အခန်း ၁၉၂ : အံ့သြနေသည့် ရှုကျစ်ဟွာ
ယွမ်ယင်းခရိုင်တွင် တစ်ဦးတည်းအသက်ရှင်ကျန်ရစ်သည့် မိစ္ဆာကျင့်ကြံသူကို စစ်ဆေးမေးမြန်းပြီးနောက် ဖူရွှမ်နီဟာ တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားခဲ့သည်။
သူမ မျက်မှောင်ကြုတ်လိုက်ရင်း ဘေးနားရှိ ပြည်နယ် အရာရှိအား မေးလိုက်၏။ "ခဏလောက်စောင့်ဦး.... ငါတို့ရဲ့ အကူအညီတောင်းခံမှုကို တုံ့ပြန်တဲ့ ပြည်နယ် အစိုးရဆီက ဆက်သွယ်ရေးအဆောင်တစ်ခုခုများ ရှိလား"
ပြည်နယ်အစိုးရထံသို့ အကူအညီတောင်းခံမှုပေးပို့ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ကြောင်း ဖူရွှမ်နီ မှတ်မိနေလေသည်။
သူမကို ကာကွယ်ရန် တာဝန်ယူထားသည့် အကြီးအကဲဟေးသည် ရုတ်တရက် ပေါ်လာသည့် ရွှေအမြုတေ အဆင့်မိစ္ဆာကို အချိန်ဆွဲထားရန် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့ရသည်။
ရွှေအမြုတေအဆင့်မိစ္ဆာကို တိုက်ခိုက်ရန် လျှို့ဝှက် နည်းစနစ်ကို အသုံးပြုရုံမှလွဲ၍ သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။
နောက်ဆုံးတွင် ရွှေအမြုတေအဆင့်မိစ္ဆာက အာရုံလွှဲသွားခဲ့ပြီး ဝိညာဉ်ဓားဂိုဏ်း၏ ကျွမ်းကျင်သူများ ရောက်ရှိလာသည်အထိ အချိန်အလုံအလောက် သူတို့ ရယူနိုင်ခဲ့ကြသည်။
သို့သော် လျှို့ဝှက်နည်းစနစ်၏ ဘေးထွက်ဆိုးကျိုးကြောင့် အကြီးအကဲဟေးလည်း အသက်ဆုံးရှုံးခဲ့ရပြီး အလောင်းပင်မကျန်ခဲ့ပေ။
ထိုအချိန်မှ စ၍ ဖူရွှမ်နီကို ကာကွယ်ရန်တာဝန်ကို ဖူရွှမ်နီ၏ မျက်လုံးထဲတွင် လီဖေးယွီဖြစ်သည့် ရွှေအမြုတေရုပ်သေးရုပ်ထံ ပေးအပ်ခဲ့သည်။
တစ်ခုရှိတာက အကယ်၍ ဖူရွှမ်နီနှင့်အခြားသူများဟာ သွေးသစ္စာဆိုမှုများရေးသားခဲ့ခြင်း မရှိလျှင် သူမဟာ ဤကဲ့သို့သော သက်တော်စောင့်မျိုး ရရှိနိုင်မည် မဟုတ်ပေ။
သို့သော် ငှားရမ်းခြင်းဖြင့် သူမရရှိထားသည့် အကာအကွယ်က ကြာရှည်မခံနိုင်ကြောင်း ဖူရွှမ်နီ ရှင်းလင်းစွာ သိရှိထားပေသည်။
......
သခင်လီဖေးယွီက သူမကို တစ်လသာ ကာကွယ်ပေးမည်ဟု ပြောထားပြီးဖြစ်သည်။
တစ်လ ကြာပြီးနောက် သူမဘာလုပ်ရမည်နည်း။
မြင့်မြတ်သောနှလုံးသားနန်းတော်မှ မိစ္ဆာကျင့်ကြံသူများကို ရှင်းလင်းရန် သူမ၏အခြေတည်အဆင့်ကျင့်ကြံသူအနည်းငယ်ကို အားကိုး၍ မရနိုင်ပေ။
အခြေတည်အဆင့်ကျင့်ကြံသူများက ခရိုင်ကို စောင့်ကြပ်ရန် ပြဿနာမရှိသော်လည်း မိစ္ဆာကျင့်ကြံသူများကို ရှင်းလင်းရန်မှာ အနည်းငယ် ခက်ခဲလွန်းနေပေသည်။
ထို့အပြင် ယွမ်ယင်းခရိုင်တွင် ရွှေအမြုတေမိစ္ဆာ ကျင့်ကြံသူတစ်ဦးပင် ရှိနေနိုင်သေးလေသည်။
အနာဂတ်တွင် ကြောက်မက်ဖွယ်မိစ္ဆာတစ်ကောင်ကောင်နဲ့ သူတို့တွေ့ဆုံရမလားဆိုတာ ဘယ်သူသိနိုင်မည်နည်း။
ထို့ကြောင့် ဖူရွှမ်နီဟာ မဟာယန်မင်းဆက်၏ခွန်အားကို လိုအပ်သလို ပြည်နယ်မြို့တော်၏ အထောက်အပံ့ကိုလည်း လိုအပ်ပေသည်။
ယုတ္တိကျကျပြောရလျှင် ပြည်နယ်မြို့တော်မှ စေလွှတ်လိုက်သည့် ကျင့်ကြံသူများက အနည်းဆုံး ရွှေအမြုတေအဆင့်တွင်ရှိကြရာ သူတို့ဟာ ပျံသန်းနိုင်သည့်သင်္ဘောဖြင့် မလာခဲ့လျှင်ပင် ယခုအချိန်၌ ရောက်လာသင့်ပေသည်။
ဘာကြောင့် သူတို့ အခုထိ မရောက်သေးတာလည်းဆိုတာကို ဖူရွှမ်နီ နားမလည်နိုင်သလို အနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့ရသည်။
ဖူရွှမ်နီသတိပေးပြီးနောက် ဤပြည်နယ်အစိုးရ အရာရှိ ရုတ်တရက် ပြန်လည် အမှတ်ရသွားခဲ့သည်။ သူ ရုတ်တရက် သဘောပေါက်သွားသည့် ဟန်ဖြင့် ပြောလိုက်၏။ "ပြည်နယ်အစိုးရက ကျွန်တော်တို့ကို ဘာတုံ့ပြန်မှုမှ မပေးသေးပါဘူး.... ပြီးတော့ သူတို့ရဲ့ အထောက်အပံ့လည်း အခုထိမရောက်သေးပါဘူး။"
သူ အားနည်းစွာ မေးလိုက်၏။ "မင်းသမီး နောက်ထပ် ဆက်သွယ်ရေးအဆောင်တစ်ခု အသုံးပြုပြီး အကူအညီအတွက် နောက်ထပ်ပို့သင့်လား။"
ဖူရွှမ်နီ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "မနက်ဖြန်အထိ စောင့်ကြည့်ကြတာပေါ့..."
"မနက်ဖြန်တောင် ပြည်နယ်အစိုးရက လူတွေ ရောက်မလာသေးဘူးဆိုရင် နောက်ထပ်ဆက်သွယ်ရေးအဆောင်တစ်ခု အသုံးပြုလိုက်။ ဒီတစ်ခါ ပြည်နယ် အစိုးရဆီ မပို့နဲ့။"
ပြည်နယ်မြို့တော်အရာရှိ ကြောင်အသွားရသည်။ "မင်းသမီး ဘာကိုဆိုလိုတာလဲ။"
ဖူရွှမ်နီ တည်ငြိမ်စွာ ပြောလိုက်၏။ "နန်းတော်ဆီ သတင်းပို့လိုက်။ မဟာယန်မင်းဆက်ကို အကူအညီ တောင်းလိုက်"
ပြည်နယ်မြို့တော်အရာရှိ၏ နှလုံးသားတုန်လှုပ်သွားသည်။
'ပြည်နယ်မြို့တော်ကို ကျော်ပြီး နန်းတော်ဆီကနေ အကူအညီ တောင်းရမယ်...'
'ရှူး...'
ဆိုလိုသည်မှာ မင်းသမီးက ပြည်နယ်မြို့တော်မှ လူများကို မယုံကြည်ဘူးဆိုသည့် သဘောပင်။
မှန်ပေသည်။
အကူအညီတောင်းခံသည့် သတင်းများစွာက သင့်လျော်သည့် တုံ့ပြန်မှုမရရှိခဲ့ပေ။
၎င်းက သေချာပေါက် ရိုးရှင်းမည်မဟုတ်ပဲ တားမြစ်ထားသည့် ကိစ္စရပ်အချို့ပင် ပါဝင်ပတ်သက်နေနိုင်လေသည်။
ဤအကြောင်းကို တွေးမိသည့်အခါ မြို့ဝန်ဟာ အလျင်အမြန် ခေါင်းခါလိုက်သည်။
ဤကဲ့သို့သော ကိစ္စမျိုးက သူ တွေးတောနိုင်သော အရာမဟုတ်ပေ။
သူ့လို လူမျိုးက လျှို့ဝှက်ကြံစည်မှု သီအိုရီများဖန်တီးရန် အခွင့်အရေးမရှိပေ။
သူ ယခုအချိန်တွင် မင်းသမီး၏စစ်ရထားနှင့် သူ့ကိုယ်သူ တင်းကျပ်စွာချည်နှောင်ထားရန်သာ တတ်နိုင်တော့အေသည်။ အဘယ်ကြောင့်ဆိုသော် မင်းသမီး တစ်စုံတစ်ရာဖြစ်သွားသည်နှင့်တပြိုင်နက် သူညာလည်း ရောပြီးဒုက္ခရောက်မည့်ကံကြမ္မာမှ သေချာပေါက် လွတ်မြောက်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။
သူအသက်ရှင်နေထိုင်နိုင်ဖို့ဆိုသည်က မင်းသမီး ကောင်းစွာ အသက်ရှင်နေထိုင်ခြင်းအပေါ် မူတည်နေပေသည်။
…
ချင်ဟဲခရိုင်။
ညနေခင်း။
"အမ်.."
ချင်ဟဲခရိုင်သို့ ပြန်ရောက်ပြီးနောက် ရှုကျစ်ဟွာဟာ ဝိညာဉ်အရက်တစ်ငုံ သောက်လိုက်ရုံသာ ရှိသေးသည်။ အရက်ရနံ့များသင်းပျံ့နေစဉ် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူမရုတ်တရက် ခံစားလိုက်ရသည်။ သူမ၏ မိုးမခရွက်ကဲ့သို့ မျက်ခုံးများက အနည်းငယ် ပင့်တက်သွားခဲ့သည်။ "ဒီရင်းနှီးနေတဲ့ အော်ရာက ဝိညာဉ်ဓားဂိုဏ်းရဲ့ သူတော်စင်မရဲ့ အော်ရာမဟုတ်ဘူးလား"
ရှုကျစ်ဟွာ၏ အနည်းငယ်မူးယစ်နေပြီး သေသပ်လှပသည့်မျက်နှာဟာ အနည်းငယ် အံ့အားသင့်သွားရသည်။ သူမ၏ နတ်ဘုရားအာရုံဖြင့် ဝေ့ဝိုက်ကြည့်လိုက်မိရုံနှင့်တွေ့ရှိလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ဤချင်ဟဲခရိုင်တွင် ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်မရှိနေကြောင်း သူမအမှန်တကယ်ရှာဖွေတွေ့ရှိခဲ့သည်။
တစ်ဖက်လူက ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်မဖြစ်ကြောင်း သူမကိုပြောပြခဲ့သူမှာ ပိုင်ယီပင် ဖြစ်သည်။
ရှုကျစ်ဟွာ ခြံဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိသည့်အခါ ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်မ၏ အော်ရာဟာ ခြံဝင်းနှင့်မနီးမဝေးတွင် ပေါ်ထွက်နေကြောင်း တွေ့ရှိရသဖြင့် သူမပို၍ပင် အံ့အားသင့်သွားရသည်။
သို့သော် ထိုနေရာ၌ လူမရှိတော့သည်မှာ ကြာပြီဖြစ်ပြီး တစ်ဖက်လူက ထိုနေရာတွင် ရပ်တန့်ကာ ခြံဝင်း အတွင်းကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့တာဖြစ်ပေမည်။
သံသယဖြစ်ဖွယ် အတွေးများဖြင့် ရှုကျစ်ဟွာသည် ခြံဝင်း အတွင်းရှိ ပုံရိပ်ယောင်အစီအရင်အချို့ကို ရှောင်ကွင်းပြီး ဝင်ရောက်လာခဲ့သည်။
သူမဟာ ပိုင်ယီကို တွေ့လိုက်ရသည်နှင့် ပြောလိုက်သည်။ "တပည့် ငါခန့်မှန်းတာ မမှားဘူးဆိုရင် မင်းက အဲဒီ ဝိညာဉ်ဓားဂိုဏ်းက သူတော်စင်မရဲ့ ပစ်မှတ်ထားတာ ခံနေရပုံပဲ။ မင်းကောင်းကင်ဘုံကို ဒေါသထွက်စေမယ့် အလုပ်တစ်ခုခုများ လုပ်ထားလို့လား။ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုရဲ့ သူတော်စင်မက အပြင်ဘက်မှာ မင်းကို နေ့တစ်ဝက်လောက် ဘာလို့လာပြီးစိုက်ကြည့်နေရတာလဲ။"
ရှုကျစ်ဟွာ၏လေသံက အနည်းငယ် ဇဝေဇဝါဖြစ်နေသော်လည်း လှောင်ပြောင်မှုအနည်းငယ်လည်း ပါဝင်နေခဲ့သည်။
ပိုင်ယီပြောလိုက်သည်။ "ကျွန်တော် သိပါတယ်။"
သူက ချန်ချန်ရွှယ်ထက် အဆင့်ငယ်သုံးဆင့် ပိုမြင့်နေရာ သူပစ်မှတ်ထားခံနေရကြောင်းကို ပိုင်ယီ ဘယ်လိုလုပ် သတိမပြုမိဘဲနေမည်နည်း။
သူ ဂရုမစိုက်ခဲ့ခြင်းသာဖြစ်သည်။
ရှုကျစ်ဟွာ နောက်ပြောင်လိုက်၏။ "မင်းရဲ့ ဆရာမ မရှိတဲ့အချိန်မှာ မင်းအပြင်မှာ ပေါက်ကရတွေ လုပ်ပြီး ပြဿနာ ရှာထားလို့များလား။ သူမ ဘယ်လိုပုံစံရှိလဲ ဆိုတာတော့ ငါမသိသေးဘူး။ တပည့် မင်း အမြင်မှာ ဘယ်လိုလဲ.."
ပိုင်ယီ မျက်လုံးလှန်ကြည့်လိုက်သည်။
"ဟင်...."
ဒီအချိန်မှာရှုကျစ်ဟွာဟာရုတ်တရက်တစ်စုံတစ်ရာကိုသတိပြုမိလိုက်သည်။သူမ၏လှပသောမျက်လုံးများကပိုင်ယီ၏ခန္ဓာကိုယ်ပေါ်သို့ချက်ချင်းကျရောက်သွားပြီးမျက်လုံးများပြူးကျယ်သွားကာသူမအနည်းငယ်မူနေသည်ဟုထင်လိုက်ပေသည်။သူမမြင်နေရသည်ကယုံကြည်နိုင်စရာမရှိဟုသူမခံစားလိုက်ရသည်။ "မင်းရဲ့အဆင့်ချိုးဖျက်သွားပြီလား။ပြီးတော့... မင်းကအဆင့်ငယ်သုံးဆင့်ကိုတန်းပြီးကျော်ဖြတ်လိုက်တာလား....."