အခန်း ၁၉၀ : ချန်ချန်ရွှယ်၏ သံသယ
သို့ပေမဲ့ ချန်ချန်ရွှယ်ဟာ မလိုအပ်သောပြဿနာများကိုဖြစ်စေမှာဆိုးတာကြောင့် ထိုသို့လုပ်ဆောင်မည် မဟုတ်ပေ။ သူမအကြောက်ဆုံးက ပြဿနာပင်။
ပိုင်ယီဟာ သူမ၏ ချောင်းကြည့်နေခြင်းကို လစ်လျူရှုလိုက်သည်။
ထို့နောက် ဟင်းသီးဟင်းရွက်နှင့် အသားအနည်းငယ် ဝယ်ပြီးနောက် သူညာ အိမ်ပြန်လမ်းသို့ လျှောက်လှမ်းခဲ့သည်။
အိမ်ထဲသို့ ပြန်ရောက်သည့်အခါ ပိုင်ယီဟာ တံခါးပိတ်လိုက်သည်။
ဤအချိန်တွင် ပိတ်ထားသည့် တံခါးပေါ်သို့ အကြည့်တစ်ခုရောက်လာပြီး သူမ၏ လှပသောမျက်လုံးများတွင် သံသယများပြည့်နှက်နေခဲ့သည်။
ဟုတ်ပေသည်။
ချန်ချန်ရွှယ်ဟာ အရူးမလေးတစ်ယောက်ကဲ့သို့ ပိုင်ယီ နောက်ကို တောက်လျှောက်လိုက်လာခဲ့ခြင်း ဖြစ်သည်။
သူမရှေ့မှ အိမ်ကို ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်နေသလို အနည်းငယ်လည်း လေးနက်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ဝိညာဉ်အာရုံက အိမ်ထဲသို့ ဝင်ရောက်၍မရနိုင်ကြောင်း တွေ့ရှိလိုက်ရသောကြောင့်ဖြစ်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ချန်ချန်ရွှယ် ကြောင်အသွားရသည်။ သူမက အခြေတည်အဆင့် (၅)ကျင့်ကြံသူတစ်ဦးဖြစ်ပါလျက် သူမ၏ ဝိညာဉ်အာရုံက ဘယ်လိုလုပ် ပိတ်ဆို့ခံထားရသည်နည်း။
'ဖြစ်နိုင်တာက…'
......
သူမ အံ့သြစွာ ရေရွတ်လိုက်သည်။
"ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်က ဒီအိမ်မှာ အစီအရင်တစ်ခုတည်ဆောက်ထားတာလား။ ဒါ့အပြင် အဲဒါက ဝိညာဉ်အာရုံကို ပိတ်ဆို့ထားနိုင်တဲ့ အစီအရင်လား။ ဒီလူ ပြင်ဆင်ထားတာဖြစ်နိုင်မလား"
"အဲဒါ မမှန်ဘူး..."
"သူကို ကြည့်ရတာ ငါ့ထက်အသက်နည်းနည်းပဲ ပိုကြီးမယ့်ပုံပေါက်တယ်။ ဒါ သူ့ရဲ့အသက်အရွယ် အစစ်အမှန်ဆိုတာ ငါသေချာတယ်။ သူ့ရဲ့ ငယ်ရွယ်နုပျိုတဲ့ရုပ်သွင်ကို ထိန်းသိမ်းထားနိုင်တဲ့ ရှေးဟောင်း မွန်းစတားတစ်ကောင်မဟုတ်ပါဘူး"
"ဒီအရွယ်နဲ့ သူက ဘယ်လိုလုပ် ရွှေအမြုတေအဆင့် မသေမျိုးကျင့်ကြံသူဖြစ်နိုင်မှာလဲ"
ဤကိစ္စက သူမ၏ ကိုယ်ပိုင်ဗဟုသုတမရှိသည့်ကွက်လပ်ကို ထိတွေ့သွားကြောင်း ချန်ချန်ရွှယ်တွေ့ရှိလိုက်ရသည်။
ပိုင်ယီဟာ သူမ၏မျက်လုံးထဲတွင် ပို၍ပင်လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်ခဲလာခဲ့သည်။
အမှန်တကယ်တော့... ထူးဆန်းသည့် ခံစားချက် အလွှာတစ်ခုထပ်တိုးလာခြင်းဖြစ်သည်။
သူမမသိစိတ်က ဆန်းကြယ်သည့်လူများနှင့် နီးကပ်စွာမနေခြင်းက အကောင်းဆုံးဖြစ်ကြောင်း ချန်ချန်ရွှယ်ကို ပြောပြနေခဲ့သည်။ ထိုကဲ့သို့သောလူများက မကြာခဏဆိုသလို အလွန်အန္တရာယ်များတတ်ပြီး ပေါ့ဆသောအမှားတစ်ခုကတောင် သေဆုံးခြင်းကို ဖြစ်စေနိုင်လေသည်။
သို့သော် လူတစ်ယောက်က သူတို့၏ စူးစမ်းလိုစိတ်ကို ဘယ်လိုလုပ် လုံးဝဖျောက်ဖျက်ပစ်နိုင်မည်နည်း။ အထူးသဖြင့် ချန်ချန်ရွှယ်၏ မျက်လုံးထဲတွင် ပိုင်ယီက အလွန်ထူးခြားနေခဲ့သည်။
"ဖြစ်နိုင်တာက ငါအရင်တုန်းက သူ့ကို အကဲဖြတ်
မှားခဲ့တာမဟုတ်ဘူးလား"
ချန်ချန်ရွှယ် မျက်လုံးကို မှေးမကြည့်ဘဲ မနေနိုင်တော့ပေ။
"မသေမျိုးကျင့်ကြံခြင်းသရုပ်ဖော်စနစ်ထဲမှာ သူ့ရဲ့ အတွင်းအား အတက်အကျတွေက ငါ့ဟာနဲ့ အရမ်း ဆင်တူနေတာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးလား"
"တခြား အကြောင်းရင်းတစ်ခုရှိနေတာလား"
မသေမျိုးကျင့်ကြံခြင်းသရုပ်ဖော်စနစ်နှင့် ပတ်သက်လာလျှင် ချန်ချန်ရွှယ် လစ်လျူရှုထား၍ မရနိုင်ပေ။
သူမ ခန့်မှန်းနေခဲ့သည်…
'ဒီလူကရော မသေမျိုးကျင့်ကြံခြင်းသရုပ်ဖော်စနစ်ရဲ့ ဖိတ်ခေါ်ခြင်းခံရတဲ့ ကိုယ်စားလှယ်လောင်းတွေထဲက တစ်ယောက်လား။ သူကရော သူမနဲ့ ချင်းကျောက်တို့လို လူမျိုးလား။ မဖြစ်နိုင်ဘူးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မသေချာဘူး....'
နောက်ဆုံးတွင် ချန်ချန်ရွှယ်ဟာ ခြံဝင်းထဲသို့ ဝင်ရောက်ခြင်း မပြုခဲ့ပေ။ သူမဟာ တစ်ဖက်လူကို ပေါ်တင် မေး၍မရနိုင်ပေ…ဥပမာဆိုရသော် 'ရှင်လည်း မသေမျိုးကျင့်ကြံခြင်းသရုပ်ဖော်စနစ်ထဲ ဝင်လို့ရလား'ဆိုတာမျိုးပင်
၎င်းကသရုပ်ဖော်စနစ်နဲ့ ပတ်သက်တဲ့ သူမရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်သလိုဖြစ်သွားပေမည်။
သို့သော် သေချာသည့် အရာတစ်ခုရှိပေသည်။ ၎င်းက ပိုင်ယီသည် ချန်ချန်ရွှယ်၏ ပစ်မှတ်ထားခြင်းကို နောက်တစ်ကြိမ် ခံလိုက်ရပြီဖြစ်သည်။
ချန်ချန်ရွှယ်၏ စူးစမ်းလိုသည့်ဆန္ဒက ပြေပျောက်သွားပုံမရပေ။
တိကျသည့် အဖြေတစ်ခုမရမချင်း သူမဟာ ချင်ဟဲ ခရိုင်မှ ထွက်ခွာလိမ့်မည် မဟုတ်ကြောင်း ထင်ရှားနေခဲ့သည်။
…
အချိန်ကုန်ဆုံးသွားပေသည်။
မျက်စိတစ်မှိတ်အတွင်း ညနေခင်း ရောက်ရှိလာပြီး ယွမ်ယင်းခရိုင်တွင် ရှိနေသည့် ဖူရွှမ်နီဟာ မြင့်မြတ်သောနှလုံးသားနန်းတော်မှ မိစ္ဆာကျင့်ကြံသူကို စစ်ဆေးမေးမြန်းနေခဲ့သည်။ သူမသည် သူ့ကို အရှင်လတ်လတ် ဖမ်းဆီးခဲ့သူဖြစ်လေသည်။
မနက်ခင်းတွင် ရွှေအမြုတေရုပ်သေးရုပ်နှင့် ရှုကျစ်ဟွာတို့က ရွှေအမြုတေမိစ္ဆာနှင့် တိုက်ခိုက်နေခဲ့ကြသည်။
ဖူရွှမ်နီနှင့် အခြားသူများကလည ယွမ်ယင်းခရိုင်ရှိ အခြားသော မြင့်မြတ်သောနှလုံးသားနန်းတော်မှ မိစ္ဆာကျင့်ကြံသူများကို ရှင်းလင်းနေကြလေသည်။
အမှန်တကယ်ပင် သူတို့၌ ရွှေအမြုတေအဆင့် (၁၀) ရှိ မိစ္ဆာတစ်ကောင်ကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိကြပေ။
သို့သော် သူတို့က ချီသန့်စင်ခြင်းအဆင့်သို့မဟုတ် အခြေတည်အဆင့် အစောပိုင်းအဆင့်များတွင်သာ ရှိသည့် မိစ္ဆာကျင့်ကြံသူများကို ပစ်မှတ်ထားနိုင်ပေသည်။
နေ့တစ်ဝက်ခန့် ရှင်းလင်းပြီးနောက် ယွမ်ယင်းခရိုင်ရှိ မြင့်မြတ်သောနှလုံးသားနန်းတော်မှ မိစ္ဆာကျင့်ကြံသူများဟာ လုံးဝသုတ်သင်ရှင်းလင်းခံလိုက်ရသည်။
ဖူရွှမ်နီ ရှေ့မှ မိစ္ဆာကျင့်ကြံသူက တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်ကာ ဖမ်းဆီးခံလိုက်ရသည်။
တစ်ဖက်လူ၏ ကျင့်ကြံမှုက ပျက်စီးသွားပြီဖြစ်ပြီး သူ့တွင် ထွက်ပြေးရန် အခွင့်အရေးမရှိတော့ပေ။
"မင်းသမီး ဒီကောင်က စကားမပြောချင်ပါဘူး။" ပြည်နယ်မြို့တော်မှ အရာရှိတစ်ဦး၏ မျက်နှာအမူရာက သိပ်မကောင်းလှပေ။ မိစ္ဆာကျင့်ကြံသူကို နှိပ်စက်ညှဉ်းပန်းရန် ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို သူ စဉ်းစားပြီးဖြစ်သည်။ မြင့်မြတ်သောနှလုံးသား နန်းတော်မှ ဤမိစ္ဆာကျင့်ကြံသူဟာ လူရုပ်မပေါက်သည်အထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး ဖြစ်သည်။
သို့သော် ယခုအထိ တစ်ဖက်လူက မည်သည့်အသုံးဝင်သော သတင်းအချက်အလက်မျှ ထုတ်ဖော်ခြင်း မရှိသေးပေ။
ပြည်နယ်မြို့တော်အရာရှိသည် မင်းသမီး သူ့အပေါ် ထားရှိသည့် ယုံကြည်မှုကို ဖျက်စီးမိသလို ခံစားရလေသည်။ မင်းသမီးက မိစ္ဆာကျင့်ကြံသူကို စစ်ဆေးမေးမြန်းရန် တာဝန်ပေးအပ်ခဲ့သော်လည်း သူဟာ ၎င်းကို ပြီးပြည့်စုံအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
တကယ်ကို မျက်နှာပျက်စရာပင်။
သူ ခေါင်းငုံ့ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်၏။ "မြင့်မြတ်သောနှလုံးသားနန်းတော်က ဒီမိစ္ဆာကျင့်ကြံသူက အရမ်း ခေါင်းမာပါတယ်။ ကျွန်တော် ဘယ်မေးခွန်းပဲ မေးမေး သူက မသိဘူးလို့ပဲ ပြောနေပါတယ်။"
"ပြီးတော့ ဒီလူက အဲဒီ အဆင့်(၁၀)ရွှေအမြုတေ မိစ္ဆာကလွဲရင် ယွမ်ယင်းခရိုင်မှာ ကျင့်ကြံမှုအမြင့်ဆုံး မိစ္ဆာ ကျင့်ကြံသူပါ။"
"ဒီလူက အသုံးဝင်တဲ့ အရာ အများကြီးကို သေချာပေါက် သိထားမှာပါ... ဒါပေမဲ့ ကျွန်တော် သူ့ကို စကားပြောအောင် မလုပ်နိုင်ခဲ့ဘူး။ သူ့နှုတ်ခမ်းတွေက ရေလုံအောင် ပိတ်ထားသလိုပဲ။ အကယ်၍ ဝိညာဉ်ရှာဖွေနိုင်တဲ့နည်းလမ်း တစ်ခုခုသာရှိရင် ကျွန်တော်တို့ သတင်းအချက်အလက်တချို့ ရကောင်း ရနိုင်ပါလိမ့်မယ်။"
"ဒါပေမဲ့..."
"သူ့ဝိညာဉ်ကို ရှာဖွေဖို့ ဒါမှမဟုတ် သူ့စိတ်ကို ဖတ်ဖို့ အဲဒီလိုနည်းလမ်းမျိုးတွေကို ကျွန်တော် မသင်ယူဖူးပါဘူး။ ကျွန်တော် ကြောက်တာက… သူ့ဆီကနေ ဘာမှ ရနိုင်မှာ မဟုတ်ဘူး။"
မင်းသမီးပေးအပ်လိုက်သည့် တာဝန်ကို အောင်မြင်အောင်မလုပ်နိုင်ကြောင်းကို ပြည်နယ်မြို့တော်အရာရှိဝန်ခံရုံသာ တတ်နိုင်တော့လေသည်။
ယခု သူဟာ မင်းသမီး၏ အပြစ်ပေးမှုကိုသာ လက်ခံရတော့ပေမည်။
သို့သော် သူ အံ့သြသွားသည်မှာ ဖူရွှမ်နီက သူ့ကို အပြစ်မပေးခဲ့ပေ။
ဖူရွှမ်နီ၏ လေသံက တည်ငြိမ်နေပြီး ပြောလိုက်သည်။
"မိစ္ဆာ ကျင့်ကြံသူတွေ ခေါင်းမာတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ နောက်တစ်ခါကျရင် သူ့ကိုစကားပြောလာအောင် တခြားနည်းလမ်းတွေကို စဉ်းစားပါ။ သူ့ကို နာကျင်အောင်လုပ်တဲ့ နည်းလမ်းမျိုးတွေကိုပဲ အမြဲ မသုံးနဲ့။ အဲဒါက အမြဲတမ်းထိရောက်တဲ့ နည်းလမ်း မဟုတ်ဘူး။"
အရာရှိ ကြောင်အသွားပြီး မင်းသမီး၏ စကား အဓိပ္ပာယ်ကို သိပ်နားမလည်ပေ။
ချက်ချင်းပင်။
ဖူရွှမ်နီဟာ မြင့်မြတ်သောနှလုံးသားနန်းတော်မှ မိစ္ဆာ ကျင့်ကြံသူကို ကြည့်လိုက်ပြီး မိစ္ဆာကျင့်ကြံသူကို ပြောလိုက်သည်။
"အကယ်၍မင်းရိုးရိုးသားသားနဲ့ငါအသုံးဝင်တယ်လို့ထင်တဲ့သတင်းအချက်အလက်တချို့ပေးမယ်ဆိုရင်မင်းကိုမြန်မြန်ဆန်ဆန်သေခွင့်ပေးမယ်။ဒီနည်းအားဖြင့်မင်းရဲ့ယုတ်မာတဲ့ဘဝကိုမြန်မြန်ဆန်ဆန်နဲ့နာကျင်မှုမရှိဘဲအဆုံးသတ်နိုင်တာပေါ့။"