အခန်း ၁၉၆ : နေမင်းဂိုဏ်း၌ လူသားသူလျှိုများ ထည့်သွင်းခြင်း
"စီ... စီနီယာအစ်ကိုချီ..."
ကြီးမားသည့်မိစ္ဆာသားရဲ၏ အသွင်အပြင်ကို မြင်တွေ့လိုက်ရသည့်အခါ နေမင်းဂိုဏ်း၏ အရပ်ပုပု အပြင်စည်းတပည့်ဟာ တုန်လှုပ်ပြီး ကြောက်လန့်သွားခဲ့သည်။
သူ၏အသံဟာ မတုန်ယင်ဘဲမနေနိုင်တော့ပေ။ "အဲဒါ အနည်းဆုံး ချီသန့်စင်ခြင်းအဆင့် (၅)မှာ ရှိတဲ့ မိစ္ဆာသားရဲ တစ်ကောင်ဖြစ်ပုံရတယ်... ချီသန့်စင်ခြင်းအဆင့် (၄)မှာ ရှိတဲ့ ကျွန်တော်က ဒီမိစ္ဆာသားရဲရဲ့ ကျင့်ကြံမှု အဆင့်ကိုမခွဲခြားနိုင်ဘူး..."
"ဒါချီသန့်စင်ခြင်းအဆင့် (၅)မဟုတ်ရင် ဘာလဲ..."
ချီသန့်စင်ခြင်းအဆင့် (၅).....
စီနီယာအစ်ကိုချီနှင့် အခြားအပြင်စည်းတပည့်တို့ဟာ ဤစကားများကို ကြားလိုက်ရသည့်အခါ လေအေးတစ်ချက် မရှူသွင်းဘဲ မနေနိုင်တော့ပေ။
ဘာပဲဖြစ်ဖြစ် သူတို့သုံးဦးစလုံးက ချီသန့်စင်ခြင်း အဆင့် (၄)တွင်သာ ရှိကြလေသည်။
ချီသန့်စင်ခြင်းအဆင့် (၄)နှင့် အဆင့် (၅)ကြား ခွန်အား ကွာဟချက်ကို လူအရေအတွက်ဖြင့် ဖြည့်ဆည်းရန် မဖြစ်နိုင်တာ မဟုတ်သော်လည်း သူတို့အတွက်မူ ခွန်အားကွာဟချက်ကို ဖြည့်ဆည်းရန် မဖြစ်နိုင်ပေ။
သို့သော် ချီသန့်စင်ခြင်းအဆင့် (၄)ကျင့်ကြံသူသုံးဦးထက်တော့ သေချာပေါက်ပိုများရပေမည်။
ထို့အပြင် သူတို့က သာမန်အပြင်စည်းတပည့်များသာ ဖြစ်ကြပြီး မည်သည့် လျှို့ဝှက်ဖဲများကိုမျှ ပိုင်ဆိုင်ခွင့် မရှိကြပေ။
ထို့ကြောင့် သူတို့သုံးဦးစလုံး၏ မျက်နှာအမူရာက မကောင်းလှပေ။
"သောက်ကျိုးနည်း..."
စီနီယာအစ်ကိုချီ၏ မျက်နှာအမူရာက ပို၍ပင် မှိုင်းညှို့သွားရသည်။ "ငါက ချီသန့်စင်ခြင်းအဆင့် (၄)ဒါမှမဟုတ် အဲဒီအောက်က မိစ္ဆာသားရဲ တချို့ကို အမဲလိုက်ချင်ရုံလေးပါကွာ..."
......
"ဒီလို မိစ္ဆာသားရဲမျိုးနဲ့ ငါတို့က ဘယ်လိုလုပ်သွားတွေ့ရတာလဲ။"
သူ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး မနည်း တည်ငြိမ်အောင်ကြိုးစားလိုက်သည်။
သူ သွားကို စေ့ထားပြီး ပြောလိုက်သည်။ "ဆုတ်ခွာမယ်.... ငါတို့ သူ့ကိုမတိုက်နိုင်ဘူး..."
"ငါတို့က သူ့ပြိုင်ဘက် မဟုတ်ဘူး.."
အခြားနှစ်ယောက်ဟာ ထိုစကားကိုကြားသည့်အခါ သူတို့ ချက်ချင်းလှည့်ပြီး လာခဲ့စဉ်ကထက်ပင် ပိုမြန်အောင်ပြေးကြလေတော့သည်။
ထို့နောက် သူတို့လှည့်ပြီး ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် ရုတ်တရက် ရပ်တန့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့နောက်တွင် မိစ္ဆာသားရဲ တစ်ကောင်ရပ်နေသောကြောင့်ဖြစ်သည်။
မိစ္ဆာသားရဲ၏ ပေါ်ထွက်လာမှုက အသံတိတ်ဖြစ်နေပုံ ရသည်။ အနည်းဆုံးတော့ ထိုမိစ္ဆာသားရဲ ရုတ်တရက် ပေါ်လာကြောင်း သူတို့ သုံးယောက်စလုံး မသိရှိခဲ့ကြပေ။
ဤအရာက နေမင်းဂိုဏ်း၏ အပြင်စည်းတပည့်သုံးယောက်၏ ဦးရေပြားထုံကျဉ်သွားသလို ခံစားရစေခဲ့သည်။
သူတို့ ရှေ့တွင် ကြီးမားသည့် မိကျောင်းလိပ်မိစ္ဆာသားရဲတစ်ကောင် ရှိနေခဲ့သည်။
သူတို့နောက်တွင်မူ အလွန်ကြီးမားသည့်ခန္ဓာကိုယ်နှင့် ကြမ်းကြုတ်သည့်ကျားတစ်ကောင် ရှိနေပေသည်။
အဓိကအချက်မှာ ဤမိစ္ဆာသားရဲနှစ်ကောင် အနက် မည်သည့် အကောင်ပင်ဖြစ်စေ သူတို့၏ ကျင့်ကြံမှု အဆင့်ကို သူတို့မခွဲခြားနိုင်ပေ။
ဆိုလိုသည်မှာ သူတို့က အနည်းဆုံး ချီသန့်စင်ခြင်း အဆင့် (၅)တွင် ရှိနေသည်ဆိုတာပင်။
ဒါမှမဟုတ် သူတို့က ချီသန့်စင်ခြင်းအဆင့် (၄)တွင် ရှိနေသော်လည်း သူတို့၏ခွန်အားများ ကြားတွင် ကွာဟချက် ရှိနေသဖြင့် ဤမိစ္ဆာသားရဲနှစ်ကောင်၏ ကျင့်ကြံမှုအဆင့်ကို သူတို့ မခွဲခြားနိုင်ခြင်းဖြစ်နိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် သူတို့သုံးယောက်စလုံး ပြီးပြီဆိုတာကို သိလိုက်ကြသည်။
သူတို့သုံးယောက်စလုံး စိတ်ပျက်အားငယ်နေချိန်တွင် တဝီဝီမြည်နေသည့်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ "မင်းတို့လက်ထဲက လက်နက်တွေကို လွှင့်ပစ်လိုက် ပြီးတော့ သိုလှောင်အိတ်တွေကို ဒီဘက် ပစ်ပေးလိုက်။ မင်းတို့ရဲ့ အဝတ်အစားအားလုံးကို ချွတ်ပြီး တစ်တန်းတည်း ထိုင်ချလိုက်စမ်း။"
သူတို့ သုံးယောက်စလုံး ကြောင်အမ်းအမ်းဖြစ်နေစဉ် မိကျောင်းလိပ်မိစ္ဆာသားရဲက ရက်စက်စွာ (Fiercely) ပြောလိုက်သည်။ "မသေချင်တဲ့ကောင်တွေလုပ်ဆို လုပ်လိုက်စမ်း.."
"ဒါမှမဟုတ်ရင် ငါ မင်းတို့ကို အရှင်လတ်လတ်အရေခွံခွာပစ်မယ်"
"ပြီးရင် မင်းတို့ အသားကို ပြုတ်စားပစ်မယ်"
သားရဲ၏ ဟိန်းဟောက်သံက မိုးခြိမ်းသံကဲ့သို့ သူတို့၏ နားစည်များကို အူသွားစေခဲ့သည်။ သားရဲ၏ ကြမ်းကြုတ်သည့်အော်ရာက သူတို့ကို တံတွေးမျိုချမိစေပြီး ချွေးအေးများ ထွက်လာစေခဲ့သည်။
သူတို့ သုံးယောက်စလုံးဟာ အလျင်အမြန် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နာခံစွာဖြင့် သူတို့၏ဓားရှည်များကို အဝေးသို့ လွှင့်ပစ်လိုက်ကြသည်။
ထို့နောက် သူတို့ရဲ့ သိုလှောင်အိတ်ကို ကြီးမားသည့် မိကျောင်းလိပ်ရှိရာသို့ ပစ်ပေးလိုက်ကြသည်။
နောက်ဆုံးတွင် သူတို့၏ အဝတ်အစား အားလုံးကို ချွတ်ပစ်လိုက်ကြသည်။
အသက်ရှင်လိုသည့် သူတို့၏ပြင်းပြသောဆန္ဒက သူတို့ကို အတွင်းခံတစ်ထည်ပင် မချန်ထားစေခဲ့ပဲ ကိုယ်လုံးတီး ဖြစ်သွားကြသည်....
ဤမိစ္ဆာသားရဲက လူစကားကို မည်သို့ ဤမျှ ကျွမ်းကျင်စွာ ပြောဆိုနိုင်ကြောင်း စဉ်းစားရန် သူတို့တွင် အချိန်မရှိပေ။ မိစ္ဆာသားရဲက သူတို့ကို ဘာကြောင့် ဤသို့လုပ်ခိုင်းကြောင်း စဉ်းစားရန်လည်း သူတို့တွင် အချိန်မရှိပေ။
အကယ်၍ သူတို့ အသက်ရှင်ချင်လျှင် ၎င်းတောင်းဆိုသည့်အတိုင်း လုပ်ဆောင်ရုံသာရှိကြောင်း သူတို့သိကြပေသည်။
သို့မဟုတ်ပါက သားရဲနှစ်ကောင်ထံမှ ပေါက်ကွဲထွက်လာသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်က နောက်ပြောင်နေခြင်းမဟုတ်ပေ။
သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ပျော်စရာ အတွက် ပေါ့ပေါ့ပါးပါးထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု သူတို့ မထင်ကြပေ။
ဤအရာက သူတို့ကို ကြောက်ရွံ့စွာတုန်ယင်သွားစေပြီး ချွေးအေးများ ထွက်လာခဲ့ကြသည်။
[ဒီတစ်ကြိမ် နေမင်းဂိုဏ်း၏ အပြင်စည်းဂိုဏ်းသား တပည့်သုံးယောက်ကို သတ်ဖြတ်ရန် သင်မရွေးချယ်ခဲ့ပေ။ ယင်းအစား သင်ဟာ သူတို့ကို ဖမ်းဆီးခဲ့သည်။ နည်းလမ်း အသီးသီးမှတစ်ဆင့် သူတို့ သုံးယောက်၏ နှလုံးသားထဲတွင် ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာအရိပ်မည်းတစ်ခုကို သင် ဖန်တီးခဲ့သည်။ သူတို့ သုံးယောက်ဟာ သင့်ကို ပြန်လည်သတိရလိုက်သည်နှင့် တပြိုင်နက် ကြောက်ရွံ့မှုကို ခံစားရပြီး တုန်လှုပ်သွားလိမ့်မည်။]
[တစ်ချိန်တည်းမှာပင် နေမင်းဂိုဏ်းကို သစ္စာဖောက်ပြီး သင်နှင့် ပူးပေါင်းရန် သူတို့ သုံးယောက်ကို ကောင်းကင်တာအိုသစ္စာဆိုမှုတစ်ခုရေးထိုးစေခဲ့သည်။ သူတို့က စည်းမျဉ်းများအနက်မှ တစ်ခုကို ချိုးဖောက်လိုက်သည်နှင့် တပြိုင်နက် သူတို့၏ စိတ်နှလုံး မိစ္ဆာများဖြစ်ပေါ်လာပြီး စိတ်နှလုံးမိစ္ဆာများ၏ ဘေးထွက်ဆိုးကျိုးကြောင့် သေဆုံးရလိမ့်မည်]
[ဤအရာကို လက်တွေ့ကမ္ဘာရှိ လီဖေးယွီထံမှ သင် သင်ယူခဲ့ခြင်းဖြစ်သည်။ ဤနည်းလမ်းက အတော်လေး အသုံးဝင်သည်ဟု သင်ထင်မြင်ခဲ့သည်။]
[သင်ဟာ သူတို့သုံးဦးစလုံးကို နေမင်းဂိုဏ်းသို့ ပြန်လွှတ်ပေးခဲ့ပြီး ပြောလိုက်သည်။ "နေမင်းဂိုဏ်းမှာ မင်းတို့အားလုံး အကောင်းဆုံးဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ်။"]
[သူတို့သုံးယောက်ဟာ နေမင်းဂိုဏ်း၏ အတွင်းစည်း တပည့်များအဖြစ် အောင်မြင်စွာဖြစ်လာစေရန် သင်ဟာ သူတို့ကို ဝိညာဉ်ဆေးဝါးအချို့ ပေးခဲ့သည်။ ဤဝိညာဉ်ဆေးဝါးများက သူတို့အတွက် လုံလောက်သည့် ဂိုဏ်းပစ္စည်းများလဲလှယ်ရန်နှင့် အတွင်းစည်း တပည့်များဖြစ်လာရန် ပါဝင်ကူညီမှုပြုလုပ်ရန် လုံလောက်ပေသည်။]
[အသက် ၁၆ နှစ်၊ သူတို့ သုံးယောက် နေမင်းဂိုဏ်းသို့ ပြန်ရောက်သွားပြီးနောက် နေမင်းဂိုဏ်း၏ အတွင်းစည်းတပည့်များအဖြစ် အောင်မြင်စွာဖြစ်လာခဲ့ကြပြီး မတူညီသည့် အကြီးအကဲသုံးယောက်၏ တပည့်များ ဖြစ်လာခဲ့ကြသည်။]
[နေမင်းဂိုဏ်းတွင် သူလျှိုသုံးယောက်ကို သင် အောင်မြင်စွာ ထည့်သွင်းထားနိုင်ခဲ့ပြီဖြစ်သည်။]
[အသက် ၁၇ နှစ်၊ သင်သည် ချီသန့်စင်ခြင်းအဆင့် (၇)သို့ ရောက်ရှိသွားပြီဖြစ်သည်]
[ နေမင်းဂိုဏ်းတွင် ထည့်သွင်းထားသည့် သူလျှို သုံးယောက်သည် သင့်ထံသတင်းတစ်ခု လျှို့ဝှက်စွာ ယူဆောင်လာခဲ့သည်။ ဆယ်ရက်ကြာပြီးနောက် နေမင်းဂိုဏ်း၏ ချီသန့်စင်ခြင်းအဆင့် (၁၀)ရှိ အပြင်စည်း ဂိုဏ်းအကြီးအကဲတစ်ဦးဟာ ဝိညာဉ်ကျောက်တုံး အသုတ်တစ်သုတ်ကို စောင့်ကြပ်ရန် အပြင်ဘက် ဂိုဏ်းသားတပည့် အချို့ကို ဦးဆောင်လာလိမ့်မည်။ သူတို့ဟာ နေရာတစ်ခုကိုလည်း ဖြတ်သန်းသွားလိမ့်မည်။]
[ဂရုတစိုက် စဉ်းစားပြီးနောက် သင်ဟာ လုယက်မှုတစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်]