အခန်း ၁၆၈ : သွေးကြာပန်းတာအိုဆရာ
ချန်ချန်ရွှယ်၊ ချင်းကျောက်နှင့် မဟာဝေ လျှို့ဝှက် အစောင့်တပ်ဖွဲ့စသည့် လူတစ်စုဟာ အဘွားအို၏ ဝိညာဉ်အပိုင်းအစနှင့် မိစ္ဆာသားရဲ ဝိုက်တီတို့နှင့် အတူ ရှိနေခဲ့ကြသည်။
အသင့်ပြင်ဆင်ပြီးနောက် သူတို့ဟာ ကြေးဝါတံခါးကြီး၏ အစစ်အမှန် ဗဟိုချက်မ ဧရိယာထဲသို့ ဝင်ရောက်လိုက်ကြသည်။
၎င်းက သူတို့ရှေ့ရှိ ကြီးမားသည့် အဆောက်အဦးလည်း ဖြစ်ပေသည်။
ဤကြီးမားလှသည့် အဆောက်အဦး အောက်တွင် ရပ်နေရင်း သူတို့ဟာ အလွန်သေးငယ်လွန်းသည်ဟု ခံစားလိုက်ကြရသည်။
အကယ်၍ သာမန်လူ တစ်ဦးသာဖြစ်ပါက ကြောက်လွန်း၍ လိပ်ပြာလွင့်သွားလောက်ပေသည်။
ကံကောင်းစွာဖြင့် ရှိနေသူအားလုံးက ကျင့်ကြံသူများ ဖြစ်ကြရာ အခြားအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင် သူတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှုက အလွန် မြင့်မားကြပေသည်။
"ကျွန်တော် ဝိညာဉ်အာရုံကို သုံးလို့ မရဘူး..."
သူတို့ ဝင်ရောက်လိုက်သည့်အခါ မူလဝိညာဉ်အဆင့်(၁)ကျင့်ကြံသူဖြစ်သည့် မဟာဝေလျှို့ဝှက် အစောင့်တပ်ဖွဲ့ ခေါင်းဆောင်ဟာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
"ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ဝိညာဉ် အာရုံကို ပိတ်လှောင်ထားနိုင်တဲ့ လျှို့ဝှက် အစီအရင်တချို့ ရှိနေပုံ ရတယ်... အဲဒါကြောင့် ဝိညာဉ်အာရုံနဲ့ အန္တရာယ်တွေကို အာရုံခံဖို့ မဖြစ်နိုင်ဘူး"
"မင်းသမီး ဒီနေရာက သိပ်အန္တရာယ် များနိုင်ပါတယ်... မင်းသမီးကို ဒီနေရာကနေ ခဏလောက် ထွက်ခွာနေဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်... ပြီးတော့ ဘယ်နေရာက ပိုစိတ်ချရလဲ ဆိုတာ အတည်ပြုဖို့ ကျွန်တော်တို့ကို အရင် စူးစမ်းရှာဖွေခွင့် ပြုပါ... ပြီးမှ မင်းသမီးကို ဝင်ခွင့်ပြုပါမယ်"
သို့သော် သူ၏ အကြံပြုချက်ကို ချန်ချန်ရွှယ် ငြင်းပယ်လိုက်၏။
ချန်ချန်ရွှယ်၏ သတိထားတတ်သော စိတ်နေသဘောထားအရ ပုံမှန် အခြေအနေမျိုးတွင် လျှို့ဝှက်အစောင့်ခေါင်းဆောင်၏ ဤအကြံပြုချက်ကို ချန်ချန်ရွှယ် လက်ခံပေမည်။
သို့သော် ဤတစ်ကြိမ်တွင် ချန်ချန်ရွှယ်ဟာ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် ထဲသို့ ပစ်ထည့်ချင်နေမိခဲ့သည်။
အကြောင်းရင်းမှာ တကယ်တော့ အလွန် ရိုးရှင်းလှလေသည်။
ဤကြီးမားသည့် အဆောက်အဦး အတွင်းရှိ အန္တရာယ်ကို သူမ မသေချာသောကြောင့် ချန်ချန်ရွှယ် ကိုယ်တိုင် လိုက်ပါဝင်ရောက်ချင်ခြင်း ဖြစ်သည်။
......
အကယ်၍ သူမ လျှို့ဝှက်အစောင့် ခေါင်းဆောင်၏ အကြံပြုချက်ကို လက်ခံပြီး အပြင်ဘက်တွင် ယာယီ ပုန်းအောင်းနေရန် ရွေးချယ်လိုက်ပါက အတွင်းထဲရှိ မဟာဝေလျှို့ဝှက်အစောင့်တပ်ဖွဲ့ဝင်များ ကြီးမားသော အန္တရာယ်နှင့် ကြုံတွေ့ရလျှင် မည်သို့ လုပ်မည်နည်း။ သူတို့ ပြန်ထွက်မလာနိုင်ဘဲ နောက်ဆုံးတွင် သူတို့ အားလုံး အတွင်းထဲ၌ သေဆုံးသွားကြပေလိမ့်မည်။
ထိုကဲ့သို့ဖြစ်သွားပါက အတွင်းထဲ၌ သူတို့ကို မည်သို့သော အန္တရာယ်မျိုးက စောင့်ဆိုင်းနေသည်ကို ချန်ချန်ရွှယ် သိရှိလိုက်မည် မဟုတ်ပေ။
'နောက်တစ်ကြိမ် ငါမသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်တဲ့ အခါ တူညီတဲ့ အမှားကို ထပ်လုပ်မိနေဦးမှာ မဟုတ်လား'
ထို့ကြောင့် သူမ ကိုယ်တိုင် ဝင်ရောက်ကြည့်ရှုရန် လိုအပ်လေသည်။
အကယ်၍ အတွင်းထဲတွင် ကြီးမားသော အန္တရာယ် ရှိနေပါက သူမ အသက်ဆုံးရှုံးရပေလိမ့်မည်။
ထိုအခါ နောက်တစ်ကြိမ် သူမဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်သည့်အခါ ထိုကဲ့သို့သော အန္တရာယ်မျိုးကို ရှောင်တိမ်းနိုင်ပေလိမ့်မည်။
ဤသည်မှာ ချန်ချန်ရွှယ်၏ ရည်မှန်းချက် ဖြစ်၏။
ဘာပဲဖြစ်ဖြစ် သူမသေဆုံးသွားလျှင်ပင် ပြန်လည် ရှင်သန်နိုင်လေသည်။
ချန်ချန်ရွှယ်ကဲ့သို့ သတိထားတတ်သူပင် ဝင်ရောက်မည်ဆိုရာ ချင်းကျောက်ကဲ့သို့ လူတစ်ယောက်ကို ဆိုဖွယ်ရာ မရှိပေ။ ရှေ့တွင် အန္တရာယ် များစွာ ရှိနေကြောင်းသိသော်လည်း ချင်းကျောက်ဟာ လစ်လျူရှုထားပုံပေါက်နေခဲ့သည်။
အခြားသူများ၏ မျက်လုံးထဲတွင် ဤအရာက ချင်းကျောက်ကို အလွန် ထူးဆန်းသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေစေခဲ့သည်။
မဟာဝေလျှို့ဝှက်အစောင့်များဟာ ချင်းကျောက်ကို ထူးဆန်းပြီး ဇဝေဇဝါ ဖြစ်နေသော အကြည့်ဖြင့် မကြာခဏ ကြည့်တတ်ကြလေသည်။
ချင်းကျောက်တွင် အရည်အချင်း အချို့ ရှိသည်မှာ မှန်သော်လည်း သူမ၏ပုံစံက ပုံမှန် လူများနှင့် ကွဲပြားနေပုံရပေသည်။
သူမဟာ ကြောက်ရွံ့ခြင်း မရှိခြင်းနှင့် လစ်လျူရှုထားခြင်းဟူသည့် အပြုအမူမျိုးကို လက်တွေ့ပြခဲ့သည်။
အချိန်အများစုတွင် ချင်းကျောက်ဟာ ရှေ့ဆုံးမှ လျှောက်လှမ်းခဲ့ပြီး မည်သည့် သတ်ဖြတ်ခြင်း အစီအရင်ကိုမျှ ကြောက်ရွံ့ပုံ မရပေ။
တစ်ခဏတာမျှ လူအများအပြား တုန်လှုပ်သွားကြပြီး မလေးစားပဲမနေိုင်တော့ချေ။
သူမက သူမ၏ အသက်ကို ဂရုမစိုက်သော လူတစ်ယောက်ပင်။
ထို့ကြောင့် သူမဟာ အနည်းငယ် ငယ်ရွယ်လျှင်ပင် သူတို့၏ လေးစားအားကျမှုနှင့် ထိုက်တန်ပေသည်။
[ကြေးဝါတံခါးကြီး၏ ဗဟိုချက်မ ဧရိယာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေခဲ့သည်။ သင် ဝင်ရောက်လာသည်မှာ အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးချိန်ထက် နည်းပါးသော်လည်း ကြောက်မက်ဖွယ် ရုပ်သေးသားရဲတစ်ကောင်နှင့် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ အခြေတည်အဆင့် (၇) ရှိသော မဟာဝေ လျှို့ဝှက် အစောင့် တစ်ဦးသည် ရုပ်သေး သားရဲ၏ ကိုက်ခဲခြင်း ခံလိုက်ရပြီး ခေါင်းပြတ်သွားခဲ့သည်။]
[သင် ရုပ်သေးသားရဲကို ကိုင်တွယ်ဖြေရှင်းခဲ့သော်လည်း သင့်စိတ်အခြေအနေက လေးလံနေဆဲ ဖြစ်သည်။ သင့်ဝိညာဉ်အာရုံကို အသုံးပြု၍ မရနိုင်သော အခြေအနေအောက်တွင် ရုတ်တရက် အန္တရာယ် အချို့သည် သင့်ရှေ့ ရောက်လာမှသာ တွေ့ရှိနိုင်ပေလိမ့်မည်။]
[မိစ္ဆာသားရဲ ဝိုက်တီ၏ အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်သော စွမ်းရည်က ထူးဆန်းသော အစီအရင်၏ သက်ရောက်မှုကို ခံရပုံမရသော်လည်း မိစ္ဆာသားရဲ တစ်ကောင် အနေဖြင့် သူ၏ စွမ်းရည်က အန္တရာယ် အားလုံးကို တပြိုင်နက်တည်း ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိပေ။]
[သင် ဗဟိုချက်မဧရိယာထဲတွင် တစ်ပတ်ကြာ နေထိုင်ခဲ့ပြီး မဟာဝေ လျှို့ဝှက် အစောင့် (၅) ဦး ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။]
[သင်ဟာ ဤနေရာတွင် ဝိညာဉ်လက်နက်တစ်ခု တွေ့ရှိခဲ့သော်လည်း ၎င်းကို ရုပ်သေးသားရဲက စောင့်ကြပ်နေခဲ့သည်။]
[ထို့ကြောင့် သင်ဟာ ဤစွမ်းအားကြီးသော ရုပ်သေး သားရဲကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။]
[ဆေးလုံးသန့်စင်ရာတွင် အသုံးပြုသော ဝိညာဉ်လက်နက် ကောင်းကင်မီးတောက် ရတနာ ဒယ်အိုးကြီးကို ရရှိခဲ့သည်]
[ဧရာမအဆောက်အဦးအတွင်း ရှေးဟောင်း ကျောက်စာတိုင်များပေါ်လာခဲ့သည်။ အဘွားအို၏ မရေရာသော ဘာသာပြန်ဆိုမှုကြောင့် ဤကြေးဝါ တံခါးကြီးထဲက ကျင့်ကြံသူ၏ ဂူသင်္ချိုင်းနေရာကို လွန်ခဲ့သော နှစ်ပေါင်း (၇) သန်းကျော်က သွေးကြာပန်း တာအိုဆရာဟု အမည်ရသော ကျင့်ကြံသူ တစ်ဦး တည်ဆောက်ခဲ့ကြောင်း သင် အကြမ်းဖျင်း သိရှိလိုက်ရသည်။]
[သို့သော် ဤဧရာမနေရာလွတ်ကြီးကို သွေးကြာပန်း တာအိုဆရာက ဖန်တီးခဲ့ခြင်း မဟုတ်ပေ။ ထိုအစား သူက ၎င်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျင့်ကြံသူ၏ ဂူတစ်ခု အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။]
[...]
"သွေးကြာပန်း တာအိုဆရာ..."
ချင်းကျောက် ထိုနာမည်ကို စဉ်းစားပြီး မရေရွတ်ဘဲ မနေနိုင်တော့ပေ။
"သူက လူကောင်း မဟုတ်ဘူးလို့ ငါ ဘာလို့ ခံစားနေရတာလဲ"
ထို့နောက် သူမဟာ မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော်စဉ်က ကြေးဝါတံခါးကြီး အတွင်း၌ သတ်ဖြတ်ခြင်း ကျမ်းစာဟု ခေါ်သည့် ပျက်စီးနေသော မိစ္ဆာ နည်းစနစ်တစ်ခု ကောက်ယူရရှိခဲ့ဖူးသည်ကို ပြန်လည် အမှတ်ရသွားသည်။
ချင်းကျောက် စဥ်းစားကာ ပြောလိုက်၏။
"ဒီ သွေးကြာပန်းတာအိုဆရာက မိစ္ဆာ တစ်ကောင်ကောင် ဖြစ်နိုင်မလား"
"စီနီယာ ဒီနာမည်ကို ကြားဖူးလား"
ချင်းကျောက် အဘွားအိုကို မေးလိုက်ခြင်း ဖြစ်သည်။ ဘာကြောင့်မှန်း သူမ မသိသော်လည်း ကြေးဝါတံခါးကြီး၏ ဗဟိုချက်မ ဧရိယာနှင့် ပိုနီးကပ်လေ သူမနှင့် အဘွားအိုကြားက ဆက်သွယ်မှုက ပိုချောမွေ့လာဆလပင်။
ပြီးတော့ ကြေးဝါတံခါးကြီး၏ အစွန်းပိုင်းတွင် သူမဟာ ဘယ်လိုလုပ်လုပ် အဘွားအိုနှင့် ဆက်သွယ်၍ မရနိုင်ခဲ့ပေ။
အစွန်းပိုင်းတွင် ထူးဆန်းသော အစီအရင် တစ်မျိုးမျိုး ရှိနေသောကြောင့် ဖြစ်နိုင်သလော။
ချင်းကျောက်လည်း အဖြေရှာမရ ဖြစ်နေခဲ့ရသည်။
အဘွားအိုဟာ ချင်းကျောက်၏ မေးခွန်းကို ကြားလိုက်ပြီး တစ်စုံတစ်ရာကို ပြန်ပြောင်းအမှတ်ရနေသကဲ့သို့ ခဏတာမျှ တွေးတောနေခဲ့သည်။ အချိန်အကြာကြီး နေပြီးနောက် သူမဟာ မသေချာစွာ ပြောလိုက်၏။
"ငါ နည်းနည်း မှတ်မိသလိုပဲ... ရှေးဟောင်းစာအုပ် တစ်အုပ်ထဲမှာ ဒီနာမည်ကို ငါ မြင်ဖူးတယ်... အကယ်၍ တကယ်သာ တူညီတဲ့ လူတစ်ယောက်တည်း ဆိုရင် ဒီနေရာရဲ့ ပိုင်ရှင်က မင်း ပြောသလိုပဲ.... ကလေးမလေး တစ်ဖက်လူက လူကောင်း မဟုတ်ဘူး"