အခန်း ၁၆၆ : မြောက်ကြွမြောက်ကြွဖြစ်နေသည့် ချင်းကျောက်
နောက်ဆုံးတွင် ချန်ချန်ရွှယ်ဟာ ချီးကျူးလိုက်သည်။
"ဒါက ငါမြင်ဖူးသမျှ အသက်အငယ်ဆုံး အစီအရင် ပါရမီရှင်ပဲ"
ထိုစကားတို့ကြောင့် ချင်းကျောက်ဟာ သူမ၏ မျက်နှာပေါ်ရှိ အပြုံးကို မဖိနှိပ်နိုင်တော့ပေ။ သူမ ယုံကြည်မှု ရှိစွာဖြင့် ရင်ကော့လိုက်၏။
"ကလေးမလေး မင်း သတိမထားမိဘူးလား... သူမက မင်းကို ဟန်ဆောင်ပြီး အသိအမှတ်ပြုလိုက်တာသက်သက် ဆိုတာလေ"
အဘွားအို ဆက်ကြည့်မနေနိုင်တော့ဘဲ သူမကို တိုးတိုးလေး သတိပေးလိုက်သည်။
ဒီကလေးမလေးက ပုံမှန်အားဖြင့် ထက်မြက်တယ်လို့ သူမ ခံစားရလေသည်။
သို့သော် သူမ အချီးကျူးခံရတာနဲ့ တစ်ပြိုင်နက် သူမ ဘယ်မြောက်ဘယ်ရောက်မှန်း မသိတော့ဘဲ ဖြစ်သွားတတ်ကာ အဓိက အချက်မှာ တခြားလူတွေ ချီးကျူးရင် ကိစ္စမရှိပေမယ့် ချန်ချန်ရွှယ် ချီးကျူးလိုက်တဲ့ အခါကျတော့... ဒီကလေးမလေးရဲ့ နောက်က အမြီးတိုလေးက အရူးတစ်ယောက်လို တောင်ရမ်းမြောက်ရမ်း ခါရမ်းနေတာပင်။
"ဟန်ဆောင်တာ...."
ဒီသတိပေးချက်ကို ကြားပြီးနောက် ချင်းကျောက်မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်၏။
"အမှန်တကယ်ပဲ အနည်းငယ် ဟန်ဆောင်မှု ပါချင်ပါလိမ့်မယ် ဒါပေမဲ့ ဘယ်လောက်ပဲ ဟန်ဆောင်ပါစေ ဒါက ငါ့ကို အသိအမှတ်ပြုနေတုန်းပဲလေ.... ပြီးတော့ သူမက ငါ့လောက် မတော်ဘူးလို့လည်း ခံစားနေရတာ.... ဟီးဟီး..."
ဝိညာဉ်အကြွင်းအကျန်အခြေအနေမှာ ရှိနေတဲ့ အဘွားအို ချက်ချင်း ပါးစပ်ပိတ်လိုက်၏။
မျှော်လင့်ချက် မရှိတော့ပေ။
ချန်ချန်ရွှယ် တိတ်ဆိတ်နေသော ချင်းကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ အဲဒီမူလဝိညာဉ်အဆင့်ဝိညာဉ်အကြွင်းအကျန်နဲ့ တီးတိုးပြောနေကြောင်း သိလိုက်သည်။
......
တစ်ခါတလေ ချင်းကျောက်ရဲ့ ကံတရားက သူမထက် အမှန်တကယ် အနည်းငယ် ပိုကောင်းနေတယ်လို့ ချန်ချန်ရွှယ် မခံစားဘဲ မနေနိုင်တော့ပေ။
[ချင်ကျောင့်ရဲ့ ဦးဆောင်မှုအောက်မှာ သင်ဟာ လူသူကင်းမဲ့တဲ့ ကျွန်းနဲ့ မဝေးတဲ့ ပင်လယ်ကြမ်းပြင်ဆီ ရောက်ရှိလာခဲ့သည်။ ပင်လယ်ကြမ်းပြင်မှာ အဲဒီ ကြီးမားတဲ့ကြေးဝါတံခါးကြီးကို သင် တွေ့မြင်လိုက်ရသည်။]
[ဧရာမကြေးဝါတံခါးကြီးမှာ ထူးဆန်းတဲ့ ဆွဲဆောင်မှုတစ်ခု ရှိနေပြီး လူတွေကို မထိတွေ့ဘဲ မနေနိုင်အောင် ပြုလုပ်နေကြောင်း သင် တွေ့ရှိလိုက်ရသည်။]
[ကံကောင်းစွာနဲ့ ဒီတစ်ခေါက်အတူ လိုက်ပါလာတဲ့ သူတွေ အားလုံးက မြင့်မားတဲ့ စိတ်အင်အား ရှိကြရာ ဒါရဲ့ သက်ရောက်မှုကို မခံခဲ့ရပေ။]
[ချင်းကျောက် ဧရာမကြေးဝါတံခါးကြီးကို ဖွင့်လိုက်ရာ ကမ္ဘာငယ်လေးတစ်ခုက သူမရှေ့မှာ ပေါ်လာခဲ့သည်။]
[ချန်ချန်ရွှယ် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း တုန်လှုပ်သွားရတုန်းပင်]
ဧရာမ ကြေးဝါ တံခါးကြီး အတွင်းပိုင်း။
ဒါက ချန်ချန်ရွှယ်နဲ့ တခြားလူတွေ အတွင်းပိုင်းကို ပထမဆုံး အကြိမ် ဝင်ရောက်ခဲ့ခြင်း ဖြစ်လေသည်။ အတွင်းပိုင်းက ကမ္ဘာသစ်ကို မြင်လိုက်ရတဲ့အခါ အထဲက အရာအားလုံးကြောင့် သူတို့ တုန်လှုပ်သွားခဲ့ကြရသညမ။
အရင်တုန်းက သူတို့ လူသူကင်းမဲ့တဲ့ ကျွန်းပေါ်မှာ ရှိနေတုန်းက အဲဒီနေရာက ဝိညာဉ်စွမ်းအင် သိပ်သိပ်သည်းတာ သူတို့ ခံစားခဲ့ရပြီး အခု သူတို့ ဧရာမကြေးဝါ တံခါးကြီးဆီ ရောက်လာကြတော့ ဒါက ဘယ်လောက် ကြီးမားတဲ့ ကွာဟချက် ဖြစ်ကြောင်း သူတို့ သိလိုက်ရသည်။
အကယ်၍ လူသူကင်းမဲ့တဲ့ ကျွန်းပေါ်က ဝိညာဉ်စွမ်းအင်က မြစ်ကြီးတစ်စင်းလို သိပ်သည်းတယ် ဆိုရင် ဧရာမကြေးဝါတံခါးကြီးအတွင်းက ကမ္ဘာငယ်ထဲမှာတော့ အဆုံးမရှိတဲ့ ပင်လယ်ကြီးတစ်စင်းပင်။
"အထဲမှာ ဝိညာဉ်သွေးကြောတစ်ခု ရှိနေတာလား"
ချန်ချန်ရွှယ် အံ့သြစွာ ပြောလိုက်သည်။
"ပြီးတော့ ဒါက အရမ်းကြီးတဲ့ ဝိညာဉ်သွေးကြော တစ်ခုလား"
သူမရဲ့ ဗဟုသုတအရ... ကြီးမားလွန်းတဲ့ ဝိညာဉ် သွေးကြောတွေက လွဲရင် ဒီလောက် သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအင် ရှိတဲ့ တခြားနေရာ မရှိလောက်ပေ။
ချန်ချန်ရွှယ် သူမဘေးနားရှိ ချင်းကျောက်ကို ရုတ်တရက် ကြည့်လိုက်၏။ ချင်းကျောက်၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်အောက်တွင် သူမဟာ ထူးဆန်းသော မျက်နှာအမူရာဖြင့် မေးလိုက်၏။
"ဒီလောက်များတဲ့ အရင်းအမြစ်တွေ ရှိနေတာတောင် မင်းက ဘာလို့ ဒီလောက် ကံဆိုးနေရတာလဲ"
ချင်းကျောက် ကြောင်အသွားခဲ့ရသည်။ သို့သော် ချက်ချင်းပင် သူမ အံ့ကြိတ်လိုက်ပြီးပြောလိုက်သည်။
"ဒါတွေ အားလုံး မင်းကြောင့် မဟုတ်ဘူးလား..."
"အကယ်၍ မဟာဝေမင်းဆက်သာ အဆင်ပြေနေမယ် ဆိုရင် ငါ အဲဒီ ကံဆိုးတဲ့ ကိစ္စတွေ ကြုံတွေ့ခဲ့ရပါ့မလား"
ချန်ချန်ရွှယ်၏ မျက်နှာအမူရာက ပို၍ ထူးဆန်းလာခဲ့သည်။
ပင်လယ်ရပ်ခြားလူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်က ဒီလောက် ဝေးကွာတဲ့ နေရာမှာတောင် သူမက မဟာဝေမင်းဆက်ရဲ့ အနာဂတ် ပဋိပက္ခတွေနဲ့ ကြုံရသေးသည်လော။
'ဖြစ်နိုင်တာက သူမဟာ ဧရာမ ကြေးဝါ တံခါးကြီးကို ရှာဖွေတွေ့ရှိဖို့ သူမရဲ့ ကံကောင်းမှုတွေ အကုန်လုံး သုံးစွဲလိုက်တာမိတာလား....ဒါမှမဟုတ် ဖြစ်နိုင်တာက... သူမလည်း သာရုပ်ဖော် စနစ်ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတာလား....'
ချန်ချန်ရွှယ် သူမအကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ချင်းကျောက်ရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာအမူရာကို လုံးဝ လစ်လျူရှုလိုက်၏။ ထို့နောက် သူမဟာ ဧရာမ ကြေးဝါ တံခါးကြီး အတွင်းက ရှုခင်းကို ကြည့်လိုက်ရာ ဘယ်လိုပဲ ကြည့်ကြည့် ဒါက တစ်စုံတစ်ယောက်ရဲ့စိတ်အာရုံကို တုန်လှုပ်သွားစေဖို့ လုံလောက်ပေသည်။
သူမရှေ့တွင် နေရာအနှံ့ ဝိညာဉ် ဆေးပင်များရှိနေပြီး ဝိညာဉ်ဆေးပင် တစ်ပင်ချင်းစီက ပေါင်းပင်များကဲ့သို့ ရယ်စရာကောင်းလောက်အောင် အများအပြား ရှိနေခဲ့လေသည်။
အဲဒီအထဲမှာ သာမန်ဝိညာဉ် ဆေးပင် တချို့ ရှိပေမယ့် ထူးခြားတဲ့ ဝိညာဉ် ဆေးပင် တချို့လည်း ရှိနေခဲ့သည်။
ထို့အပြင် မှတ်တမ်းတွေထဲမှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်တဲ့ ဝိညာဉ်ဆေးပင်တစ်ပင်ကိုတောင် ချန်ချန်ရွှယ် မြင်တွေ့လိုက်ရသည်။
[ဧရာမ ကြေးဝါတံခါးကြီးအတွင်းရှိ နေရာတိုင်းတွင် သတ်ဖြတ်လိုသော အငွေ့အသက်များရှိနေသော်လည်း မဟာဝေ မင်းဆက်၏ လျှို့ဝှက်အစောငိ့ ရာပေါင်းများစွာ၏ အကူအညီဖြင့် သူတို့ ကြုံတွေ့ရသမျှ သတ်ဖြတ်လိုသော အငွေ့အသက် အားလုံးကို လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့ပြီး ဝိညာဉ်ဆေးပင် အားလုံးကို သိမ်းယူနိုင်ခဲ့သည်။]
[သို့သော် ရေရှည်တည်တံ့မှု၏ အကျိုးကျေးဇူးများကို ချန်ချန်ရွှယ် သိရှိပြီး ဤနေရာက အစစ်အမှန် သုခလုံတစ်ခု ဖြစ်တာကြောင့် သူမဟာ ဧရာမကြေးဝါ တံခါးကြီးအတွင်း ဝိညာဉ်ဆေးပင် အမြောက်အမြား စိုက်ပျိုးရန် အမိန့်ပေးခဲ့သည်။]
[မဟာဝေမင်းဆက်သည် ချင်မိသားစုကို ကာကွယ်ပေးနေကြောင်းနှင့် နေမင်းဂိုဏ်းသည် လှုပ်ရှားမှုမရှိကြောင်း သိရသောအခါ သူမ၏ ဂနာမငြိမ် ဖြစ်နေသောအတွေးများကို ယာယီ ဘေးဖယ်ထားလိုက်သည်။]
[ချန်ချန်ရွှယ်သည် နန်းတော်ရှိ ချန်ဖုန်းယင်ထံ သတင်းစကားများ ပေးပို့ခဲ့သည်။]
[ထို့ကြောင့် ချန်ဖုန်းယင်ဟာ နန်းတော်အတွင်း လျှို့ဝှက် ရှင်းလင်းသုတ်သင်မှုတစ်ခု ပြုလုပ်ခဲ့သည်။]
[မဟာဝေမင်းဆက်၏ အရာရှိအမြောက်အမြား ဝင်ရောက်စီးနင်းခံခဲ့ရသည်။ တစ်ခဏတာမျှ အမှောင်ထဲမှ ထိန်းချုပ်သူများဟာ သူတို့အတွက် စိုးရိမ်ပူပန်ခဲ့ကြသည်။]
[...]
မဟာဝေ နန်းတော် အတွင်း၌။
ချန်ဖုန်းယင်သည် စာရွက်စာတမ်း တစ်ခုပေါ်တွင် ဖြတ်ခြစ်ထားသော နာမည်များကို ကြည့်ပြီး ရှည်လျားစွာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူ ဝမ်းသာရမလား ဝမ်းနည်းရမလား မသိတော့ပေ။
ဤနာမည် အများအပြားကို သူ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ပြီး အချို့မှာ သူနှင့် အတူ ကြီးပြင်းလာခဲ့သူများ ဖြစ်လေသည်။
နောက်ပိုင်းတွင် သူထီးနန်းတက်ပြီးနောက် ဤလူများကို ရာထူးကြီးကြီး ပေးကာ ရာထူးတိုးပေးခဲ့သည်။
နောက်ဆုံးတွင် ဤလူများက သူ့ကို စိတ်အေးချမ်းမှုမပေးနိုင်ခဲ့ပေ။
ဖြစ်နိုင်တာက ဒီလူတွေ အစကတည်းက သူ့အပေါ် သစ္စာရှိဖို့ ရည်ရွယ်ချက် မရှိခဲ့တာ ဖြစ်ပေမည်။
သူ ထီးနန်းမတက်ခင် တွေ့ဆုံခဲ့တဲ့ ဒီလူတွေဟာ ဖြစ်နိုင်တာက အစကတည်းက ကြံစည်နေခဲ့ကြတာ ဖြစ်ပေမည်။
ဧကရာဇ် တစ်ပါး အနေနဲ့ သူ မအောင်မြင်ခဲ့ဘူးလို့ သူ ခံစားလိုက်ရသည်။ သူ့မှာ အလွန် စွမ်းအားကြီးတဲ့ ကျင့်ကြံမှုအခြေခံတစ်ခုသာ ရှိပြီး နှစ်ရာပေါင်းများစွာ အသက်ရှင်ခဲ့ရုံ သက်သက်သာဖြစ်ပြီး ဘုရင်တစ်ပါးပိုင်ဆိုင်သင့်သည့် ထိုးထွင်းသိမြင်တတ်တဲ့ မျက်လုံးတော့ မရှိခဲ့ချေ။
မသိစိတ်အရ ချန်ဖုန်းယင်ဟာ ချန်ချန်ရွှယ် အကြောင်း တွေးမိလိုက်၏။ သူ့မျက်လုံးထဲတွင် ချန်ချန်ရွှယ်ဟာ မိစ္ဆာအနည်းငယ် ဆန်နေခဲ့သည်။
သူမ၏ ကျင့်ကြံမှုအခြေခံကလည်း မြင့်မားပြီး သူမ၏ အတွေးများက အတော်လေး ပါးနပ်ပေသည်။
ပြီးတော့ အနာဂတ်ကို ကြိုတင်ခန့်မှန်းခြင်းဆိုတဲ့ ပါရမီ.... ဒါက သေချာပေါက် ကောင်းကင်ဘုံက ပေးသနားတဲ့ပါရမီပင်။
"ငါ လူတွေ အများကြီး သတ်ခဲ့ပြီးပြီ... ဒါပေမဲ့ တရားခံ အစစ်အမှန်ကို ရှာမတွေ့သေးဘူး..... သဲလွန်စတချို့ပဲ ရှိတယ်... အကယ်၍ ငါဒီသဲလွန်စတွေ နောက်လိုက်မယ်ဆိုရင်တောင် အဲဒီလူတွေကို ရှာတွေ့ဖို့ အချိန် ဘယ်လောက်ကြာမလဲ ငါ မသိတော့ဘူး"