အခန်း ၁၈၈ : ရှုကျစ်ဟွာ၏ ထိတ်လန့်မှု
ဆုလာဘ်ငါးခုစလုံးကို လက်ခံရရှိပြီးနောက် ချန်ချန်ရွှယ်ဟာ သူမ၏နှလုံးသားထဲမှ အံ့သြမှုကို ဖြည်းညှင်းစွာ ဖိနှိပ်ထားလိုက်သည်။
သူမ၏ နှလုံးသားထဲတွင် ပေါ်လာသည့်အရာမှာ အံ့သြဝမ်းမြောက်မှုတစ်ခုဖြစ်ပြီး အလွန်ပျော်ရွှင်နေခဲ့သည်။
အကယ်၍ သူမသာ ဤဆုလာဘ်ငါးခုထဲမှ တစ်ခုခုကို ထုတ်ပြလိုက်ပါက လူဘယ်နှယောက်လောက် လိုချင်တပ်မက်ကြမလဲဆိုတာ ဘယ်သူသိမည်နည်း။
ချန်ချန်ရွှယ် အလွန်ကျေနပ်အားရသွားသည်။
အခြေတည်အဆင့် (၅)၏ ဝိညာဉ်စွမ်းအင်တို့ကြောင့် ချန်ချန်ရွှယ်ဟာ သူမရဲ့အဆင့်တက်ချင်နေသည့် အရှိန်အဟုန်ကို မထိန်းချုပ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် ချင်းကျောက်ကဲ့ကဲ့သို့ပင် မွေးရာပါဝိညာဉ်ခန္ဓာကိုယ်တစ်ဝက် ဖွဲ့စည်းပုံရှိနေသောကြောင့်ဖြစ်သည်။ ဤသည်မှာ ပြီးခဲ့သည့် ဘဝ သရုပ်ဖော်မှုအတွင်း ချန်ချန်ရွှယ် မမျှော်လင့်ဘဲ ရရှိခဲ့သော ဆုလာဘ်ဖြစ်ပေသည်။
ဤဆုလာဘ်က သူမကို ရွှေအမြုတေအဆင့်အောက်တွင် မည်သည့်အတားအဆီးမှ မရှိစေရန် ပြုလုပ်ပေးထားခဲ့သည်။
ထို့ကြောင့် သူမသာ နောက်တစ်ဆင့်သို့ အဆင့်ချိုးဖျက်ဝင်ရောက်ချင်လျှင် မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ပေ။
အဆင့်ချိုးဖျက်ခြင်း....
အခြေတည်အဆင့်၏ အော်ရာများက အပြည့်အဝ ထွက်ပေါ်လာခဲ့သည်။သူမ၏ အဆင့်ချိုးဖျက်မှု လှုပ်ရှားမှုကို တားဆီးရန် နည်းလမ်းမရှိတော့ပုံ ရပေသည်။
သို့သော် ဖုံးကွယ်ရေးအစီအရင်တစ်ခု ပြင်ဆင်ရန် အချိန်နှောင်းသွားပြီဖြစ်ပြီး သူမဟာ သွားကိုစေ့ပြီး တစ်ရှိန်ထိုးအဆင့်ချိုးဖျက်ဝင်ရောက်ရန်သာ တတ်နိုင်တော့လေသည်။
အခြေတည်အဆင့်ကျင့်ကြံသူ၏ အော်ရာပျံ့နှံ့သွားပြီးနောက် မီတာရာပေါင်းများစွာ အချင်းဝက်အတွင်းရှိ လူတိုင်းဟာ ရင်တုန်ပန်းတုန်ဖြစ်မှုကို ရှင်းပြ၍ မရနိုင်အောင် ခံစားလိုက်ကြရသည်။
တည်းခိုခန်းထဲတွင် ရှိနေသူများဟာ ကြီးမားသည့် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ကြရသည်။
တည်းခိုခန်းထဲတွင် ဘာဖြစ်ပျက်နေသည်ကို သူတို့လည်းမသိကြပေ။ သို့သော် သူတို့ရင်ထဲမှ ကြောက်ရွံ့မှုက သူတို့ကို တည်းခိုခန်းထဲမှ ထိတ်လန့်တကြား ပြေးထွက်သွားစေခဲ့သည်။
......
အသက်ရှူချိန် (၁၀)ခါမပြည့်မီမှာပင် တည်းခိုခန်းထဲတွင် ချန်ချန်ရွှယ်မှလွဲ၍ အခြား မည်သူမျှမရှိတော့ပေ။
နောက်တစ်ခဏတွင် တည်းခိုခန်းထဲမှ ပြေးထွက်လာသည့် ဤလူများဟာ သူတို့၏ လုပ်ဆောင်ချက် အတွက် အလွန်ကံကောင်းသည်ဟု ခံစားလိုက်ကြရသည်။
"ဘုန်း.."
လေပြင်းတစ်ချက်က တည်းခိုခန်းကို ဖြတ်သန်း တိုက်ခတ်သွားခဲ့သည်။ တစ်ပြိုင်နက် အဆောက်အဦးဟာ ကျယ်လောင်သောအသံနှင့်အတူ ပြိုကျသွားပြီး ခေါင်မိုးပေါ်မှအုပ်ကြွပ်ပြားများဟာလည်း လေလှိုင်းများကြောင့် ကောင်းကင်ယံသို့ လွင့်စင်သွားခဲ့ကြသည်။
ဝိညာဉ်စွမ်းအင်လှိုင်းများ ပြင်းထန်စွာလှုပ်ရှားလာပြီး သာမန်လူတစ်စုကို ပါးစပ်အဟောင်းသား ဖြစ်သွားစေကာ ကျင့်ကြံသူအချို့ပင် အလွန်အံ့အားသင့်သွားကြရသည်။
သာမန်လူများနှင့်မတူဘဲ အားအနည်းဆုံး ကျင့်ကြံသူသည်ပင် ကျွမ်းကျင်သူတစ်ဦး အဆင့်ချိုးဖျက် ဝင်ရောက်သွားသည်ကို မြင်တွေ့နိုင်လေသည်။
'ဒီလို အဆင့်ချိုးဖျက်မှုမျိုးက...အနည်းဆုံးတော့ အခြေတည်အဆင့် ဖြစ်ရမယ်.. ဟုတ်တယ်မလား..'
'ရှူး..'
ယွမ်ယင်းခရိုင်မှ လူများကို ခေါင်းကုတ်နေရလောက်အောင်ဖြစ်စေသည့် ဘေးအန္တရာယ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်မှာ မကြာသေးမီကပင်ဖြစ်သည်။ယခုကျင့်ကြံသူတစ်ဦးက အခြေတည်အဆင့်သို့ အဆင့်ချိုးဖျက် ဝင်ရောက်ခြင်းက ကံဆိုးမိုးမှောင်ကျနေတဲ့ ကြားက ကံကောင်းခြင်းတစ်ခုပဲလာဆိုတာတော့ မသိကြတော့ပေ။
သူတို့ အလွန်ဇဝေဇဝါဖြစ်နေကြသလို အလွန်လည်း အားကျနေခဲ့ကြသည်။
အဝေးတစ်နေရာတွင်။
ရှုကျစ်ဟွာဟာ တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပုံရပြီး ခေါင်းလှည့်ကာ ယွမ်ယင်းခရိုင်ရှိရာ လမ်းကြောင်း တစ်ခုကို ကြည့်လိုက်သည်။ သူမ၏ အကြည့်က အဆောက်အဦးများစွာကို ထွင်းဖောက်မြင်နိုင်ပုံ ရပေသည်။
သူမ အံ့သြစွာ ပြောလိုက်၏။ "အခြေတည်အဆင့် အဆင့် (၃)မဟုတ်ဘူး... အခြေတည်အဆင့် (၄)ဖြစ်နေပြီပဲ။ ဒီလိုအချိန်မျိုးမှာ အဆင့်ချိုးဖျက်တဲ့သူ တကယ်ရှိနေတာလား"
"ဒီလိုအော်ရာမျိုးက မြင့်မြတ်သောနှလုံးသား နန်းတော်က မိစ္ဆာကျင့်ကြံသူမဟုတ်ပုံရတယ်။ ဖြောင့်မတ်လမ်းစဉ်က ကျင့်ကြံသူနဲ့ ပိုတူတယ်။ ဒါ့အပြင်... တစ်ဖက်လူဆီကနေ ဝါးတားတား ထွက်ပေါ်နေတဲ့အော်ရာက မဟာယန်မင်းဆက်က အဲဒီ မင်းသမီးလေးနဲ့တောင် နည်းနည်းဆင်တူနေသလိုပဲ"
ဘာပဲဖြစ်ဖြစ် သူမက အဆင့် (၆)ရွှေအမြုတေကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။ ထို့ကြောင့် ရှုကျစ်ဟွာဟာ အလွန်ဝေးကွာသည့် နေရာတွင် ရှိနေသော်လည်း ချန်ချန်ရွှယ်၏ထူးခြားသောအော်ရာကို ဝါးတားတား ခံစားနေရဆဲဖြစ်သည်။
ချန်ချန်ရွှယ်၏ အော်ရာက ဖူရွှမ်နီနှင့်အနည်းငယ် ဆင်တူပေသည်။
အဘယ်ကြောင့်ဆိုသော် ချန်ချန်ရွှယ်၏ နောက်ဆုံး ဆုလာဘ်က သူမကို ဘုရင်တစ်ပါးကဲ့သို့သော အော်ရာမျိုး ပေးစွမ်းခဲ့သောကြောင့်ဖြစ်သည်။
ဤကဲ့သို့သော အော်ရာမျိုးကို မင်းဆက်တစ်ခု၏ တော်ဝင်မိသားစုဝင်တစ်ဦးကသာ ပျိုးထောင်နိုင်ခြင်း ဖြစ်သည်။
ထို့အပြင် တော်ဝင်မိသားစု၏မျိုးဆက်တိုင်းဟာ ဤကဲ့သို့သော အော်ရာမျိုးကို ပိုင်ဆိုင်နိုင်သည်မဟုတ်ပေ။ ဤကဲ့သို့သော အော်ရာမျိုးကို ပျိုးထောင်နိုင်သူများက တော်ဝင်မိသားစု၏မျိုးဆက်များ အနက် အကောင်းဆုံးသော သူများသာ ဖြစ်ကြသည်။
"အမ်..."
အသက်ရှူချိန် အနည်းငယ်မပြည့်မီမှာပင် ရှုကျစ်ဟွာ၏ လေသံက ပို၍ပင်အံ့သြသွားရသည်။
"သူမ နောက်တစ်ကြိမ် ထပ်ပြီးအဆင့်တက်သွားပြန်ပြီလား.... အခြေတည်အဆင့် (၃)ကနေ အခြေတည်အဆင့် (၄)ကို တစ်ရှိန်ထိုးအဆင့်ချိုးဖျက် ဝင်ရောက်သွားတယ်။ အခု သူမက အခြေတည်အဆင့် (၅)ကို ရောက်နေပြီလား။ ဒီအမျိုးသမီး ဘယ်လို အံ့ဖွယ် ဆေးဝါးမျိုးသောက်လိုက်တာလဲ"
အဆင့်ငယ်တစ်ခုကို အဆင့်ချိုးဖျက်ဝင်ရောက်ခြင်းက အဆင်ပြေသေးပေသည်။ ဘာပဲဖြစ်ဖြစ် ကျင့်ကြံသူများ အဆင့်တစ်ခုအထိ ကျင့်ကြံပြီးသည့်အခါ နောက်ဆုံးတွင် သူတို့ဟာ အဆင့်ချိုးဖျက်ဝင်ရောက်ကြရသည်သာဖြစ်သည်။
ပြဿနာမှာ... တစ်ဖက်လူက အဆင့်ငယ်နှစ်ဆင့်ကို တစ်ရှိန်ထိုး အဆင့်ချိုးဖျက်ဝင်ရောက်သွားခြင်းပင်။
"ရှူး."
ရှုကျစ်ဟွာ လေအေးတစ်ချက် မရှူသွင်းဘဲ မနေနိုင်တော့ပေ။
'ဒါက ဘယ်လိုမွန်းစတားမျိုးလဲ။ ဒါ လူရော ဟုတ်သေးရဲ့လား...'
"တပည့် မင်း လုံးဝအံ့သြပုံမရပါလား။" ပိုင်ယီ ထိန်းချုပ်ထားသည့် ရွှေအမြုတေရုပ်သေးရုပ်ဟာ တစ်ချိန်လုံး မျက်နှာသေဖြစ်နေသည်ကို ရှုကျစ်ဟွာ သတိပြုမိလိုက်သည်။
ရွှေအမြုတေရုပ်သေးရုပ်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "ဘာလို့လဲဆိုတော့ တစ်ဖက်လူရဲ့ အထောက်အထားကို ကျွန်တော်သိနေလို့ပါ။ ဒါကြောင့် အံ့သြစရာ ဘာမှမရှိပါဘူး။"
"အို..." ရှုကျစ်ဟွာ အလွန်သိချင်စိတ်ဖြစ်သွားရသည်။ "ဒီမွန်းစတားက ဘယ်သူလဲဆိုတာ မင်း တကယ်သိတာလား။ သူမက ဘယ်သူလဲ"
ရွှေအမြုတေရုပ်သေးရုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "အဲဒီလူက ဝိညာဉ်ဓားဂိုဏ်းရဲ့ လက်ရှိ သူတော်စင်မပါ။"
ဝိညာဉ်ဓားဂိုဏ်း....
ဤစကားလုံးသုံးလုံးက ရှုကျစ်ဟွာအတွက် မရင်းနှီးသည်တော့မဟုတ်ပေ။ မကြာသေးမီက ဝိညာဉ်ဓား ဂိုဏ်းမှ မူလဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာပြီး ထွက်ပြေးနေသည့် မြင့်မြတ်သော နှလုံးသားနန်းတော်မှ ရွှေအမြုတေမိစ္ဆာကို လိုက်လံ ဖမ်းဆီးခဲ့ဖူးသည်။
အဆင့်နှစ်ဆင့်ကို ဆက်တိုက်အဆင့်ချိုးဖျက် ဝင်ရောက်ခဲ့သူက ဝိညာဉ်ဓားဂိုဏ်း၏ သူတော်စင်မအမှန်တကယ်ဖြစ်နေသည်လော။
"ဒါဆို အဲဒီလိုကိုး..." ရှုကျစ်ဟွာ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ "ဝိညာဉ်ဓားဂိုဏ်းရဲ့ မူလဝိညာဉ်အဆင့်ကျင့်ကြံသူက ဒီလောက်မြန်မြန် ရောက်လာတာ အံ့သြစရာမဟုတ်တော့ပါဘူး။ သူတို့ရဲ့သူတော်စင်မက ဒီမှာ ရှိနေလို့ကိုး"
အမှန်တကယ်တော့ သူမ၏လေသံထဲမှ တုန်လှုပ်မှုက မပျောက်ကွယ်သေးပေ။
သူမဟာ ကြီးမားသည့် ကျင့်ကြံခြင်းဂိုဏ်းကြီး တစ်ခု၏သူတော်စင်မဖြစ်လျှင်ပင် ကျင့်ကြံခြင်းတွင် ဤမျှကြောက်မက်ဖွယ်ကောင်းသည့် ပါရမီရှိခြင်းက ပုံမှန်မဟုတ်ပေ။။
ဒါမျိုး မကြားဖူးပေ။
ထို့အပြင် ရှေးဟောင်းစာအုပ်အချို့တွင်ပင် အဆင့်ငယ်နှစ်ဆင့်ကို တစ်ကြိမ်တည်းဖြင့် အဆင့်ချိုးဖျက်ဝင်ရောက်နိုင်သည့် ကျင့်ကြံသူများအကြောင်း မှတ်တမ်းတင်မထားခဲ့ပေ။
'သူမက ယခင်က မကြုံဖူးလောက်အောင် ထူးချွန်သောပါရမီရှင်တစ်ယောက်လား။ နောင်လာမဲ့ ခေတ်ကာလအဆက်ဆက် ဒဏ္ဍာရီလာသီချင်းများတွင် သီဆိုဖော်ပြခံရမည့် ပုဂ္ဂိုလ်တစ်ဦးလား..'
ရှုကျစ်ဟွာတိတ်တဆိတ်ဆွံ့အသွားပြီး ကျင့်ကြံခြင်း လောကက အမှန်တကယ်ပင် ဝပ်နေသောကျားများနှင့်ပုန်းအောင်းနေသော နဂါးများဖြင့် ပြည့်နှက်နေကြောင်း ညည်းတွားလိုက်၏။
သူမရောက်လာသည့် ဒီလိုနေရာမျိုး၌ ဤကဲ့သို့သော မွန်းစတာမျိုးနှင့် တွေ့ဆုံခဲ့ရသည်။
ယုံကြည်နိုင်စရာ မရှိပေ။
...
ချန်ချန်ရွှယ်ဟာ အဆင့် (၆)ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ အာရုံစိုက်မှုကို ခံခဲ့ရကြောင်း မသိရှိပေ။
သူမဟာ အသက်တစ်ရှိုက်စာအတွင်း အဆင့်ငယ်နှစ်ဆင့်ကို အဆင့်ချိုးဖျက်ဝင်ရောက်ပြီးနောက်မျက်လုံးဖွင့်လိုက်သည့်အချိန်တွင်–
သူမ တည်းခိုခဲ့သော တည်းခိုခန်းက မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားသည်ကိုတွေ့လိုက်ရ၏။
ထို့အပြင် တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း သို့မဟုတ် လေးစားကြည်ညိုခြင်းစသည့် အကြည့်များ သူမအပေါ် စူးစိုက်ကြည့်နေကြောင်း သူမခံစားနိုင်သည်။
စူးစိုက်ကြည့်နေမှုအားလုံးကို လစ်လျူရှုပြီး သူမ၏ စိတ်အာရုံဖြင့် ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။
အဆင့်ချိုးဖျက်ခြင်းက အခြားသူများကို မည်သည့် ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုမျှ မဖြစ်စေကြောင်း တွေ့ရှိပြီးနောက် သူမဟာ သိုလှောင်အိတ်ထဲမှ လေးလံသည့် ရွှေတုံးကြီးတစ်တုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ဝမ်းနည်းပူဆွေးနေသည့် မျက်နှာအမူရာနှင့် လူအုပ်ထဲမှ အမျိုးသားတစ်ဦးထံ ပစ်ပေးလိုက်သည်။
ရွှေတုံးကြီးက ထိုအမျိုးသား၏ရှေ့တွင် ကျရောက်သွားခဲ့သည်။
ချန်ချန်ရွှယ် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "ဒါက တည်းခိုခန်းကို ပြန်ပြင်ဖို့ ပိုက်ဆံပေးတာ ကျန်တာကလျော်ကြေးပဲ။"
သူမညာ လူအများရှေ့တွင် ပြောလိုက်ရသည့် အကြောင်းရင်းမှာ မည်သူမျှ မရိုးသားသောအတွေးများမရှိစေရန် တားဆီးဖို့ ဖြစ်သည်။
ယခု သူမက ရှင်းလင်းအောင် ပြောလိုက်ပြီဖြစ်ရာ ၎င်းက ကျင့်ကြံသူတစ်ဦး ပေးအပ်လိုက်သည့် လျော်ကြေးငွေပမာဏဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် ဘယ်သူက မရိုးသားသည့် အတွေးများ ထားရဲမည်နည်း။
...