အခန်း ၁၇၀ : မိစ္ဆာဖန်တီးထားသည့် လက်နက်သန့်စင်ခြင်း နည်းစနစ်
ချန်ချန်ရွှယ်ဟာ ခဏတာမျှ ရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်သည်။
"ငါ့အထင်တော့ အဲဒီရှေးဟောင်းမိစ္ဆာရဲ့ ကျင့်ကြံမှုက ဝိညာဉ်ဖွဲ့စည်းမှုအဆင့် ဖြစ်နိုင်ချေ များတယ်"
ဒါကို ကြားတော့ ချင်းကျောက် မျက်မှောင်ကြုတ်လိုက်၏။
"ဒါဆို နင် မသေချာဘူးပေါ့... ဟင်..."
သူမ ဤသို့ပြောလိုက်သည့်အချိန်တွင် ချင်းကျောက် မျက်လုံးများ ပြူးကျယ်မသွားဘဲ မနေနိုင်တော့ပေ။
သူမ ရုတ်တရက် နားလည်သွားခဲ့သည်။
ချန်ချန်ရွှယ်၏ စရိုက်အရ သူမက ပုံမှန်အားဖြင့် မမှန်ကန်သည့် စကားကို ပြောလေ့မရှိပေ။
တစ်နည်းအားဖြင့် ပြောရလျှင်... ဒါက ခန့်မှန်းချက် သက်သက် မဟုတ်ဘဲ သေချာသည့် ကိစ္စတစ်ခု ဖြစ်လေသည်။
ဆိုလိုသည်မှာ... ရှေးဟောင်းမိစ္ဆာနှင့် ကြေးဝါတံခါးကြီး၏ပိုင်ရှင်တို့ ဆက်စပ်မှု ရှိကြောင်း အတည်ပြုရန် ချန်ချန်ရွှယ်ဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ကို အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
ချင်းကျောက် နားလည်လိုက်သည်။
သူမ၏ မျက်နှာပေါ်ရှိ သံသယများက ချက်ချင်း ပျောက်ကွယ်သွားပြီး လေးနက်စွာ ပြောလိုက်သည်။
"ကောင်းကင်ဂိုဏ်းက မိစ္ဆာက မင်းပြောတဲ့ မိစ္ဆာချုပ်နှောင်မျှော်စင်ရဲ့ တံဆိပ်ခတ်နှိပ်ကို ချိုးဖျက်မှာလား"
ချန်ချန်ရွှယ် ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်၏။
"ဟုတ်တယ်... ဖြစ်ရပ်တွေ ပြောင်းလဲသွားတာက သူ့ရဲ့ အချိန်ကို သက်ရောက်မှု ရှိနိုင်တယ်... ပြီးတော့ သူ စောပြီး ထွက်လာနိုင်တယ် ဒါမှမဟုတ် နောက်ကျပြီးမှ ထွက်လာနိုင်တယ်"
ချန်ချန်ရွှယ် ပြောသည့် ဖြစ်ရပ်များ ပြောင်းလဲသွားခြင်းဆိုသည်မှာ သူတို့၏ ဘဝ လမ်းကြောင်းများကို ရည်ညွှန်းခြင်း ဖြစ်သည်။
သူတို့ သရုပ်ဖော်စနစ်မှ ရွေးချယ်ခံရပြီးသည်နှင့် တပြိုင်နက် သူတို့၏ ဘဝလမ်းကြောင်းများက ပြီးခဲ့သည့် အကြိမ်နှင့် ကွဲပြားသွားပေလိမ့်မည်။
ထို့နောက်...
......
ပြီးခဲ့သည့် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုတွင် ဖြစ်ပျက်ခဲ့သည့် အရာများက ဤတစ်ကြိမ်တွင် သက်ရောက်မှု ရှိရန် ဖြစ်နိုင်ချေ များလေသည်။ ၎င်းက ဖြစ်ရပ်များကို နှောင့်နှေးစေနိုင်သည် သို့မဟုတ် အရှိန်မြှင့်ပေးနိုင်လေသည်။
ဤအရာက မသေချာ မရေရာမှုများစွာကို ဖြစ်ပေါ်စေပြီး အဖြစ်အပျက်အချို့ဟာ မည်သည့်အချိန်တွင် ဖြစ်ပျက်မည်ကို ချန်ချန်ရွှယ် အကြမ်းဖျင်းလောက်သာ သိရှိနိုင်ပေသည်။
အနာဂတ်၏ အသေးစိတ် အချက်အလက်များက ပြောင်းလဲမှုအမျိုးမျိုးနှင့်အတူ အမြဲတမ်းပြောင်းလဲနေမည်ဖြစ်ပြီး မသိရှိရသေးသော ပြောင်းလဲမှု အချို့လည်း ဖြစ်ပေါ်လာပေလိမ့်မည်။
ဤသည်မှာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်မှုကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခြင်းမှ ချန်ချန်ရွှယ် ရရှိခဲ့သော အတွေ့အကြုံတစ်ခု ဖြစ်သည်။
ယခု သူမဟာ ဤအတွေ့အကြုံကို ချင်းကျောက်အား ပြောပြလိုက်သည်။
ချင်းကျောက် ရုတ်တရက် နားလည်သွားသည်။
သို့သော် အခြားသူများ၏ မျက်လုံးထဲတွင်မူ သူတို့ နှစ်ဦးကြား ပြောဆိုမှုနှင့် တုံ့ပြန်မှုများက ပဟေဠိများကဲ့သို့ ဖြစ်နေခဲ့သည်။
အဘွားအိုချင်နှင့် လျှို့ဝှက်အစောင့်များသည် ချန်ချန်ရွှယ်နှင့် ချင်းကျောက်ကြား ပြောဆိုမှု အချို့ကို နားလည်နိုင်သော်လည်း အခြားအပိုင်းများကိုမူ သူတို့ နားမလည်နိုင်ကြပေ။
ယခု လက်ရှိ အခြေအနေကဲ့သို့ပင်။ ချန်ချန်ရွှယ် ထုတ်ဖော်ပြောကြားလိုက်သည့် ခန့်မှန်းချက်က သူတို့ မျက်လုံးထဲတွင် အနည်းငယ် ရယ်စရာကောင်းနေခဲ့သည်။
ကောင်းကင်ဂိုဏ်းမှ ရှေးဟောင်းမိစ္ဆာနှင့် ဤနေရာမှ ရှေးဟောင်းမိစ္ဆာတို့သည် နာမည်တူနေခြင်း သက်သက်သာ ဖြစ်နိုင်ပေသည်။
ထို့အပြင် ကောင်းကင်ဂိုဏ်းက ဒီနေရာနှင့် အလွန် ဝေးကွာပေရာ ထိုမိစ္ဆာက ဘယ်လိုလုပ်ပြီး ထိုနေရာတွင် တံဆိပ်ခတ်နှိပ် ခံထားရမည်နည်း။
ထို့အပြင် မင်းသမီးက ကောင်းကင်ဂိုဏ်းမှ ရှေးဟောင်းမိစ္ဆာဟာ ဤရှေးဟောင်းနေရာ၏ ပိုင်ရှင် ဖြစ်ကြောင်း မည်သို့ ဒီလောက် သေချာနေရသနည်း။
ထို့အပြင် မိစ္ဆာက မိစ္ဆာမျှော်စင်၏ တံဆိပ်ခတ်နှိပ်မှုကို သေချာပေါက် ချိုးဖျက်ထွက်လာမည်ဟု မည်သို့ ဒီလောက် သေချာနေရသနည်း။
အထူးသဖြင့် သူမ ထိုအကြောင်းကို ယုံကြည်ချက် အပြည့်ဖြင့်ပြောလိုက်သည့်အခါ ၎င်းက သူတို့ကို ပို၍ပင် ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။
ပို၍ ရယ်စရာကောင်းသည်မှာ...
ချင်းကျောက်ဟု ခေါ်သည့် မိန်းကလေးက မင်းသမီး ပြောသည့် စကား တစ်လုံးကိုမျှ သံသယ မဝင်ခြင်းပင် ဖြစ်လေသည်။
သူမဟာ သဘောတူကြောင်းပင် ခေါင်းငြိမ့်နေခဲ့ပြီး လုံးဝ ဟန်ဆောင်နေပုံမရပေ။
ဤအချိန်တွင် ချန်ချန်ရွှယ်က ရုတ်တရက် ပြောလိုက်၏။
"ကြေးဝါတံခါးကြီးထဲက ရှေးဟောင်း ကမ္ပည်းစာတွေကို မင်းတို့ ပိုအာရုံစိုက်ရမယ်...ပြီးတော့ ဘယ်စကားလုံးကိုမှ မလွတ်သွားစေနဲ့"
"အကယ်၍ ဘာသာပြန်လို့မရတာရှိရင် ကျောက်စိမ်းပြားနဲ့ အရင် မှတ်တမ်းတင်ထားလိုက်... ပြီးရင် နန်းတော်ဆီပို့ဖို့ ဆက်သွယ်ရေးအဆောင်ကို သုံးပြီး နန်းတော်ထဲက လူတွေကို ဘာသာပြန်ခိုင်းလိုက်"
မဟာဝေလျှို့ဝှက်အစောင့်များ တစ်ယောက်ကို တစ်ယောက် စိတ်ပျက်အားလျော့စွာ ကြည့်လိုက်ကြသည်။ ဧကရာဇ် မင်းမြတ် သူတို့ကို ပေးအပ်ထားသော တာဝန်မှာ မင်းသမီး ချန်နင်၏ စကားကို နာခံရန် ဖြစ်သည်။
ထို့ကြောင့် ချန်ချန်ရွှယ်၏အမိန့်နှင့် ရင်ဆိုင်ရသောအခါ သူတို့ဟာ သူမ ပြောသည့် အတိုင်းသာ လုပ်ဆောင်နိုင်ကြလေသည်။
[အသက် ၁၇ နှစ် ချန်ချန်ရွှယ်ဟာ လူသူကင်းမဲ့သော ကျွန်းပေါ်တွင် သုံးနှစ် ကုန်ဆုံးခဲ့သည်။ ကြေးဝါတံခါးကြီး၏ ရှေးဟောင်းမိစ္ဆာဂူထဲ၌ သူမဟာ အကျိုးကျေးဇူး အမြောက်အမြား ရရှိခဲ့သည်။ သို့သော် သွေးကြာပန်းတာအိုဆရာနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ လက်ရှိတွင် သူဟာ ရှေးဟောင်းမိစ္ဆာတစ်ကောင် ဖြစ်ကြောင်းသာ သူမ သိရှိထားလေသည်။]
[အသက် ၁၈နှစ် အချိန်ကာလ တစ်ခုအထိ ကျင့်ကြံပြီးနောက် ချန်ချန်ရွှယ်သည် သူမ၏ ထူးကဲသော လူသားဘုရင် ခန္ဓာကိုယ်နှင့် ကြေးဝါတံခါးကြီး အတွင်းထဲရှိ ဝိညာဉ်စွမ်းအင်နှင့် ဝိညာဉ် ဆေးပင်များကို အမှီပြု၍ အတိတ်ကထက် ပိုစောပြီး အခြေတည်အဆင့်သို့ အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သည်။]
[အသက် ၁၉ နှစ် ချန်ချန်ရွှယ်ဟာ ဝိညာဉ် ကူးပြောင်းလာခြင်း ဖြစ်ကြောင်းနှင့် သူမဟာ (၇) နှစ်သာ ကျင့်ကြံခဲ့ရသေးကြောင်း ချင်းကျောက် သိရှိသွားခဲ့သည်။ ထို့ကြောင့် သူမညာ စိတ်လှုပ်ရှားစွာဖြင့် ချန်ချန်ရွှယ်ကို တိုက်ခိုက်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် သူမဟာ (၁) ကွက်တည်းဖြင့် ရှုံးနိမ့်သွားခဲ့ရတာကြောင့် သူမဘဝကို သံသယ ဝင်လာခဲ့သည်။]
[အသက် ၂၀ သူမဟာ ဤနေရာတွင် နေထိုင်ခဲ့သည်မှာ (၆) နှစ် ရှိပြီ ဖြစ်သည်။ နန်းတော် အတွင်း၌ မြောင်းထဲမှ ကြွက်အချို့ကို မဟာဝေဧကရာဇ်က ရှာဖွေတွေ့ရှိပြီး နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း ချန်ချန်ရွှယ် ကြားသိခဲ့ရသည်။]
[နှမြောစရာ ကောင်းသည်မှာ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဤလူများဟာ ရှာဖွေတွေ့ရှိခံရရန် ပြင်ဆင်ထားကြပြီး ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်များပင် အသုံးမဝင်ခဲ့ပေ။ သူတို့ကို ခေါင်းဖြတ်သတ်ရုံသာ တတ်နိုင်ခဲ့သည်။]
[အသက် ၂၁ နှစ် (၇) နှစ်ကြာပြီးနောက် သင် အသုံးဝင်သော သတင်းအချက်အလက်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့သည်]
[...]
"ဒါက"
ကြေးဝါတံခါးကြီး၏ ဗဟိုချက်မ ဧရိယာတွင် ချန်ချန်ရွှယ်ဟာ အကွက်အကွက် ဖြစ်နေသော ကျောက်နံရံများနှင့် ကျောက်နံရံများပေါ်ရှိ ရှေးဟောင်းစာသားများကို ကြည့်လိုက်ပြီး အံ့သြစွာ ရေရွတ်လိုက်၏။
"ဒါက ကျင့်ကြံခြင်းနည်းစနစ်လား... အဲဒီ ရှေးဟောင်းမိစ္ဆာ ဖန်တီးခဲ့တဲ့ ကျင့်ကြံခြင်းနည်းစနစ်လား"
ချန်ချန်ရွှယ်ဟာ လွန်ခဲ့သော (၇)နှစ်တာ ကာလပတ်လုံး ရှေးဟောင်းစာသားများကို လေ့လာနေခဲ့သဖြင့် သူမဟာ ရှေးဟောင်းစာသား အတော်များများကို နားလည်နိုင်ပြီ ဖြစ်လေသည်။
"မဟုတ်ဘူး..." သူမ ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက်လိုက်၏။ "ဒါက ကျင့်ကြံခြင်း နည်းစနစ် မဟုတ်ဘူး... ဒါက လက်နက်သန့်စင်ခြင်း နည်းစနစ်ပဲ..."
"ရှေးဟောင်းမိစ္ဆာတစ်ကောင် ဖန်တီးခဲ့တဲ့ လက်နက်သန့်စင်ခြင်း နည်းစနစ်ပဲ"
ဒါက လက်နက်သန့်စင်ခြင်းနည်းစနစ် ဖြစ်ကြောင်း ချန်ချန်ရွှယ် ဘာကြောင့် သိရှိခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဤလက်နက်သန့်စင်ခြင်း နည်းစနစ်က မပြည့်စုံသောကြောင့်ဖြစ်သည်။
အရေးကြီးဆုံး အချက်မှာ နည်းစနစ်၏ အစတွင် စာကြောင်းတစ်ကြောင်း ပါရှိနေခြင်း ဖြစ်သည်။ 'သွေးလညတွင် ဉာဏ်အလင်းပွင့်ပြီး ဤလျှို့ဝှက် နည်းစနစ်ကို ဖန်တီးခဲ့သည်'
ကိုယ်တိုင် ဖန်တီးထားသော လက်နက်သန့်စင်ခြင်း လျှို့ဝှက်နည်းစနစ်ပင်.......
ဘေးနားတွင် ချင်းကျောက်လည်း ကြီးမားသော ကျောက်နံရံပေါ်ရှိ သင်္ကေတများကို ကြည့်နေခဲ့သည်။ သူမဟာ ခဏတာမျှ တွေးတောလိုက်ပြီးနောက် ချန်ချန်ရွှယ်ကို ကြည့်လိုက်၏။
"မင်းက တစ်ဖက်လူရဲ့ ကိုယ်တိုင် ဖန်တီးထားတဲ့ ကျင့်ကြံခြင်း နည်းစနစ်ထဲက ဟာကွက်ကို အသုံးပြုပြီး တစ်ဖက်လူရဲ့ အားနည်းချက်ကို ရှာဖို့ ကြိုးစားနေတာလား"
ချင်းကျောက်၏ တုံ့ပြန်မှုက အလွန် လျင်မြန်လှပြီး စကားတစ်ခွန်းတည်းဖြင့် ချန်ချန်ရွှယ်၏ အတွေးများကို မြင်တွေ့သွားခဲ့သည်။
ချန်ချန်ရွှယ် အနည်းငယ် ခေါင်းငြိမ့်ကာ ဝန်ခံလိုက်သည်။
ချင်းကျောက်ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ပြဿနာက လက်နက်သန့်စင်ခြင်းနည်းစနစ်က သတ်ဖြတ်ခြင်းနည်းစနစ်မဟုတ်ဘူးလေ...အသုံးချလို့ရမဲ့ ချို့ယွင်းချက်တစ်ခု ရှိရင်တောင် မိစ္ဆာကို ဆန့်ကျင်တိုက်ခိုက်ဖို့ ငါတို့ ဘယ်လို အခွင့်အရေး ရှာမလဲ"
သူမ ဒီမေးခွန်းကို မေးလိုက်သည်နှင့်တပြိုင်နက် ချင်းကျောက် သူမပါး သူမ ရိုက်ချင်စိတ် ရုတ်တရက် ပေါက်သွားခဲ့သည်။
သူမ မေးဖို့တောင် မလိုအပ်ပေ။
ချန်ချန်ရွှယ်ဟာ အရင်တစ်ကြိမ် သရုပ်ဖော်စနစ်ထဲ ဝင်ရောက်ခဲ့စဉ်က ရှေးဟောင်း မိစ္ဆာ လက်နက် သန့်စင်နေတာကို မျက်မြင်တွေ့ရှိခဲ့တာ ဒါမှမဟုတ်... ရှေးဟောင်း မိစ္ဆာက စွမ်းအားကြီးတဲ့ မိစ္ဆာလက်နက်တစ်ခုခု သန့်စင်ခဲ့ကြောင်း သိခဲ့တာ ဖြစ်ရပေမည်။
ချန်ချန်ရွှယ် ပြောလိုက်၏။
"ငါတို့ အခွင့်အရေး တစ်ခုရှာတွေ့မှာပါ... ဒါ့အပြင်.. အကယ်၍ သူက လက်နက် သန့်စင်တဲ့ လျှို့ဝှက် နည်းစနစ် တစ်ခုကိုသိရင် ဖြစ်နိုင်တာက သူ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကိုလည်း ဖန်တီးကောင်း ဖန်တီးလိမ့်မယ်"
"လောလောဆယ်တော့... ငါတို့မှာ အချိန် နည်းနည်း ရှိသေးတယ်"
"..."
ဤအချိန်တွင် ရွေးချယ်ခံနှစ်ဦးသည် အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြပြီး တံဆိပ်ခတ်နှိပ်မှုကို ချိုးဖျက်ထွက်လာတော့မည့် ရှေးဟောင်း မိစ္ဆာကို ပစ်မှတ်ထားနေခဲ့ကြလေသည်။
...