အခန်း ၁၉၅ : ဖူရွှမ်နီ၏ အစီအစဥ်
ဝူယန်သည် ကျီဟိုင်မြို့တော်ရှိ ဝူမျိုးနွယ်စုမှမျိုးဆက်တစ်ဦးဖြစ်သော်လည်း သူ၏ ညီအစ်ကိုမောင်နှမများနှင့် နှိုင်းယှဉ်လျှင် ကျင့်ကြံခြင်းတွင် သူ၏ပါရမီက သာမန်သာ ဖြစ်လေသည်။
ထို့ကြောင့် ငယ်စဉ်ကတည်းက သူသည် ဝူမျိုးနွယ်စု၏ အရေးမပါတဲ့အဖွဲ့ဝင်တစ်ဦး အမြဲတမ်းဖြစ်ခဲ့ရသည်။ အကယ်၍ ဝူမျိုးနွယ်စု၏ မျိုးဆက်တစ်ဦး ဖြစ်နေခြင်းက သူ့ကို အတိုင်းအတာတစ်ခုအထိ အဆင်ပြေစေခြင်း မရှိခဲ့ပါက ယခုအချိန်တွင် ချီသန့်စင်ခြင်း အဆင့်(၂)သို့ပင် ရောက်ရှိနိုင်ခဲ့မည်မဟုတ်ပေ။
ချီသန့်စင်ခြင်းအဆင့် (၂)သို့ ရောက်ရှိရန်အတွက် သူသည် ဆေးလုံးများ အပေါ် မှီခိုခဲ့ရသည်။
ပြဿနာမှာ မိသားစုမှ အကြီးအကဲများက သူ၏ ပါရမီဟာ သာမန်ဖြစ်ကြောင်းသိရှိသွားသည့်အခါ သူတို့ဟာ သူ့အား အပတ်စဉ်ထောက်ပံ့ပေးနေသော ဆေးလုံးများကို ဖြတ်တောက်လိုက်ခြင်းပင်။
ယခုအချိန်တွင် သူသည် မိသားစု၏ဥက္ခောပြုခံထားရသည့် အခြေအနေတွင်ရှိနေပေသည်။ သို့သော် ဝူမျိုးနွယ်စုက သူကျင့်ကြံရန်အတွက် အရင်းအမြစ်များကို ဆက်လက် ဖြုန်းတီးတော့မည်မဟုတ်သော်လည်း သူ့ကို မိသားစုထဲမှ နှင်ထုတ်ပစ်လောက်သည်အထိတော့ လွန်ကဲမည် မဟုတ်ပေ။
၎င်းက ဝူယန်အား မိသားစုအာဏာ၏ ဗဟိုချက်မကိုထိတွေ့ခွင့်မရစေသည့် ရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်။
အနာဂတ်တွင် သူဟာ အပယ်ခံလူတစ်ဦးဖြစ်လာရန် ကံကြမ္မာ ဖန်တီးခံထားရပြီးဖြစ်သည်။
ကံကောင်းစွာဖြင့် ဝူယန်တွင် ရည်မှန်းချက် အနည်းငယ်ရှိပြီး သူဟာ သေမည့်အချိန်ကို စောင့်ဆိုင်းနေသည့် အသုံးမကျသည့် အမှိုက်တစ်စ မဖြစ်ချင်ခဲ့ပေ။
သူသည် မိသားစု၏ စီးပွားရေးလုပ်ငန်း အချို့ကို လွှဲပြောင်းရယူခွင့် ရှိမရှိ မိသားစုမှအကြီးအကဲများကို မေးမြန်းရန် ကြိုးစားခဲ့သည်။
ဝူမျိုးနွယ်စုမှ အကြီးအကဲများကလည်း သူ့ကို အခွင့်အရေး တစ်ခု ပေးခဲ့လေသည်။
လူငယ်လေးဝူယန်သည် ဝူမျိုးနွယ်စု၏ ဆေးဘက်ဝင် အပင်များလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းကို လွှဲပြောင်းရယူခဲ့သည်။
နှစ်အနည်းငယ်ကြာ စီမံခန့်ခွဲပြီးနောက် ဤဆေးဘက်ဝင်အပင်များလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းကို သူ ကောင်းစွာ ဂရုစိုက်နိုင်ခဲ့ပြီး မိသားစုမှ အကြီးအကဲများထံမှ ချီးကျူးမှုများ ရရှိခဲ့လေသည်။
......
ဝူယန်သည် မိသားစုအကြီးအကဲများ၏ မျက်လုံးထဲသို့ နောက်တစ်ကြိမ်ဝင်ရောက်ခွင့်ရတော့မည့်အချိန်တွင် ကောင်းသောအချိန်များက ကြာရှည်မခံဟူသော စကားလုံးများက သူနှင့်တိုက်ဆိုင်စွာ ဖြစ်ပျက်လာခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဝိညာဉ်ဆေးပင်များ သယ်ယူပို့ဆောင်နေစဉ်အတွင်း ဝူမျိုးနွယ်စုမှ ဝိညာဉ် ဆေးပင်အသုတ်တစ်သုတ်လုယက်ခံလိုက်ရသည်။
၎င်းက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရာပေါင်းများစွာ တန်ဖိုးရှိသည့် ဝိညာဉ်ဆေးပင်အသုတ်တစ်သုတ် ဖြစ်ပြီး ပမာဏ အနည်းငယ် မဟုတ်ပေ။
အကယ်၍ ဤအရာကို အလွယ်တကူ ယူဆောင်သွားခြင်းခံလိုက်ရပါက အနာဂတ်တွင် ဝူမျိုးနွယ်စုရှိ မိသားစု၏ စီးပွားရေးလုပ်ငန်းကို သူထိတွေ့နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ဝိညာဉ်ဆေးပင်တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရယူရန် သူဟာ အသည်းအသန် လိုလားခဲ့သည်။ ကံဆိုးစွာဖြင့် လမ်းခုလတ်တွင် ကုန်ပစ္စည်းများကို လုယက်သွားသူများက ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့က သူ့ထက်ရော သူခေါ်လာသည့် လူများထက်ပါ ပိုမိုသန်မာနေခဲ့ကြသည်။
တိုက်ပွဲနှင့် သတ်ဖြတ်မှုများအတွင်း ဝူယန်ခေါ်လာသသည့်လူများ အားလုံးအသတ်ခံလိုက်ရသည်။
ဝိညာဉ်ဆေးပင်များကို ပြန်လည်ရယူရန် သူ စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်း သိရှိထားသဖြင့် သူဟာ အန္တရာယ်ရှိသည့် အခြေအနေမှ အသည်းအသန် ထွက်ပြေးရုံသာ တတ်နိုင်တော့လေသည်။
သူဟာ လူသူကင်းမဲ့သည့်တောင်တန်းထဲတွင် ဆယ်ရက်ကျော်ကြာ ထွက်ပြေးနေခဲ့ရသည်။
အသက်ရှင်ကျန်ရစ်မည့် မျှော်လင့်ချက်ကို မြင်တွေ့ရရန် မလွယ်ကူခဲ့ပေ...
နောက်ဆုံးတွင် သူဟာ မိစ္ဆာသားရဲ အနည်းငယ်နှင့် ကြုံတွေ့ခဲ့ရပြီး ဖမ်းဆီးခံလိုက်ရပြီး ဖက်ထုပ်တစ်ခုကဲ့သို့ တုပ်နှောင်ခံလိုက်ရသည်။
သိပ်မကြာမီ ဤနေရာတွင် မိစ္ဆာသားရဲအနည်းငယ်ထက်မက ရှိနေကြောင်း သူ သဘောပေါက်လိုက်၏။
၎င်းက မိစ္ဆာသားရဲ အုပ်စုတစ်စု ဖြစ်ကာ မိစ္ဆာသားရဲများ၏အသိုက်တစ်ခု ဖြစ်နေခဲ့သည်။
သူဟာ စိတ်ပျက်အားငယ်စွာဖြင့် မိစ္ဆာသားရဲများ၏ အစာ ဖြစ်တော့မည့်အချိန်တွင် အလွန် ထူးခြားသည့်အော်ရာရှိတဲ့ မိစ္ဆာသားရဲတစ်ကောင်ကို သူ ရုတ်တရက် မြင်လိုက်ရသည်။ မိစ္ဆာသားရဲ အနည်းငယ် ဝိုင်းရံလျက် ၎င်းက သူ၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် မိစ္ဆာသားရဲက သူ့ကို ရှင်းလင်းသောအသံဖြင့် စကားပြောသည်ကို သူ ကြားလိုက်ရသည်။ "မင်းက မဟာဝေမင်းဆက် ကျီဟိုင်မြို့တော်က ဝူမျိုးနွယ်စုကလား"
'မိစ္ဆာ...မိစ္ဆာသားရဲက စကားပြောနိုင်တယ်လား..'
ဝူယန် ကြောင်အသွားရသည်။
လူစကားပြောနိုင်တဲ့ မိစ္ဆာသားရဲတစ်ကောင်က အနည်းဆုံးတော့ အခြေတည်အဆင့်မိစ္ဆာသားရဲ တစ်ကောင် ဖြစ်ရမယ်....ပြီးတော့ ဒီလောက် ရှင်းရှင်းလင်းလင်း ပြောနိုင်တာဆိုတော့ ရွှေအမြုတေမိစ္ဆာတစ်ကောင်တော့ ဖြစ်နေမလား...'
'ရှူး...'
အလွန်အမင်းတုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုအောက်တွင် ဖူရွှမ်နီက သူ့ကို မည်သည့်မေးခွန်းမေးသည်ဖြစ်စေ ကြောက်ရွံ့မှုများပြည့်နှက်နေသည့်မျက်နှာဖြင့် သူ ဖြေကြားခဲ့သည်။
"ဟုတ်... ဟုတ်ပါတယ်။"
ဤအဖြေကို ရရှိပြီးနောက် ဖူရွှမ်နီ ခေတ္တရပ်တန့်လိုက်ပြီး ထပ်မေးလိုက်သည်။ "ဝူမျိုးနွယ်စုက ဘယ်လောက် သန်မာလဲ။ မျိုးနွယ်စုခေါင်းဆောင်ရဲ့ကျင့်ကြံမှုက ဘယ်အဆင့်လဲ။ မိသားစုထဲမှာ မျိုးဆက် ဘယ်နှယောက်ရှိလဲ.... ကျီဟိုင်မြို့တော်မှာ ဝူမျိုးနွယ်စုက ဘယ်အဆင့်မှာ ရှိလဲ"
မေးခွန်း တသီတတန်းကြီးကြောင့် ဝူယန်၏ စိတ်များ ဗလာကျင်းသွားရသည်။ မိစ္ဆာသားရဲတစ်ကောင်က ဘာကြောင့် ဤမေးခွန်းများကို မေးတာခဲဆိုတာကို သူ မသိသဖြင့် တစ်ခုပြီး တစ်ခုဖြေကြားရုံသာ တတ်နိုင်တော့ပေသည်။
နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ကြာပြီးနောက် ဖူရွှမ်နီဟာ တစ်ဖက်လူ၏အခြေအနေနှင့် ကျီဟိုင် မြို့တော်ရှိ ဝူမျိုးနွယ်စု၏ အခြေအနေကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
သူမ ဤဝူမျိုးနွယ်စုမှ တပည့်ကို အကဲခတ်ကြည့်လိုက်သည်။
ဤကံဆိုးသည့်ကောင်လေး၏ခွန်အားက သိပ်မကြီးမားသော်လည်း သူ၏အထောက်အထားက အနည်းငယ်ထူးခြားပေသည်။
သူက မိသားစုတွင် အရေးမပါသည့်လူတစ်ဦးဖြစ်နေလျှင်ပင် သူက ဝူမျိုးနွယ်စု၏ တပည့်တစ်ဦး ဖြစ်နေဆဲပင်။
ပြာနှမ်းနေသည့်မျက်နှာနှင့် ဝူယန်ကို ကြည့်ပြီး သူမ ရုတ်တရက် ပြောလိုက်သည်။ "အပေးအယူ တစ်ခု လုပ်ကြရအောင်။ စီးပွားရေး လုပ်ကြမယ်။ အကယ်၍ မင်း မိစ္ဆာသားရဲတစ်ကောင်ရဲ့ မစင်မဖြစ်ချင်ဘူး
ဆိုရင် ငါနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။"
ဝူယန် ကြောင်အသွားပြီး သူ၏မျက်လုံးများ မယုံနိုင်စွာဖြင့် ပြူးကျယ်သွားခဲ့သည်။ "အပေးအယူ... စီးပွားရေး..."
ဖူရွှမ်နီ ပြောလိုက်သည်။ "မှန်တယ် စီးပွားရေးပဲ။"
"ကျွန်တော် လုပ်ပါ့မယ်... ကျွန်တော်လုပ်ပါ့မယ်.." ဝူယန်ဟာ ဆန်စေ့ကို ခုတ်နေသည့် ကြက်တစ်ကောင်ကဲ့သို့ အလျင်အမြန် ခေါင်းငြိမ့်လိုက်၏။
သူ ဆက်အသက်ရှင်နိုင်သေးသည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် သူအသက်ရှင်နိုင်သရွေ့ စီးပွားရေးဆိုတာ ထားလိုက် ကိုယ်လုံးတီးတောင် ချွတ်ပြလိုက်ပေအုံးမည်........
[ဝိညာဉ်ဆေးပင်တစ်ပင်ကို ဤမျှ ကြမ်းတမ်းစွာ စားသုံးခြင်းဖြင့် ၎င်း၏ဆေးဘက်ဝင်အာနိသင်ကို အပြည့်အဝ အသုံးချရန်ခက်ခဲသည်။ ဝိညာဉ်ဆေးပင် (၁၀)ပင် စားသုံးခြင်းကပင် ဆေးလုံးတစ်လုံး စားသုံးသလောက် အသုံးမဝင်ပေ။]
[သင်၏ မိစ္ဆာသားရဲလက်အောက်ငယ်သားများ တူးဖော်လာသည့် ဝိညာဉ်ဆေးပင်များကို ကျီဟိုင် မြို့တော်ရှိ ဝူမျိုးနွယ်စုသို့ ရောင်းချရန် သင်ပြင်ဆင်ထားပြီး ကျီဟိုင်မြို့တော်ရှိ ဝူမျိုးနွယ်စုဟာ ဝိညာဉ် ကျောက်တုံးများနှင့် ဆေးလုံးများကို ငွေပေးချေမှုအဖြစ် အသုံးပြုရမည်။]
[အနာဂတ်တွင် ဝူမျိုးနွယ်စု၌ သင်၏နယ်မြေကို ဖြတ်သန်းသွားသည့် ကုန်သည်ယာဉ်တန်းတစ်ခု ရှိလာပါက သူတို့ကို အကာအကွယ်အချို့ပေးမည်ဟု သင် ကတိပြုသော်လည်း ဝူမျိုးနွယ်စုက သင့်အား အကာအကွယ်ပေးခ တစ်စိတ်တစ်ပိုင်း ပေးဆောင်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ချောမွေ့စွာ ဖြတ်သန်းသွားရန် မဖြစ်နိုင်ပေ။]
[ဝူယန် အိမ်ပြန်ရောက်သည့်အခါ သူ၏မိသားစု၏ အပြစ်ပေးခြင်းမှ ကာကွယ်ရန်အတွက်၊ သင်သူ့ကို ဝိညာဉ်ဆေးဝါးအသုတ် တစ်သုတ်ချေးငှားလိုက်သည်။ သို့သော် သင်ဟာ ပြန်ဆပ်ရန် (၁၃) ပုံ (၉) ပုံ တောင်းဆိုခဲ့သည်။ သို့မဟုတ်ပါက ကောင်းကင်တာအိုသစ္စာဆိုမှုက သူ၏အသက်ကို ယူသွားလိမ့်မည်။]
[ဤသည်မှာ သင်ပထမဆုံး ချေးငှားလိုက်သည့်ချေးငွေဖြစ်သည်။]
[ဤအရာဖြင့် ဝူယန်ကို သစ္စာဖောက်တစ်ဦး အဖြစ် အောင်မြင်စွာပြောင်းလဲနိုင်ခဲ့သည်။]
[သုံးလကြာပြီးနောက် ဝူယန်ဟာ ပထမဆုံးဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများအသုတ်ကို ပေးပို့ခဲ့သည်။ တောင်တန်းထဲရှိ မည်သည့် သာမန်ဝိညာဉ် ဆေးဝါး (၂)မျိုးကိုမဆို ဝိညာဉ်စုစည်းခြင်းဆေးလုံးတစ်လုံး သို့မဟုတ် ဝိညာဉ်ကျောက်တုံး (၁၀)တုံးကျော်ဖြင့် လဲလှယ်နိုင်သည်။]
[သင်သည် ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများ၏ (၇၀) ရာခိုင်နှုန်းကို သိမ်းဆည်းထားခဲ့သည်။ ၎င်းတို့ အနက် (၃၀)ရာခိုင်နှုန်းကို အဖွဲ့အစည်း၏ လည်ပတ်မှုအတွက် သိမ်းဆည်းထားမည်ဖြစ်ပြီး အခြား (၄၀)ရာခိုင်နှုန်းကို သင်၏ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် အသုံးပြုမည်ဖြစ်သည်။ ကျန်ရှိသည့် (၃၀)ရာခိုင်နှုန်းကို မိစ္ဆာသားရဲ လက်အောက်ငယ်သားအုပ်စုထံ ဖြန့်ဝေပေးမည်ဖြစ်သည်။]
[သင်သည် (၃၀)ရာခိုင်နှုန်းသာ ရရှိနိုင်သော်လည်း ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများက ယူဆောင်လာပေးသည့် ကျင့်ကြံခြင်းအမြန်နှုန်းက မိစ္ဆာသားရဲ အုပ်စုကို ပျော်ရွှင်စွာခုန်ပေါက်သွားစေဆဲပင်။]
[သင်အများကြီး ပေးလိုက်မိကြောင်း သင် သဘောပေါက်လိုက်၏။]
[...]
"သူတို့က ကျေနပ်လွယ်လိုက်တာ။"
သူမရှေ့မှ မိစ္ဆာသားရဲများကို ကြည့်ပြီး ဖူရွှမ်နီသက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ "လူသားတွေရဲ့ အဆုံးအစမဲ့တဲ့ လောဘနဲ့ နှိုင်းယှဉ်ရင် ဒီမိစ္ဆာသားရဲတွေက ယုံကြည်နိုင်စရာမရှိလောက်အောင် ဖြူစင်လွန်းတယ်။"
"ငါ သူတို့ကို မျက်နှာသာအနည်းငယ်ပေးသရွေ့ သူတို့က ကျေးဇူးတင်နေကြလိမ့်မယ်။"
တစ်ခါတစ်ရံ ဤသားရဲအုပ်စုကို လှည့်စားခြင်းက သူမကို အနည်းငယ်အပြစ်ရှိသလို ခံစားရစေပေသည်။
ကံကောင်းစွာဖြင့် သူမက သူတို့ကိုကောင်းကောင်း ဆက်ဆံခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူတို့ကို သူမနောက် အနီးကပ်လိုက်ပါလာစေရန်အတွက် သူမ ငွေရှာရန်နည်းလမ်းတစ်ခုကို ကြိုးစားပမ်းစား ရှာဖွေခဲ့ရသည်။
၎င်းက ဤအဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်သည်။
"ငါ တောင်တန်းတွေထဲမှာ ပုန်းအောင်းနေရုံပဲတတ်နိုင်ပြီး လူသိပ်မသိပေမယ့် တစ်နေ့ကျရင် ဒီထူးဆန်းတဲ့ ကောင်တွေ အုပ်စုက ကမ္ဘာကြီးကို တုန်လှုပ်သွားစေလိမ့်မယ်။"
ဖူရွှမ်နီ သူမဖွဲ့စည်းထားသည့် ဤမိစ္ဆာသားရဲအုပ်စုအပေါ် ကြီးမားသည့်မျှော်လင့်ချက်များ ရှိနေခဲ့သည်။
သူမ အကြောင်းပြချက်မရှိဘဲ မိစ္ဆာသားရဲအများအပြားကို လက်ခံမည်မဟုတ်ပေ။ သူမတွင်လည်း ကိုယ်ပိုင်အစီအစဉ်များ သေချာပေါက် ရှိနေလေသည်။
[အသက် ၁၀နှစ်၊ နှစ်နှစ်ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် သင်၏နယ်မြေသည် အဆပေါင်းများစွာ ကျယ်ပြန့်လာခဲ့သည်။ သင်၏လက်အောက်ရှိ မိစ္ဆာသားရဲအရေအတွက်သည်လည်း (၂၀၀)သို့ ရောက်ရှိသွားပြီဖြစ်သည်။ သင်သည် အဆင့်နိမ့်ဝိညာဉ် ကျောက်တုံး (၃,၀၀၀)ကျော်နှင့် မတူညီသည့် ဆေးလုံးအမျိုးအစား (၂၅၀)တို့ကို စုဆောင်းနိုင်ခဲ့သည်။]
[ဤလူသားသစ္စာဖောက် ဝူယန်၏အကူအညီဖြင့် သင်သည် ကိုယ်ပိုင်အဖွဲ့အစည်းအတွက် ကျင့်ကြံခြင်း အရင်းအမြစ်များကို ရှာဖွေရန် ကျီဟိုင်မြို့တော်တွင် ကြွယ်ဝချမ်းသာမှုလမ်းကြောင်း အများအပြား ချမှတ်နိုင်ခဲ့သည်။ သင်ဟာလည်း ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။]
[ကျီဟိုင်မြို့တော်၏ အကြီးဆုံးချေးငွေ လုပ်ငန်းသည် သင်၏ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။ သင့်ကို ဝိညာဉ်ကျောက်တုံးများ အကြွေးတင်နေသည့် လူသားကျင့်ကြံသူ ရာပေါင်းများစွာ ရှိနေပြီဖြစ်သည်။]
[နည်းလမ်းအသီးသီးမှတစ်ဆင့် သင်ဟာ ကျီဟိုင် မြို့တော်တွင် အမြစ်တွယ်ရန် ကူညီပေးမည့် လူသား သစ္စာဖောက်အများအပြားကို ထပ်မံပျိုးထောင်နိုင်ခဲ့သည်။]
[အသက် ၁၂ နှစ်၊ မိစ္ဆာအမြုတေတစ်ခု၊ ဝိညာဉ် ကျောက်တုံး အမြောက်အမြားနှင့် ဆေးလုံးများ စားသုံးခြင်း၏ အကူအညီဖြင့် သင်ဟာ ချီသန့်စင်ခြင်းအဆင့် (၆)သို့ အဆင့်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။]
[သို့သော် ဆေးလုံးများ အပေါ် မှီခိုနေရသည့် ကျင့်ကြံမှုအခြေခံက မတည်ငြိမ်ပေ။ တူညီသည့် အဆင့်ရှိသူများကြားတွင် သင်ဟာ ပြိုင်ဘက်ကင်း မဖြစ်နိုင်ပေ။]
[အသက် ၁၅ နှစ်၊ သုံးနှစ်ကြာ ခါးသီးသည့် ကျင့်ကြံမှု အပြီးတွင် သင်သည် ချီသန့်စင်ခြင်းအဆင့် (၇)သို့ ရောက်ရှိရန် ခြေတစ်လှမ်းဝက်သာလိုတော့သည်။]
[သင်၏ လက်အောက်ငယ်သား အရေအတွက်ဟာလည်း (၄၀၀)သို့ ရောက်ရှိလာခဲ့သည်]
[သင်၏လက်အောက်တွင် မိစ္ဆာသားရဲဒါဇင်နှင့်ချီ ရှိနေပြီဖြစ်သည်။ တစ်နေ့တွင် သင်၏လက်အောက်ရှိ မိစ္ဆာသားရဲများဟာ နေမင်းဂိုဏ်းမှ ကျင့်ကြံသူများ၏ ခြေရာများကို ရှာဖွေတွေ့ရှိခဲ့သည်]
[...]
"အရှင်မ အဲဒီကျင့်ကြံသူသုံးယောက်က အရှင်မ ကျွန်တော်တို့ကို ဖော်ပြထားတဲ့အတိုင်း တစ်ထပ်တည်း ဝတ်ဆင်ထားပါတယ်။ ဒါကြောင့် သူတို့က နေမင်းဂိုဏ်းကလို့ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ခန့်မှန်းရဲပါတယ်။ သူတို့က ကျင့်ကြံသူသုံးယောက်ပါ"
ဖူရွှမ်နီထံအခြေအနေကို သတင်းပို့သူမှာ မိကျောင်းလိပ်မိစ္ဆာသားရဲ တစ်ကောင်ဖြစ်သည်။ ဤမြင်ကွင်းက ဖူရွှမ်နီကို ယခင်က ကြုံဖူးသလို ခံစားချက်တစ်ခု ပေးစွမ်းလေသည်။
သူမ ပြီးခဲ့သည့်အကြိမ် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်ခဲ့စဉ်က နေမင်းဂိုဏ်းမှလူများဟာ သူမ၏ နယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်လာကြောင်း သူမကို အသိပေးခဲ့သည့်မိစ္ဆာသားရဲကို သူမမှတ်မိနေလေသည်။
၎င်းက ဤအလွန်ကြီးမားပြီး အတော်လေး ဉာဏ်ကောင်းသည့် မိကျောင်းလိပ်မိစ္ဆာသားရဲ ဖြစ်ပုံရပေသည်။
"လာရမယ့် အရာက လာမှာပဲ။" ဖူရွှမ်နီ ဤအရာကြောင့် အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိပေ။ သူမ ဆက်ပြောလိုက်သည်။ "သူတို့သုံးယောက်ကို တုပ်နှောင်ထားလိုက်။ အကယ်၍ သူတို့က ငါတို့ရဲ့ မိစ္ဆာသားရဲတွေကို မတိုက်ခိုက်ဘူးဆိုရင် သူတို့ကို လောလောဆယ် မသတ်နဲ့ဦး။"
"ဟုတ်ကဲ့ပါ"
မိကျောင်းလိပ်သည် ၎င်း၏ကြီးမားသော ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး လေးလံသည့် ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။
ထိုကျင့်ကြံသူသုံးဦးက ချီသန့်စင်ခြင်းအဆင့် (၄) တွင်သာရှိကြောင်း ဖူရွှမ်နီ သိရှိပေသည်။
ထို့အပြင် သူတို့အားလုံးက နေမင်းဂိုဏ်း၏ အပြင်စည်းတပည့်များဖြစ်ကြသည်။
ထို့ကြောင့် သူတို့တွင် အထူးအသက်ကယ်နည်းလမ်းများမရှိသလို လျှို့ဝှက်ဖဲများလည်း မရှိကြပေ။
ဒီတစ်ကြိမ် ဖူရွှမ်နီဟာ ဖြစ်ရပ်ဖြစ်ပွားရာ နေရာသို့ ကိုယ်တိုင် သွားရောက်ရန် မလိုအပ်တော့ပေ။ သူမ ပေါ့ပေါ့ပါးပါး အမိန့်တစ်ခုပေးလိုက်ရုံဖြင့် သူမ အတွက် ကြိုးစားပမ်းစားအလုပ်လုပ်ပေးရန် တန်းစီနေသည့် မိစ္ဆာသားရဲရာပေါင်းများစွာ ရှိနေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မိစ္ဆာသားရဲတွေမှာလည်း စံပြ ရည်မှန်းချက်တွေ ရှိကြလေသည်။
သူတို့၏အတွေးများက အတော်လေးရိုးရှင်းနေသေးသော်လည်း ဖူရွှမ်နီ၏ စုဆောင်းပေးလိုက်သည့် အတွေးများအောက်တွင် ဤမိစ္ဆာသားရဲအုပ်စု အားလုံး အချက်တစ်ချက်ကို သိရှိသွားကြသည်။ ၎င်းက သူတို့၏သူဌေးကို အလုပ်လုပ်ပေးခြင်းက အကျိုးကျေးဇူးများ ယူဆောင်လာပေးနိုင်ပြီး သူတို့ ချမ်းသာလာနိုင်တယ်ဆိုတာပင်။
...
"စီနီယာအစ်ကိုချီ တစ်ခုခုတော့ မှားနေပြီ... ဒီနေရာက နည်းနည်း ကြောက်စရာကောင်းတယ်လို့ မထင်ဘူးလား..." နေမင်းဂိုဏ်း၏ အပြင်စည်းတပည့်သုံးဦး အနက် အရပ်ပုသည့်အမျိုးသားတစ်ဦးက တိုးတိုးလေး မပြောဘဲမနေနိုင်တော့ပေ။ "ဒီဧရိယာမှာ အရေအတွက် မသိရတဲ့ မိစ္ဆာသားရဲတွေကို သတ်ဖြတ်ခဲ့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာကြီးတစ်ကောင်ရှိတယ်လို့ ကျွန်တော်ကြားတယ်။ ကျွန်တော်တို့ အဲဒီ မိစ္ဆာကြီးရဲ့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာမိပြီလို့တော့ မပြောနဲ့နော်။"
ထိုစကားကို ကြားလိုက်ရသည့်အခါ စီနီယာအစ်ကို
ချီလည်း အနည်းငယ် စိုးရိမ်သွားပေးမဲ့ နောက်ဆုံး၌ သူဟာ သွားကိုစေ့ထားလိုက်သည်။
သူ သတ္တိမွေးပြီးပြောလိုက်၏။ "ဒီတောင်တန်းထဲ ဝင်လာကတည်းက ငါတို့မိစ္ဆာသားရဲ သိပ်မတွေ့ရသေးဘူး။ အကယ်၍ ငါတို့မိစ္ဆာသားရဲတွေကို အမဲလိုက်ဖို့ အချိန်မလုဘဲ ဂိုဏ်းအတွက် ပါဝင်ကူညီမှုအမှတ်တွေ မစုဆောင်းဘူးဆိုရင် အတွင်းစည်းတပည့်တွေဖြစ်လာနိုင်ပါဦးမလား။"
"ပြီးတော့ ငါတို့က ဘယ်လိုလုပ်မိစ္ဆာကြီးတွေနဲ့ တွေ့နိုင်မှာလဲ။ အကယ်၍ ဒီမှာမိစ္ဆာကြီးတွေ ရှိနေရင် တစ်ဖက်လူရဲ့အော်ရာကို ငါတို့မခံစားနိုင်ဘူးလား။"
"ဒါကြောင့် လာမခြောက်နေနဲ့"
စီနီယာအစ်ကိုချီ စကားပြောပြီးသည်နှင့် တပြိုင်နက် သူတို့သုံးဦးဟာ ရုတ်တရက် လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရပြီး တုန်လှုပ်သွားကြသည်။
ထို့နောက် ကြီးမားသည့် မိစ္ဆာသားရဲတစ်ကောင်ဟာ သူတို့ထံသို့ တစ်လှမ်းချင်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
မိစ္ဆာသားရဲ၏ခြေလှမ်း အကြိမ်အရေအတွက်က သိပ်မများသော်လည်း ၎င်း၏ကြီးမားသည့် အရွယ်အစားကြောင့်လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ရှည်လျားသည့် အကွာအဝေးတစ်ခုကို ရောက်ရှိလာစေခဲ့သည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ၎င်းက အလွန်နီးကပ်လာခဲ့ပြီဖြစ်သည်။
...