အခန်း ၁၈၄ : အိမ်ရှေ့စံမင်းသား၏ အကွက်ချကြံစည်မှု
"အကယ်၍ ဒီနှစ်ဖက်စလုံးက ဒီအတိုင်းဆက်ပြီး ထိပ်တိုက်ရင်ဆိုင်နေကြမယ်ဆိုရင် မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေဖြစ်လာမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်။"
"ဒါကြောင့် အရှင်မင်းကြီး ဒီအတိုင်းဆက်လက် ကြည့်နေလို့ မရပါဘူး။"
"နန်းတွင်းထဲကဟန်ချက်ညီမှုကို အရှင်မင်းကြီး ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။"
ဤစကားကို ကြားသောအခါ...
ချန်ဖုန်းယင်တွင် စိုးရိမ်ပူပန်မှု အနည်းငယ်မျှပင် မရှိပေ။ ယင်းအစား သူဟာ ပျော်ရွှင်စွာပြုံးလိုက်ပြီး အရာရှိအိုကို ကြည့်လိုက်သည်။
"ငါကိုယ်တော်ရဲ့ သားကြီးနဲ့ သမီးငယ်လေးကြားက ပဋိပက္ခကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲ။ ဒီနယ်ပယ်မှာ ငါကိုယ်တော်က တကယ်ကိုအတွေ့အကြုံ မရှိဘူး။ အကြီးအကဲ ဘာလို့ငါကိုယ်တော်ကို အကြံဉာဏ်တစ်ခုလောက် မပေးတာလဲ။"
အရာရှိအိုသည် ကြောင်အသွားပြီး တွန့်ဆုတ်စွာ ပြောလိုက်၏။
"အရှင်မင်းကြီး ဒီကိစ္စက အရှင်မင်းကြီးရဲ့ မိသားစု ကိစ္စပါ။ ကျွန်တော်မျိုးက ပြင်ပလူတစ်ယောက်ဖြစ်တာကြောင့် အရှင်မင်းကြီးရဲ့မိသားစုကိစ္စတွေထဲ ဝင်ရောက်စွက်ဖက်တာက ပြစ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။"
"မင်းသိရက်နဲ့ ဘာလို့ဒီကိစ္စကို ငါကိုယ်တော်ဆီ လာပြောနေရတာလဲ။" ချန်ဖုန်းယင် ပြောလိုက်၏။ "ဒီကိစ္စမှာ ငါကိုယ်တော်ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။"
အရာရှိအို ခေါင်းမော့လိုက်သည်။ "အရှင်မင်းကြီး..."
"ငါကိုယ်တော်ကို နားချဖို့ မကြိုးစားနဲ့တော့"
ချန်ဖုန်းယင် ပြောလိုက်သည်။
"သူတို့ သာမန်ထက်လွန်ကဲတဲ့ကိစ္စတွေ မလုပ်သရွေ့ သူတို့ကို ဖြည်းဖြည်းချင်း တိုက်ခိုက်ခွင့်ပြုလိုက်ပါ... အဲဒါလည်း ကောင်းတာပဲ။ မဟာဝေရဲ့မင်းသား မင်းသမီးတွေမှာ ဒီလိုပြိုင်ဆိုင်လိုစိတ်မျိုး ရှိသင့်တယ်။ ဒါမှမဟုတ်ရင် ဘာရည်မှန်းချက်မှမရှိဘဲ နှစ်ပေါင်း ၁,၈၀၀ ကြာပြီးတဲ့နောက် ကမ္ဘာကြီးကို သူတို့ ဘယ်လို အုပ်ချုပ်နိုင်မှာလဲ။ အနာဂတ်မှာ ဧကရာဇ် တစ်ပါးရွေးချယ်တာက ပိုဆိုးသွားနိုင်မလား"
ဧကရာဇ်တစ်ပါး၏ နှုတ်မှ ဤကဲ့သို့သောစကားများ ထွက်ပေါ်လာနိုင်သဖြင့် ဤအရာရှိအိုသည် နောက်ထပ် စကားတစ်ခွန်းမျှ မဆိုရဲတော့ပေ။
ဤကဲ့သို့သောကိစ္စရပ်များကို သူဂရုမစိုက်ဟု ဧကရာဇ်က ပြောခဲ့သော်လည်း လက်တွေ့တွင် သူဟာ မင်းသမီးချန်နင်အား အိမ်ရှေ့စံမင်းသားနှင့် တိုက်ခိုက်ခွင့်ပြုထားကြောင်း ဤအရာရှိအို ရှင်းလင်းစွာ မြင်တွေ့နိုင်စေခဲ့သည်။
မင်းသမီးတစ်ပါးကို အိမ်ရှေ့စံမင်းသားနှင့် တိုက်ခိုက်ခွင့်ပြုထားခြင်း... ၎င်းက မျက်နှာသာပေးခြင်းမဟုတ်ပါက အဘယ်နည်း။
......
'အရှင်မင်းကြီးက မင်းသမီးချန်နင်ကို အမှန်တကယ် မျက်နှာသာ ပေးနေတာလား...'
'တစ်နည်းအားဖြင့်ပြောရရင် အရှင်မင်းကြီးက လက်ရှိ အိမ်ရှေ့စံမင်းသားကို မျက်နှာသာမပေးဘူးလား...'
'ရှူး...'
ဤအတွေး သူ၏စိတ်ထဲတွင် လက်ခနဲပေါ်လာသည်နှင့်တပြိုင်နက် အရာရှိအိုဟာ ကြောက်လန့်လွန်းသဖြင့် သူ၏ဆံပင်များ ထောင်ထသွားရသည်။ သူဟာ ဤအတွေးကို အလျင်အမြန်ဖျောက်ဖျက်လိုက်ပြီး အရှင်မင်းကြီးအား အကြံပေးရန် လာရောက်ခဲ့သည့်အတွက် အနည်းငယ် နောင်တရမိလေသည်။
'ဒါပေမဲ့... မင်းသမီးချန်နင်အပေါ် အရှင်မင်းကြီးရဲ့ မျက်နှာသာပေးနေတာဆိုတော့... နောက်ရက်နည်းနည်းကြာရင် ငါ မင်းသမီးချန်နင်ဆီ သွားပြီး လည်ပတ်ရမလား...'
အိမ်ရှေ့စံမင်းသားနှင့် နန်းတော်ကြားဆက်ဆံရေးက အလွန်အမြစ်တွယ်နေပြီး အိမ်ရှေ့စံမင်းသား၏ တရားဝင်ဖြစ်တည်မှုကိုလည်း ပိုင်ဆိုင်ထားပေသည်။
ပြဿနာမှာ အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ခံရခြင်းနှင့် မျက်နှာသာပေးမှုကိုမခံရခြင်းတို့က လုံးဝ ကွဲပြားခြားနားသော သဘောတရားများဖြစ်ပေသည်။
မဟာဝေမင်းဆက် ပြောင်းလဲတော့မည် ဖြစ်သည်။
[အသက် ၅၀၊ နှစ်ပေါင်းများစွာ လျှို့ဝှက်စုံစမ်းစစ်ဆေးပြီးနောက် ချင်းကျောက်ကို သတ်ရန် ကြိုးပမ်းခဲ့သော ရွှေအမြုတေကျင့်ကြံသူသုံးဦး အနက်မှတစ်ဦးကို သင်နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့သည်။ နည်းလမ်းအများအပြားနှင့် အလွန်မြန်ဆန်သောအရှိန်ဖြင့် အခြားလူနှစ်ဦးကိုလည်း သင်ရှာဖွေတွေ့ရှိခဲ့သည်။]
[ရွှေအမြုတေကျင့်ကြံသူများက စွမ်းအားကြီးမားသော်လည်း မူလဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦး ရှေ့တွင် သူတို့က ဘာမျှမဟုတ်ပေ။ ဝေ့ရီ၏ အကူအညီဖြင့် ဤလူသုံးဦး၏ ဝန်ခံချက်များကို သင်ရယူနိုင်ခဲ့သည်။]
[ရွှေအမြုတေကျင့်ကြံသူသုံးဦးစလုံးသည် မဟာဝေ မင်းဆက်၏ အိမ်ရှေ့စံမင်းသားကို ဖော်ထုတ်ခဲ့ကြသည်]
[အသက် ၅၁၊ ဤကိစ္စမှတစ်ဆင့် သင်ဟာ မဟာဝေ မင်းဆက်၏ အိမ်ရှေ့စံမင်းသားအတွက် အခြေအနေများကို ခက်ခဲစေခဲ့သည်။ ချင်းကျောက်၏ သေဆုံးမှုက မဟာဝေမင်းဆက်၏ အိမ်ရှေ့စံမင်းသားနှင့် ဆက်စပ်နေကြောင်း ချန်ဖုန်းယင် သိရှိသွားလေသည်။ ထို့ကြောင့်သူဟာ မဟာဝေမင်းဆက်၏ အိမ်ရှေ့စံမင်းသားကို (၅၀)နှစ်တိတိ နံရံကို မျက်နှာမူပြီး သူ့အပြစ်သူ ဆင်ခြင်သုံးသပ်ရန် အမိန့်ပေးခဲ့သည်။ ချင်းကျောက်၏ သေဆုံးမှုအတွက် လျော်ကြေးပေးရန် မေပယ်လ်မြို့တော်၏ ချင်းမျိုးနွယ်စုအား ကြီးမားသော ဆုလာဘ်တစ်ခုကိုလည်း ပေးသနားခဲ့သည်။]
[မဟာဝေမင်းဆက် အိမ်ရှေ့စံမင်းသား၏ အနှောင့်အယှက်မရှိတော့သဖြင့် နန်းတော်အတွင်းရှိ သင်၏သြဇာလွှမ်းမိုးမှုက ပိုမိုကြီးမားလာခဲ့သည်။]
[သင်ဟာ မဟာဝေအိမ်ရှေ့စံမင်းသား၏ ရာထူးနေရာကို ပြင်းထန်စွာခြိမ်းခြောက်နိုင်ခဲ့သည်။]
[အသက် ၅၂၊ သင်လုပ်ကြံခံခဲ့ရသည်။ ကံကောင်းစွာဖြင့် ဝေ့ရီဟာ အမှောင်ထဲမှ သင့်ကိုကာကွယ်ပေးနေခဲ့သည်။ သို့သော် အမှောင်ထဲမှလုပ်ကြံသတ်ဖြတ်သူများဟာ သေမင်းတမန်စစ်သည်တော်တစ်စု ဖြစ်ကြပေသည်။ သူတို့ မအောင်မြင်ကြောင်းတွေ့လိုက်ရသည့်အခါ သူတို့အားလုံးဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြသည်။]
[တစ်လကြာပြီးနောက် မဟာဝေအိမ်ရှေ့စံမင်းသား လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ မဟာဝေအိမ်ရှေ့စံ မင်းသားဟာ လက်မောင်းတစ်ဖက်ဆုံးရှုံးသွားပြီး အိမ်ရှေ့စံမင်းသား၏ကြင်ယာတော် အသက်ဆုံးရှုံးသွားခဲ့ရသည်။ လုပ်ကြံသတ်ဖြတ်သူ၏ခန္ဓာကိုယ်ပေါ်တွင် သင်၏လျှို့ဝှက်အမိန့်စာကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိခဲ့သည်။]
[မဟာဝေမင်းဆက်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။]
"ရက်စက်လိုက်တာ..."
မဟာဝေ အိမ်ရှေ့စံမင်းသားကို တိုက်ခိုက်ရန် ချန်ချန်ရွှယ် မည်သူ့ကိုမျှ အမိန့်မပေးခဲ့ပေ။ တစ်နည်းအားဖြင့်ပြောရလျှင် ဤလုပ်ကြံသတ်ဖြတ်မှု ဆိုသည်မှာ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားခြင်း ဖြစ်နိုင်ချေအများဆုံးပင်။
လျှို့ဝှက်အမိန့်စာဆိုသည်မှာ ပို၍ပင် ရယ်စရာ ကောင်းပေသည်။
တစ်ဖက်လူ ဤသို့ လုပ်ခဲ့ခြင်းက ချန်ချန်ရွှယ်၏ နာမည်ကို အပုပ်ချချင်သောကြောင့်ဖြစ်သည်။
ချန်ချန်ရွှယ် ဝန်ခံရပေမည်... မဟာဝေ အိမ်ရှေ့စံ မင်းသား၏နည်းလမ်းက အလွန်ထိရောက်မှုရှိပေသည်။ သူမကို ယုံကြည်သောလူနည်းစုမှလွဲ၍ လူအများစုက ၎င်းက သူမ၏တန်ပြန်တိုက်ခိုက်မှုဖြစ်သည်ဟု ထင်မြင်ခဲ့ကြသည်။
ထို့အပြင် သူမလှုပ်ရှားလိုက်သည့်အချိန်တွင် အိမ်ရှေ့စံမင်းသား၏ လက်မောင်းကို ဖြတ်တောက်လိုက်ပြီး အိမ်ရှေ့စံမင်းသား၏ကြင်ယာတော်အသက်ကို ယူလိုက်သည်ဟု ထင်မြင်ကြပေသည်။
လက်တွေ့တွင်မူ...
ချန်ချန်ရွှယ်ဟာ ထိုသို့ လုံးဝ မလုပ်ဆောင်ခဲ့ပေ။ သူမက ဤကဲ့သို့အောက်တန်းကျသည့် နည်းလမ်းများကို အသုံးပြုမည့်သူ မဟုတ်ပေ။
သို့သော် အကယ်၍ သူမသာ ဤအချိန်တွင် ရှေ့ထွက် ရှင်းပြလျှင်လည်း မည်သူမျှ သူမကိုယုံကြည်ကြမည် မဟုတ်ပေ။
မဟာဝေ အိမ်ရှေ့စံမင်းသား၏ နည်းလမ်းက ထိရောက်မှု ရှိရုံသာမက အလွန်လည်း ရက်စက်လှလေသည်။
"သူ့ရဲ့ ကိုယ်ပိုင်လက်မောင်းတစ်ဖက်ကို ဖြတ်တောက်တယ်၊ သူ့လူတွေကို စွန့်လွှတ်တယ်၊ ပြီးတော့ သူ့ဇနီးသည်ကို သတ်ပစ်တယ်။" ချန်ချန်ရွှယ် တည်ငြိမ်စွာ ရေရွတ်လိုက်၏။ "သူက တကယ်ရူးသွားပြီပဲ။"
"သူ့ရဲ့ ရည်မှန်းချက်အတွက် သူက မသမာတဲ့ နည်းလမ်းတွေကို စတင်အသုံးပြုလာပြီပဲ။"
ဘာပဲဖြစ်ဖြစ် မဟာဝေ အိမ်ရှေ့စံမင်းသားက နှစ်ရာပေါင်းများစွာအသက်ရှင်ခဲ့ပြီးဖြစ်သဖြင့် ဤကဲ့သို့ ယုတ်မာသည့်အကွက်များကို ကစားနိုင်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
၎င်းက အလွန်ပုံမှန်ပင်ဖြစ်သည်။
နောက်ပိုင်းဖြစ်ပျက်ခဲ့သည့်အရာများက ချန်ချန်ရွှယ်၏ ကောက်ချက်ချမှုမမှားကြောင်း သက်သေပြခဲ့သည်... မဟာဝေ အိမ်ရှေ့စံမင်းသား၏ လှုပ်ရှားမှုက ချန်ချန်ရွှယ်ဟာ သူမ၏ရည်မှန်းချက်များ အောင်မြင်ရန် မသမာသော နည်းလမ်းများကို အသုံးပြုမည့် ရက်စက်ကြမ်းကြုတ်ပြီး ညှာတာမှုကင်းမဲ့သော သူတစ်ဦးအဖြစ် အခြားသူများကိုထင်မြင်စေခဲ့သည်။
ချန်ချန်ရွှယ်ကို ချန်ဖုန်းယင်ဆင့်ခေါ်ခဲ့ဖူးပြီး သူမ ဤကဲ့သို့သောအရာကို ပြုလုပ်ခဲ့သလားဟု ချန်ဖုန်းယင် ကိုယ်တိုင်ကိုယ်ကျ မေးမြန်းခဲ့သည်။
ချန်ချန်ရွှယ် မလုပ်ခဲ့ပါဘူးဟု အလွန်တည်ငြိမ်စွာ ဖြေကြားခဲ့ပြီး နောက်ဆုံးတွင် ချန်ဖုန်းယင် သူမကို ယုံကြည်ခဲ့ဆဲဖြစ်သည်။
သို့သော် ဤအချိန်တွင် ဧကရာဇ်တစ်ပါး၏ ယုံကြည်မှုက မလုံလောက်ခဲ့ပေ။
သိပ်မကြာမီ စွပ်စွဲပြစ်တင်မှုအမြောက်အမြားညာ နှင်းပွင့်များကဲ့သို့ရောက်ရှိလာပြီး ချန်ချန်ရွှယ်ကို ခံစစ်အနေအထားသို့ ကျရောက်စေခဲ့သည်။
အထူးသဖြင့် မဟာဝေ အိမ်ရှေ့စံမင်းသားသည် လူထုထင်မြင်ယူဆချက်ကိုလှုံ့ဆော်ခဲ့ပြီး ဤကိစ္စကို နန်းတော်ပြင်ပသို့ ဖြန့်ဝေရန် လူများကိုအမိန့်ပေးခဲ့သည်။
သာမန်ပြည်သူများပင်လျှင် တော်ဝင်မိသားစု၏ အရှုပ်တော်ပုံအကြောင်း သိရှိခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်မဟာဝေမင်းဆက်တစ်ခုလုံးအပြင်းအထန်ဆွေးနွေးငြင်းခုံမှုများဖြစ်ပေါ်နေခဲ့သည်။