွယ်စုက ထာဝရ ငရဲကျသွားလိမ့်မယ်... ချန်မျိုးနွယ်စု ရှေ့မှာ လီမျိုးနွယ်စု ဆိုတာ ငါးဖယ်လေး တစ်ကောင်ပဲ"
"ဉာဏ်များဖို့ မကြိုးစားနဲ့... လီမျိုးနွယ်စုကို ဒုက္ခမပေးနဲ့၊ နားလည်လား" လီဟယ်ရှန်း ရုတ်တရက် ပြောလိုက်၏။
"သိပါတယ်ဗျ"
...