အခန်း ၁၇၄ : မိစ္ဆာသန္ဓေသားကို ဖျက်စီးရန် ကြိုးစားခြင်း
နက်နဲဆန်းကြယ်သည့် မျက်နှာဖုံးထွက်ပေါ်လာခြင်းက အဘွားအိုချင်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။ ထို့အပြင် သူမဟာ ထိုနက်နဲဆန်းကြယ်သည့် မျက်နှာဖုံးကို ကြာကြာမစိုက်ကြည့်ရဲပေ။
အကယ်၍ ဤအရာကို ကြာကြာစိုက်ကြည့်မိပါက ထာဝရကျိန်စာသင့်ခြင်းထဲသို့ ကျဆင်းသွားမည်ဟု ခံစားလိုက်ရသည်။
ဤမျက်နှာဖုံးက တွင်းနက်တစ်ခုကဲ့သို့ သူမကို မျိုချချင်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
အဘွားအိုချင်ဟာ ပြင်းထန်သော အန္တရာယ်အာရုံကိုအလိုအလျောက် ခံစားလိုက်ရသည်။
သူမဟာ ဝိညာဉ်အပိုင်းအစတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဤရိုးရှင်းသော ဆွဲကြိုးလေးထဲတွင် ယာယီ နေထိုင်ခဲ့ကတည်းက ဤကဲ့သို့ မခံစားရသည်မှာ ကြာပြီ ဖြစ်လေသည်။
ထို့အပြင် သူမတွေ့ဖူးသမျှ အင်အားအကောင်းဆုံး ရန်သူပင်လျှင် ဤမျက်နှာဖုံး၏ တစ်သန်းပုံ တစ်ပုံလောက်သော အန္တရာယ်အာရုံမျိုးကို သူမအား မပေးနိုင်ခဲ့ချေ။
အဘွားအိုချင် မမေးဘဲ မနေနိုင်တော့ပေ။
"ကလေးမလေး မင်းကဒီမျက်နှာဖုံးကြောင့် အထူးတလည် တုန်လှုပ်သွားပုံ မရဘူး။ ဖြစ်နိုင်တာက မင်း သူ့ရဲ့တည်ရှိမှုကို သိနှင့်ပြီးသားများလား။ အဲဒါ ဘာလဲဆိုတာ မင်းသိလား"
အဘွားအိုချင်က ချင်းကျောက်ကို ကိုယ်ပိုင်အစပျိုးမှုဖြင့် မေးလေ့မရှိပဲ ဒီတစ်ကြိမ်တော့ သူမ တကယ်ကို မြိုသိပ်မထားနိုင်တော့တာကြောင့် မေးလိုက်လေသည်။
သူမ ရင်ထဲရှိ သံသယများအားလုံးကို သူမ မေးမြန်းလိုက်ပြီး အဖြေတစ်ခု ရှာဖွေရန် ကြိုးစားလိုက်သည်။
"အင်း…" ချင်းကျောက် ခဏတာမျှ တွေးတောလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ "ကျွန်မလည်း သိပ်မသေချာဘူး။ ဒီမျက်နှာဖုံးက ထူးဆန်းတယ် ဆိုတာလောက်ပဲ သိတယ်။ ပြီးတော့ အသက်ရှင်နေတဲ့ လူတစ်ယောက်ကို အရှင်လတ်လတ် မျိုချပစ်နိုင်တယ်"
ချင်းကျောက် လိမ်မပြောခဲ့ပေ။ နက်နဲဆန်းကြယ်သည့် မျက်နှာဖုံးနှင့် ပတ်သက်ပြီး သူမ၏ အသိပညာမှာ အကန့်အသတ်ရှိပေသည်။
......
ပြီးခဲ့သည့် မသေမျိုးကျင့်ကြံခြင်းဘဝ သရုပ်ဖော်မှုတွင် ချန်ချန်ရွှယ်က သူမကို နက်နဲဆန်းကြယ်သည့် မျက်နှာဖုံးကို ပြသခဲ့ဖူးသည်။
ထိုအချိန်က ရွှေအမြုတေအဆင့်မိစ္ဆာကြီး တစ်ကောင်ဟာ သူမမျက်စိရှေ့တွင် အသက်ရှူချိန်ခဏအတွင်း ပုပ်သိုးနေသော အသားတုံးတစ်တုံးအဖြစ် ပြောင်းလဲသွားသည်ကို သူမ ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
ထို့နောက် သူ့ကို မျက်နှာဖုံးက ဝါးမျိုသွားခဲ့ပြီး ဘာမှ မကျန်တော့ပေ။
တစ်ဖက်လူဟာ သေဆုံးမသွားမီ စူးစူးဝါးဝါး အော်ဟစ်သံတစ်ချက် ထုတ်လွှတ်ရန်သာ အချိန်ရလိုက်ပေသည်။
ချင်းကျောက် ဤမျှသာ သိလေသည်။
သိသာထင်ရှားစွာပင် ချန်ချန်ရွှယ်လက်ထဲရှိ နက်နဲဆန်းကြယ်သည့် မျက်နှာဖုံးက သူမ တွေးထင်ထားသည်ထက် ပိုမို စွမ်းအားကြီးမားပေမည်။ ချင်းကျောက် ဤအရာကြောင့် ဇဝေဇဝါ မဖြစ်ခဲ့ပေ။အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ချန်ချန်ရွှယ်၏ မွေးရာပါ ပါရမီများအနက်မှ တစ်ခုဖြစ်ကြောင်း သူမ သိသောကြောင့် ဖြစ်၏။ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်က ပေးအပ်သော မွေးရာပါ ပါရမီက မည်သို့ ဆိုးဝါးနိုင်မည်နည်း။
"စီနီယာဝေ့ရီ "
ချန်ချန်ရွှယ်ပြောနေသည့် ဝေ့ရီဆိုသည်မှာ မဟာဝေ လျှို့ဝှက်အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် မူလဝိညာဉ်အဆင့် (၁)လျှို့ဝှက်အစောင့်ပင် ဖြစ်လေသည်။
သူမက မေးလိုက်သည်။
"အကယ်၍ ရှင် မိစ္ဆာသန္ဓေသားအနား ကပ်သွားရင် သူက ရှင့်ကို တိုက်ခိုက်မှာလား"
ဝေ့ရီ ခေါင်းငြိမ့်လိုက်၏။ "အကယ်၍ ကျွန်တော်မိစ္ဆာ သန္ဓေသားအနား ကပ်သွားရင် သူက အလိုအလျောက် ဗီဇအရ တိုက်ခိုက်လိမ့်မယ်"
ချန်ချန်ရွှယ် ဆက်မေးသည်။ "သူ့ရဲ့ တိုက်ခိုက်မှုကို ရှင် ရှောင်တိမ်းနိုင်မလား"
ဝေ့ရီ ပြန်ဖြေလိုက်၏။ "ကျွန်တော့်ရဲ့ အကောင်းဆုံး ဝှက်ဖဲတွေ အကုန်လုံးကို သုံးပြီး ကြိုးစားကြည့်လို့ ရပါတယ်"
ဝေ့ရီ ဤသို့ပြောရာတွင် ယုံကြည်မှု သိပ်မရှိလှပေ။ အသိစိတ် မရှိသော ဝိညာဉ်ဖွဲ့စည်းမှုအဆင့်မိစ္ဆာ သန္ဓေသား ဖြစ်လျှင်ပင် ၎င်းက ဝိညာဉ် ဖွဲ့စည်းမှုအဆင့်တွင် ရှိနေဆဲ ဖြစ်လေသည်။
တစ်ဖက်လူ၏ အလိုအလျောက် ဗီဇအရ တိုက်ခိုက်မှုက ဝိညာဉ်ဖွဲ့စည်းမှုအဆင့်၏ အင်အားအပြည့်တိုက်ခိုက်မှု မဟုတ်ရင်တောင် သူကဲ့သို့ မူလဝိညာဉ် အဆင့်ကျင့်ကြံသူတစ်ဦးအတွက်မူ အလွန် အန္တရာယ်များပေသည်။
နားထောင်ပြီးနောက် ချန်ချန်ရွှယ် တွန့်ဆုတ်ခြင်း မရှိဘဲ အခြား ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းက မဟာဝေဟူသော စကားလုံးများ ထွင်းထုထားသည့် နဂါးပုံစံကျောက်စိမ်းဆွဲကြိုးတစ်ခု ဖြစ်သည်။ ၎င်းတွင် လူများကို မကြည့်ဘဲ မနေနိုင်အောင် ပြုလုပ်နိုင်စွမ်း ရှိသော ထူးကဲသည့် အော်ရာ တစ်ခု ရှိနေခဲ့သည်။
ချန်ချန်ရွှယ် ပြောလိုက်သည်။
"ဒါက တော်ဝင်ဘိုးဘေး ကျွန်မကို ပေးထားတဲ့ အသက်ကယ် ပစ္စည်း တစ်ခုပဲ။ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တယ်။ ဝိညာဉ်ဖွဲ့စည်းမှုအဆင့် တိုက်ခိုက်မှုကို ခုခံနိုင်လောက်တယ်"
'ဝိညာဉ်ဖွဲ့စည်းမှုအဆင့် တိုက်ခိုက်မှုကို ခုခံနိုင်သော ဝိညာဉ် လက်နက်တစ်ခုလား...'
ဝေ့ရီ ပြတ်သားစွာ ခေါင်းခါလိုက်သည်။
"မင်းသမီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကောင်းဆုံး ဝှက်ဖဲနဲ့ ဝိညာဉ်ဖွဲ့စည်းမှုအဆင့် တိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့ ကျွန်တော် ယုံကြည်မှု ရှိပါတယ်"
"ယူထားလိုက်ပါ။" ချန်ချန်ရွှယ် ပြောလိုက်သည်။ "ဒါ အမိန့်ပဲ"
ကျောက်စိမ်း ဆွဲကြိုးကအလွန် တန်ဖိုးကြီးလှပေသည်။
မဟာဝေမင်းဆက်ရှိ မင်းသား မင်းသမီးများ အားလုံး အနက် အိမ်ရှေ့စံမင်းသားနှင့် ချန်ချန်ရွှယ်သာလျှင် ဧကရာဇ်မင်းမြတ်ထံမှ ကျောက်စိမ်း ဆွဲကြိုးကို ရရှိခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ဤကဲ့သို့သော တစ်ကြိမ်သုံး ဝိညာဉ်လက်နက်က မူလဝိညာဉ်အဆင့်စစ်သည်တော်တစ်ဦးလောက် တန်ဖိုးမကြီးဟု ချန်ချန်ရွှယ် ခံစားရလေသည်။
ထို့အပြင် ဤနေရာတွင် ရှိနေသည့် တစ်ဦးတည်းသော စွမ်းအားကြီး မူလဝိညာဉ်အဆင့်စစ်သည်တော်ကို သေဆုံးခွင့် မပြုနိုင်ပေ။
ဝေ့ရီ ချန်ချန်ရွှယ်၏ အမိန့်ကို မငြင်းဆန်နိုင်ရာ ကျောက်စိမ်းဆွဲကြိုးကို ယူရုံသာ တတ်နိုင်တော့သည်။
ထို့နောက် ချန်ချန်ရွှယ် ပြောလိုက်သည်။
"ဒါကိုလည်း ယူသွားပါ"
သူမ ဆက်ပြောလိုက်သည်။
"ရှင် ဝိညာဉ်ဖွဲ့စည်းမှုအဆင့် မိစ္ဆာသန္ဓေသား အနား ရောက်တဲ့အခါ ဒီမျက်နှာဖုံးကို သူ့မျက်နှာပေါ် အလွန် မြန်ဆန်တဲ့ အရှိန်နဲ့ တပ်ပေးရမယ်။ မှတ်ထား နောက်ကို လှည့်မကြည့်နဲ့။ ချက်ချင်း ထွက်ခွာပြီး တတ်နိုင်သမျှ အဝေးဆုံးကို ထွက်ပြေး"
ဝေ့ရီ ခေါင်းငြိမ့်လိုက်၏။
သူဟာ မျက်နှာဖုံးကို ယူလိုက်ပြီးနောက် သူ၏ နှလုံးသားတုန်လှုပ်သွားသည်ကို ချက်ချင်း ခံစားလိုက်ရလေသည်။ သူ ထိတွေ့ရန် မထိုက်တန်သကဲ့သို့ မျက်နှာဖုံးကို လွှင့်ပစ်ရန် သူ့ရင်ထဲရှိ အသံတစ်ခုက သူ့ကို ပြောနေခဲ့သည်။
"မင်းသမီး ဝိညာဉ်ဖွဲ့စည်းမှုအဆင့် မိစ္ဆာသန္ဓေသား လှုပ်ရှားလာတဲ့အခါ သေချာပေါက်ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်မှု ဖြစ်လာလိမ့်မယ်"
ဝေ့ရီ သတိပေးလိုက်သည်။
"မင်းသမီးနဲ့ သခင်မလေးချင်က အကျိုးသက်ရောက်မှု မခံရအောင် ခန်းမထဲကနေ ယာယီ ထွက်သွားသင့်တယ်"
ဒါကို ချန်ချန်ရွှယ်လည်း သိတာကြောင့် သူမ ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် နောက်ဆက်တွဲ ဂယက်များ၏ သက်ရောက်မှုကို ရှောင်ရှားရန် သူမဟာ ချင်းကျောက်နှင့် အခြား လျှို့ဝှက်အစောင့်များနှင့်အတူ ဤနေရာမှ ထွက်ခွာသွားခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းမှုအဆင့်တိုက်ခိုက်မှုတစ်ခု၏ နောက်ဆက်တွဲ ဂယက်များက သေးငယ်သော ခြစ်ရာလေးတစ်ခုသာဖြစ်လျှင်ပင် အခြေတည်အဆင့်ရှိ လူတစ်ဦးကို ချက်ချင်း သေဆုံးစေရန် လုံလောက်ပေသည်။
ချန်ချန်ရွှယ်နှင့် အခြားသူများ ထွက်ခွာသွားသည်ကို မြင်တော့ ဝေ့ရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
သူ့လက်ထဲရှိ နက်နဲဆန်းကြယ်သည့် မျက်နှာဖုံးက ဆူးများဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားရပြီး သူ၏ လက်ဖဝါးကို နာကျင်စေခဲ့သည်။
မျက်နှာဖုံးက သူ့ကို ဆန့်ကျင်နေကြောင်း သူ သဘောပေါက်လိုက်သည်။
မသက်မသာ ဖြစ်မှုကို အတင်းအကျပ် ဖိနှိပ်ထားရင်း ဝေ့ရီ ချက်ချင်းပင် သူ၏ ဝိညာဉ်လက်နက်ကိုထုတ်ယူလိုက်သည်။
၎င်းက အလံတစ်ခု ဖြစ်ပြီး ကြောက်မက်ဖွယ် အော်ရာများက ပတ်ဝန်းကျင် မြင်ကွင်းကို တွန့်လိမ်သွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝေ့ရီဟာ အသက်ကယ်ရတနာ အများအပြားနှင့်အဆောင်ရာပေါင်းများစွာကိုလည်း ထုတ်ယူလိုက်သည်။
ထို့နောက် သူဟာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တတ်နိုင်သမျှအမြန်ဆုံးအရှိန်ဖြင့် မိစ္ဆာ သန္ဓေသား အနားသို့ ချဉ်းကပ်လိုက်သည်။
သို့သော် မိစ္ဆာသန္ဓေသားအနား ချဉ်းကပ်လိုက်ချိန်၌ မျက်လုံးမှိတ်ထားသော မိစ္ဆာသန္ဓေသားဟာ ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။ သူ၏ မျက်လုံးများထဲတွင် အပြစ်ကင်းစင်မှုတို့မရှိပဲ လူများ၏ ဦးရေပြားကို ထုံကျဉ်သွားစေနိုင်သည့် အဆုံးမရှိသော ရက်စက်ကြမ်းကြုတ်မှုနှင့် မကောင်းဆိုးဝါး ချီများပြည့်နက်နေခဲ့သည်။