အခန်း ၁၉ : ဂိုဏ်းတွင်း ပဋိပက္ခ၊ ချန်ချန်ရွှယ် သေဆုံးခြင်း
ချန်ချန်ရွှယ် အနေနဲ့ မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ခုထဲ ဝင်ရောက်ဖို့ ရွေးချယ်ကတည်းက အားပြိုင်မှု တချို့မှာ ပါဝင်ပတ်သက်ရမယ် ဆိုတာ ပြင်ဆင်ပြီးသားပင်။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းတစ်ခုမှာ အားပြိုင်မှုတွေ ဘယ်လိုလုပ် မရှိဘဲ နေမည်နည်း။
ဒါပေမဲ့ သူမ မမျှော်လင့်ထားတာက အဲဒီလို အားပြိုင်မှုမျိုး ဒီလောက် မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟုပင်။
ဒါ့အပြင် ပထမဆုံး ရောက်လာတဲ့ အားပြိုင်မှုက ဂိုဏ်းချုပ်နေရာ လုတဲ့ အားပြိုင်မှုဆိုတာက တကယ့်ကို ကံဆိုးခြင်းပင်။
ဒီရက်ပိုင်း သူမကို လူအုပ်စုလိုက် လာရှုပ်နေကြတာကြောင့် တော်တော် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့လေသည်။ ဘာလို့လဲဆိုတော့ သူမက မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းချုပ်ကြီးရဲ့ ဆက်ခံသူ တပည့်ဖြစ်တာကြောင့် သူမက တော်တော် ထူးခြားတဲ့သူ ဖြစ်နေတာပင်။
သူမက မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းရဲ့ အဓိက အဖွဲ့ဝင် တစ်ယောက်ဖြစ်ပေသည်။
သူမရဲ့ ကျင့်ကြံမှု အရှိန်အဟုန်နဲ့ အလားအလာကြောင့် မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းမှာ အတော်ဆုံးတွေထဲက တစ်ယောက် ဖြစ်နေလေသည်။
ထို့ကြောင့် သဘာဝကျကျ လူအများအပြား သူမအား အာရုံစိုက်လာခဲ့ကြသည်။
ချန်ချန်ရွှယ်ဟာ သူမရဲ့ မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်လိုက်၏။ သူမက အခုမှ အသက် (၁၄) နှစ်ကျော်ကျော်လေး ရှိသေးပေမယ့် သူမရဲ့ ရုပ်ရည်က တဖြည်းဖြည်း ပိုလှလာပြီး မိန်းမပျိုလေး တစ်ယောက် ဖြစ်လာခဲ့ပေပြီ။ ဒါပေမဲ့ သူမက ကိုယ့်ရုပ်ရည် လှပနေတာကို ဂရုမစိုက်ချေ။ သူမ ဂရုစိုက်တာက ကောင်းကောင်း ကျင့်ကြံလို့ ရမရ ဆိုတာပင်။
လွန်ခဲ့တဲ့ နှစ်ရက်က မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းက အကြီးအကဲ တစ်ယောက် သူ့အိမ်တံခါးဝ ရောက်လာပြီး သူဟာ နောက်ထပ် ဂိုဏ်းချုပ် ဖြစ်ချင်နေတာကြောင့် သူ့အား ထောက်ခံပေးဖို့ လာပြောလေသည်။
လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ဂိုဏ်းချုပ်ကတော်ဟာလည်း အိမ်တံခါးဝ ရောက်လာပြီး သူမက မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းကို သိမ်းပိုက်ချင်နေပြီး သူမကို ထောက်ခံပေးဖို့ လာပြောခဲ့ပေသည်။
မနေ့ကကျတော့ အနေအထိုင် ရိုးရှင်းတဲ့ အကြီးအကဲ တစ်ယောက်က အိမ်တံခါးဝ ရောက်လာပြန်လေသည်။ သူက သူမကို ဆက်ခံသူ တပည့် အဖြစ် လက်ခံချင်တယ်တဲ့.....
ရည်ရွယ်ချက်ကတော့ ပြောစရာတောင် မလိုအောင် ရှင်းနေသည်ပင်။
(၃) ရက်လေး အတွင်းမှာ လေးစားရတဲ့ စီနီယာ (၃) ယောက် သူမဆီ ရောက်လာခဲ့ကြသည်။
ဒါကို ကြည့်ရင် မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းမှာ ချန်ချန်ရွှယ်ရဲ့ ဆက်ခံသူ တပည့်ဆိုတဲ့ ဂုဏ်ပုဒ်က ဘယ်လောက် အဓိပ္ပာယ်ရှိလဲ ဆိုတာ ရှင်းပြနေသလိုပင်။
သူမရဲ့ လက်ရှိ ခွန်အားက သိပ်မကြီးမားသေးပေမယ့် ဒီဂုဏ်ပုဒ်နဲ့တင် သူမ စကားပြောခွင့် ရှိနေလေသည်။
ဒါပေမဲ့ ချန်ချန်ရွှယ်က ဒီကိစ္စတွေကို လုံးဝ စိတ်မဝင်စားပဲ သူမက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ချင်နေပေသည်။
ဒီ မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းကို ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ် သူမနဲ့ မဆိုင်ချေ။
အကယ်၍ ဖြစ်နိုင်ရင် ဒီလူတွေ အကုန်လုံး ဂိုဏ်းချုပ် ဖြစ်သွားပြီး အတူတူ ဆွေးနွေး ညှိနှိုင်းလိုက်ကြရင် ကောင်းမယ်လို့ သူမ ဆုတောင်းပေသည်။
' ကြားဖူးတာတော့ သာမန်လောကက ဂိုဏ်းတချို့မှာ ခေါင်းဆောင်နေရာကို နှစ်ယောက်ခွဲတာတို့၊ သုံးယောက်ခွဲတာတို့ ရှိတတ်တယ် ဆိုပဲ.... တစ်ယောက် ဒုက္ခရောက်ရင် နောက်တစ်ယောက်က ဝင်တာဝန်ယူလို့ ရတာပေါ့.....'
မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်း အနေနဲ့လည်း သာမန်လောကက ဂိုဏ်းတွေရဲ့ နည်းလမ်းကို အတုယူသင့်တယ်လို့ ချန်ချန်ရွှယ် ခံစားမိလိုက်သည်။
ဒီနည်းအားဖြင့် လူတိုင်း ဂိုဏ်းချုပ် ဖြစ်ခွင့်ရပြီး တစ်နေ့ကုန် ရန်ဖြစ်နေစရာ မလိုတော့ဘူးပေ။
သို့ပေမဲ့ ဒါက သူမရဲ့ ကလေးဆန်တဲ့ အတွေးမှန်း သိပေသည်။
တကယ်လို့သာ ဒီလိုလုပ်လိုက်ရင် မဖြစ်နိုင်ဘူးလို့ မဆိုလိုပေမယ့် ပိုကြီးမားတဲ့ ပြဿနာတွေ တက်လာဖို့က ပိုများလေသည်။
ဖြစ်နိုင်တာက မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းကြီးပင် ပြိုလဲသွားနိုင်ပေသည်။
ကံကောင်းတာ တစ်ခုက အဲဒီ ကံဆိုးတဲ့ ဂိုဏ်းချုပ်ကြီးက နောက်ထပ် ဂျူနီယာ ညီမလေး တစ်ယောက်ကို တပည့်အဖြစ် လက်ခံခဲ့တာပင်။ အဲဒီ ဂျူနီယာ ညီမလေးက ဆက်ခံသူ တပည့်အစစ်အမှန် မဟုတ်ပေမယ့် အဆင့်အတန်းချင်းကတော့ သိပ်မကွာလှပေ။
လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ဂိုဏ်းထဲ ရောက်ခါစ ဂျူနီယာ ညီမလေးက သူမရဲ့ ဖိအားတွေကို အများကြီး မျှဝေခံစားပေးခဲ့လေသည်။
ဒါကြောင့် ချန်ချန်ရွှယ် ကျေးဇူးတင်နေမိခဲ့သည်။။
သူမဟာ ဒီလူတွေကို စိတ်ပျက်နေပြီမို့ အဆင့်တက်ဖို့အတွက် သီးသန့်ကျင့်ကြံမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တံခါးပိတ် ကျင့်ကြံတဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ် သော့ခတ်ထားလိုက်တော့၏။
ဒီကိစ္စတွေ အားလုံး ပြီးသွားတဲ့အထိ စောင့်ပြီးမှ သီးသန့်ကျင့်ကြံရာကနေ ထွက်လာပြီး မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းရဲ့ တပည့် ဆက်လုပ်ဖို့ သူမ စီစဉ်ထားလေသည်။
အချိန်တွေ ကုန်ဆုံးသွားခဲ့သည်...
[မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို သင် လုံးဝ ဂရုမစိုက်ခဲ့ပေ။ သင်ဟာ တိတ်ဆိတ်စွာ သီးသန့်ကျင့်ကြံပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရန် ရွေးချယ်လိုက်သည်။]
[သင်သည် ကျင့်ကြံခြင်း၌ ကြိုးစားအားထုတ်နေသည်...]
[အသက် ၁၅ နှစ် - သင့်ကျင့်ကြံမှုက အတော်လေး တိုးတက်လာခဲ့သည်။ သို့သော် ဂိုဏ်းတွင်း ပဋိပက္ခများ မပြီးဆုံးသေးကြောင်း သင် တွေ့ရှိလိုက်ရသည်။ ထိုအစား သင် သီးသန့်ကျင့်ကြံနေစဉ် ကာလအတွင်းမှာ ပိုမို ပြင်းထန်လာခဲ့လေသည်။ သွေးထွက်သံယို ပဋိပက္ခများပင် အတော်များများ ဖြစ်ပွားခဲ့သည်။ အကျိုးအမြတ်အတွက် ဆိုလျှင် မသေမျိုးကျင့်ကြံသူများဟာ ဂိုဏ်းတူ ဟုတ်မဟုတ် ဂရုမစိုက်ကြပုံ ရလေသည်။]
[သင့် ဂျူနီယာ ညီမလေးဟာ ဂိုဏ်းတွင်း ပဋိပက္ခများကို သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူမဟာ မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းမှ ထွက်ခွာပြီး အခြားဂိုဏ်းတစ်ခုသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်သည်။ သင်သည် နောက်တစ်ကြိမ် လူအများ၏ ပစ်မှတ် ဖြစ်လာခဲ့ပြန်သည်။]
[မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ချောင်းမြောင်း သတ်ဖြတ်ခံလိုက်ရသည်။ ဂိုဏ်းတူ အချင်းချင်း ရက်စက်စွာ သတ်ဖြတ်ခြင်း ဖြစ်မည်ဟု သံသယ ရှိနေကြသည်။]
[မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်း၏ ပဋိပက္ခများသည် ကီလိုမီတာ တစ်ထောင် ပတ်လည်အတွင်း ရယ်စရာကိစ္စ ဖြစ်လာခဲ့ပေပြီ။]
[အသက် ၁၆ နှစ် - တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲ တစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။ ဂိုဏ်းချုပ်ကတော်သည် မိစ္ဆာဂိုဏ်းနှင့် ပူးပေါင်းပြီး အကြီးအကဲ အများအပြားနှင့် ဂိုဏ်းသား အများအပြားကို သတ်ဖြတ်လိုက်သည်။ သူမသည် မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်း၏ အာဏာကို တစ်ချက်တည်းနှင့် သိမ်းပိုက်လိုက်ပြီး ဂိုဏ်းချုပ်အသစ် ဖြစ်လာခဲ့သည်။]
[ဂိုဏ်းချုပ်အသစ်က သင့်ကို မျက်စိစပါးမွေး စူးနေပြီး အနာဂတ်တွင် ပြဿနာ မဖြစ်စေရန် သင့်ကို ရှင်းထုတ်ပစ်ချင်နေသည်။]
[သင် ထွက်ပြေးနေရပေပြီ]
[မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းဟာ ဖြောင့်မတ်သော လမ်းစဉ်ကို စွန့်လွှတ်ပြီး မိစ္ဆာဂိုဏ်းထံ အညံ့ခံလိုက်သဖြင့် မသေမျိုးကျင့်ကြံခြင်း လောကတစ်ခုလုံး၏ ပစ်မှတ် ဖြစ်လာခဲ့သည်။ မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်း၏ ဆက်ခံသူ တပည့် အစစ်အမှန် ဖြစ်သော သင်ဟာ ဂိုဏ်းချုပ်အသစ်၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံရရုံသာမက မိစ္ဆာဂိုဏ်းနှင့် ဖြောင့်မတ်သော လမ်းစဉ်နှစ်ဖက်စလုံး၏ လိုက်လံ ဖမ်းဆီးခြင်းကိုပါ ခံနေရပါသည်။]
[သင် ဝိုင်းရံပိတ်ဆို့ ခံလိုက်ရပါပြီ]
[သင် ပြင်းထန်စွာ ဒဏ်ရာရသွားပြီ]
[...]
"အဟွတ်... အဟွတ်..."
အပျိုဖော်ဝင်စ မိန်းကလေး ဖြစ်သော ချန်ချန်ရွှယ်ဟာ ကျိုးပဲ့နေသော ဝိညာဉ်ဓား တစ်ချောင်းကို လက်ထဲ ကိုင်ထားခဲ့သည်။ ထိုအချိန်၌ သူမဟာ ပြင်းပြင်းထန်ထန် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး သွေးအမြောက်အမြား အန်ထုတ်လိုက်ရသည်။
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က လူတွေကို ဘယ်လောက်အထိ နှိပ်စက်သလဲ ဆိုတာကို သူမ ပိုနားလည်လာခဲ့သည်။
မူလက အရာအားလုံး အကောင်းဘက်ကို ဦးတည်နေခဲ့ပြီး နောက်ဆုံးကျတော့ ရုတ်တရက် တုန်လှုပ်ဖွယ်ရာ နှစ်ခုကြောင့် သူမ ဒီလိုအခြေအနေမျိုး ရောက်သွားခဲ့ရလေသည်။
ယခုအချိန်၌ ကမ္ဘာကြီး တစ်ခုလုံးက သူမကို ရန်သူလို ဆက်ဆံနေတာက သူမအား ဆွံ့အသွားစေခဲ့သည်။
သေခြင်းတရား...
ချန်ချန်ရွှယ် မကြောက်ချေ။
ဒါပေမဲ့ သူမရဲ့ ကျင့်ကြံမှုက ချီစုစည်းမှု အဆင့် (၂) ပဲ ရှိသေးပြီး အခု သေရတော့မည်ဖြစ်ရာ ဒါကို လက်ခံဖို့ ခက်ခဲနေခဲ့လေသည်။
အကယ်၍ သူမရဲ့ ကျင့်ကြံမှုသာ အခြေတည်အဆင့် ရောက်နေခဲ့ပြီ ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းရင်တောင် သူမ ဝန်လေးမှာ မဟုတ်ချေ။
အဲဒီအချိန်ကျရင် ရမယ့် ဆုလာဘ်တွေက သေချာပေါက် အလွန် ရက်ရောနေမှာပင်။
ဒါပေမဲ့ ချီစုစည်းမှု အဆင့် (၂) က ဘယ်လို ဆုလာဘ်မျိုး ရနိုင်မည်နည်း။
"ချန်ချန်ရွှယ်... မင်းက ဂိုဏ်းချုပ်ဟောင်းရဲ့ တပည့် ဖြစ်နေလို့ ငါ မင်းကို အကြံပေးမယ်... လက်နက်ချလိုက်ပါ ပြီးရင် ဂိုဏ်းချုပ်အသစ်ရဲ့ အမိန့်ကို နာခံဖို့ ဂိုဏ်းကို ပြန်လိုက်ခဲ့ပါ"
သူမအား ဝိုင်းရံထားသူတွေက မသေမျိုးအဖြစ် တက်လှမ်းခြင်း ဂိုဏ်းက လူတွေပင်။ ဒီလူတွေက တစ်ချိန်တုန်းက သူမရဲ့ စီနီယာ အစ်ကို၊ အစ်မ တွေ ဖြစ်ခဲ့ဖူးသူတွေပင်။
အခုတော့ သူတို့အားလုံး ဂိုဏ်းချုပ်အသစ်ရဲ့ နောက်လိုက်ခွေးတွေ ဖြစ်ကုန်ကြပြီး တစ်ချိန်က လုပ်ဖော်ကိုင်ဖက်တွေက အချင်းချင်း ဓားတွေနဲ့ ချိန်ရွယ်နေခဲ့ကြလေသည်။
ဒီလို ဇာတ်လမ်းမျိုးက သူမအား အလွန် ကူကယ်ရာမဲ့ ဖြစ်စေခဲ့သည်။
သူတို့ထဲက တစ်ယောက်က အေးစက်စွာ အော်ပြောလိုက်တာ ကြားတော့ ချန်ချန်ရွှယ်ရဲ့ မျက်နှာပေါ်မှာ ဒေါသ ဒါမှမဟုတ် မကျေနပ်မှု အရိပ်အယောင်တို့ မပြသခဲ့ပါဘူး။
သူမဟာ မတ်မတ် ရပ်လိုက်ပြီး ပါးစပ်ထောင့်က သွေးစတွေကို သုတ်လိုက်၏။
သူမ ခန္ဓာကိုယ်ပေါ်က ကြောက်စရာ ဒဏ်ရာတွေတို့ကို လျစ်လျူရှုထားလိုက်တာကြောင့် သွေးတွေက သူမရဲ့ အဝတ်အစားတို့အား အနီရောင်ပြောင်းသွားစေခဲ့လေသည်။
ဒီအချိန်မှာ သူမက လူတွေကို ကြက်သီးထသွားစေလောက်တဲ့ အပြုံးတစ်ခု ပြုံးပြလိုက်၏။
"ဒီအတွေ့အကြုံက ငါ့ကို သင်ခန်းစာ ပေးလိုက်ပါပြီ။ စိတ်မပူပါနဲ့၊ ငါ ပြန်သွားမှာပါ"
"ဒါပေမဲ့... မင်းတို့ ခေါ်သွားတာတော့ မလိုက်နိုင်ဘူး"
ပြောပြီးတာနဲ့ ချန်ချန်ရွှယ်ဟာ သူမရဲ့ ဒန်ထျန်းကို ချက်ချင်း ဖောက်ခွဲလိုက်ရာ ချက်ချင်းပင် သူမ တစ်ကိုယ်လုံး ပေါက်ကွဲသွားခဲ့ပေသည်။
သူမဟာ သွေးအိုင်အဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့ လွင့်စဉ်သွားခဲ့သည်။
တစ်ခဏချင်း၊ အရာအားလုံး ရပ်တန့်သွားခဲ့သည်။
အချိန် ရုတ်တရက် ရပ်တန့်သွားသလိုပင် အရာအားလုံး အေးခဲသွားခဲ့သည်။
ဟုတ်ပေသည်။ ချန်ချန်ရွှယ်ဟာ သူမ မလွတ်မြောက်နိုင်မှန်း သိပြီး သူမမှာ အခွင့်အရေး မရှိတော့မှန်းလည်း သိပေသည်။ ဂိုဏ်းချုပ်အသစ်ရဲ့ လက်ထဲ ရောက်သွားရင် ဘာဖြစ်မလဲ ဆိုတာ သူမ ခန့်မှန်းနိုင်ပြီး ဘယ်လို ဘဝမျိုးနဲ့ နေရမလဲဆိုတာကို သိနေရာ တစ်ဖက်လူ လှုပ်ရှားစရာ မလိုဘဲ သူမ ကိုယ့်ကိစ္စကိုယ် ရှင်းလိုက်ခြင်းပင်။
...
ချင်းဟယ် ခရိုင်။
"ရက်စက်လိုက်တာ..." ချန်ချန်ရွှယ်ရဲ့ သရုပ်ဖော် စနစ်ထဲက ကံဆိုးမိုးမှောင်ကျတဲ့ အတွေ့အကြုံအတွက် ပိုင်ယီ ကိုယ်ချင်းစာမိ၏။ သူဟာ ဒီသူတော်စင်မကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ကိုယ့်ကိုယ်ကိုယ် သတ်သေရဲလောက်အောင် သတ္တိရှိပေသည်။
ကြည့်ရတာ ချန်ချန်ရွှယ်က မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကို ကောင်းကောင်း နားလည်သွားပုံ ရလေသည်။
ဂိမ်းကစားနေသလိုပါပင် ရှုံးတော့မယ်မှန်း သိနေရင် အချိန်ဖြုန်းနေမယ့်အစားချက်ချင်း နောက်တစ်ပွဲ ပြန်စလိုက်တာ ပိုကောင်းလေသည်။
"ကံကောင်းတာက ဒီတစ်ခါ သူမ ချီစုစည်းမှု အဆင့် (၂) ကို ရောက်သွားတာပဲ... ပြီးခဲ့တဲ့ တစ်ခေါက်ထက် ကျင့်ကြံမှု ပိုမြင့်လာတယ်.... ဒါ့အပြင် သူမ အသက် (၁၆) နှစ်အထိ နေခဲ့ရတော့ အတွေ့အကြုံတွေ ပိုများလာတာပေါ့"
ပိုင်ယီ ရေရွတ်လိုက်၏။ "ဒီတစ်ခါ ဆုလာဘ်တွေက ငါ့ကို မသေမျိုးကျင့်ကြံသူ အစစ်အမှန် ဖြစ်ခွင့် ပေးမလား မသိဘူး"
ဒါက ကိုယ်စားငှားပြီး ကျင့်ကြံခိုင်းသလိုပါပင်။
"မဆိုးပါဘူး....."
...