အခန်း ၁၈၉ : ဒုတိယအကြိမ်မြောက် ချန်ချန်ရွှယ်နှင့် ပိုင်ယီတို့ တွေ့ဆုံခြင်း
ချန်ချန်ရွှယ်ဟာ ယွမ်ယင်းခရိုင်တွင် အကြာကြီးနေရန် မရွေးချယ်ခဲ့ပေ။ သူမဟာ ဓားကိုထုတ်ယူပြီး ၎င်းကို စီးနင်းလိုက်ကာ ချင်ဟဲခရိုင်ရှိရာဘက်သို့ ပျံသန်းသွားခဲ့သည်။
ချင်ဟဲခရိုင်ထဲသို့ လွန်ခဲ့သော အချိန်အနည်းငယ်က မြင့်မြတ်သောနှလုံးသားနန်းတော်မှ မိစ္ဆာကျင့်ကြံသူမျ စိမ့်ဝင်နေရာယူခဲ့သည်ကို သူမ မေ့လျော့ခြင်းမရှိပေ။
ဤသည်မှာ ယွမ်ယင်းခရိုင်မှ ကျင့်ကြံသူများထံမှ သူမ ကြားသိခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ချန်ချန်ရွှယ်ဟာ ချန်မျိုးနွယ်စု၏ လုံခြုံရေးအတွက် စိုးရိမ်နေဆဲဖြစ်သည်။ သူမအဝေးသို့ရောက်နေသည့် ရက်အနည်းငယ်အတွင်း ချန်မျိုးနွယ်စုဟာ တစ်စုံတစ်ရာဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်ကို သူမမလိုလားပေ။
အကယ်၍ ချင်ဟဲခရိုင်၏ ချန်မျိုးနွယ်စု၌ တစ်စုံတစ်ရာ အမှန်တကယ် ဖြစ်ပျက်ခဲ့လျှင်…
ချန်ချန်ရွှယ်၏ စိတ်အခြေအနေထိခိုက်ကောင်း ထိခိုက်သွားနိုင်ပေသည်။ သူမ၏ လက်ရှိအခြေတည်အဆင့် (၅)ကျင့်ကြံမှုဖြင့် ချင်ဟဲခရိုင်သို့ ဓားစီးပြီး ပျံသန်းသွားရန် အချိန်အများကြီး ယူရမည် မဟုတ်ပေ။
မွန်းလွဲပိုင်းတွင်။
ချန်ချန်ရွှယ်ဟာ ချင်ဟဲခရိုင်သို့ ရောက်ရှိလာခဲ့သည်။
သူမ မြင့်မားသည့်အမြင့်တစ်နေရာမှ ငုံ့ကြည့်လိုက်သည်။
လက်ရှိ ချင်ဟဲခရိုင်က သူမ ထွက်ခွာသွားစဉ်ကနှင့် အတူတူလောက်ဖြစ်နေသည်ကို တွေ့မြင်လိုက်ရသည်။ ယေဘုယျအားဖြင့် အလွန်ငြိမ်းချမ်းပုံရပေသည်။ လူများဟာ ပုရွက်ဆိတ်များကဲ့သို့ ဝင်ထွက်သွားလာနေကြပြီး မနက်ဖြန်စားဝတ်နေရေးအတွက် ပင်ပန်းကြီးစွာ အလုပ်လုပ်နေခဲ့ကြသည်။
ရံဖန်ရံခါ ကျင့်ကြံသူအနည်းငယ်၏အော်ရာများကို သူမ ခံစားနိုင်သော်လည်း ဤအော်ရာများက သိပ်မသန်မာလှပေ။
သူတို့အားလုံးက ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများဖြစ်ကြပြီး လေလွှင့်ကျင့်ကြံသူများဖြစ်ကြသည်။
......
ချန်ချန်ရွှယ်ဟာ မကြာမီ သူမ၏ဓားဖြင့် ချင်ဟဲခရိုင်ရှိ ချန်မျိုးနွယ်စုအထက်သို့ ရောက်ရှိလာပေသည်။
သူမ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ မည်သည့် ပြဿနာမျှမရှိကြောင်း တွေ့ရှိလိုက်ရသည်။
ထို့ကြောင့် သူမဟာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။
"ငါ မသေမျိုးကျင့်ကြံခြင်းသရုပ်ဖော်စနစ်ရဲ့ ဖိတ်ခေါ်ခြင်း ခံခဲ့ရတယ်၊ အကြောင်းရင်းက ငါ့အဖိုးရဲ့ မွေးနေ့ကြောင့် ဖြစ်ပုံရတယ်။ ငါ ဝိညာဉ်ဓားဂိုဏ်းကနေ ချန် မျိုးနွယ်စုကို အဖိုးရဲ့ မွေးနေ့ပွဲ ကျင်းပဖို့ လာခဲ့တယ်၊ ပြီးတော့ အကြောင်းပြချက်မရှိဘဲ သရုပ်ဖော်စနစ်ထဲ ဖိတ်ခေါ်ခံလိုက်ရတာ"
ဒီအထိ ရေရွတ်ပြီးနောက် ချန်ချန်ရွှယ်ဟာ မရယ်မောဘဲ မနေနိုင်တော့ပေ။ "အကယ်၍ ငါသာ ချင်ဟဲခရိုင်ကိုမလာခဲ့ရင် သရုပ်ဖော်စနစ်ရဲ့ ဖိတ်ခေါ်ခြင်း ခံရပါ့မလားဆိုတာ ငါလည်းမသိဘူး"
ဒါဆိုရင်…
သူမ မွေးဖွားရာ ဇာတိမြေဖြစ်သည့် ချင်ဟဲခရိုင်က သူမအတွက် အခွင့်အလမ်းတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်ပေသည်။
ချန်ချန်ရွှယ် ဆင်းသက်လိုက်ပြီး သူမ၏ ရုပ်ဆင်းသဏ္ဍာန်ကို အနည်းငယ်ပြောင်းလဲလိုက်သည်။
သူမ၏ ရုပ်ဆင်းသဏ္ဍာန်က ယခင်ကကဲ့သို့ ရင်သပ်ရှုမောဖွယ် မကောင်းတော့ပေ။ သူမဟာ ရုပ်ဖျက်ခြင်းအတတ်ပညာတွင် သိပ်မကျွမ်းကျင်လှသော်လည်း သူမထက်ကျင့်ကြံမှုနိမ့်သည့် လူအချို့က သူမ၏ရုပ်ဖျက်ထားမှုကို မြင်နိုင်မည်မဟုတ်ပေ။
ချင်ဟဲခရိုင်ဟာ ပုံမှန်ခရိုင်မြို့လေးထက် အနည်းငယ် ပိုမို သက်ဝင်လှုပ်ရှားနေပြီး လမ်းမများပေါ်တွင် ရှုပ်ထွေးသွားလာနေသည့် လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေခဲ့သည်။
လမ်းဘေးနှစ်ဖက်စလုံးတွင် ဈေးသည်အငယ်စားလေးများ ရှိနေပြီး၊ လူများက နေရာတိုင်းတွင်ရှိနေကြပေသည်။
ဤနေရာတွင်ရပ်နေရင်း ချန်ချန်ရွှယ်ဟာ လွမ်းဆွတ်သည့် ခံစားချက်တစ်ခု ရရှိလာပြီး သူမ၏ကလေးဘဝသို့ ပြန်ရောက်သွားသကဲ့သို့ပင်။ သူမဟာ ဝိညာဉ်ဓား ဂိုဏ်းသို့ မဝင်ရောက်မီ အချိန်ကိုသတိရလိုက်သည်။ သူမဟာ မိခင်၏လက်ကိုဆုပ်ကိုင်ထားပြီး ဤနေရာကို ဖြတ်သန်းလျှောက်လှမ်းခဲ့ဖူးသည်။
ရုတ်တရက် ချန်ချန်ရွှယ် ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီး သူမ၏ အကြည့်က တစ်ခဏတာရပ်တန့်သွားရသည်။ သူမ၏ လှပသောမျက်လုံးများက လမ်းကြောင်းတစ်ခုပေါ်သို့ ကျရောက်သွားသည်။
သူမနှင့် အတော်လေးရင်းနှီးသည်ဟု ခံစားရသည့် လူတစ်ဦးကို သူမ တွေ့လိုက်ရပေသည်။
"အဲဒါသူလား"
ထူးခြားသည့် ရုပ်ရည်ရှိသည့် လူငယ်လေးကို မြင်လိုက်ရသည့်အခါ ချန်ချန်ရွှယ်ဟာ ပြန်လည်အမှတ်ရသွားသည်။ ပြီးခဲ့သည့်တစ်ခေါက် သူမ ချင်ဟဲခရိုင်သို့ လာရောက်စဉ်က ဆေးဆိုင်တစ်ဆိုင်တွင် ထူးဆန်းသည့် အမျိုးသားတစ်ဦးကို သူမ တွေ့မြင်ခဲ့ဖူးလေသည်။
ထိုအမျိုးသား၏ အတွင်းအားက သူမ သူ့ကို ယခင်က မြင်ဖူးသလို ခံစားရစေခဲ့သည်။
ထိုအကြောင်းပြချက်ကြောင့် သူမဟာ တစ်ဖက်လူ သူ၏ အတွင်းအားကို ထုတ်ဖော်ပြသလာစေရန် ဆေးလုံးအနည်းငယ်ကိုပင် အသုံးပြုခဲ့ဖူးပေသည်။
နောက်ဆုံးတွင် ၎င်းက သူမဘက်မှ မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခုသာဖြစ်ကြောင်း သူမသိရှိလိုက်ရသည်။
အမျိုးသား၏ ခန္ဓာကိုယ်ထဲမှ အတွင်းအားက သူမ၏ ပထမဆုံး မသေမျိုးကျင့်ကြံခြင်းသရုပ်ဖော်ဘဝတွင် ကျင့်ကြံခဲ့သည့်အသက်ရှူခြင်းနည်းစနစ်နှင့် အမှန်တကယ်ပင် အလွန်ဆင်တူနေခဲ့သည်။
သို့သော် ကွဲပြားခြားနားသော ကဏ္ဍအချို့ ရှိနေခဲ့သည်။
ထို့ကြောင့် သူမဟာ ထိုအမျိုးသားကို ဆက်လက် အနှောင့်အယှက် မပေးခဲ့ပေ။
ဒီတစ်ကြိမ် သူတို့ ဟာနောက်ထပ်ပြန်လည်တွေ့ဆုံရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ထို့အပြင် ချန်ချန်ရွှယ်ဟာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူကို သူမဟာ ထွင်းဖောက်မမြင်နိုင်သည်ကို အံ့သြစွာ တွေ့ရှိလိုက်ရသည်။
ဤအရာက သူမကို မယုံနိုင်စရာ ဖြစ်သွားစေခဲ့သည်။
'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'
'ပြီးခဲ့သည့်တစ်ခေါက်က အဲဒီအမျိုးသားနဲ့ တွေ့တုန်းက သူက သိုင်းလောကထဲက သာမန်လူတစ်ယောက်ပဲ မဟုတ်ဘူးလား...'
'ဒီတစ်ခါ ဘာလို့ ငါဒီလူကို ထွင်းဖောက်မမြင်နိုင်ရတာလဲ'
သူမ ရှေ့မှ အမျိုးသားက မြူခိုးအလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေခဲ့သည်။
ချန်ချန်ရွှယ်ဟာ သူမ၏ ဝိညာဉ်အာရုံကို အသုံးပြုပြီး သူ့ကို စုံစမ်းစစ်ဆေးကြည့်သော်လည်း ဘာမှရှာမတွေ့နိုင်ပေ။
'တစ်ခုခုတော့ မှားနေပြီ..'
သူမ ချက်ချင်းသတိရှိလာခဲ့သည်။
အခြား တစ်ဖက်တွင်။
ပိုင်ယီဟာလည်း ချင်ဟဲခရိုင်တွင် ချန်ချန်ရွှယ်နှင့် ဒုတိယအကြိမ် တွေ့ဆုံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူဟာ ဒီနေ့ ဟင်းသီးဟင်းရွက်နှင့် အသား အနည်းငယ်ဝယ်ရန်သာ အပြင်ထွက်ခဲ့ခြင်း ဖြစ်သည်။ သူက ချက်ပြုတ်ရန် အားလပ်ချိန်မရှိသော်လည်း ရှုကျစ်ဟွာက ဤကိစ္စကို အလွန် စိတ်ဝင်စားပေသည်။
ယခု ယွမ်ယင်းခရိုင်ကိစ္စကို ဖြေရှင်းပြီးပြီဖြစ်ရာ ရှုကျစ်ဟွာက ဒီညခြံဝင်းသို့ ပြန်လာပေလိမ့်မည်။
ထို့ကြောင့် ဟင်းသီးဟင်းရွက်နှင့်အသားအနည်းငယ် ကြိုတင်ဝယ်ထားခြင်းဖြင့် ရှုကျစ်ဟွာပြန်ရောက်လာသည့်အခါ ချက်ပြုတ်နိုင်ပေသည်။
နောက်ဆုံးတွင်။
ဒီနေ့ သူအပြင်ထွက်လိုက်သည်နှင့်တပြိုင်နက် သူ၏ ရွေးချယ်ခံနံပါတ် (၁)နှင့် တွေ့ဆုံလိုက်ရသည်။
'သောက်ကျိုးနည်း....တိုက်ဆိုင်လိုက်တာ...'
မသေမျိုးကျင့်ကြံခြင်းသရုပ်ဖော်စနစ်မှတဆင့် ရွေးချယ်ခံတစ်ဦးစီဟာ သူ့နှင့်ဘယ်လောက်ဝေးကွာသည့်နေရာတွင်ရှိနေသည်ကို ပိုင်ယီ အမှန်တကယ်အာရုံခံနိုင်လေသည်။
သို့သော် သူတို့၏ လှုပ်ရှားမှုများကို ဘယ်သူက အချိန်တိုင်း အနီးကပ်စောင့်ကြည့်နေနိုင်မည်။
ဤအချိန်တွင် ချန်ချန်ရွှယ်ဟာ သူမ၏ရုပ်ဆင်းသဏ္ဍာန်ကိုပြောင်းလဲထားပြီးဖြစ်သောကြောင့် ရှေ့တိုးသွားရန် မကြိုးစားခဲ့ပေ။ ထို့အပြင် သူမ၏ ရုပ်ဖျက်ထားမှုကို မြင်နိုင်လိမ့်မည်ဟု မထင်ထားပေ။
အကယ်၍ သူမသာ ရှေ့တိုးသွားပြီး သူမနှလုံးသားထဲမှ သံသယများကို မေးမြန်းလိုက်လျှင် ၎င်းက သူမ၏ မိသားစုကို ဖော်ထုတ်လိုက်သလို ဖြစ်နေပေမည်။
ချန်ချန်ရွှယ်ဟာ ပိုင်ယီကို သတိမပြုမိသကဲ့သို့ ဖြတ်ကျော်သွားလိုက်သည်။
သို့ပေမဲ့ သူမ လုံးဝမသိခဲ့တာက ပိုင်ယီ၏ မျက်လုံးထဲတွင် သူမက ကိုယ်လုံးတီးဖြစ်နေသကဲ့သို့ပင်။ မသေမျိုးကျင့်ကြံခြင်းသရုပ်ဖော်စနစ်ကိုအသုံးမပြုလျှင်ပင် သူမ၏ရုပ်ဖျက်ထားမှုကို သူဟာ အလွယ်တကူ ထွင်းဖောက်မြင်နိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် သူတို့၏ကျင့်ကြံမှုများကြားတွင် အဆင့်ငယ်လေးဆင့်ကွာဟချက်ရှိလေသည်။
ချန်ချန်ရွှယ်ဟာ ပိုင်ယီနှင့် အကွာအဝေးတစ်ခု ရောက်သွားသည့်အချိန်တွင် ဝိညာဉ်အာရုံတစ်ခု သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်ကိုသူ ခံစားလိုက်ရဆဲ ဖြစ်သည်။
ချန်ချန်ရွှယ်ဟာ သံသယရှိနေဆဲဖြစ်ပြီး ပိုင်ယီကို ထွင်းဖောက်မြင်ချင်နေပုံရပေသည်။
"သူမက တကယ် သတိကြီးတာပဲ..."
ပိုင်ယီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။ အကယ်၍ ချင်းကျောက်သာဆိုလျှင် ပြေးလာပြီး သူ့ကို တိုက်ရိုက်မေးမြန်းနေလောက်ပေပြီ။