အခန်း ၁၆၉ : ချန်ချန်ရွှယ်- ဒီနေရာရဲ့ပိုင်ရှင်ကို ငါသိတယ်
အဘွားအို၏ လေသံမှာ လေးနက်နေခဲ့သည်။
"သွေးကြာပန်းတာအိုဆရာအကြောင်း မှတ်တမ်းတွေက အပိုင်းအစတွေလောက်ပဲရှိတော့ သူက မိစ္ဆာတစ်ကောင် ဖြစ်တယ်ဆိုတာပဲသိတယ်... သူ့ဂိုဏ်းက ဘာလဲဆိုတာ မသိဘူး"
ချင်းကျောက် ကြောင်အသွားခဲ့ရသည်။ 'ရှေးဟောင်းခေတ်က မိစ္ဆာတစ်ကောင်..'
သူမ ခေါင်းကုတ်လိုက်၏။
"တကယ်လို့ သူက တကယ် ရှေးဟောင်း မိစ္ဆာတစ်ကောင်ဆိုရင် ဘာလို့ မှတ်တမ်းတွေထဲမှာ စာလုံးအနည်းငယ်ပဲ ရှိတာလဲ... ဖြစ်နိုင်တာက ရှေးဟောင်းခေတ်တုန်းက သူ့ကျင့်ကြံမှုက အဆင့်နိမ့်နေလို့များလား"
အဘွားအို မျက်လုံးလှန်ကြည့်လိုက်သည်။
"မသေမျိုးကျင့်ကြံခြင်း လောကမှာ ရှေးကျလေ ပိုစွမ်းအားကြီးလေလို့ မင်း ထင်နေတာလား...ဒီလောက် ကြီးတဲ့နေရာကို ပိုင်ဆိုင်ထားမှတော့ သူက ကြောက်စရာ ခွန်အားရှိတဲ့ မိစ္ဆာကြီးတစ်ကောင် ဖြစ်ရမယ်"
"ဪ... အဲလိုကိုး"
ချင်းကျောက် သဘောပေါက်သွားခဲ့သည်။
သို့သော် ဤအချိန်တွင် တစ်စုံတစ်ယောက်က သူမအနား ချဉ်းကပ်လာကြောင်း ရုတ်တရက်သတိပြုမိလိုက်သည်။ သူမ ခေါင်းလှည့်ကြည့်လိုက်သောအခါ အလွန် လှပသောမျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သို့သော် ထိုမျက်နှာက ချန်ချန်ရွှယ် ဖြစ်နေသောကြောင့် ချင်းကျောက်ဟာ ဖော်ရွေမှု မရှိလှပေ။
ချင်းကျောက် စကားမပြောနိုင်မီ ချန်ချန်ရွှယ်က ရုတ်တရက် မေးလိုက်၏။
"ရှေးဟောင်း မိစ္ဆာအကြောင်း မင်း ဘာပြောလိုက်တာလဲ... ဒီနေရာက ရှေးဟောင်းမိစ္ဆာတစ်ကောင်ရဲ့နေရာလား"
ချင်းကျောက် ငြင်းဆန်ခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် အဘွားအို ရှိနေခြင်းက လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ရာ သူမ ခေါင်းငြိမ့်လိုက်သည်။
"အဘွားအိုချင်ပြောတာတော့ ဒီကြေးဝါတံခါးကြီးရဲ့ ပိုင်ရှင်က ရှေးဟောင်း မိစ္ဆာတစ်ကောင် ဖြစ်နိုင်တယ်တဲ့"
ထိုစကားကြောင့် ချန်ချန်ရွှယ်၏ မျက်နှာအမူရာက အလွန် လေးနက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် သူမဟာ တစ်စုံတစ်ရာကို တွေးမိလိုက်သောကြောင့် ဖြစ်ပေသည်။
ပြီးခဲ့သည့် တစ်ခေါက် သူမ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စဉ်က... ကျင့်ကြံခြင်းလောကတစ်ခုလုံးကို မွှေနှောက်ခဲ့သော မိစ္ဆာကြီးတစ်ကောင် ရှိခဲ့လေသည်။
တစ်ဖက်လူက... တံဆိပ်ခတ်နှိပ်မှုကို ချိုးဖျက်ထွက်လာသော မိစ္ဆာတစ်ကောင် ဖြစ်ပေသည်။
ရှေးဟောင်း မိစ္ဆာ.....
တစ်ဖက်လူဟာ မဟာဝေမင်းဆက်၏ နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာပြီးနောက် မဟာဝေ မင်းဆက်၏ ကမ်းရိုးတန်း ဒေသများတွင် သူ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည့် မှတ်တမ်းများ ရှိခဲ့သည်ကို ချန်ချန်ရွှယ် မှတ်မိနေသေးလေသည်။
သိပ်မကြာခင်မှာပင် သူမဟာ ချင်းကျောက်နှင့် ဆက်သွယ်၍ မရတော့ဘဲ ချင်းကျောက် သေဆုံးသွားရန် ဖြစ်နိုင်ချေ သိပ်များမှန်း သိခဲ့ပေသည်။
ရှေးဟောင်း မိစ္ဆာ.....
ကမ်းရိုးတန်း တစ်လျှောက်.....
ချင်ကျောင့်၏ သေဆုံးခြင်း.....
ဤအကြောင်းအရာ သုံးခုစလုံး ချိတ်ဆက်မိသွားပြီး ချန်ချန်ရွှယ် ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။
'အကယ်၍ ဤအကြောင်းအရာ သုံးခုက ဆက်စပ်နေသည် ဆိုလျှင် ကြေးဝါတံခါးကြီး၏ ပိုင်ရှင်က ကောင်းကင်ဂိုဏ်းမှာ တံဆိပ်ခတ်နှိပ်ခံထားရတဲ့ မိစ္ဆာ ဖြစ်နေမလား...'
"ရှူး"
ချန်ချန်ရွှယ် ချက်ချင်း လေအေးတစ်ချက် ရှူသွင်းလိုက်သည်။ အဲဒီ ရှေးဟောင်း မိစ္ဆာက ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ သူမ ကောင်းကောင်း သိပေသည်။ မဟာဝေမင်းဆက်က အကောင်းဆုံး ကြိုးစားခဲ့ရင်တောင် သူတို့က သူ့ရဲ့ ပြိုင်ဘက် မဟုတ်ချေ။ အဲဒီ တိုက်ပွဲမှာ မဟာဝေမင်းဆက်ရဲ့ ဝိညာဉ် ဖွဲ့စည်းမှုအဆင့်ကျွမ်းကျင်သူတွေတောင် မိစ္ဆာလက်ချက်နဲ့ သေဆုံးခဲ့ရလေသည်။
ဒါကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူဟာ ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ မြင်တွေ့နိုင်ပေသည်။
ဒါတွေ အားလုံးက ခန့်မှန်းချက်တစ်ခုသာ ဖြစ်သော်လည်း ဖြစ်နိုင်ချေ များတယ်လို့ ချန်ချန်ရွှယ် ခံစားလိုက်မိသည်။
'အကယ်၍ အဲဒါ တကယ်သာ မှန်ကန်ခဲ့ရင်...'
ချန်ချန်ရွှယ် နက်ရှိုင်းစွာ တွေးတောနေခဲ့သည်။
ရှေးဟောင်းမိစ္ဆာက ကောင်းကင်ဂိုဏ်းရဲ့ မိစ္ဆာချုပ်နှောင်မျှော်စင်ထဲက တံဆိပ်ခတ်နှိပ်ကို အချိန်မရွေး ချိုးဖျက်ထွက်လာနိုင်တယ်ဆိုတာအတည်ပြုပြီးသားပင်။
ဒါ့အပြင် တံဆိပ်ခတ်နှိပ်ကို ခိုင်ခံ့အောင် လုပ်တဲ့ ဘယ်နည်းလမ်းမဆို အချိန်အတိုင်းအတာ တစ်ခုအထိပဲ နှောင့်နှေးအောင် လုပ်နိုင်မှာဖြစ်ပြီး အဲဒါက ရှေးဟောင်းမိစ္ဆာကြောင့် ဖြစ်လာမယ့် အန္တရာယ်တွေကို အခြေခံကျကျ မဖြေရှင်းနိုင်ပေ။
'အဲဒါဆိုရင် ဒီအန္တရာယ်ကို တားဆီးဖို့နဲ့ မဟာဝေ မင်းဆက်ကိုမိစ္ဆာလက်ချက်နဲ့ အသတ်မခံရအောင် ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းက တစ်ဖက်လူရဲ့ သတင်းအချက်အလက်ကို ရှာဖွေဖို့ပဲ... ပြီးတော့ တစ်ဖက်လူရဲ့ အားနည်းချက်ကို သိနိုင်ရင် အကောင်းဆုံးပဲ.....'
အကယ်၍ သူတို့သာ တစ်ဖက်လူရဲ့ အားနည်းချက်ကို သိရင် မဟာဝေ မင်းဆက်ရဲ့ အင်အားအကုန်လုံးကို အသုံးပြုလို့ ရနိုင်ပြီး အဲဒီရှေးဟောင်းမိစ္ဆာကို သတ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်လောက်ပေ။။
တကယ်တော့ ပြီးခဲ့တဲ့တစ်ခေါက် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်တုန်းက မဟာဝေမင်းဆက်ဟာ ရှေးဟောင်းမိစ္ဆာနဲ့ တိုက်ခိုက်တုန်းက အောင်မြင်လုနီးပါး ဖြစ်ခဲ့ပေသည်။ အကယ်၍ သူတို့ဟာ မိစ္ဆာကို မသတ်နိုင်ရင်တောင် မိစ္ဆာကို ပြန်ပြီး တံဆိပ်ခတ်နှိပ်နိုင်လောက်ပေသည်။
ဒါပေမဲ့ နောက်ဆုံးမိနစ်မှာ တစ်စုံတစ်ယောက်က သူတို့ကို သစ္စာဖောက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမည်နည်း။ အဲဒါကြောင့် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အရာမထင် ဖြစ်ခဲ့ရပြီး မဟာဝေတော်ဝင်မိသားစုရဲ့ ဘိုးဘေးတောင် သေဆုံးခဲ့ရသည်။
'မဟာဝေ အတွင်းက ကြွက်တွေကို ရှင်းပစ်ရမယ် ပြီးတော့ ရှေးဟောင်း မိစ္ဆာရဲ့ အားနည်းချက်ကို ရှာရမယ်'
အတွေးနှစ်ခု သူမစိတ်ထဲ လက်ခနဲ ဖြတ်သန်းသွားခဲ့သည်။
အကယ်၍ သူတို့ ဒီအတွေးနှစ်ခုထဲက တစ်ခုခုကို ပြီးမြောက်အောင် လုပ်နိုင်ရင် အဲဒီမိစ္ဆာကို အနိုင်ယူနိုင်လောက်ပေသည်။
သို့သော် ကြီးမားတဲ့ ပေးဆပ်မှုတော့ ပေးဆပ်ရပေမည်။
ဒါပေမဲ့ ဒီအတွေးနှစ်ခုစလုံးကို ပြီးမြောက်အောင် လုပ်နိုင်ရင်တော့ ဆုံးရှုံးမှုကို အနည်းဆုံး အထိ လျှော့ချနိုင်လေက်ပေမည်။
'ကြည့်ရတာ ငါအခွင့်အရေးတွေကို ဆုပ်ကိုင်ထားရမယ်... ပြီးတော့ မြဲမြဲမြံမြံ ဆုပ်ကိုင်ထားမှ ရမယ်...'
"မင်း ဘာဖြစ်နေတာလဲ"
ချန်ချန်ရွှယ် အသက်ရှူချိန် အနည်းငယ်ကြာအောင် ကြောင်အနေသည်ကို မြင်လိုက်ရသဖြင့် ချင်းကျောက် မမေးဘဲ မနေနိုင်တော့ပေ။
"မင်း ကြောက်ပြီး ပိုနက်ရှိုင်းတဲ့ နေရာကို မသွားရဲတော့တာလား"
သူမ နောက်ပြောင်လိုက်ခြင်း သက်သက်သာ ဖြစ်လေသည်။
အကယ်၍ ချန်ချန်ရွှယ်သာ အဲဒီလောက် သတ္တိနည်းရင် သူမဟာ ချန်ချန်ရွှယ်ကို အနိုင်ယူနိုင်တာ ကြာပေပြီ။
ထို့အပြင် သူမက သတ္တိနည်းတဲ့ ချန်ချန်ရွှယ်လောက်တောင် မတော်ဘူးလို့ သွယ်ဝိုက်ပြီး ပြောလိုက်သလို ဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် စော်ကားမိသလိုပင် ဖြစ်နေပေမည်။
ချန်ချန်ရွှယ် ခေါင်းခါလိုက်ပြီး အသံနိမ့်ဖြင့် ပြောသည်။
"အကယ်၍ ငါ့ခန့်မှန်းချက်မှန်ရင် ဒီကြေးဝါတံခါးကြီး ရဲ့ ပိုင်ရှင်က ဘယ်သူလဲ ဆိုတာ ငါ သိလောက်ပြီ"
သူမ ပြောလိုက်သည်နှင့် တပြိုင်နက် လူတိုင်း၏ မျက်လုံးများက ချန်ချန်ရွှယ်အပေါ် ရောက်ရှိလာခဲ့သည်။
မဟာဝေမင်းဆက်၏ လျှို့ဝှက်အစောင့်တပ်ဖွဲ့သည်လည်း မင်းသမီးချန်နင်ကို အံ့သြစွာ ကြည့်လိုက်ကြသည်။
ချင်းကျောက် ကြောင်အသွားပြီး သူမ၏ မျက်နှာတွင် အံ့သြသော အမူအရာ ပေါ်လာခဲ့သည်။
"မင်း..." ချင်ကျောင့် မမေးဘဲ မနေနိုင်တော့ပေ။ "ဘယ်သူလဲ ဆိုတာ မင်း သိတယ်လား"
ချန်ချန်ရွှယ် ခေါင်းငြိမ့်လိုက်၏။
"မဟာဝေမင်းဆက်မှာ ကောင်းကင်ဂိုဏ်းလို့ ခေါ်တဲ့ မသေမျိုးကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ရှိတယ်... အဲဒါကို ပထမတန်းစား ကျင့်ကြံခြင်း ဂိုဏ်းလို့ သတ်မှတ်လို့ ရတယ်... ပြီးတော့ ဂိုဏ်းတံခါးကို စောင့်ကြပ်နေတဲ့ မူလဝိညာဉ်အဆင့်ကျင့်ကြံသူတွေ ရှိပြီး သူတို့ရဲ့ ခွန်အားကို မဟာဝေမင်းဆက်ရဲ့ကျင့်ကြံခြင်းလောကမှာ ထိပ်တန်းလို့ သတ်မှတ်လို့ ရတယ်"
"ကောင်းကင်ဂိုဏ်း မတည်ထောင်ခင်တုန်းက သူ့ရဲ့ တည်ထောင်သူက ထူးဆန်းတဲ့ ဧရာမမျှော်စင်ကြီး တစ်ခုကို တွေ့ခဲ့တယ်... ပြီးတော့ ကောင်းကင်ဂိုဏ်း တည်ထောင်သူက အဲဒီ မျှော်စင်ထဲမှာ မိစ္ဆာတစ်ကောင် ရှိတယ်လို့ ခန့်မှန်းခဲ့တယ်.... ဒါကြောင့် အဲဒါကို မိစ္ဆာချုပ်နှောင်မျှော်စင်လို့ နာမည်ပေးခဲ့တယ်... အဲဒါက မိစ္ဆာတွေကို ချုပ်နှောင်ဖို့ ရှေးဟောင်းကျင့်ကြံသူတွေ သန့်စင်ခဲ့တဲ့ ဧရာမဝိညာဉ်လက်နက်တစ်ခုပဲ"
"ပြီးတော့ အဲဒီ မိစ္ဆာချုပ်နှောင်မျှော်စင်ထဲမှာ ရှေးဟောင်းခေတ်က မိစ္ဆာတစ်ကောင်ကို တံဆိပ်ခတ်နှိပ်ထားတယ်... ဒါ့အပြင် သူက စွမ်းအားကြီးလွန်းလို့ မူလဝိညာဉ်အဆင့်ကျင့်ကြံသူတွေတောင် သူ့ကို အနိုင်မယူနိုင်ကြဘူး"