အခန်း ၁၆၃ : ဒုတိယအကြိမ် ချင်းကျောက်နှင့် ချန်ချန်ရွှယ်တို့၏ ပူးပေါင်းမှု
သို့သော် ချင်းကျောက်က ပူးပေါင်းမှုကို လက်ခံမလားဆိုသည်ကိုတော့ သူမ မသိပေ။
"ချင်မိသားစုက နေမင်းဂိုဏ်းလို့ ခေါ်တဲ့ ကျင့်ကြံခြင်း ဂိုဏ်းတစ်ခုကို ရန်စမိလို့ မေပယ်မြို့ကနေ ထွက်ခွာခဲ့တာလို့ သူမ တခါက ငါ့ကို ပြောခဲ့ဖူးတယ် ဆိုတာ ငါ မှတ်မိသေးတယ်.... အကြောင်းရင်း အတိအကျကိုတော့ ရှင်းမပြခဲ့ဘူး..."
ချန်ချန်ရွှယ်သည် သူမ၏ ဖြူဖွေးချောမွတ်သော မေးစေ့ကို ပွတ်သပ်လိုက်ပြီး ဤကိစ္စနှင့် ပတ်သက်ပြီး သူမ လှုပ်ရှားမှု တစ်ခု ပြုလုပ်နိုင်မလား တွေးတောနေခဲ့သည်။
"ဒါမှမဟုတ် ငါ သူမကို အမှန်တရားပဲ ပြောပြလိုက်ရမလား"
[အသက် ၁၄ နှစ် သူလျှိုများပြန်လည်ပေးပို့လာသော ထောက်လှမ်းရေး သတင်းများမှတဆင့် နေမင်းဂိုဏ်းမှ လူများသည် တောင်ပေါ်မှ ဆင်းလာပြီး ချင်မိသားစုနှင့် ဆက်သွယ်ခဲ့ကြောင်း သင် သိရှိလိုက်ရသည်။ သို့သော် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် နှစ်ဖက်အဖွဲ့အစည်းကြား ဆက်သွယ်မှုသည် မကောင်းသော အခြေအနေဖြင့် အဆုံးသတ်သွားခဲ့ရသည်။]
[စောင့်ဆိုင်းနေခြင်းသည် အသုံးမဝင်ဟု သင် ထင်မြင်ခဲ့သည်။ ထို့ကြောင့် သင်သည် မေပယ်မြို့ရှိ သူလျှိုများကို ချင်းကျောက်ထံ စာတစ်စောင် ပေးပို့ခိုင်းလိုက်ပြီး စာထဲတွင် စကားလုံး လေးလုံးသာ ပါရှိသည်။ မင်း ဘယ်လို သဘောရလဲ....]
[ချင်းကျောက် ဤစာကို လက်ခံရရှိပြီးနောက် ၎င်းသည် သင့်ထံမှ ဖြစ်ကြောင်း သူမ ချက်ချင်း အတည်ပြုနိုင်ခဲ့ပြီး သင် ဘာကို ဆိုလိုသည်ကို သူမ နားလည်ခဲ့သည်။]
[သင်သည် သူမ၏ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေခဲ့သည်။]
…
မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်၏ အခြားတစ်ဖက်တွင်။
ချင်းကျောက်သည် ဈေးကြီးသော စက္ကူတစ်ရွက်ကို သူမလက်ထဲ ကိုင်ထားပြီး စာရွက်ပေါ်ရှိ သေသပ်လှပသော လက်ရေး လေးလုံးကို ကြည့်ကာ ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်၏။
"လက်ရေးက အတော်လေး ကောင်းတာပဲ... ဒီမိန်းမက ကျင့်ကြံခြင်းကို အာရုံစိုက်နေတဲ့အချိန်မှာတောင် လက်ရေးလှ လေ့ကျင့်ဖို့ အားလပ်ချိန်ရှိနေသေးတာပဲ"
"သူမက တခြားလူတွေထက် ပိုမြန်မြန် အဆင့်ချိုးဖျက်နိုင်တာနဲ့ တိုက်ဆိုင်နေတာပဲ"
"သူမ... ငါနဲ့ နောက်တစ်ကြိမ် ပူးပေါင်းဆောင်ရွက်ချင်တာ ဖြစ်လောက်တယ်... ဟုတ်တယ်မလား"
ချင်းကျောက် နက်ရှိုင်းစွာ စဉ်းစားခန်း ဝင်သွားခဲ့သည်။
'သူမ ပူးပေါင်းဆောင်ရွက်သင့်သလား....'
မတူညီသော အမြင်များရှိသည့် ဗီလိန်နှစ်ယောက် သူမစိတ်ထဲ ရုတ်တရက် ပေါ်လာသကဲ့သို့ ဖြစ်နေခဲ့ပြီး ဤဗီလိန် နှစ်ယောက်သည် ငြင်းခုံနေခဲ့ကြသည်။
တစ်ယောက်က ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက သူမ ပူးပေါင်းဆောင်ရွက်မှုကို လမ်းတစ်ဝက်မှာ ရပ်တန့်လိုက်ပြီး နန်းတော်ကနေ ထွက်ခွာခဲ့လို့ နောက်ဆုံးမှာ သူမ အသတ်ခံခဲ့ရတာပင်။
အခြားတစ်ယောက်က ချန်ချန်ရွှယ်နှင့် ဝေးဝေးနေရန် ထောက်ခံနေလေသည်။ ဘာပဲဖြစ်ဖြစ် သူမနှင့် ချန်ချန်ရွှယ်ကြားက ရန်ငြိုးအတွက် ကလဲ့စားချေဖို့ သင့်လျော်တဲ့ အခွင့်အရေး သူမ မရှာတွေ့သေးချေ။
သူမကို မျက်နှာပျက်စေခဲ့သော အမျိုးသမီးတစ်ယောက်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အရှုံးပေးလိုက်ခြင်းနှင့်အတူတူပဲ မဟုတ်ပါလော။
ချင်းကျောက်ဟာ ဘာလုပ်ရမှန်း မသိ ဖြစ်နေခဲ့သည်။
တစ်ရက်ဝက်ခန့် စဉ်းစားပြီးနောက် သူမ အကြောင်းပြချက် တစ်စုံတစ်ရာ ရှာမတွေ့သေးပေ။
ဒါကြောင့်... သူမဟာ ဆုံးဖြတ်ချက်ချဖို့ အရိုးရှင်းဆုံး နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်လေသည်။
ထို့နောက် ချင်းကျောက်သည် ပြားချပ်နေသည့် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်၏။
သူမဟာ ဝိညာဉ် ကျောက်တုံး၏ တစ်ဖက်တွင် စာလုံးတစ်လုံး ထွင်းထုလိုက်ပြီး အခြားတစ်ဖက်ကို ဗလာထားလိုက်ကာ ရေရွတ်လိုက်သည်။
"အကယ်၍ စာလုံးထွင်းထားတဲ့ ဘက်က အပေါ်ဘက် ရောက်ရင် ငါ သူမကို မျက်နှာသာ ပေးလိုက်မယ်... အကယ်၍ ဗလာဘက်က အပေါ်ဘက် ရောက်ရင် ငါ သူမကို လစ်လျူရှုလိုက်မယ်"
သူမ ဝိညာဉ်ကျောက်တုံးကို ပေါ့ပေါ့ပါးပါး ပစ်မြှောက်လိုက်ရာ ဝိညာဉ်ကျောက်တုံးသည် မီတာအနည်းငယ် အမြင့်သို့ မြောက်တက်သွားပြီး လေထဲတွင် လည်ပတ်နေခဲ့သည်။
မြေကြီးပေါ် ပြန်ကျလာသောအခါ အပေါ်ဘက်တွင် စာလုံးများ ရှိနေခဲ့လေသည်။
တစ်ပြိုင်နက် ရုတ်တရက် သူမစိတ်ထဲတွင် ပဋိပက္ခ ဖြစ်နေသော လူသားလေး နှစ်ယောက် ပျောက်ကွယ်သွားခဲ့ပြီး ချင်းကျောက်ဟာ ဝိညာဉ်ကျောက်တုံးကို ကောက်ယူလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ရေရွတ်ရင်း ကစားနေခဲ့သည်။
"ထားလိုက်ပါတော့ ဘုရားသခင်က သဘောထားကြီးပုံရတယ်... ဒီတစ်ခါတော့ ငါသူမကို မျက်နှာသာ ပေးလိုက်ပါ့မယ်"
[သင်သည် ချန်ချန်ရွှယ်ထံ စာတစ်စောင် ရေးသားခဲ့ပြီး သင်တို့ နှစ်ဦးသည် ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး ကနဦး သဘောတူညီချက် ရရှိခဲ့သည်။]
[သင်သည် အချိန်အကြာကြီး စဉ်းစားခဲ့ပြီးနောက် နောက်ဆုံးတွင် ဧရာမ ကြေးဝါ တံခါးကြီးအကြောင်း ချန်ချန်ရွှယ်အား ပြောပြရန် ဆုံးဖြတ်လိုက်သည်။]
[ချန်ချန်ရွှယ်ဟာ ဧရာမကြေးဝါတံခါးကြီး တည်ရှိမှု အကြောင်း သိရှိပြီးနောက် သူမ၏ တုံ့ပြန်မှုက သင် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်လေသည်။]
[တုန်လှုပ်သွားသော ချန်ချန်ရွှယ်ဟာ သင့်ထံ နောက်ထပ် စာတစ်စောင် ပေးပို့ခဲ့သည်။]
[တစ်လတာ အချိန်တိုလေးအတွင်း သင်သည် ဆက်သွယ်ရေးအဆောင် ဒါဇင်ပေါင်းများစွာ အသုံးပြုခဲ့သည်။]
...
ဧရာမကြေးဝါတံခါးကြီး ရှေးဟောင်းအပျက်အစီးများ...
နန်းတော် အတွင်း၌။
လွန်ခဲ့သော ရက်အနည်းငယ်က ချင်းကျောက်၏ စာမှတဆင့် ဤလျှို့ဝှက်ချက်ကို သူမ သိရှိခဲ့ရသော်လည်း ယခု ပြန်စဉ်းစားကြည့်လျှင် ယုံကြည်နိုင်စရာ မရှိသေးပေ။
လွန်ခဲ့တဲ့အကြိမ် မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲဝင်ရောက်ခဲ့စဉ်က ချင်းကျောက်ဟာ အသက် (၂၀) အရွယ်၌ အခြေတည်အဆင့်သို့ အဘယ်ကြောင့် အဆင့်ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သနည်း ဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူမတွင် ကျင့်ကြံခြင်း အရင်းအမြစ်များ အလွန် များပြားစွာ ရှိနေသောကြောင့် ဖြစ်ပေသည်။
တကယ်တော့ မွေးရာပါပါရမီဖြစ်သည့် မွေးရာပါ ဝိညာဉ်ခန္ဓာကိုယ်အပြင် ချင်းကျောက်သည် ရှေးဟောင်း ဂူသင်္ချိုင်းတစ်ခုကို ထိန်းချုပ်ထားခြင်း ဖြစ်ပေသည်။
အတော်လေး ကောင်းမွန်သည့် မွေးရာပါပါရမီနှင့် ဧရာမကြေးဝါတံခါးကြီးအတွင်းရှိ အရင်းအမြစ်များကြောင့် ချင်းကျောက်ဟာ ဒီလောက် လျင်မြန်စွာ အဆင့်ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ဒါက ကျိုးကြောင်းဆီလျော်မှု ရှိလေသည်။
ချန်ချန်ရွှယ် မျှော်လင့်မထားခဲ့သည့် အရာမှာ ချင်းကျောက်ဟာ သူမကို ဤလျှို့ဝှက်ချက် ပြောပြလာခြင်းပင် ဖြစ်၏။
ထိုကောင်မလေးက ပုံမှန်အားဖြင့် အလွန် သတိထားတတ်ပြီး သူမ မမေးလျှင် ကိစ္စ အများအပြားကို သူမအား ပြောပြလိမ့်မည် မဟုတ်ပေ။
ယခု၌ သူမဘက်မှ စတင်၍ လျှို့ဝှက်ချက်ကို ထုတ်ဖော်လိမ့်မည်ဟု ချန်ချန်ရွှယ် မျှော်လင့်မထားခဲ့ပေ။
ချင်းကျောက် ဤလျှို့ဝှက်ချက်ကို သူမအား ထုတ်ဖော်ရသည့် ရည်ရွယ်ချက်ကိုလည်း ချန်ချန်ရွှယ် နားလည်ပေသည်။
ဒါကြောင့် တွန့်ဆုတ်နေစရာ ဘာရှိတော့မည်နည်း။
နန်းတော်ညီလာခံ ပြီးဆုံးသည်အထိ ချန်ချန်ရွှယ် စောင့်ဆိုင်းပြီးနောက် သူမ ချက်ချင်း ထွက်ခွာလာခဲ့သည်။ မင်းသမီးချန်နင် ဟူသော သူမ၏ အမှတ်အသားကို အသုံးပြုပြီး သူမဟာ မဟာဝေ ဧကရာဇ်ချန်ဖုန်းယင်ကို ချက်ချင်း သွားရောက် တွေ့ဆုံခဲ့သည်။
ချန်ဖုန်းယင်သည် သူ့သမီး ရောက်လာခြင်းကြောင့် အတော်လေး အံ့သြသွားခဲ့ပြီး ချန်ချန်ရွှယ်က ပြောစရာ အရေးကြီး ကိစ္စ တစ်ခု ရှိနေကြောင်း သူ ပြောနိုင်ပေသည်။
'လျှို့ဝှက်ချက် တစ်ခုလား.....'
ဒါကို မြင်တော့ ချန်ဖုန်းယင်သည် အနီးနားရှိ နန်းတော်အစေခံများနှင့် မိန်းမစိုးများကို ခေတ္တထွက်ခွာသွားခိုင်းလိုက်သည်။ ထို့နောက် သူ လက်ဝှေ့ယမ်းလိုက်ပြီး အသက်ရှူချိန် တစ်ခဏ အတွင်း အသံလုံ အစီအရင်တစ်ခု တည်ဆောက်လိုက်၏။
ချန်ဖုန်းယင်ဟာ နန်းတွင်းရေးရာ ပြဿနာများကြောင့် ဖြစ်ပေါ်လာသော သူ့မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများကို ဖုံးကွယ်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။
"ချန်နင် ဘာကိစ္စရှိလို့ ဒီနေ့ ခမည်းတော်ကို လာတွေ့တာလဲ"
ချန်ချန်ရွှယ် တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်ဖြေလိုက်သည်။
"ခမည်းတော် သမီးမေပယ်မြို့လို့ခေါ်တဲ့ နေရာ တစ်နေရာကို အာရုံစိုက်နေတယ် ဆိုတာ ခမည်းတော် သိမှာပါ"
ချန်ဖုန်းယင် ခဏတာမျှ ကြောင်အသွားပြီးနောက် ပြန်လည် အမှတ်ရသွားခဲ့သည်။
"အမှန်ပဲ.... လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက သမီး ခမည်းတော်ကို ပြောခဲ့ဖူးတယ်... အဲဒီတုန်းက နန်းတော်နဲ့ ဒီလောက် ဝေးကွာတဲ့ နေရာ တစ်နေရာကို သမီး ဘာလို့ ဒီလောက် အာရုံစိုက်နေရတာလဲ ဆိုတာ ခမည်းတော် သိပ်ဇဝေဇဝါ ဖြစ်ခဲ့ရတယ်"
သူ စိတ်ဝင်စားသော အကြည့်တစ်ခုထုတ်ဖော်ပြသလိုက်သည်။
"အဲဒီတုန်းက ခမည်းတော် သမီးကို ဘာကြောင့်လဲ ဆိုတာ မမေးခဲ့ဘူး.... အခု သမီးက ခမည်းတော်ကို အကြောင်းရင်း ပြောပြတော့မလို့လား"
ချန်ချန်ရွှယ် ခေါင်းငြိမ့်လိုက်၏။ သူမ သတင်းအချက်အလက် အများအပြား ပြင်ဆင်ထားပြီး ဖြစ်လေသည်။
ထို့အပြင် သူမ အသုံးပြုမည့် ဆင်ခြေက မသေမျိုးကျင့်ကြံခြင်း သရုပ်ဖော် စနစ်ထဲတွင် သူမ အသုံးပြုခဲ့သည့် ဆင်ခြေပင် ဖြစ်သည်။
ချန်ချန်ရွှယ် သူမ၏ ခမည်းတော်ကို ဆက်လက် ပြောပြလေသည်။
...