အခန်း ၁၇၅ : ကောင်းကင်ဂိုဏ်းမှ အခြေနေများ
ထိုမျက်လုံးတစ်စုံက ဝေ့ရီအပေါ် စူးစိုက်ကြည့်လာပြီး လက်သေးသေးလေးတစ်ဖက်က ဗီဇအလျောက် ရိုက်ထုတ်လာခဲ့သည်။
တစ်ခဏအတွင်းမှာ ဝေ့ရီဟာ ကမ္ဘာကြီး မှောင်မိုက်သွားသည်ဟု ခံစားလိုက်ရပြီး သူ၏ နှလုံးသားထဲတွင် သေစေနိုင်သည့် အန္တရာယ်အာရုံတစ်ခုက လှိုင်းလုံးကြီးကဲ့သို့ ထိုးတက်လာခဲ့သည်။
နောက်ခဏ၌ သူပစ်လွှတ်လိုက်သည့် အသက်ကယ် အဆောင်ရာပေါင်းများစွာဟာ ပြာအဖြစ်ပြောင်းလဲသွားပြီး သက်ကယ်မှော်ရတနာအချို့ဟာလည်း တစ်လက်မချင်းစီ အက်ကွဲစပြုလာခဲ့သည်။
သူ၏ ကိုယ်ပိုင်အသက်ကယ်ဝိညာဉ်လက်နက်တောင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြောင့် အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အချိန်မရွေး ကြေမွသွားတော့မည့်အတိုင်းပင်။
"ဂျွတ်"
အက်ကွဲသံတစ်ခု ထွက်ပေါ်လာရာ ဝေ့ရီ သိလိုက်သည်။
ဒါက မင်းသမီး ချန်နင် သူ့ကို ပေးထားတဲ့ တန်ဖိုးကြီး ကျောက်စိမ်းဆွဲကြိုး ကျိုးပဲ့သွားတာဖြစ်ပြီး ဒီကျောက်စိမ်းဆွဲကြိုးက အရေးကြီးတဲ့ အချိန်မှာ သေစေနိုင်တဲ့တိုက်ခိုက်မှုမှ သူအား ကာကွယ်ပေးခဲ့လေသည်။
ကံကောင်းသည်က သူဟာ ဝိညာဉ်ဖွဲ့စည်းမှုအဆင့် မိစ္ဆာသန္ဓေသားနှင့် အလွန် နီးကပ်နေပြီ ဖြစ်ပေသည်။
သို့သော် သူ၏ မူလဝိညာဉ်အဆင့်(၁) ကျင့်ကြံမှုဖြင့် အင်အားအားလုံးကို အသုံးပြုပြီး အပြင်းထန်ဆုံး တိုက်ခိုက်ရင်တောင် ဝိညာဉ်ဖွဲ့စည်းမှုအဆင့် မိစ္ဆာသန္ဓေသားကို အနည်းငယ်မျှပင် ဒဏ်ရာရအောင် ပြုလုပ်နိုင်မည် မဟုတ်ကြောင်း ဝေ့ရီသိလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ဖက်လူ၏ ဒုတိယမြောက် အလိုအလျောက် တိုက်ခိုက်မှုကြောင့် သူဟာ ချက်ချင်း အသတ်ခံရပေလိမ့်မည်။
......
ထို့ကြောင့် မင်းသမီးကို ယုံကြည်ရန် သူ ရွေးချယ်လိုက်၏။ မင်းသမီး၏ စရိုက်အရ သူမဟာ မခိုင်လုံသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် မဖြစ်နိုင်ကြောင်း သူသိလေသည်။
ထို့နောက် စကားတစ်ခွန်းမျှမဆိုဘဲ ဝေ့ရီဟာ ဝိညာဉ် ဖွဲ့စည်းမှုအဆင့် မိစ္ဆာသန္ဓေသား၏ မျက်နှာပေါ်တွင် နက်နဲဆန်းကြယ်သည့် မျက်နှာဖုံးကိုတပ်ပေးလိုက်သည်။
ထို့နောက် သူဟာ အသက်လု ထွက်ပြေးပြီး ဤနေရာမှ သူ တတ်နိုင်သမျှ မြန်မြန် ထွက်ခွာရန်ကြိုးစားလိုက်သည်။
သူ မသေချင်ပေ။
မျက်နှာဖုံးကို ဝိညာဉ်ဖွဲ့စည်းမှုအဆင့် မိစ္ဆာ သန္ဓေသား၏ မျက်နှာပေါ်တွင် တပ်ပေးလိုက်ရာ အသိစိတ်မရှိသောကြောင့် ၎င်းက ချက်ချင်း ချွတ်မပစ်ခဲ့ပေ။ ယင်းအစား ထွက်ပြေးနေသော ဝေ့ရီ အပေါ် ဒုတိယမြောက် တိုက်ခိုက်မှု တစ်ခု ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ဒုတိယမြောက် တိုက်ခိုက်မှုတစ်ခု မပြုလုပ်နိုင်မီ ကြောက်မက်ဖွယ် ဝါးမျိုသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မိစ္ဆာသန္ဓေသား၏ ခန္ဓာကိုယ် သေးသေးလေးဟာ ရွှံ့ဗွက်အိုင်တစ်ခုကဲ့သို့ တွန့်လိမ် ကောက်ကွေးလာခဲ့သည်။
ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းအော်ရာမျကို မျက်နှာဖုံးက အရူးအမူး ဝါးမျိုပစ်လိုက်ပြီး နက်နဲဆန်းကြယ်သည့်မျက်နှာဖုံးက အချိုပွဲ တစ်ခုကို စားသုံးနေရသကဲ့သို့ ဖြစ်နေခဲ့သည်။
မူလဝိညာဉ်အဆင့်ကျင့်ကြံသူအများအပြားကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည့် ဝိညာဉ်ဖွဲ့စည်းမှု အဆင့် မိစ္ဆာသန္ဓေသားဟာ ဤအချိန်တွင် ကလေးငယ်တစ်ဦးကဲ့သို့ အားနည်းနေခဲ့လေသည်။
၎င်း၏ ခေါင်းဟာ ပုပ်သိုးနေသော အသားတုံးတစ်တုံး အဖြစ်စတင် ပြောင်းလဲသွားပြီး တစ်ဝက်ကျော်ကို နက်နဲဆန်းကြယ်သည့် မျက်နှာဖုံးက ဝါးမျိုသွားခဲ့သည်။
ဝါးတားတား မျက်နှာက ပို၍ပင် ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့ရသည်။
ဝိညာဉ်ဖွဲ့စည်းမှုအဆင့် မိစ္ဆာသန္ဓေသား၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို နက်နဲဆန်းကြယ်သည့် မျက်နှာဖုံးက ညှာတာမှုကင်းမဲ့စွာ ဝါးမျိုနေပေမဲ့ ၎င်းတွင် ခုခံနိုင်စွမ်းပင် မရှိတော့ပေ။
ဤမြင်ကွင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ခန်းမထဲမှ ထွက်ပြေးလုနီးပါး ဖြစ်နေသည့် ဝေ့ရီဟာ တစ်စုံတစ်ရာကို အာရုံခံမိ၍ နောက်သို့ လှည့်ကြည့်လိုက်ရာ မယုံကြည်နိုင်စရာ ကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
သူ ပြေးခြင်းကို ရပ်တန့်လိုက်ပြီ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှ မြင်ကွင်းက ထပ်ပြေးစရာ မလိုတော့ကြောင်း သူ့ကို သိစေခဲ့သောကြောင့် ဖြစ်သည်။
ထိုထူးဆန်းသော မျက်နှာဖုံးက ဝိညာဉ်ဖွဲ့စည်းမှု အဆင့် မိစ္ဆာသန္ဓေသားကို အမှန်တကယ် ဝါးမျိုသွားခဲ့တာကြောင့်ပင်။
ဤအလွန်ထူးဆန်းသောမြင်ကွင်းကြောင့် ဝေ့ရီ၏ နှလုံးသားထဲ၌ အလွန်ထိတ်လန့်သွားခဲ့ရသည်။ ဤကဲ့သို့ မခံစားရသည်မှာ နှစ်ပေါင်း မည်မျှကြာပြီလဲ ဆိုသည်ကိုတောင် သူ မေ့လျော့နေပြီ ဖြစ်လေသည်။
"ရှူး"
ဝေ့ရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တံတွေး မြိုချလိုက်သည်။
မင်းသမီးချန်နင်၊ ချန်ချန်ရွှယ်၏ ပုံရိပ်သည်ပင် သူ၏ စိတ်ထဲတွင် ထူးဆန်းပြီး ကြိုတင်ခန့်မှန်း၍ မရနိုင်သောအရာတစ်ခု ဖြစ်လာခဲ့သည်။
၎င်းက ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ပင်။
မိစ္ဆာသန္ဓေသားတစ်ခုသာဖြစ်သော်လည်း ဤမိစ္ဆာ သန္ဓေသား၏ ခွန်အားက ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားနှင့် တူညီပေသည်။
သို့သော် ၎င်းက ဒီအတိုင်းလေးပဲ ဝါးမျိုခံလိုက်ရရာ ဝိညာဉ်ဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ကပဲ အားနည်းလွန်းတာလား သို့မဟုတ် မျက်နှာဖုံးကပဲ ထူးဆန်းလွန်းနေတာလား မသိတော့ခေိ။
ဝိညာဉ် ဖွဲ့စည်းမှုအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် ဒီမျက်နှာဖုံးရှေ့မှာဆိုရင် ဘာမှမဟုတ်တော့ချေ။
...
တစ်ချိန်တည်းမှာပင်။
မဟာဝေမင်းဆက်နှင့် ချိတ်ဆက်နေသော မဟာယု မင်းဆက်တွင် ကောင်းကင်ဂိုဏ်းဟု ခေါ်သောကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ရှိပေသည်။
ဤဂိုဏ်းနှင့်ပတ်သက်ပြီး အထူးခြားဆုံးအရာမှာ ဂိုဏ်းအတွင်း၌ မိစ္ဆာချုပ်နှောင်မျှော်စင်တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
ပြောကြသည်မှာ ဤမိစ္ဆာချုပ်နှောင် မျှော်စင် အတွင်း၌ ရှေးဟောင်းခေတ်က မိစ္ဆာကြီး တစ်ကောင် ရှိနေသည်ဟု ဆိုလေသည်။
သို့သော် မိစ္ဆာချုပ်နှောင်မျှော်စင်ဟာ နှစ်ပေါင်းများစွာ မူမမှန်မှု တစ်စုံတစ်ရာမှ ပြသခြင်းမရှိခဲ့တာကြောင့် မိစ္ဆာချုပ်နှောင်မျှော်စင်အတွင်း၌ ပုံမှန်မဟုတ်သော သတ္တဝါများ ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။
လွန်ခဲ့သော (၁၀)နှစ်ခန့်က မဟာဝေမင်းဆက်မှ မင်းသမီးတစ်ပါးဟာ ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းသခင်ကို လာရောက်တွေ့ဆုံခဲ့ပြီး မိစ္ဆာချုပ်နှောင် မျှော်စင်၏ တံဆိပ်ခတ်နှိပ်မှုက အနာဂတ်တွင် လျော့ရဲလာမည် ဖြစ်ကြောင်းနှင့် မိစ္ဆာကြီးက အနာဂတ်တွင် တံဆိပ်ခတ်နှိပ်ကို ချိုးဖျက်ထွက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုအချိန်က သူတစ်ခါမှ မတွေ့ဖူးသော အိမ်နီးချင်း နိုင်ငံမှမင်းသမီး၏ ဤကဲ့သို့ ရှင်းပြ၍ မရသော သတိပေးချက်နှင့်ကြားသည့်အခါ ကောင်းကင်ဂိုဏ်း၏ဂိုဏ်းသခင်သည် ယဉ်ကျေးပြီး ဟန်ဆောင်သော တုံ့ပြန်မှုတစ်ခုသာ ပေးခဲ့လေသည်။
အကယ်၍ မဟာဝေမင်းဆက်၏ မင်းသမီးကို ကာကွယ်ပေးနေသော မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦးရှိနေကြောင်း သူ မသိခဲ့ပါက ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းသခင်ဟာ သူမကို ကန်ထုတ်လိုက်သည်မှာ ကြာပြီ ဖြစ်သည်။
တခြားဂိုဏ်းတွေကို သွားပြီး ဘယ်သူက ဒီလို ထူးဆန်းတဲ့ စကားမျိုး ပြောမည်နည်း။
ထို့ကြောင့် ကောင်းကင်ဂိုဏ်းမှ မည်သူမျှ ချန်ချန်ရွှယ်၏ သတိပေးချက်ကို အလေးအနက် မထားခဲ့ကြပေ။
သို့သော် ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းသခင် မျှော်လင့်မထားခဲ့သည့်အရာမှာ ဒီနေ့ မိစ္ဆာချုပ်နှောင် မျှော်စင်မှာ တစ်ခုခု တကယ် ဖြစ်ပျက်လာခဲ့ခြင်းပင်။
"ဘုန်း.."
ပြင်းထန်သော ပေါက်ကွဲသံကြီးက ကောင်းကင်ဂိုဏ်း၏ ဌာနချုပ်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ ကြီးမားသော မိစ္ဆာချုပ်နှောင် မျှော်စင်ကြီးဟာ ပြင်းထန်စွာတုန်ခါသွားပြီး သွေးရောင်မိစ္ဆာချီများပျံ့နှံ့လာပြီး ကြောက်မက်ဖွယ်အော်ရာ တစ်ခု ပေါ်ထွက်လာခဲ့သည်။
'မိစ္ဆာ.... အဲဒါ ရှေးဟောင်းမိစ္ဆာတစ်ကောင်ပဲ..'
မိစ္ဆာချုပ်နှောင် မျှော်စင်ကို စောင့်ကြပ်နေသော အကြီးအကဲများဟာ တစ်စုံတစ်ရာမှားယွင်းနေကြောင်းသဘောပေါက်သွားကြပြီး ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းသခင်နှင့် အခြားအကြီးအကဲများကို အကြောင်းကြားရန် သူတို့၏ ဆက်သွယ်ရေးအဆောင်များကို ချက်ချင်း အသုံးပြုလိုက်ကြသည်။
ရွှေအမြုတေနှင့်မူလဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်စု ရောက်ရှိလာသောအခါ အချိန်မရွေး ပြိုကျတော့မည့် အတိုင်း တုန်ခါနေသည့် ကြီးမားသော မျှော်စင်ကြီးကို မြင်လိုက်ကြရသည်။
ထို့အပြင် ၎င်းထဲမှ စီးထွက်လာသော ကြောက်မက်ဖွယ် အော်ရာကို ခံစားလိုက်ကြရပြီး လူတိုင်း တုန်လှုပ်သွားခဲ့ကြသည်။
"ရှူး" ကောင်းကင်ဂိုဏ်း၏ ဂိုဏ်းသခင်ဟာ လေအေးတစ်ချက် ရှူသွင်းလိုက်သည်။ လွန်ခဲ့သော (၁၀) နှစ်ကျော်က မဟာဝေမင်းသမီး၏ ရုတ်တရက် ပေါ်ပေါက်လာမှုနှင့် တစ်ဖက်လူပေးခဲ့သော ရိုးသားပြီးစစ်မှန်သည့် သတိပေးချက်တို့ကို သူပြန်လည် အမှတ်ရသွားလေသည်။