အခန်း ၁၇၉ : ချင်းကျောက် သေဆုံးခြင်း
ချင်းကျောက်၏ စကားများသည် အလွန် တုန်လှုပ်စရာ ကောင်းလှပေသည်။ ၎င်းတို့က ဇဝေဇဝါ ဖြစ်စေရုံသာမကဘဲ အဘွားအိုချင်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။
'ကိုယ့်ကိုယ်ကိုယ် သတ်သေတာတောင် ပြဿနာ မဟုတ်ဘူးတဲ့လား...'
ချင်းကျောက်တွင် ဦးနှောက်ရောဂါတစ်မျိုးမျိုး ရှိနေသည်ဟု အဘွားအိုချင် နောက်တစ်ကြိမ် သံသယ ဝင်လာပေသည်။
ဘာပဲဖြစ်ဖြစ်… ပုံမှန် ကျင့်ကြံသူတစ်ယောက်က ဒီလို စကားမျိုး ဘယ်လိုမှ ပြောမှာမဟုတ်ပေ။။
၎င်းက အဓိပ္ပာယ်လည်း မရှိတာကြောင့်ပင်။
…
ရွေးချယ်ခံနှစ်ဦး နောက်ဆုံးတွင် အတူတကွ ပေါင်းစည်းမိသွားပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ကို အသုံးပြုရာတွင် အနှောင့်အယှက် ဖြစ်စေသော ပြဿနာတစ်ခုကို ဖြေရှင်းလိုက်နိုင်သည်ကိုမြင်သောအခါ ပိုင်ယီဟာ အလွန် ကျေနပ်အားရသွားရသည်။
ယခု အမှောင်ထဲတွင် ဒုက္ခပေးနေသော အရင်မင်းဆက်၏ အကြွင်းအကျန်များ မရှိတော့သဖြင့် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်ထဲ၌ သူတို့ကို ခြိမ်းခြောက်နိုင်သည့် တစ်ဦးတည်းသောသူမှာ မဟာယုမင်းဆက်မှ ကောင်းကင်ဂိုဏ်းရှိ တံဆိပ်ခတ်နှိပ် ခံထားရသော သွေးကြာပန်းတာအိုဆရာသာ ကျန်တော့လေသည်။
ဒါပေါ့.... မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်သည် ရွေးချယ်ခံနှစ်ဦးကို ဒီလောက် သက်သောင့်သက်သာ နေခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပိုင်ယီ သိပေသည်။
ပိုမှန်အောင် ပြောရလျှင်… မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စနစ်အတွင်းရှိ ကမ္ဘာကြီးက သူတို့ကို ဒီလောက် သက်သောင့်သက်သာ နေထိုင်ခွင့်ပြုမည် မဟုတ်ပေ။
ရွေးချယ်ခံနှစ်ဦးက ပြင်ပလူများကဲ့သို့ ဖြစ်နေပြီး မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ အကူအညီဖြင့် သူတို့ဟာ အခြားသူများ၏ အိမ်သို့ အတင်းအဓမ္မ ဝင်ရောက်လာပြီး အိမ်ရှင်၏ သဘောတူညီချက်ကို မတောင်းခံခဲ့ကြပေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင်… သူတို့ဟာ ထိုကမ္ဘာ့ဆန္ဒ၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့်မည်။
......
သူ၏ ခန့်မှန်းချက်က အတော်လေး မှန်ကန်သည်ဟု ပိုင်ယီ ခံစားရသည်။ သို့မဟုတ်ပါက ဤကိစ္စများကို သူ မည်သို့ ရှင်းပြနိုင်မည်နည်း။
သူ အပါအဝင် ရွေးချယ်ခံတိုင်းဟာ ထိုကမ္ဘာထဲသို့ ဝင်ရောက်သွားသည့်အခါတိုင်း ကံဆိုးမိုးမှောင် ကျတတ်ကြသည်။
သရုပ်ဖော်စနစ်က သူတို့၏ ကံကြမ္မာကို အနိမ့်ဆုံး အထိဆွဲချလိုက်သည်ဟုဆိုရန် မဖြစ်နိုင်ပေ။
၎င်းက လုံးဝ မဖြစ်နိုင်ပေ။
တစ်ခုတည်းသော ရှင်းပြချက်မှာ သူတို့က ထိုကမ္ဘာ့ဆန္ဒ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။
ရလဒ်အနေဖြင့် သူတို့ဟာ ကံဆိုးမှုများနှင့် ကြုံတွေ့ရခြင်း ဖြစ်နိုင်ပေသည်။
သူတို့ဟာ သေဆုံးရန် အလွန် လွယ်ကူနေခဲ့သည်။
[အသက် ၄၁နှစ် ယခင်မင်းဆက်၏ အကြွင်းအကျန်များကို ရှင်းလင်းရာတွင် ချန်ချန်ရွှယ်၏ ကြီးမားသော အခန်းကဏ္ဍနှင့် ကျင့်ကြံခြင်းတွင် ချန်ချန်ရွှယ်၏ အံ့အားသင့်စရာကောင်းသော ပါရမီတို့ကြောင့် မဟာဝေမင်းဆက်၏ အရာရှိအားလုံးဟာ သူမ၏ ထူးချွန်ပြောင်မြောက်မှုကို အသိမှတ်ပြုနေခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ချင်းကျောက်ဟာလည်း ဤကိစ္စတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် လူအများအပြား၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။]
[ဖြစ်နိုင်တာက သူမဟာ အလွန် ထူးချွန်လွန်းသောကြောင့်ဟုဆိုရမလားပင်။ ချန်ချန်ရွှယ်ကဲ့သို့ မဟာဝေ တော်ဝင်မိသားစုဝင်များ ဖြစ်ကြသော မင်းသားများဟာ သူမဆီမှ ခြိမ်းခြောက်မှုကိုခံစားလိုက်ရသည်။ မဟာဝေမင်းဆက်တွင် ထီးနန်းကို အမျိုးသမီးတစ်ဦးထံ လွှဲပြောင်းပေးခဲ့သည့် ရှေးထုံးတမ်းစဉ်လာမရှိသော်လည်း ချန်ချန်ရွှယ်က တကယ်ကို ထူးချွန်လွန်းနေခဲ့သည်။]
[အသက် ၄၂နှစ် မဟာဝေမင်းဆက်၏ အိမ်ရှေ့စံ မင်းသားသည် ရုတ်တရက် ချန်ဖုန်းယင်ထံ သွားရောက်ပြီး မင်းသမီးချန်နင်အား လက်ထပ်ထိမ်းမြားပေးရန်အဆိုပြုခဲ့သည်။]
[ချန်ဖုန်းယင်ဟာ ဤကိစ္စကို စိတ်မဝင်စားပေ။ကျင့်ကြံသူများသည် အသက်တစ်ရာကျော်မှ လက်ထပ်လျှင်ပင် ကိစ္စမရှိသော်လည်း မဟာဝေ တော်ဝင်မိသားစု၏ မျိုးဆက်တစ်ဦးအနေဖြင့် သူတို့သည် ပုံမှန်အားဖြင့် ငယ်ရွယ်သော အရွယ်တွင် လက်ထပ်လေ့ရှိကြသည်။]
[ဤကိစ္စကို သိရှိလိုက်ရသော ချန်ချန်ရွှယ်သည် လက်ထပ်ထိမ်းမြားခြင်းကို ပြတ်သားစွာ ငြင်းပယ်လိုက်သည်။]
[…]
"နင် ဘာလို့ ငြင်းပယ်လိုက်တာလဲ"
ချင်းကျောက်သည် ပွဲကြည့်ပရိသတ် တစ်ဦးကဲ့သို့ ဘာမှ ဂရုမစိုက်သည့် ပုံစံဖြင့် ကြည့်နေခဲ့ပြီး ဝမ်းသာအားရ ရယ်မောကာ ပြောလိုက်သည်။
"ကြည့်ပါဦး ဒီလူတွေအကုန်လုံးက ခန့်ညားပြီး ကျက်သရေရှိမယ့်ပုံပဲ"
"ဒါ့အပြင် သူတို့က ဂိုဏ်းတစ်ခုခုရဲ့ မြင့်မြတ်သားတော်တွေမဟုတ်ရင်ကျင့်ကြံခြင်းမိသားစုကြီးတစ်ခုရဲ့ တရားဝင်သားတွေ ဒါမှမဟုတ် နန်းတော်ထဲက ဝန်ကြီးတစ်ပါးပါးရဲ့ ထူးချွန်တဲ့ မျိုးဆက်တွေ ဖြစ်မှာပဲ"
"ဘယ်သူမဆို နင်နဲ့ လိုက်ဖက်မယ်လို့ ငါတော့ ထင်တာပဲ။ နင်က ဘာလို့ ဒီလောက် ရွေးနေရတာလဲ"
ချန်ချန်ရွှယ် သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။ ၎င်းက ရှားပါးသော ဖြစ်ရပ်ဖြစ်သည်။
သူမက လက်ထပ်ထိမ်းမြားခြင်း ဆိုသည်ကို စိတ်မဝင်စားသကဲ့သို့ ချင်းကျောက် ပြောသည့် လူများကိုလည်း စိတ်မဝင်စားပေ။
ချန်ချန်ရွှယ် ပြောလိုက်သည်။
"ကျွန်မကို အမြန်ဆုံး လက်ထပ်စေချင်တယ်လို့ ခမည်းတော်ကို အကြံပြုခဲ့တဲ့သူက ကျွန်မရဲ့အစ်ကိုကြီး မဟာဝေမင်းဆက်ရဲ့ အိမ်ရှေ့စံ မင်းသားပဲ။ သူ ဘာလို့ အဲဒီလို လုပ်တယ်လို့ နင်ထင်လဲ"
ချင်းကျောက် ပုံတူပန်းချီကားအပုံလိုက်ကို ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ဘာဖြစ်နိုင်ဦးမှာလဲ။ သူနင့်ကို ကြောက်လို့ပေါ့"
ပုံမှန် ဦးနှောက်ရှိသူ မည်သူမဆို ဤကိစ္စကို နားလည်နိုင်ပေသည်။ ချင်းကျောက်လည်း ဤနေရာတွင် သဲလွန်စများကို သဘာဝကျစွာ မြင်တွေ့နိုင်လေသည်။
သူမ ပခုံးတွန့်ပြီး ပြောလိုက်သည်။
"ဘယ်သူက နင့်ကိုဒီလောက် ထူးချွန်ခိုင်းလို့လဲ။ နင်က ငါ့အောက် နည်းနည်းလေးပဲ နိမ့်တာပါ။ လူအများကြီးက မဟာဝေဧကရာဇ်ရဲ့ နင့်အပေါ် ထားတဲ့ သဘောထားကို စောင့်ကြည့်နေကြတယ်။ မဟာဝေ မင်းဆက်မှာ မဟာဧကရီတစ်ပါးမရှိဖူးသေးပေမယ့် တခြား မင်းဆက်တွေမှာ ရှိခဲ့ဖူးတယ်လေ"
"နှစ်ရာပေါင်းများစွာကြာပြီးနောက်မှာ မဟာဝေ မင်းဆက်ရဲ့ နောက်ထပ်ဧကရာဇ်က ယောက်ျားလား မိန်းမလား ဆိုတာ ဘယ်သူမှ အာမ,မခံနိုင်ဘူး"
"ဒီလိုအခြေအနေမျိုးမှာ အိမ်ရှေ့စံမင်းသားအနေနဲ့ သေချာပေါက် ငြိမ်ငြိမ်နေနိုင်မှာ မဟုတ်ဘူး"
ဒီအချက်ကိုရောက်တော့ ချင်းကျောက် မရယ်မောဘဲ မနေနိုင်တော့ပေ။
"ငါတို့က အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေ အများကြီးကို ရှင်းထုတ်ခဲ့တယ်၊ သွေးကြာပန်း တာအိုဆရာရဲ့ မိစ္ဆာ သန္ဓေသားကို ဖျက်ဆီးခဲ့တယ် ပြီးတော့ အဲဒီ မင်းသားတွေကို ရုပ်ဖျက်ပြီး အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့တယ်… နောက်ဆုံးကျတော့ သူတို့က နင့်ကို ဒီလိုဆန့်ကျင်ကြတာပေါ့.."
"ဒီလို သဘောထားကြီးမှုမျိုးနဲ့ အကယ်၍ ငါတို့သာ အဲဒီလူတွေကို မဟာဝေမင်းဆက်ရဲ့ နောက်ထပ် ဧကရာဇ် တကယ်ဖြစ်ခွင့်ပြုလိုက်ရင် မဟာဝေ မင်းဆက်က အခုထက်တောင် ပိုဆိုးသွားလိမ့်မယ်လို့ ငါထင်တယ်"
ချင်းကျောက် ဤစကားများကို ပြောဆိုရာတွင် မျက်တောင်ပင် မခတ်ခဲ့ပေ။
သူမသည် သူမ၏ဘဝကို စိတ်ရှိတိုင်း ပြန်လည်စတင်နိုင်သည်ဟူသော အချက်ကိုအားကိုးပြီး လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
အိမ်ရှေ့စံမင်းသား၊ မင်းသားများနှင့် အခြား တော်ဝင် မိသားစုဝင်များကို တိတ်တဆိတ် ဝေဖန်ခြင်းအပြင် သူမဟာ မဟာဝေမင်းဆက်၏ ဧကရာဇ်ကိုပင် ဝေဖန်ရဲပေသည်.....
သူမက မည်သူ့ကိုမဆို မျက်နှာချင်းဆိုင် ရယ်မောရဲပေသည်။
လက်တွေ့တွင် သူမ၏ မိခင်နှင့်ရင်ဆိုင်ရသောအခါ သူမ ကျိုးနွံနေပေလိမ့်မည်။
သို့သော် သရုပ်ဖော်စနစ်ထဲတွင် သူမမည်သူနှင့် ရင်ဆိုင်ရပါစေ ဂရုမစိုက်ပေ......
"စကားမစပ်" ချင်းကျောက် သတိပေးလိုက်သည်။ "ထီးနန်း လုပွဲနဲ့ ပတ်သက်ရင် နင်ပိုပြီး သတိထားတာ အကောင်းဆုံးပဲလို့ ငါထင်တယ်"
ချန်ချန်ရွှယ် ခေါင်းငြိမ့်လိုက်သည်။
သူမ သဘာဝကျစွာ နားလည်ပေသည်။
ထိုကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သက်လာလျှင် လူအချို့လှုပ်ရှားလာသောအခါ သူတို့ဟာ ယခင် မင်းဆက်၏ အကြွင်းအကျန်များထက်ပင် ပိုမို လွန်ကဲသောအရာများကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်လေသည်။ နောက်ဆုံးတွင် နန်းတော်က အလွန်အန္တရာယ်များသောနေရာတစ်ခု ဖြစ်နေဆဲပင်။
သူမ သတိရှိနေရပေမည်။
[အသက် ၄၅နှစ် ချန်ချန်ရွှယ်သည် အခြေတည်အဆင့် (၈)သို့ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်။ ချင်းကျောက်ဟာလည်း အခြေတည်အဆင့် (၆) သို့ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်]
[အသက် ၄၆နှစ် ချင်းကျောက်ကို အံ့သြသွားစေသည့် အရာမှာ မဟာဝေအိမ်ရှေ့စံမင်းသားသည် သူမနှင့် အမှန်တကယ် တွေ့ဆုံခဲ့ပြီး တစ်ဖက်လူက သူမကို အမှန်တကယ် ဆွဲဆောင်စည်းရုံးချင်နေခြင်းဖြစ်သည်။ ဤအရာက ချင်းကျောက်ကို အတော်လေး ရယ်ချင်သွားစေခဲ့သည်။ သူဘာလုပ်ဖို့ ကြိုးစားနေသည်ကို သူမ သိအေသည်။]
[ချင်းကျောက်သည် ချန်ချန်ရွှယ်ကို အနိုင်ယူချင်သေးသော်လည်း သူမက ထိုကဲ့သို့သော ညစ်ပတ်သည့် နည်းလမ်းများကို အသုံးပြုရန် မလိုလားပေ။]
[ချင်းကျောက် ငြင်းပယ်လိုက်သည်။]
[ငြင်းပယ်ခံလိုက်ရသော မဟာဝေအိမ်ရှေ့စံ မင်းသား၏ မျက်နှာက မည်းမှောင်သွားသည်ကို ချင်းကျောက် သတိမထားမိလိုက်ပေ။]
[အသက် ၄၇နှစ် ချင်းကျောက် မေပယ်လ်မြို့တော်သို့ ပြန်ရန် ပြင်ဆင်ခဲ့သည်။ နန်းတော်သို့မပြန်မီ ချင်းမျိုးနွယ်စုမည်သို့ ရှိနေသည်ကို ကြည့်ရှုရန် သူမ စီစဉ်ခဲ့သည်။ ချန်ချန်ရွှယ်သည် ချင်းကျောက်၏ လုံခြုံရေး အတွက် ရွှေအမြုတေကျင့်ကြံသူတစ်ဦးကို ကာကွယ်ပေးရန် အထူး စီစဉ်ပေးခဲ့သည်။]
[သို့သော်…ပျံသန်းလှေဖြင့် မေပယ်လ်မြို့တော်သို့ ပြန်ရာလမ်းတွင် ချင်းကျောက်ကို မိစ္ဆာဂိုဏ်းက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူသည် ရွှေအမြုတေမိစ္ဆာအားလုံးကို မကိုင်တွယ်နိုင်ခဲ့ပေ။]
[ရွှေအမြုတေကျင့်ကြံသူ တိုက်ပွဲတွင် သေဆုံးခဲ့သည်]
[ချင်းကျောက် သေဆုံးခဲ့သည်]
[…]